Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

ပါရဂူ - စာပေခရီးသည်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ပေပင်သည် ဤဒေသ၏ သင်္ကေတလား

ကျောင်းအရာမ်တွင်းသို့ ဝင်သွားလျှင်ဝင်သွားချင်း ထူးထူးခြားခြား ပေပင်ကြီးတစ်ပင်ကို လှမ်းမြင်ရသည်။ ပေတစ်သီး ကျီးတစ်သားဟူသည့် ဆိုရိုးစကားသာမှန်လျှင် ဤပေပင်ကြီး၏ အပြည့်ဝ အအောင်မြင်ဆုံးအချိန် မှာ ဤအချိန်အခါပင် ဖြစ်သည်။ ပေပင်ကြီး၏ ထိပ်ဖျား၌ ပေသီးများ အပြွတ်လိုက်အခိုင်လိုက် သီးနေသည်။ ။

စာဆိုတော်ခရီး ထွက်လာကြသည့် ကျွန်တော်တို့ စာရေးဆရာတစ်စု သည် တောင်တွင်းကြီးရောက်ခိုက် နတ်မှီတောရကျောင်းတိုက်သို့ အလည် အပတ် ရောက်ရှိလာကြသည်။ ဤကျောင်းတိုက်ကား မြန်မာစာပေသမိုင်းနှင့် ဆက်စပ်မှုရှိနေသည့် ကျောင်းတိုက်ဖြစ်သည်။ ဤကျောင်းတိုက်၌ ပေလေးပင် ရှင်လေးပါး အပါအဝင် စာဆိုကျော် ရှင်မဟာသီလဝံသ သီတင်းသုံးသွားခဲ့ သည်။ ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့ စသော စာပေကဗျာများကို အက္ခရာ ရေးတင်ခဲ့သည့် ပေရွက်ပေဖူးများ ဖူးပွင့်ဝေဆာခဲ့သည့် ပေပင်ကြီးများ ဇီဝိန်ချုပ်သွားကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီရှိသွားခဲ့လေပြီ။ သို့သော် ပေပင် မျိုးဆက်သည် အဆက်ပြတ်မသွားခဲ့ပေ။ ဤနေရာ၌ စာပေ၏သင်္ကေတဖြစ် သည့် ပေပင်အသစ်တစ်ပင်သည် ယခင့်ယခင် ပေပင်၏ မျိုးဆက်အဖြစ်ဖြင့် ပေါ်ထွန်းလာခဲ့သည်။ ရှင်မဟာသီလဝံသ ဇီဝိန်ချုပ်ငြိမ်းသွားသည်မှာ နှစ် ပေါင်းရာချီရှိသွားခဲ့ပြီဖြစ်သော်လည်း ရှင်မဟာသီလဝံသ၏ စာပေမျိုးဆက်

သည် ဤနေရာ၌ အဆက်ပြတ်မသွားခဲ့ပေ။ ရှင်ဥက္ကဋ္ဌသည် ရှင်မဟာသီလ ဝံသ၏ စာပေမျိုးဆက်အဖြစ်ဖြင့် ပေါ်ထွန်းလာခဲ့သည်။

ဤနတ်မှီတောရသို့ ကျွန်တော်ရောက်ဖူးသည်မှာ သုံးကြိမ်သုံးခါ ရှိ သွားပြီ။ ပထမတစ်ကြိမ် ရောက်စဉ်က သက်တော်ထင်ရှား ရှင်ဥက္ကဋ္ဌကို ဖူးတွေ့ခဲ့ရသည်။ ဒုတိယအကြိမ် (၁၉၇၈) ရောက်စဉ်က ရှင်ဥက္ကဋ္ဌ၏ ရုပ် ကလာပ်နှင့် အုတ်ဂူကိုသာ ဖူးတွေ့ရတော့သည်။ တတိယအကြိမ် (၁၉၇၉ဒီဇင်ဘာလ) တွင်ကား အုတ်ဂူ၏ထိပ်၌ မားမားမတ်မတ် ရပ်နေသော ရှင် ဥက္ကဋ္ဌ၏ ရုပ်တုကို ထုလုပ်ပြီးစ တွေ့ရသည်။ ရုပ်တုကို ထုလုပ်သူမှာ ပန်းပုဆရာ ဦးလွင်ဖြစ်သည်။ ပန်းပုဆရာဦးလွင်သည် ရှင်ဥက္ကဋ္ဌကို ကြည်ညို လေးစားသူဖြစ်သည်။ မိမိလေးစားသူ၏ ရုပ်တုကိုထုလုပ်ရာ၌ ပန်းပုဆရာ သည် လက်စွမ်းပြထားပုံရသည်။ ကလောင်နှင့်စာအုပ်ကို ကိုင်ထားသော ဆရာတော်၏ ရုပ်တုမှာ အသက်ဝင်နေသည်။ ။

“ဆရာတော် ပျံလွန်တော်မူသွားတာ တစ်နှစ်စေ့သွားပြီ။ တစ်နှစ်ပြည့် တဲ့နေ့မှာ ရုပ်တုဖွင့်ပွဲ အခမ်းအနားကျင်းပဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ် မိုးခေါင်တာနဲ့ လူတွေ စီးပွားရေး မပြေလည်ကြဘူး။ ဒါကြောင့်မို့ ရုပ်တုဖွင့်ပွဲ တခမ်းတနားကျင်းပဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းထားရတယ်”

ရှင်ဥက္ကဋ္ဌဒကာများက ပြောပြသည်။ သူတို့ပြောသည်မှာ မှန်ပုံရ သည်။ ဒုတိယအကြိမ် ကျွန်တော် လာရောက်စဉ်က နတ်မှီတောရကျောင်းနှင့် ကပ်လျက်ရှိသော ရေကန်ကြီးသည် ကြာပန်းကြာခိုင်များနှင့် စိမ်းလန်းဝေဆာ လျက်ရှိသည်။ ယခု တတိယအကြိမ်တွင်ကား ယခင်အချိန်ပင် ဖြစ်စေကာမူ ရေကန်ကြီး၏ အချို့နေရာများ၌ ပပ်ကြားများပင် အက်နေပြီ။

ကျွန်တော်တို့ ရှင်ဥက္ကဋ္ဌသီတင်းသုံးသည့် ကျောင်းဆောင်တွင်း ဝင်ကြည့်ကြ၏။ ကျောင်းခန်းအတွင်း၌ ဆရာတော်ရှင်ဥက္ကဋ္ဌပိုင်ဆိုင်သည့် ပစ္စည်းများကို ပြထားသည်။ ပစ္စည်းများ သင်္ကန်းသုံးထည်၊ ခြင်ထောင်၊ ခေါင်းအုံး၊ လက်နှိပ်ဓာတ်မီး စသော ရိုးရိုးပစ္စည်း အနည်းအကျဉ်းမျှသာ ဖြစ်သည်။ စာအုပ်များထားသည့် ကျောင်းခန်းအတွင်း၌ကား ဆရာတော် ကြည့်ရှုလေ့လာသည့် ဘာသာရပ်မျိုးစုံ အင်္ဂလိပ်မြန်မာ ပါဠိစာအုပ်များကို တွေ့ရသည်။ ရှိသမျှရောင့်ရဲပြီး ပစ္စည်းလာဘ်လာဘကို တပ်မက်ခြင်းကင်း

သည့် ရဟန်းဘဝ၏ စံနမူကို ဆရာတော် ပြသွားခဲ့သည်။

နတ်မှီတောရကျောင်းမှ အပြန်တွင် ကျွန်တော်တို့သည် နတ်မှီတောရကျောင်း ပေပင်ကြီးမှ စာပေ၏ အမှတ်သင်္ကေတအနေဖြင့် ပေသီးတစ်ယောက်တစ်လုံးစီ ယူလာခဲ့ ကြသည်။ ယင်းပေသီးသည် နတ်မှီတောရတွင် ပျော်မွေ့ခဲ့ကြသည့် စာပေ ပညာရှင်ကြီးများက ကျွန်တော်တို့အား ချီးမြှင့်လိုက်သည့် လက်ဆောင်မွန် သဖွယ် ဖြစ်သည်။

ကျွန်တော်တို့၏ခရီးသည် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် အတိတ်ဆီသို့ ရှေးရှုကြပြန်သည်။ တောင်တွင်းကြီးရောက်ပါလျက် ဗိဿနိုး သို့ မသွား၍မဖြစ်ပေ။ ဗိဿနိုးသည် ယခုတောင်တွင်းကြီးမြို့၏ အနောက် ဘက် ၁၂ မိုင် အကွာတွင်ရှိသော ၁၁ ရာစုနှင့် ၅ ရာစုအတွင်း ထွန်းကားခဲ့

သော မြို့ဟောင်းဖြစ်သည်။ ရှေးဟောင်းကမ္ပည်းကျောက်စာဌာနများမှ တူးဖော်ထားသဖြင့် ရှေးဟောင်းမြို့၏ အပျက်စီး အကျန်အကြွင်း အုတ်တိုက် သုံးလေးခုကို တွေ့မြင်ရသည်။ ဗိဿနိုးမြို့တွင် စိုးမိုးသွားခဲ့သည့် ပန်ထွာ ဘုရင်မ၏ ဒဏ္ဍာရီသည် မြန်မာသမိုင်းဝတ္ထုလောကထဲတွင် အတော်ပင် မင်းမူနေသည်။ မြန်မာဝတ္ထုရေးဆရာ အတော်များများသည် ပန်ထွာဘုရင်မ၏ ဇာတ်လမ်းကိုယူပြီး ရာဇဝင်ဝတ္ထုများကို ရေးဖွဲ့ကြသည်။ ကျွန်တော် ဒုတိယ အကြိမ် (၁၉၇၈) တောင်တွင်းကြီး ရောက်တုန်းကလည်း ဗိဿနိုးသို့ သွားခဲ့ သေးသည်။ ထိုစဉ်ကအကြောင်းကို ပြန်ပြီးသတိရသည်။ ထိုအချိန်က ကျွန်တော်တို့ ကံသီလို့ ကိစ္စချောမကုန်ခြင်း ဖြစ်သည်။ တောင်တွင်းကြီး ဗိဿနိုးလမ်း၌ ကားဖြင့်သွားစဉ် ကျွန်တော်တို့ကားကို ဘူဒိုဇာမြေတူးကား ကြီးက ပွတ်သွားသည်။ ကျွန်တော်တို့ ကားပျက်သွားသည်။ လူတွေ ကံ

ကောင်းသည်။ တစ်ယောက်မျှ အထိအခိုက်မရှိ။ ကျွန်တော်တို့ အသည်း တထိတ်ထိတ် ဖြစ်ခဲ့ရသည်။

“ငါလာမှကြီး၊ ငါလာမှသီး”လို့ ပန်ထွာမိဖုရားကြီးက ဆုတောင်း သွားတယ်။ ဒါကြောင့်မို့ ဒီဗိဿနိုးမြို့နယ်မြေမှာရှိတဲ့ ပေပင်တွေဟာ တစ်တောင်နှစ်တောင်ကထက် ပိုပြီးမကြီးဘူး။ ကြည့်ပါလား။ လမ်းဘေး တစ်လျှောက်ပေါက်နေတဲ့ ပေပင်ကလေးတွေ ကျွန်တော်တို့ အဘိုးအဘွား အမေ မိဘလက်ထက်ကလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ငယ်ငယ်ကလည်းဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပဲ”

ဤဗိဿနိုးဒဏ္ဍာရီ၌လည်း ပေပင်၏ အခန်းက ပါဝင်နေသည်။ ကျွန်တော်တို့ ကားဒရိုင်ဘာကြီးက ဗိဿနိုးဒဏ္ဍာရီ၌ ပါဝင်နေသည့် ပေပင် ပုံပြင်ကို ပြောပြသည်။ သူ့ကို အကဲခတ်ရသည်မှာ တကယ်ယုံကြည်နေပုံ ရသည်။ သူညွှန်ပြသည့် ပေပင်များကို ကြည့်သောအခါလည်း တကယ်ပင် တစ်တောင်နှစ်တောင်ထက် ပိုပြီးမမြင့်ပေ။

ယင်းပေပင်ပြဿနာသည် ယခုတစ်ကြိမ် ဗိဿနိုးသွားသည့်အခါ တွင်ကား ရှင်းသွားသည်။

“ဗိဿနိုးနယ်မြေမှာ ပေပင်တစ်တောင်နှစ်တောင်ထက် ပိုမကြီးဘူးလို့ အယူရှိကြတယ်။ အဲဒီအယူအဆကို ကျွန်တော်တို့စိုက်ထားတဲ့ ဟောဒီ ပေပင်က ချေဖျက်ပစ်လိုက်ပါပြီ”

ယခုတစ်ခေါက် ဗိဿနိုးအသွားတွင် ကျွန်တော်တို့ကို လိုက်ပို့သည့် တောင်တွင်းကြီးမှ ကျောင်းအုပ်ဆရာကြီးများဖြစ်သည့် ဦးအောင်ဉာဏ်နှင့် ဦးသောင်းမြင့်တို့က ဗိဿနိုးတည်းခိုရိပ်သာ၌ ကျွန်တော်တို့ ခေတ္တနားနေစဉ် တည်းခိုရိပ်သာဝင်းအတွင်း၌ စိုက်ပျိုးထားသည့် ပေပင်တစ်ပင်ကို ညွှန်ပြရင်း

ပြောပြသည်။ ထိုပေပင်မှာ လူတစ်ရပ်လောက် မြင့်နေပြီ။ ဗိဿနိုးဒဏ္ဍာရီနှင့် စပ်သည့် အခြားယုံကြည်ချက်များလည်း ရှိသေးသည်။ ဒွတ္တပေါင်မင်းကြီးက ပန်ထွာမိဖုရား၏ စည်တော်ကို ဖျက်လိုဖျက်ဆီး လုပ်လိုသဖြင့် ရှင်ယောင်ကို စေလွှတ်ပြီး ဆိတ်ရေဖြင့် စည်တော်ကို ပြန်ကြက်စေသည်။ ယင်းဒဏ္ဍာရီကို အခြေခံလျက် ဗိဿနိုးနယ်မြေ၌ ဘုန်းကြီးရဟန်းနေလျှင် တာရှည်မခံ လူဝတ် လဲသွားရတတ်သည်ဟူ၍လည်းကောင်း၊ ဗိဿနိုးနယ်မြေ၌ ဆိတ်မွေး၍မရ ဟူ၍လည်းကောင်း ယုံကြည်စွဲလမ်းချက်ရှိသည်။

ကျွန်တော် ဒုတိယအခေါက်ရောက်စဉ်က ဗိဿနိုးနယ်မြေ၌ရှိသော ရေအိုင်ကြီးတွင် စိမ်းလန်းသောရေပြင်၌ ဟင်္သာငှက်ကလေးများ အုပ်ဖွဲ့ပြီး ကူးခတ်နေကြသည်ကို တွေ့ရသည်။ ယခုတစ်ကြိမ်၌မူ ယင်းရေအိုင်နေရာ၌ ရေလုံးဝမရှိဘဲ ခြောက်သွေ့ နေသည်ကို တွေ့ရသည်။ ။

နေ့လယ်နေ့ခင်းအချိန်ဖြစ်သဖြင့် နေကလည်း ချစ်ချစ်တောက်ပူနေ သည်။ နေပူထဲတွင် သစ်ပင်ကျိုးတိုးကျဲတဲကြားထဲမှ ပေါ်ထွက်နေသည့်ဗိဿနိုးမြို့ဟောင်း အဆောက်အအုံပျက်များသည် ကျွန်တော်တို့အား ရာစု နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် ရှေးအတိတ်ဆီသို့ ခေါ်သွားသည်ဖြစ်ရာ ကျွန်တော်တို့ ခေတ္တခဏ အတိတ်ကမ္ဘာဆီသို့ ရောက်နေကြသည်။ ကျွန်တော် တို့ကို တင်ဆောင်လာသည့်ကား ဗိဿနိုးမြို့ဟောင်း နယ်နိမိတ်ထဲမှ ထွက် လာမှပင် ကျွန်တော်တို့လည်း ပစ္စုပ္ပန်ကမ္ဘာသို့ ပြန်လည်ဦးလှည့်လာကြသည်။

ထိုနေ့ညပင် ယခုနှစ်အတွက် ကျင်းပပြုလုပ်မည့် တောင်တွင်းကြီး စာဆိုတော် ဟောပြောပွဲတွင် ကျွန်တော်တို့ စာပေအကြောင်း ဟောပြောရတော့မည်။ ညဟောပြောပွဲ၌ “ပေလေးပင်” အကြောင်း စကားစပ်ပြီး ပြောမည် ဟု ကျွန်တော် စိတ်ကူးထား၏။ သို့သော်လည်း ပေလေးပင်ရေတွက်ကြည့်ရာ မေ့သလိုလိုဖြစ်နေ၏။ မြို့ထဲတစ်နေရာသို့အသွား မြင်းလှည်းပေါ်တွင် မင်းယုဝေကို မေးကြည့်သည်။

“ကိုဝင်းမောင်၊ ပေလေးပင် ရှင်လေးပါး ကျွန်တော်မေ့နေလို့ ရေပြစမ်း ပါဦး”

ကျွန်တော်၏ အမေးကို မင်းယုဝေက ဖြေမလို့ ဟန်ပြင်နေစဉ်မှာပင် မြင်းလှည်းမောင်းသမားက “ရှင်မဟာသီလဝံသ၊ ရှင်ဥတ္တမကျော်၊ ရှင် အုန်းညို၊ ရှင်ခေမာ” ဟူ၍ ဒေါက်ဒေါက်ဒေါက်ဒေါက်နှင့် ရွတ်ပြသွား သည်။ ကျွန်တော်တို့ အံ့အားသင့်နေကြသည်။ တောင်တွင်းကြီးကား ရှေး စာပေအစဉ်အလာ ရှိရုံမျှမက ယခုအချိန်၌လည်း မြင်းလှည်းသမားကအစ စာနှင့်ပေနှင့်ပါကလား။ ။

တောင်တွင်းကြီးသည် စာပေအစဉ်အလာ ကြီးမားခဲ့သည့် မြို့တစ်မြို့ ဖြစ်သည်။ ပေလေးပင် ရှင်လေးပါး၏ မွေးဖွားရာ ဇာတိနယ်မြေမှာ ဤတောင်တွင်းကြီးပင် ဖြစ်သည်။ ယင်းပေလေးပင် ရှင်လေးပါးတို့၏ စာပေ လက်ရာများသည် မြန်မာစာပေအတွက် မည်မျှ အကျိုးပြုခဲ့သနည်း။ သာသနာ့သမိုင်းတွင် အထင်ကရဆရာတော်တစ်ပါးဖြစ်သည့် ခင်ကြီးပျော် သည်လည်း ဤတောင်တွင်းကြီးနယ်မြေ၌ပင် ပေါ်ထွန်းခဲ့သည်။ ရှင်ဥက္ကဋ္ဌ၏ နယ်မြေမှာလည်း ဤတောင်တွင်းကြီးပင် ဖြစ်သည်။ ။

ယင်းစာပေအစဉ်အလာသည် ယခုထက်တိုင်ပင် အဆက်ပြတ်မသွား ပေ။ တောင်တွင်းကြီး၌ စာပေအုပ်စုတစ်စုကို တွေ့ခဲ့ရသည်။ သူတို့သည်ဆောင်းပါးကဗျာဝတ္ထုများကို လက်တည့်စမ်းရေးနေကြသည်။ အချို့ပုဂ္ဂိုလ် များ၏ စာများသည် စာနယ်ဇင်းများတွင် အကြိမ်ကြိမ်ပင် ပါပြီးနေပြီ။ သူတို့အုပ်စုထဲက တစ်စုံတစ်ယောက်၏ ဝတ္ထုဖြစ်စေ၊ ဆောင်းပါးဖြစ်စေ စာနယ်ဇင်းတစ်ခုခုတွင် ပါလာပါက စာရေးသူသည် ငွေတစ်ရာလောက် အကုန်အကျခံပြီး ကျန်ပုဂ္ဂိုလ်များအား ကျွေးမွေးရသည်။ မိမိစာပါလာသည့် စာနယ်ဇင်းကိုလည်း ကျန်ပုဂ္ဂိုလ်များအား လူစေ့တက်စေ့ တစ်စောင်ကျစီ ဝယ်ပေးရသည်။ ဤမျှ ဝါသနာကြီးသူများ ဖြစ်ကြသည်။

ယင်းသို့ စာပေအစဉ်အလာ ကြီးမားသည့် မြို့တစ်မြို့ဖြစ်သောကြောင့် လားမသိ။ ညစာဆိုတော် ဟောပြောပွဲ၌ ဇာတ်ရုံကြီးထဲတွင် စာပေပရိသတ် များ ပြည့်လျှံသွားသည်။ မြို့တော်သိန်းအောင်လာကတုန်းကတောင် ယခု လောက် ပရိသတ်မများဟု ပြောသံကြားခဲ့ရသည်။

မိုးဝေ စာပေမဂ္ဂဇင်း၊ ၁၉၈၀။