ပါရဂူ - စိန္တာမယစိန္တာနယ
လာချင်လျှင် အနီးကလေး၊
မလာချင်လျှင် ခရီးအဝေး
ကမ္ဘာလောကဟာ အလွန်တရာ ကြီးမားကျယ်ပြန့်တယ်။ ကမ္ဘာလောကထဲက ခရီးကလည်း အလွန်တရာ ရှည်လျားတယ်။ ဒါပေမဲ့ ကမ္ဘာလောက ကြီးမားကျယ်ပြန့်နေတာ ကမ္ဘာလောကကြောင့် မဟုတ်ဘူး။ ကမ္ဘာလောကအကြောင်း မိမိတို့ မသိတဲ့အတွက် ကမ္ဘာလောက ကြီးမားကျယ်ပြန့်နေတာ။ မိမိတို့ သတိလက်လွတ်ဖြစ်နေတဲ့ အတွက် ကမ္ဘာလောက ကြီးမားကျယ်ပြန့်နေတာ။ မိမိတို့ နမော်နမဲ့ ဖြစ်နေခြင်းကြောင့်သာ၊ မိမိတို့ သတိမမူ ဂူမမြင်ဖြစ်နေခြင်းကြောင့် သာ ကမ္ဘာလောက ကျယ်ပြန့်နေတာ။ မိမိတို့ နိုးကြားလာတာနဲ့ တစ်ပြိုင်နက်၊ မိမိတို့ အသိတရားဝင်လာတာနဲ့ တစ်ပြိုင်နက် ကမ္ဘာ
လောက သေးငယ်သွားလိမ့်မယ်။ မိမိတို့ နိုးကြားမှုရှိလာတာနဲ့ တစ် ပြိုင်နက် ကမ္ဘာလောက ပျောက်ခြင်းမလှ ပျောက်သွားလိမ့်မယ်။ မိမိတို့ ရာနှုန်းပြည့် နိုးကြားမှုရှိလာတာနဲ့ တစ်ပြိုင်နက် ကမ္ဘာလောက သုည ဘဝ ရောက်သွားလိမ့်မယ်။
အိပ်ပျော်နေတဲ့အခါမှာ မိမိတို့မက်နေတဲ့ အိပ်မက်ဟာ ရှည် လျားထွေပြားတဲ့ အိပ်မက်ဖြစ်နေလိမ့်မယ်။ အိပ်ပျော်နေတဲ့အခါ မက်တဲ့အိပ်မက်ကို ဖြစ်ရပ်အမှန်လို့ပဲ ထင်နေကြတယ်။ မျက်စိပွင့်လာတာနဲ့ တစ်ပြိုင်နက် ဖြစ်ရပ်အမှန်လို့ ထင်နေရတဲ့အိပ်မက် ကြက် ပျောက်၊ ငှက်ပျောက် ဖြစ်သွားလိမ့်မည်။ တံလျှပ်ထဲကရေ ဖြစ်သွား လိမ့်မယ်။ ဖြစ်ရပ်အမှန်လို့ ထင်နေတဲ့ အရာဝတ္ထုအားလုံး သုညဘဝ ရောက်သွား လိမ့်မယ်။ နံနက်မိုးလင်းလို့ မျက်စိနှစ်ကွင်း အလင်းရ လာတယ်ဆိုရင်ပဲ အိပ်မက်လောကတစ်ခုလုံး ဘယ်ပျောက်သွားတယ် ဆိုတာ သိတော့မှာမဟုတ်ဘူး။
ကမ္ဘာလောကလည်း အဲဒီသဘောတရားအတိုင်းပဲ။ ဒါကြောင့် ကမ္ဘာလောကကို ရေရွတ်နေလို့ မဖြစ်ဘူး။ ကမ္ဘာလောကကို အပြစ် တင်နေလို့ မဖြစ်ဘူး။ ကမ္ဘာလောကကို ကဲ့ရဲ့ ရှုတ်ချနေလို့ မဖြစ်ဘူး။ အဲဒီလိုလုပ်တဲ့အတွက် ဘာတစ်ခုမှလည်း ဖြစ်လာမှာမဟုတ်ဘူး။ ကမ္ဘာလောကကို စွန့်ခွာပြီး ပြေးထွက်သွားဖို့လည်း မလိုဘူး။ လုပ်ဖို့ လိုတဲ့အချက်က အသိတရားရှိလာဖို့ပဲ ဖြစ်တယ်။ မျက်စိပွင့်လာဖို့ပဲ ဖြစ်တယ်။ နိုးနိုးကြားကြား ရှိလာဖို့ ပဲဖြစ်တယ်။ သတိရှိနေဖို့ ပဲ ဖြစ်တယ်။ သတိရှိလာတာနဲ့ တစ်ပြိုင်နက် အခြားတစ်ဖက်မှာ ကမ္ဘာလောကကို မြင်တွေ့ ရတော့မှာ မဟုတ်ဘူး။ မိမိတို့က စွန့်ပယ်ပစ်ဖို့ မလိုဘူး။ သူ့အလိုလို စွန့်ခွာသွားလိမ့်မယ်။ နိုးကြားမှုရှိနေတဲ့အခါမှာ၊ သတိကပ်နေတဲ့အခါမှာ မမြင်ရတဲ့၊ ဆုပ်ကိုင်လို့မရတဲ့ အရာဝတ္ထုဟာ ကမ္ဘာလောက ဖြစ်တယ်။ နိုးကြားနေတဲ့အခါ၊ သတိကပ်နေတဲ့အခါ တွေ့မြင်ရတဲ့၊ ဆုပ်ကိုင်လို့ရတဲ့ အရာဝတ္ထုဟာ အမှန်တရားဖြစ်တယ်။ သစ္စာတရားဖြစ်တယ်။
အရက်မူးနေတယ်ဆို ရင် သိုင်းကွက်နင်းနေလိမ့်မယ်။ ဒယိမ်းဒယိုင် ဖြစ်နေလိမ့်မယ်။ ကမ္ဘာလောကကြီးတစ်ခုလုံး သိုင်းကွက် နင်းနေတယ်လို့ ́ထင်နေလိမ့်မယ်။ ကမ္ဘာလောကကြီးတစ်ခုလုံး ယိမ်း ယိုင်လှုပ်ယမ်းနေတယ်လို့ ထင်နေလိမ့်မယ်။ အရက်မူးတဲ့လူဟာ မရှိတဲ့ အရာဝတ္ထုကို မြင်နေလိမ့်မယ်။ တကယ်ရှိတဲ့ အရာဝတ္ထုကိုတော့ သူ့ အမြင်က ကွယ်နေလိမ့်မယ်။ အရက်မူးတဲ့လူဟာ မျက်လုံးပေါ်မှာ အဝတ်စည်းထားတဲ့လူနဲ့တူတယ်။ ပမာဒ တိမ်သလာ ဖုံးလွှမ်းနေလိမ့်မယ်။ အပ္ပမာဒတရား လက်လွတ်နေလိမ့်မယ်။ သတိနေရောင် ကွယ်ပျောက်နေလိမ့်မယ်။ အတွင်းသဏ္ဌာန် အမိုက်မှောင်လွှမ်းပြီး အပြင် မှာတော့ အရာဝတ္ထုဟူသမျှ ပုံမှန်အတိုင်းရှိမနေဘဲ ပုံပျက်ပန်းပျက် ဖြစ်နေတာကိုပဲ တွေ့ရလိမ့်မယ်။
အိန္ဒိယသမိုင်းမှာ မဂိုအင်ပါယာဆိုတာ ရှိတယ်။ မဂိုအင်ပါ ယာမှာ အကြီးမားဆုံး ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့၊ မဂိုအင်ပါယာမှာ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်ခဲ့တဲ့ အက္ကဘာ”ဘုရင်ဟာ တစ်နေ့သောအခါမှာ လမ်းတစ်လမ်းကို ဖြတ်သွားတယ်။ လမ်းပေါ်က ဘုရင်အက္ကဘာကို တွေ့မြင်ရတဲ့အခါကျတော့ အိမ်တစ်အိမ်ပေါ်က အမူးသမားတစ်ယောက်ကအက္ကဘားဘုရင်ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ဆဲရေးတိုင်းထွာတယ်။ ဘုရင် အက္ကဘား အကြီးအကျယ် ဒေါသထွက်သွားပြီး ဒီငမိုက်သားကို ဖမ်းချုပ်လို့ အမိန့်ပေးလိုက်တယ်။ အရက်သမားကို တစ်ညလုံး အချုပ်ခန်းထဲမှာ ထည့်ထားတယ်။ နံနက် ချိန်ကျတော့ ဘုရင့်ရှေ့မှောက်ခေါ်လာတယ်။ အဲဒီတော့ အမူးသမား ဟာ အက္ကဘားဘုရင် ခြေထောက်ပေါ်မှာ ပြားပြားဝပ်ပြီး “အသက် ချမ်းသာပေးတော်မူပါ အရှင်မင်းကြီး။ အရှင်မင်းကြီးကိုဆဲတာ ကျွန်ုပ်မဟုတ် ပါဘူး”လို့ အသနားခံတယ်။ အက္ကဘားဘုရင်က “မင်း ဆဲတာ ငါကိုယ်တိုင် ကြားရတယ်။ သက်သေပြစရာတောင် မလိုဘူး” လို့ ဟိန်းဟောက်လိုက်တယ်။ အရက်သမားက “ကျွန်ုပ်ဆဲတာ အရှင်မင်းကြီး ကြားတယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီး ကို ဆဲတာ ကျွန်ုပ် မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်ုပ် အရက်မူးနေတဲ့ အတွက် သတိလက်လွတ် ဖြစ်နေပါတယ်။ သတိပြန်ရတဲ့အချိန်က စပြီး နောင်တရလို့မဆုံး ဖြစ်နေပါတယ်” ။
အမူးသမား အလျှောက်ကောင်းလို့ အထောင်းသက်သာ သွားတယ်။ သိပ္ပံပညာရှင် အိုင်းစတိုင်းက “
ရီလေးတစ်ဗစ်တီ” သီအိုရီကို ညွှန်ပြ ထားတယ်။ သကျမုနိ ဗုဒ္ဓက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ` အဲဒီအိုရီကို လူ့မနော၊ အတွင်းသဏ္ဌာန်ထဲက သီအိုရီအဖြစ် ညွှန်ထားတယ်။
ပုဂ္ဂိုလ်တစ်ယောက်က အိုင်းစတိုင်းကို လူကြီးမင်း၏ “ရီလေး တစ်ဗစ်တီ”ဆိုတာ ဘယ်လို ဟာမို့လဲ”လို့ မေးတဲ့အခါကျတော့ အိုင်းစတိုင်းက ရီလေးတစ်ဗစ်တီ သီအိုရီနှင့်ပတ်သက်ပြီး မိတ်ဆွေကို ရှင်းပြလို့ရမှာ မဟုတ်ဘူးလို့ ပြန်ပြောတယ်။
ရီလေးတစ်ဗစ်တီသီအိုရီကို နားလည်ဖို့ မလွယ်ဘူး။ ကမ္ဘာ ပေါ်မှာ ရီလေးတစ်ဗစ်တီသီအိုရီကို ဂဃနဏ နားလည်တဲ့လူ ဆယ့် နှစ်ယောက်ထက် မပိုဘူးလို့တောင် ပြောကြတယ်။ ဒါပေမဲ့ အိုင်း စတိုင်းက သူ့ သီအိုရီကို ဥပမာပေးပြီး ရှင်းပြထားတယ်။
ရန်သူတစ်ယောက် မိမိအိမ်လာထိုင်နေတယ် ဆိုပါစို့။ တစ်နာရီလောက် ထိုင် နေတယ်ဆိုရင်လည်း တစ်နှစ်လောက် ထိုင်နေတယ်လို့ ထင်ရတယ်။ ချစ်သူတစ်ယောက် မိမိအိမ်လာပြီး တစ်နာရီလည်း မပြန်၊ နှစ်နာရီ လည်းမပြန်၊ နာရီပေါင်းများစွာ နေပြီးမှ ပြန်သွားတဲ့အခါကျတော့ ခဏလေးနေပါကလားလို့ အောက်မေ့တယ်။
အချိန်ကာလကို တိုင်းထွာတာဟာ ကိုယ့်စိတ်နှလုံးထဲမှာပဲ ရှိနေတယ်။ အချိန်ကာလကို တိုင်းတာတဲ့ ရီလေးတစ်ဗစ်တီဟာ ကိုယ့်စိတ်နှလုံး ပေါ်မှာ အခြေတည်နေတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့အခါ အချိန်ခပ်မြန်မြန်ကုန်သွားတယ်။ စိတ်ညစ်နေတဲ့အခါ အချိန်တော်တော်နှင့် မကုန်ဘူး။ အချိန်က နာရီလက်တံရွေ့ သလို ရွေ့ နေတယ်။ မိမိ စိတ်ညစ်တဲ့အတွက်၊ မိမိ ဝမ်းသာတဲ့အတွက် အချိန်က ပုံစံပြောင်းလဲမသွားဘူး။ မိမိ အတွင်းမနောကသာ အချိန်နှင့် ပတ်သက်ပြီး ပုတ်သင်ညို အရောင်ပြောင်းသလို အပြောင်းအလဲ ဖြစ်နေတာ။ ကိုယ့်အိမ်မှာ ကိုယ်သံယောဇဉ်ရှိသူ လူမမာတစ်ယောက် အိပ်ရာပေါ်မှာလဲပြီး သေမယ့်ဆဲဆဲ ဖြစ်နေတယ်ဆိုရင် တစ်ညလုံး မအိပ်ဘဲနေရတဲ့အတွက် မိုးတော်တော်နှင့် မလင်းပါကလားလို့ ထင်နေရတယ်။ ဓမ္မပဒမှာလည်း “ဒီယာဇာဂရတောရတ္တိ”လို့ ဆိုထား တယ်။ “အိပ်မပျော်တဲ့လူအဖို့ ညဉ့်တာ ရှည်တယ်”လို့ ဆိုလိုတာဖြစ်တယ်။
ခရီး နီးတာ ဝေးတာ ကိုယ့်စိတ်ပေါ်မှာ အခြေတည်နေ တယ်။ တကယ်လို့ အချိန်းအချက်ရှိတဲ့အတွက် ချစ်သူနှင့်တွေ့ဖို့ သွားတယ်ဆိုရင် ခြေလှမ်းသွက်နေလိမ့်မယ်။ အချိန်းအချက်လုပ် ထားတဲ့နေရာကို ရောက်မှန်းမသိ ရောက်သွားလိမ့်မယ်။ တကယ့်ကို စိတ်မချမ်းသာစရာ သတင်းတစ်ခု ကြားရဖို့အတွက် ဒါမှမဟုတ်ရင် လည်း စိတ်ထိခိုက်ဖွယ် အဖြစ်အပျက်တစ်ခုအတွက် သွားမယ်ဆိုရင်
တော့ ခြေလှမ်းနှေးပြီး ခရီးဝေးတယ်လို့ ထင်နေလိမ့်မယ်။ လာချင်ရင် အနီးကလေး၊ မလာချင်ရင် ခရီးအဝေးဆိုတဲ့စကားလည်း ရှိတယ် မဟုတ်လား။
ခရီးအကွာအဝေးဆိုတာ လူ့မနော အပြင်ဘက်ကဖြစ်ပြီး ခရီးအကွာအဝေး အတိုင်းအတာကတော့ လူ့မနော အတွင်းသဏ္ဌာန် ထဲမှာ ရှိနေတယ်။ အပြင်အပ ဗဟိဒ္ဓ ခရီးအကွာအဝေးက တကယ် အမှန်ရှိတဲ့အရာ မဟုတ်ဘူး။ တကယ်ရှိတဲ့အရာက အတွင်းသဏ္ဌာန် ထဲကအချိန်။ ။ ၈ ဒါကြောင့်မို့ ဒီကမ္ဘာလောကကြီးမှာလည်း စိတ်ရွှင်ရွှင် လန်းလန်း ချမ်းချမ်းမြေ့မြေ့နဲ့ နေသွားနိုင်တဲ့နည်းကို သိတဲ့လူတွေရဲ့ ဘဝခရီးဟာ သာသာယာယာ ဖြူးဖြူးဖြောင့်ဖြောင့်ရှိပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေသွားတဲ့အကျင့်ပါသူများရဲ့ ဘဝခရီးကတော့ အမိုက် မှောင် အတိလွှမ်းနေတဲ့ ခရီးပဲ ဖြစ်နေလိမ့်မယ်။
မိမိအပေါ်မှာပဲ အခြေတည်နေတယ်။ မိမိပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ အတွေ့အကြုံများရဲ့ အခြေခံဟာ မိမိပဲဖြစ်တယ်။ အဲဒီအတွေ့ အကြုံတွေကို ဖန်တီးတဲ့သူဟာ တခြားလူမဟုတ်ဘူး။ မိမိသာဖြစ်တယ်။ မိမိ ယခုနေရတဲ့ဘဝကို ရအောင်လုပ်တဲ့လူဟာ မိမိသာဖြစ်တယ်။ မိမိ လိုလားတောင့်တတာတွေကို ရနေတာ၊ မိမိမျှော်လင့်ထားသလို ဖြစ်လာတာ မိမိကြောင့်သာ ဖြစ်တယ်။ တကယ် လို့ ညဉ့်အမှောင်က မိမိကိုပတ်ရံထားတယ်ဆိုရင် မိမိနေထိုင်တဲ့နည်းလမ်းမှာ အမိုက်မှောင်လွှမ်းနေလို့ပဲလို့ ဆိုရလိမ့်မယ်။ တကယ်လို့ မိမိပတ်ဝန်းကျင်မှာ အလင်းရောင် ရှိနေတယ်ဆိုရင်၊ မိမိကို အလင်းရောင်က ဝိုင်းရံထားတယ်ဆိုရင် တကယ်လို့ မိမိဘဝဟာ နစ္စ၊ ဂီတ၊ ဝါဒီတတို့နှင့် သာယာချမ်းမြေ့တဲ့ဘဝ ဖြစ်တယ်ဆိုရင် အဲဒါတွေ ဟာလည်း မိမိနေထိုင်နည်းပေါ်မှာပဲ အခြေခံနေလိမ့်မယ်။