ပါရဂူ - ဒဿနစာပဒေသာ
ဘဝသစ္စာ
ဘဝသစ္စာကို ရရှိဖို့အတွက် လမ်းနှစ်လမ်းရှိသည်။
နှစ်လမ်းသာ ရှိနိုင်သည်။ ဘဝထဲမှာငုပ်ပြီး ဘဝသစ္စာကို ဆုပ်ကိုင်သည့်နည်းက တစ်မျိုး၊ နောက်တစ်မျိုးက မရဏထဲမှာ ငုပ်ပြီး ဘဝသစ္စာကို ဆုပ်ကိုင်သည့်နည်းက တစ်မျိုး၊ တံခါးပေါက်နှစ်ခုသာရှိသည်။ ဘဝနှင့်မရဏ။ -
တစ်ခုက မိမိရှိပြီး ဆုပ်ကိုင်ခြင်းဖြစ်ပြီး အခြားတစ်မျိုးက မိမိမရှိဘဲ နှင့် ဆုပ်ကိုင်ခြင်းဖြစ်သည်။ တစ်မျိုးက အလင်းရောင်ထဲမှာ ရယူခြင်းဖြစ်ပြီး အခြားတစ်မျိုးက အမှောင်ထဲမှာ ရယူခြင်းဖြစ်သည်။ တစ်မျိုးက မျက်စိဖွင့်ပြီး ရယူခြင်းဖြစ်ပြီး နောက်တစ်မျိုးက မျက်စိမှိတ်ပြီး ရယူခြင်းဖြစ်သည်။
တစ်မျိုးက ဘဝထဲမှာ ဘယ်လောက်ငုပ်ပြီး မြုပ်သွားသလဲဆိုလျှင် မိမိ မကျန်ရစ်တော့သည်အထိ ငုပ်ပြီး မြုပ်နှစ်သွားရမည်။ နောက်တစ်မျိုးက မရဏထဲမှာ ဘယ်လောက်ငုပ်ပြီး နစ်မြုပ်သွားရမလဲဆိုလျှင် မိမိ မကျန်ရစ် တော့သည်အထိ နစ်မြုပ်သွားရမည်။
မိမိ မရှိတော့သည့်နေရာ၌ သစ္စာတရား ရှိနေသည်။ ဘဝ၏ ပွဲသဘင်၌လည်းကောင်း၊ ဘဝ၏အက၌လည်းကောင်း မိမိပျောက်သွားလျှင် သစ္စာတရားကို ရရှိနိုင်သည်။ မီရာသည် ကရင်းနှင့် သစ္စာတရားကို ရရှိသွား သည်။ ကျေတနုသည် သီချင်း ဂီတ သီဆိုရင်းနှင့် သစ္စာတရား ရရှိသွား သည်။ ကရိရှန၏ နှုတ်ခမ်း၌ရှိသော ပုလွေသည် ဘဝ၏တံခါးဖြစ်သည်။
ဂရိရှေးဟောင်း ဒဏ္ဍာရီများ၌ သစ္စာတရားရရှိသည့် နည်းလမ်းများ ကို ပြတ်ပြတ်သားသား ပိုင်းခြားပြထားသည်။ နတ်ဒေဝတာနှစ်ပါး အကြောင်း ဆွေးနွေးတင်ပြထားသည်။ အပိုလိုနတ်နှင့် ဒါယိုနီယယ်နတ် ဖြစ်သည်။ အပိုလိုက အကျင့်တရားနှင့်ပတ်သက်သော နတ်ဖြစ်ပြီး ဒါယိုနီ ယယ်က အက၊ အဆို၊ ပွဲသဘင်နှင့်ပတ်သက်သော နတ်ဖြစ်သည်။ အက်ပီ ကုရတ်သည် ဒါယိုနီယယ်ကို ကိုးကွယ်သူဖြစ်သည်။ အက်ပီကုရတ်က သူ၏ သင်္ခမ်းကျောင်းကို စုံတောမြိုင်ဟု အမည်ပေးထားသည်။ သစ်ပင် ပန်းပင်များ၏ ကြားထဲမှာ ကျေးငှက်များ၏တေးသံကို နားထောင်ပြီး ခံစားမှု အပြည့်ရှိသူ ဖြစ်သည်။ လသာသောည ရေကန်ဘေးက လရောင်အောက် တွင် ကပွဲကျင်းပသည်။ ယင်းပတ်ဝန်းကျင်၌ အက်ပီကုရတ် သစ္စာအလင်း ရောင် ရရှိသွားသည်။ အကျင့်တရား ကျင့်သည့်အတွက်ကြောင့် ဖြစ်သည်။
သိဒ္ဓတ္ထကမူ အက်ပီကုရတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘဝဟူ၍ မရှိသလို အသက်ရှင်လာသည်။ မရဏတရားသည်သာလျှင် သစ္စာဖြစ် သည်။ ဒုက္ခသည်သာလျှင် သစ္စာဖြစ်သည်။ ဗုဒ္ဓသည် သစ္စာတရားလေးပါး ကို ဟောကြားတော်မူသည်။ သစ္စာတရား ၄ ပါးလုံး ဒုက္ခနှင့် ဆက်စပ်နေသည်။
ဒုက္ခသည် ပထမအရိယသစ္စာဖြစ်သည်။ ဒုက္ခကို ဖြစ်စေကြောင်း သည် ဒုတိယအရိယသစ္စာ ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းခြင်းသည် တတိယ အရိယ သစ္စာ ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း နည်းလမ်းသည် စတုတ္ထ အရိယသစ္စာ ဖြစ်သည်။ သစ္စာတရား ၄ ပါးလုံး ဒုက္ခနှင့် ဆက်စပ်မှု ရှိနေသည်။
သိဒ္ဓတ္ထမင်းသား မီးရှူးသန့်စင် ဖွားမြင်လာသောအခါ နက္ခတ်ဗေဒ ပညာရှင်များက -
“သားတော်ကလေးသည် လုလင်အရွယ်ရောက်လာပြီး ဒုက္ခကို သိမြင်သည့်အခါ ရသေ့ရဟန်း ပြုသွားလိမ့်မည်”ဟု ဟောကိန်းထုတ်ကြ သည်။ နက္ခတ်ဗေဒ ပညာရှင်များသည် မဆွကပင်
“သိဒ္ဓတ္ထမင်းသားသည် ဒုက္ခကို အကြောင်းပြုပြီး လွတ်မြောက် ငြိမ်းချမ်းမှုရရှိသွားဖို့ အလားအလာရှိသည်”ဟု တွက်ကိန်းရရှိပြီးသား ဖြစ် သည်။ နက္ခတ်ဗေဒပညာရှင်များက သုဒ္ဓေါဒနမင်းကြီးကို ဆက်ပြီးပြောသည်။
“အရှင်မင်းကြီး ... အရှင်မင်းကြီး၏သားတော် ရသေ့ .. ရဟန်း မပြုစေလိုသော ဆန္ဒရှိခဲ့သော် ဒုက္ခကို မျက်ဝါးထင်ထင် မတွေ့မြင်ရအောင် စီစဉ်စေချင်ပါ၏။ ဂိလာနပုဂ္ဂိုလ် သူ့မျက်မှောက် ရောက်မလာပါစေနှင့်၊ အရုပ်ဆိုး အကျည်းတန်သူ သူ့အနီးက ဖြတ်သန်းမသွားပါစေနှင့်၊ ဘုရင့် ဥယျာဉ်တော်အတွင်းက ပန်းပင်များတွင် ပွင့်နေကြသည့် ပန်းပွင့်များ နွမ်းခြောက် မသွားခင် ဖယ်ရှားပစ်ပါ၊ ဘုရင့်သားတော် ပွင့်လန်းနေတဲ့ ပန်းပွင့်များကိုသာ ရှုစားပါစေ၊ လုလင်ပျို လုံမပျိုများသာ သားတော်နှင့် တရင်းတနှီး ရှိပါစေ၊ ဇရာနှင့်ပတ်သက်ပြီး အရိပ်အယောင်မျှပင် သားတော်နှင့် မထိတွေ့ပါစေနှင့်”
နက္ခတ်ဗေဒ ပညာရှင်များ၏ ဟောကိန်းရှိနေ၍ သုဒ္ဓေါဒနမင်းကြီးသည် သိဒ္ဓတ္ထမင်းသား သူနာကို မမြင်တွေ့အောင်၊ ညှိုးရော်နေသော ပန်းပွင့်များကို မမြင်အောင်၊ ဇရာနှင့်မရဏ ဝေးစွ ဇရာမရဏ ခြေသံမျှပင် မကြားရအောင် စီစဉ် ဖန်တီးထားသည်။
အင်္ဂလိပ် ကဗျာဆရာကြီး အာနိုးသည် သူ၏နာမည်ကျော် ကဗျာ အဖွဲ့ The light of Asia၌ ယင်းအခန်းကဏ္ဍနှင့် ပတ်သက်ပြီး အနုပညာ မြောက်စွာ ဖွဲ့ ဆိုရေးစပ်ထားသည်။
တစ်ည မိန်းမပျိုများသည် ကကြခုန်ကြပြီး အိပ်ပျော်သွားကြသည်။ ညဉ့်နက်သန်းခေါင်နိုးလာ၍ သိဒ္ဓတ္ထမင်းသား ကြည့်လိုက်သောအခါ တစ်ယောက် က ပါးစပ်အဟောင်းသား ဖြစ်နေသည်။ တစ်ယောက်က မျက်နှာ ပုံပျက် ပန်းပျက် ဖြစ်နေသည်။ တစ်ယောက်က မျက်လုံးမျက်ချေး အပြည့်။ တစ်ယောက် သွားရည်ကျနေသည်။ တစ်ယောက် ကယောင်ကတမ်း ပြောနေသည်။ ဝတ်စားတန်ဆာများလည်း ဖရိုဖရဲ ဖြစ်နေကြသည်။ သိဒ္ဓတ္ထ၏အမြင်တွင် အိပ်ပျော်နေသော မိန်းမပျိုအားလုံး သရဲမရုပ် ပေါက်နေသည်။
နံနက်ချိန် မြို့တွင်းထွက်ချိန်၌ သိဒ္ဓတ္ထသည် သူအို၊ သူနာ၊ သူသေများ ကို တွေ့ရသည်ဖြစ်၍ ထိုနေ့ည အိပ်ပျော်နေသော ကြင်ယာဒေဝီယသော်ဓရာနှင့် သားတော်လေး ရာဟုလာကို တစ်ချက်ကြည့်ပြီး နန်းတော်မှ ထွက်သွားသည်။
၁၂ နှစ်အကြာ သိဒ္ဓတ္ထမင်းသား သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဧကန် ဖြစ်ပြီးနောက် ကပ္ပိလဝတ်သို့ပြန်လာသောအခါ ယသော်ဓရာက ...
“လောကီလူ့ဘဝကို စွန့်ခွာပြီး ဘယ်ရပ်ဘယ်စခန်း ကြွနေသနည်း၊ မိမိ လိုလားသောအရာကို ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာမှာ မရရှိနိုင်ဘူး လော”
ဟူသော မေးခွန်းကို မေးသည်။
ဗုဒ္ဓက -
“ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်အိမ်ဂေဟာမှာ မိမိလိုလားသော အရာ ဝတ္ထု ရမည်ဆိုလျှင် လောကီလူ့ဘောင်မှာ လူပေါင်း အသင်္ချေအနန္တရှိသည်။ ယင်း လူပေါင်းအသင်္ချေအနန္တ လူသားများ ဘယ်မှာ ဝိမုတ္တိ သို့မဟုတ် မောက္ခ ရရှိကြသနည်း”
လူပေါင်းအသင်္ချေသည် ဘဝပေါင်းများစွာကစပြီး ပွဲသဘင် ကျင်းပလာခဲ့ကြသည်။ သို့သော် ပွဲသဘင် ကျင်းပ၍လည်း ရမည်မဟုတ် ပေ။ မိမိကိုယ် ပျောက်ဆုံးသွားသော ပွဲသဘင်မျိုးမှ ရလိမ့်မည်။ မရဏတရားကြောင့်လည်း ရမည်မဟုတ်ပေ။ မရဏတရားကြောင့် ရမည်ဆိုလျှင်လည်း တစ်နေ့တစ်နေ့ သင်္ချိုင်းရောက်သူများ အသင်္ချေအနန္တ ရှိနေသည်။ ယင်း အသင်္ချေ အနန္တ လူများ ဘာရရှိကြသနည်း။ ဒုက္ခကြောင့် ရမည်ဆိုလျှင် လည်း ဒုက္ခခံရသူတွေ အသင်္ချေအနန္တ။ ။
ပွဲသဘင်ကြောင့်လည်း ရလိမ့်မည်မဟုတ်ပေ။ မရဏကြောင့် လည်း ရလိမ့်မည်မဟုတ်ပေ။ ဒုက္ခကြောင့်လည်း ရလိမ့်မည်မဟုတ်ပေ။ မိမိကိုယ် ပျောက်ဆုံးသွားသည်အထိ ကျင့်ကြံအားထုတ်မှ ရရှိလိမ့်မည်။