Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပါရဂူ - ဂေါရီ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

(၁)

နှစ်ပရိစ္ဆေဒ ထောင်ပေါင်းများစွာ မတိုင်မီက ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

သရဒဥတု မိုးနှောင်းဆောင်းဦး နေသည် မိုးကုပ်စက်ဝိုင်းအပေါ် တက် လာလေပြီ။ ကျေးငှက်သာရကာအချို့သည် ဟိုမှသည်မှ ပျံသန်းလျက် နံနက် ခင်းကို ကြိုကြသလား၊ သို့မဟုတ် အစာအတွက် ဗျာများနေကြသလား အတိအကျ မသိရပေ။

အယုဒ္ဓယမြို့ အပြင်ဘက်ရှိ ချိုင့်ဝှမ်းတစ်ဝက်၊ တောင်ကမူတစ်ဝက် မညီမညာ မပြေမပြစ်ဖြစ်နေသည့် မြေပြင်၌လည်းကောင်း၊ တစ်ပြေးညီညီဖြစ် နေသည့် လွင်တီးခေါင်၌လည်းကောင်း၊ ယိမ်းကသလို ယိမ်းထိုးလှုပ်ရှားနေ ကြသည့် ချုံပုတ်များထဲက မည်သည့်အသံဗလံကိုမှ မကြားရပေ။ ချုံပုတ်များ ၏ အကိုင်းအညွန့်များမှာ တိရစ္ဆာန်များ စားထားသဖြင့် ငုံးတိတိဖြစ်နေ သည်။ အချို့ အကိုင်းအခက်များ၌ ရွက်ညွန့် ရွက်သစ်များထွက်နေသည်။ သို့ရာတွင် ယင်းရွက်ညွန့်ရွက်သစ်များသည် သက်ဆိုးရှည်မည့် လက္ခဏာ မရှိပေ။

ဟိုနေရာ သည်နေရာရှိ နွမ်းခြောက်နေသည့် မြက်ပင်များအရင်း၌ အညှောက်ထွက်နေသည့် မြက်ပင်ငယ်များကို ကြည့်ရသည်မှာ အားတက်သရော ရှိပုံမရကြ။ အပေါ်ပိုင်း အညွန့်များမှာ ခြောက်သွေ့ ကြေမွတော့မည် ဟန်ရှိနေပြီး အောက်ပိုင်းရှိ စိမ်းစိုစို အသက်ဓာတ်ကလေးမှာလည်း ဇီဝိန်ချုပ်

တော့မည့်အချိန် စောင့်စားနေသကဲ့သို့ ရှိနေသည်။ မြေပြင်တွင် မာကျော သည့် ကျောက်စရစ်ခဲများ ပြန့်ကျဲနေပြီး ကောက်ကောက်ကွေ့ ကွေ့ဖြစ်နေ သည့် တစ်ခုတည်းသော လမ်းပေါ်၌မူ ဖုန်မှုန့်များ တင်းကျမ်းဖြစ်နေသည်။

ကျေးငှက်သာရကာတို့သည် တစာစာအော်မြည်လျက် သရဘူမြစ်၏ ရေတိမ်သည့် မြစ်ကြောင်းရှိရာသို့လည်းကောင်း၊ ရေခမ်းစပြုနေပြီဖြစ်သည့် အင်းအိုင်များရှိရာသို့လည်းကောင်း၊ အစာရေစာရှာဖွေရန် ပျံသွားကြသည်။ တစ်ကောင်နှင့်တစ်ကောင်လည်း ရန်သတ္တရုပြုနေကြသည်။

ဤဒေသ၌ ဆက်တိုက်ကပ်ဆိုးကြီးဆိုက်လာခဲ့သည်မှာ ငါးနှစ်ရှိသွား ပြီ။ မိုးခေါင်ရေရှား ဖြစ်နေသည်။ တစ်နှစ်လုံးနေ၍ မိုးတစ်ကြိမ် နှစ်ကြိမ် လောက်သာ ရွာသည်။ ရွာပြန်တော့လည်း မစို့မပို့...။

နံနက်ခင်း လေပြည်လေညင်းသည် ညင်သာ အေးဆေးသော အရှိန် အဟုန်ဖြင့် တိုက်ခတ်နေတုန်း ရှိသေးသည်။ လမ်းမရှိ ဆန့်ကျင်ဘက် အရပ် မျက်နှာ နှစ်ခုဆီ၌ ဖုန်မှုန့်ထုသည် ဝေဟင်ဆီသို့ တက်သည်။ ဖုန်မှုန့်ထု၏ ရှေ့ပိုင်း၌ သိပ်သည်းထူထပ်ပြီး နောက်ပိုင်း၌မူ ပါးလျလျဖြစ်နေသည်။ အမြီး တန်းနေသည့် ခုနစ်စဉ်ကြယ်ကို အဝေးမှ လှမ်းမြင်နေရသည်နှင့် တူနေသည်။

လေပွေလေသင်တုန်းမွှေသည်ကို မတွေ့ရသော်လည်း ဖုန်မှုန့်ထုသည် ရုတ်တရက်တက်လာလျက် အမြီးပိုင်းသည် နွမ်းခြောက်နေသည့် ချုံပုတ်များ ထဲ တိုးဝင်သွားပြီး ခေါင်းပိုင်းဖုန်ထုမှာ ချုံပုတ်များအပေါ်ဘက်၌ ဝှေ့ဝိုက်ဝဲပျံ နေသည်။ နေရောင်ခြည်ကြောင့် ဖုန်မှုန့်ထုကို ပိုပြီး ထင်ရှားပြတ်သားစွာ မြင်နေရသည်။

ထိုအခိုက် တစ်ဖက်မှတက်လာသော ဖုန်မှုန့်ထုထဲမှ ယာဉ်ရထား တစ်စီး ထွက်လာပြီး အခြားဆန့်ကျင်ဘက်နေရာမှတက်လာသော ဖုန်မှုန့်ထု ထဲမှ အခြားယာဉ်ရထားတစ်စီး ထွက်ပေါ်လာသည်။

နေရောင်ခြည်လင်းနေသဖြင့် ယာဉ်ရထားနှစ်စီးသည် ထင်းထင်းကြီး ဖြစ်နေသည်။ ယာဉ်ရထားတစ်စီး၌ အရောင်အသွေးမတူသည့် မြင်းများ ကထားသည်။ လမ်းတွင် ချုံပုတ်များကွယ်နေသည့် လမ်းကွေ့တစ်ခုရှိသဖြင့်တစ်ဖက်မှ ယာဉ်ရထားသည် တခြားတစ်ဖက်မှလာသည့် ယာဉ်ရထားကိုမူ မမြင်ရပေ။

လမ်းအကွေ့နေရာမှာ ယာဉ်ရထားတစ်စီးသွားသာရုံမျှလောက်သာ ကျယ်သည်။ ထိုနေရာ၌ ပေါက်နေသည့် ချုံပုတ်များမှာ မမြင့်သော်လည်း သိပ်သည်းထူထပ်နေသဖြင့် ယာဉ်ရထားနှစ်စီးသည် မျက်နှာချင်းဆိုင်မိမှပင် တစ်စီးနှင့်တစ်စီး မြင်ကြရသည်။

လမ်းနေရာက ကျဉ်းနေသဖြင့် ယာဉ်ရထားတစ်စီးသည် အခြားတစ်စီး ကို နေရာဖယ်ပေး၍ မဖြစ်တော့ပေ။ ယာဉ်ရထားအရှိန်ကို ရုတ်တရက် သတ်လိုက်ရဖြင့် တစ်စီးနှင့်တစ်စီး ထိလု တိုက်လုမတတ်ဖြစ်သွားသည်။ ယာဉ်ရထားတစ်စီးတွင် ကထားသည့်မြင်းများ၏ပါးစပ်မှ အမြှုပ်များသည် အခြား ယာဉ်ရထားတစ်စီးမှ မြင်းများ၏ပါးစပ်မှ အမြှုပ်များနှင့် သွားထိမိ တို့မိ ကြသည်။

ယာဉ်ရထားတစ်စီးပေါ်တွင် လုံမပျိုတစ်ယောက်ပါလာပြီး အခြား ယာဉ်ရထားတစ်စီးပေါ်၌ လုလင်ပျိုတစ်ယောက် ပါလာသည်။ ။

လုလင်၏အသက်မှာ ဆယ့်ငါးနှစ်လောက်ရှိမည်ဟု ခန့်မှန်းရသည်။ ကိုယ်ဟန်အနေအထား တောင့်တင်းပြေပြစ်သည်။ မျက်နှာအမူအရာမှာ ချစ်ခင်စဖွယ်ဖြစ်သည်။ ကိုယ်ကာယအနေအထားမှာ အရွယ်အတန်ရင့်ပုံရနေ သော်လည်း မျက်နှာမှာမူ တကယ့် နုနုကလေးပင် ရှိသေးသည်။

လုံမပျိုမှာမူ ကိုယ်ကာယ အနေအထားရော၊ မျက်နှာပုံပန်းပါနှစ်မျိုး လုံးပင် လုလင်ပျိုထက် ရင့်ပုံရသည်။ သို့ရာတွင် သူ့အသက်လည်း လုလင်ပျို အသက်လောက်ပင် ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

နှစ်ဦးလုံး မျက်မှောင်ကြုတ်နေကြသည်။ သို့သော်လည်း လုံမပျိုက ပိုမိုမျက်မှောင်ကြုတ်ပြီး ပိုမိုတင်းမာနေပုံရသည်။ ရင်ဆိုင်ယာဉ်ရထားပေါ် သူ့မြင်းများကို အတင်းဇွတ်မောင်းနေချင်ပုံရသည်။ လုလင်သည် သူ့မြင်း များ၏ ဇက်ကြိုးကို တုံ့ဆွဲထားလိုက်သည်။ မြင်းများနောက်ဘက် အတန် ငယ် ဆုတ်ခွာသွားကြ၏။ ထိုအခါကျမှ လုံမပျိုကလည်း သူ့မြင်းများကို ဟန့်တားထားလိုက်သည်။ လုလင်ပျိုသည် ယာဉ်ရထားအောက် ဆင်းလာ လေသည်။

“လမ်းဖယ်ပေးပါ”

လုလင်က ထက်မြက်သည့်အသံဖြင့် စတင်ပြောလိုက်သည်။ သူ၏ အသံသည် မာကျောထက်မြက်နေသော်လည်း ဒေါသအရိပ်အယောင် သည်လောက် လွှမ်းမိုးမနေပေ။

( ကျာပွတ်ကို လက်ကကိုင်ပြီး လုံမပျိုလည်း ယာဉ်ရထားပေါ်မှ ဆင်း လာသည်။

“လမ်းဖယ်ရအောင် ဘယ်မှာနေရာရှိလို့လဲ” ( လုံမပျို၏အသံသည် စူးရှသည်။ မိုးတိမ်ကို မြင်ရသဖြင့် ထွက်ပေါ်လာ သော ဥဒေါင်း၏ အသံမျိုးမဟုတ်ဘဲ အခြားဥဒေါင်းတစ်ကောင်ကို ရန်ပြု တိုက်ခိုက်ရန် စိန်ခေါ်သည့်ဥဒေါင်း၏ စူးစူးရှရှ ထွက်ပေါ်လာသည့် အသံ မျိုးဖြစ်သည်။

လုလင်ပျို ဒေါသထွက်လာသည်။

“ကျုပ် ဘယ်သူလဲဆိုတာ သိရဲ့ လား။ ကျုပ် အယုဒ္ဓယဘုရင့် သားတော် ဘုဝန”

သူ့အမည်နာမကို ပြောပြပြီးသောအခါ လုလင်သည် တင်းမာမှု အနည်းငယ်လျော့သွားသည်။ မည်းနက်သော မျက်ဝန်းရှိသည့် သူ၏ မျက်လုံးသည် ဝိုင်းစက်ပြူးကျယ်လာသည်။ ရှုံ့ထားတင်းထားသည့် မျက်ခုံး လည်း အတန်ငယ် လျော့ကျသွားသည်။

“ကျွန်မကိုကော ဘယ်သူလဲဆိုတာ သိရဲ့လား။ ဒီဒေသမှာရော ပင်လယ်ရပ်ခြားဒေသမှာရော ထင်ပေါ်ကျော်ကြားနေတဲ့ သူကြွယ်ကြီးနီလရဲ့ တစ်ဦးတည်းသော သမီးရှင့်” အ လုံမပျိုသည် စိုးရွံ့ခြင်း၊ တွန့်ဆုတ်ခြင်း အလျှဉ်းမရှိပေ။ သူ၏ မွဲပြာ ပြာမျက်လုံးကြီးနှစ်လုံး နီရဲလာသည်။ မျက်ခုံးသည် တင်းမာမြဲ တင်းမာနေ သည်။ မျက်လုံးနှစ်ခုကြားထဲက တွန့်ကြောင်းသည် တွန့်မြဲတွန့်နေတုန်းပင် ရှိသေးသည်။

သူ့ကိုယ်သူ ဘုဝနဟု အမည်နာမပြောကြားသူ လုလင်သည် လုံမပျို ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ လုံမပျို၏အဆင်အပြင် ပုံသဏ္ဌာန် မှာ အာရယမျိုးနွယ် မိန်းမပျိုများ၏အဆင်အပြင် ပုံသဏ္ဌာန်နှင့် တခြားစီဖြစ်နေသည်။ ထို့ပြင် လုံမပျို၌ အာရယမျိုးနွယ် မိန်းမပျိုတို့၏ ပျော့ပျောင်း နူးညံ့မှု၊ ရှက်ရွံ့မှုမျိုးလည်း မတွေ့ရပေ။

ကျာပွတ်ဆုပ်ကိုင်ထားသည့် လုလင်၏လက်သီးဆုပ်သည် လျော့ သွားသည်။ အံကြိတ်ပြီး လုလင်သည် သူ့မြင်းများကို နောက်ဆုတ်လိုက်၏။

“အင်း... အင်း သိပါတယ်၊ အဲဒါတင် မကသေးဘူး၊ ဒါ့အပြင်လည်း သိသေးတယ်။ မင်းနာမည် ဟိမာနီ မဟုတ်လား။ ဟိမာနီအတွက် လမ်းဖယ် ပေးပါ့မယ် မဟုတ်ရင်”

နောက်ဆုံးစကားလုံးသည် လုလင်၏နှုတ်မှ တိုးတိုးသာသာထွက်လာ သည်။ သို့ရာတွင် ဟိမာနီ၏နားထဲ ရောက်သွားသည်။ လှပဖြူနုသော မျက်နှာဝန်းထဲက နီရဲနေသော နှုတ်ခမ်းနှစ်ခုကိုစုရင်း လုံမပျိုလည်း သူ့ယာဉ် ရထားပေါ်တက်လိုက်သည်။ ။

“နို့မဟုတ်ရင် ဘာလုပ်မလဲ”

လုံမပျို၏နှုတ်မှထွက်လာသောစကားကို ဘုဝန မကြားလိုက်ရပေ။ အကြောင်းမူကား သူ့မြင်းများ၏ ဇက်ကြိုးကိုဆွဲပြီး လမ်းဘေးရှိ ချုံပုတ်များ ပေါ် ယာဉ်ရထားကို မောင်းသွားပြီးဖြစ်သောကြောင့်တည်း။

လမ်းရှင်းသွားသည်ကို တွေ့ရသောအခါ ဟိမာနီသည် သူ့ယာဉ်ရထား ကို ရှေ့ဆက်မောင်း၏။ သူ့မျက်နှာတွင် အနိုင်ယူလိုက်ရသည့် မာန်မာန အရိပ်အယောင် တစ်ခဏမျှ လက်ခနဲ ပေါ်လာသည်။ သို့ရာတွင် ချက်ချင်း အတွေးတစ်ခုပေါ်လာသည်ဖြစ်၍ အတန်ငယ်လွန်သွားသော ယာဉ်ရထားကို ခဏရပ်လိုက်ပြီး..

“ဘယ်သွားမလို့လဲ ဘုရင့်သားတော်”

သူ့အသံသည် ချိုသာသလိုလိုရှိနေသော်လည်း သူ့မာန်မာနကမူ နဂို အခြေအနေအတိုင်းပင် ရှိနေသည်။

“ဘယ်ဖြစ်ဖြစ်”

ဘုဝန၏နှုတ်မှ မပြေမပြစ် အဖြေထွက်လာသည်။ သို့ရာတွင် ချက်ချင်း သူ့ကိုယ်သူထိန်းချုပ်ပြီး ပြင်ပြောလိုက်သည်။

“လေးပစ်သွားလေ့ကျင့်မလို့” ဘုဝနသည် ရှေ့ဆက်ပြီး စကားပြော၍ မထွက်တော့ပေ။ တစ်စုံတစ်ဦးက သူ့ပါးစပ်ကို လှမ်းပိတ်လိုက်သလို ခံစားလိုက်ရသည်။

“ကျွန်မလည်း တစ်ခါလောက် လာကြည့်ပါဦးမယ်”  ဟိမာနီသည် မပြုံးချင် ပြုံးချင်နှင့် ကြိုးစားပြုံးပြီး ယာဉ်ရထားကို မောင်းထွက်သွားသည်။

ဘုဝနသည် ဟိမနီ၏အပြုံးကိုလည်း မမြင်လိုက်ရပေ။ ဟိမာနီ၏ စကားကိုလည်း မကြားလိုက်ရပေ။

ချုံပုတ်များပေါ်တွင် တင်နေသည့် သူ့ယာဉ်ရထားကို လမ်းပေါ်ပြန် ရောက်အောင် ကြိုးစားနေရသည်။ မြင်းများ၏မျက်လုံးများ တောက်လောင် နေသည်။ ပါးစပ်မှ အမြှုပ်တစီစီထွက်နေသည်။

ဘုဝနသည် တစ်စုံတစ်ယောက်များ ကြည့်နေသလားဟု ဘေးဘီကို မလုံမလဲ လှမ်းကြည့်လိုက်သည်။ သူ့ကိုကြည့်နေသူတစ်စုံတစ်ယောက်ကိုမှ မတွေ့ရပေ။ စိတ်အတန်ငယ် သက်သာရာရသွားသည်။ မြင်းများကမူ ကြည့် နေကြသည်။ ကိစ္စမရှိ။ မြင်းများ စကားပြောတတ်ကြလို့လား။ ယင်းသို့ တောင်တောင်အီအီ တွေးတောပြီး ဘုဝနသည် သူသွားလိုသည့်လမ်းဘက် ယာဉ်ရထား မောင်းနှင်ထွက်ခွာသွားသည်။