ပါရဂူ - ဂန္ထဝင်စာနှင့်စကား
ရဲဘော်တို့ -
ရာဇဝင်စာတင်ရမည့် ဤပြည်သူ့ညီလာခံသဘင်သို့ ကျွန်ုပ်တို့သည် ပြည်သူ့ကိုယ်စားလှယ်များအဖြစ်ဖြင့် လာရောက်ခဲ့ကြပေသည်။ ဤသို့စုဝေး ရခြင်းမှာ ကမ္ဘာသူ ကမ္ဘာသားတို့ ရှေးရိုးစဉ်လာ ဉာဏ်မျက်စိကျယ်စွာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသော နည်းနာနိဿယအတိုင်း ဖြစ်ရကား လျော်ကန် သင့်မြတ် ဖြောင့်မတ်သော စုဝေးခြင်းပေတည်း။ (ရှေးပဝေသဏီကစ၍ ကမ္ဘာသူ ကမ္ဘာသားတို့သည် ပြဿနာတစ်ခုကို တွေ့ကြုံရလျှင် ဤကဲ့သို့ပင် စုဝေး၊ ဆွေးနွေး ဖြေရှင်းခဲ့ကြပေသည်။) ကျွန်ုပ်တို့ စည်းဝေးရာ ဒေသ သည်လည်း ကျွန်ုပ်တို့ ရာဇဝင်တွင် ကျက်သရေရောင် တပြောင်ပြောင်ဖြင့်ကောင်းမြတ်သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောကြောင့် ကျွန်ုပ်တို့ ညီလာခံသဘင်သည်လည်း ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါ ပေ၏။ ဤသိင်္ဂုတ္တရကုန်းသည်ကား လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီး တည်ရှိရာဖြစ်၏ ။ စေတီတော်မြတ်ကြီးသည် ကျွန်ုပ်တို့လူမျိုး၏ ဝေဖြာသော စေတနာအလျောက် ကျွန်ုပ်တို့၏ အမွန်မြတ်ဆုံးသော ဆန္ဒကို ပေါ်လွင်စေခြင်းငှာ တည်ဆောက်ခဲ့သည်ဖြစ်ရာ ရွှေရောင်တဖိတ်ဖိတ်နှင့် ကျွန်ုပ်တို့ မျှော်မှန်းရာ အထွတ်အထိပ်ဖြစ်သော နိဗ္ဗာန်သင်္ကေတသို့ ညွှန်ပြတော်မူရာဖြစ်သည့် ဆီမီးတန်ဆောင်ကြီး ဖြစ်ပေတော့၏။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကို ကြည့်ပြန်သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင်ကျွန်ုပ်တို့၏ တိုင်းပြည်နှင့် လူမျိုးတို့၏ ကံကြမ္မာကို ဖန်တီးခဲ့သော အရေးတော်ပုံများ ဖြစ်ပေါ်ရာဌာနဖြစ်ရကား ဤဒေသသည် ကျွန်ုပ်တို့ အမျိုးသားအတွက် အလွန်ထူးခြားစွာ လေးစားကြည်ညိုရာဖြစ်သောဒေသ ဖြစ်ပေ၏။ ဤမျှ မကသေး။ ဤနေရာ ဤဒေသသို့ ကျွန်ုပ်တို့ ရာဇဝင် တစ်လျှောက်တွင် ကျွန်ုပ်တို့လူမျိုး၏ ရှေ့ဆောင်ရှေ့သွား ပုဂ္ဂိုလ်အများသည် ကျွန်ုပ်တို့ လူမျိုးအတွက် အသက်ကို ပမာဏမထားဘဲ စွန့်စားရန် လာရောက် ခဲ့ကြဖူးပေပြီ။ အတိုချုပ်မှာ မြန်မာအစ တကောင်းက” ဟု ဆိုသကဲ့သို့ ဤနေရာ ဤဒေသသည်လည်း ကျွန်ုပ်တို့လူမျိုး၏ ရာဇဝင်တွင် အခါခါပင် စာတင်ခဲ့ရသော အရေးတော်ပုံများ စတင်ရာဒေသပင် ဖြစ်ပေ၏။ လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ဆောက်ရာ အချိန်ကစ၍ ယနေ့အထိ နှစ်ပေါင်း ၂၅၀၀ ခန့်မျှရှိလေပြီ။ ဤမျှသော ကာလပတ်လုံး ကျွန်ုပ်တို့၏ ရာဇဝင်အဖြစ်အပျက်၊ ကျွန်ုပ်တို့၏ လူမျိုးအတွက် သတ္တိဗျတ္တိ နှင့် အံ့ဖွယ်ဘနန်း သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသည့် မရေမတွက်နိုင်
သော သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထို ပုဂ္ဂိုလ်တို့ ပေးအပ် ခဲ့သော အမွေအနှစ်တည်းဟူသော အာဇာနည်စိတ် စသည်တို့ကို ကျွန်ုပ်တို့ ယခု အချိန်အခါ၌ သတိရကြပေလိမ့်မည်။ သို့သတိရကြသည့် အားလျော်စွာ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ် အပေါင်းတို့အား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေပြုပြီးလျှင် ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့၏ အဆင့်အတန်းကို မီအောင် အားထုတ်လုံးပန်းမည်။ ထိုထိုသော အာဇာနည် ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟူ၍ သစ္စာပြုကြ ပါစို့။ ကျွန်ုပ်တို့၏ လူမျိုးသည် ဧကန်စစ်စစ် ကြီးပွားတိုးတက် တန်ခိုး ထွက်ပေတော့မည်။
ကျွန်ုပ်တို့သည် ဤကဲ့သို့ ရာဇဝင်သဘော အခြေခံကို နားလည်ကာ စုဝေးမိကြလေပြီ။ သို့ရာတွင် ဤစုဝေးခြင်းမှာ ပထမအကြိမ် မဟုတ်ချေ။ ၁၉၂၈ ခုနှစ်ကစ၍ ဤဒေသ၌ ဤစိတ်ဆန္ဒမျိုးနှင့် စုဝေးခဲ့ကြသည်မှာ အကြိမ် ကြိမ် ရှိခဲ့ပေပြီ။ အဘယ်ကြောင့် စုဝေးခဲ့ကြသနည်း။ ယခုလည်း အဘယ်
ကြောင့် စုဝေးကြသနည်း။ ကျွန်ုပ်တို့၏ လူမျိုးသည် ရာဇဝင်တစ်လျှောက် တွင် နိုင်ငံခြားသားတို့ စိုးမိုးအုပ်ချုပ် ကျွန်သဘောက်လုပ်ခြင်းကို ပထမဆုံး ခံခဲ့ရကား ကျွန်ုပ်တို့ လူမျိုးမှာ အဘက်ဘက်တွင် နင်းပြားဖြစ်ခဲ့ကြရသောကြောင့် လူချင်းမတူ သူချင်းမမျှ ကျွန်ုပ်တို့ဆန္ဒအတိုင်း လူတန်းစေ့ဘဝ ကို မနေနိုင်ခဲ့ကြချေ။ သို့အတွက် ကျွန်ုပ်တို့ လူမျိုးသည် ဤကာလအတော အတွင်း တစ်ဗိုလ်လဲ တစ်ဗိုလ်တက်၊ တစ်တပ်ပျက် တစ်တပ်စု၊ လူထုနှင့်ချီ၍ ကျွန်ုပ်တို့၏ဆန္ဒ ပြည့်ဝအောင် ကြိုးပမ်းစွန့်စားခဲ့ကြပေသည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေးလုပ်ငန်းသည် အတက်အဆုတ် အဖျက် အရှုတ် မည်မျှလောက်ပင် များစေကာမူ တဖြည်းဖြည်း အင်အားတိုးတက်လာခဲ့လေ သည်။ အဆင့်ဆင့် အုတ်မြစ်ကစ၍ တည်ဆောက်ခဲ့ရာ ကျွန်ုပ်တို့ ယခု အခြေအနေသို့ ရောက်ရှိခဲ့ပေသည်။ ရှေးယခင်က ဆောင်ရွက်ခဲ့သော မျိုးချစ် ပုဂ္ဂိုလ်များ၏ နည်းနိဿယ လုံ့လ ဥဿဟကို ယခုအချိန်တွင် ကျွန်ုပ်တို့ အထင်သေး အမြင်သေး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကမ္ဘာ့ ရာဇဝင်ကို ကြည့်မူ လွတ်လပ်ရေး လုပ်ငန်းကြီးကဲ့သို့သော တိုးတက်မှု သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းတွင် မဖြစ်နိုင်။ အဆင့်ဆင့် အခြေအနေကို ကြည့်ရှုပြီး လုံးပမ်းနိုင်မှ တိုးတက်အောင်မြင်မှု ရှိနိုင်မည်ကို သတိပြုကြရပေလိမ့်မည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ လွတ်လပ်ရေး လုပ်ငန်းကို တစ်ခေတ်နှင့်တစ်ခေတ် အဖြစ်သနစ် အခြေမှန်ကို ဝေဖန်ပြီးမှ သာလျှင် ဆောင်ရွက်ရမည်ကို ကျွန်ုပ်တို့ နားလည်ကြရပေမည်။ ဤကဲ့သို့ အမြင်မှန်မှသာလျှင် လွတ်လပ်ရေးအောင်ပန်း ဆွတ်လှမ်းနိုင်သော အချိန်ကျ ရောက်သောအခါ ကျွန်ုပ်တို့သာ မဟုတ်၊ ကျွန်ုပ်တို့လူမျိုး တစ်မျိုးလုံး အစဉ်အဆက် သက်စွန့်ကြိုးပမ်းမှုကြောင့် ကျွန်ုပ်တို့ လူမျိုးလွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ကြပေသည်ဟူ၍ သိရှိနားလည်နိုင်ကြပေလိမ့်မည်။
သို့သော်လည်း ယခုအခါ၌ လွတ်လပ်ရေးပန်းတိုင်သို့ မရောက်သေး ချေ။ ပန်းတိုင်သို့ အရောက် ကျွန်ုပ်တို့ အားခဲ၍ သွားကြရပေလိမ့်ဦးမည်။ ရဲဘော်တို့သည် ကျွန်ုပ်အား ဤခက်ခဲသော လမ်းခရီးတွင် ရှေ့ဆောင်စေလို ကြ၏။ ကျွန်ုပ်ကို ဤကဲ့သို့ ယုံကြည်အားထားမှုကြောင့် ကျွန်ုပ် ကျေးဇူးတင် ပါ၏။ သို့သော်လည်း မကွယ်မထောက် ဖြောင့်မတ်စွာ ပြောရမည်ဆိုလျှင် ကျွန်ုပ်ရှေ့ဆောင်ပြုမှုကြောင့် မြန်မြန်ထက်ထက် လွတ်လပ်ရေးပန်းတိုင် ဘက်သို့ နီးကပ်လိမ့်မည်ဟူ၍ ကတိပေးခြင်းကို မပြုလိုပေ။ အဘယ်ကြောင့် ဆိုသော် လူတစ်ဦးတစ်ယောက်သည် မည်မျှလောက်စွမ်းပကားရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှုမရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ပေ၏။
ကမ္ဘာ့ရာဇဝင်တွင် အလွန်ထက်မြက်သော ပုဂ္ဂိုလ်ထူးများ ရှိခဲ့ဖူးပါ ၏။ သို့ရာတွင် အနည်းငယ်သော လူတစ်စုက ရာဇဝင်ကို မပြောင်းလဲမပြု ပြင်နိုင်ချေ။ အထက်၌ ရာဇဝင်၏ ပြောင်းလဲမှုသည် အဆင့်ဆင့် အခြေအနေ ကို ထောက်ချင့်လျက် တိုးမြှင့်ခဲ့ကြောင်း ဖော်ပြပြီးခဲ့ပေပြီ။ ရာဇဝင် တစ်လျှောက် သတ္တိဗျတ္တိရှိသူကို ကြည်ညိုလေးစား အားကိုးအားထားပြု တတ်သော လူများ၏ စိတ်စေတနာကို သိရှိနားလည်ပါ၏။ လူတစ်ဦး တစ်ယောက်သည် မိမိ၏ သတ္တိဗျတ္တိကိုလည်းကောင်း၊ သူတစ်ပါးတို့၏ သတ္တိ ဗျတ္တိကိုလည်းကောင်း ယုံကြည်အားကိုးမှသာလျှင် ကြီးကျယ်ခမ်းနား အကျိုး များအောင် ပြုလုပ်ဆောင်ရွက်နိုင်သည်ကိုလည်း သိရှိနားလည်ပါ၏။ သို့သော်လည်း သတ္တိဗျတ္တိအားကိုး အားထားပြုမှုကို ဘုရားကိုးကွယ်မှုနှင့် ရောထွေးပြီးလျှင် သတ္တိဗျတ္တိရှိသူကို အထင်မကြီးလွန်းသင့်ကြချေ။ ဒုက္ခခံရိုး တို့လူမျိုးမှာ ဤကဲ့သို့သော အထင်လွဲ အမြင်လွဲမှုကြောင့် လမ်းမှန်မလိုက်မိ၍ ခြေလှမ်း မှားခဲ့ကြသည်မှာ များခဲ့ကြပေပြီ။
သို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အားလုံးနှင့် သက်ဆိုင်သော လွတ်လပ်ရေးလုပ်ငန်းအတွက် ဒိုးတူဘောင်ဘက်လက်တွဲလျက် ဆောင်ရွက် ကြပါစို့ ။ ဤသို့ ဆောင်ရွက်မှသာလျှင် သတ္တိဗျတ္တိရှိသူများကို အားကိုး အားထားရာ ရောက်ပေမည်။ ဤကဲ့သို့ ဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့၏ လုပ်ငန်းကြီး ပြီးစီးအောင်မြင်၍ ကျွန်ုပ်တို့၏လွတ်လပ်မှုကို ရကြပေလိမ့် မည်။ သတ္တိဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်း လူတိုင်းပင် မိမိတို့ ကိုယ်တိုင် သတ္တိဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့် မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေးအစစ်ကို ခံစားခွင့်ရကြ ပေလိမ့်မည်။ ဤကဲ့သို့ လွတ်လပ်ရေးအစစ်ကို ခံစားနိုင်ရန် ကျွန်ုပ်တို့သည် လွတ်လပ်ရေးပန်းတိုင်သို့ ရှေ့ရှု၍ သွားကြပါစို့။
သို့ဖြစ်ရကား ရှေ့ဆောင်ရှေ့သွား ပုဂ္ဂိုလ်များက ကျွန်ုပ်တို့အား အလွန် ကြီးလေးသောတာဝန်ကို ဆက်လက်ဆောင်ရွက်ရန် ပေးအပ်ထားခဲ့သည် ဖြစ်ရာ ကျွန်ုပ်တို့ကလည်း ဤတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရပေလိမ့်မည်။ အဘယ်ကဲ့သို့ ထမ်းရွက်ကြမည်နည်းဟူ၍ ပြဿနာပေါ်လာပေ၏။ ဤ ပြဿနာကို မဖြေရှင်းမီ ပြဿနာကို ဖြေရှင်းရာ ဖြေရှင်းကြောင်း သဲလွန်စအပေါင်းတို့ကို ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ ရှာဖွေသင့်သည်ဟူ၍ ယူဆရပေ မည်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ် ယခုအခါ၌ ကမ္ဘာသူ ကမ္ဘာသားတို့ ရင်ဆိုင်ကြုံတွေ့ နေရသော ပြဿနာအပေါင်းတို့သည် တစ်ခုနှင့်တစ်ခု ရောထွေးယှက်စပ် ခွဲခြားခြင်းငှာ မတတ်စွမ်းနိုင်သော အခြေအနေသို့ရောက် လျက် ရှိနေပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာကြီးတစ်ခုလုံးသည် ရုန်းရင်းဆန်ခတ် နေရာမလပ်အောင် လှုပ်ရှားပြောင်းလဲလျက် ရှိနေပေ၏။ အမျိုးသားရေး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဆက်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကြီးပွားရေး၊ ယဉ်ကျေးရေး၊ ဘာသာရေး၊ အကျင့်ကောင်းရေး စသော ထိုထိုသော အရေးတို့သည် စင်စစ်မှာ ဤရောထွေးယှက်သန်းလျက် ရှိသော ကမ္ဘာ့ပြဿနာကြီး၏ အစိတ်အပိုင်းများသာ ဖြစ်သည့်အားလျော်စွာခေတ်ကာလနှင့်လိုက်၍ အစဉ်တစိုက် သဘောသဏ္ဌာန် ပြောင်းလဲလျက် ရှိကြပေသည်။ သို့ပြောင်းလဲလျက် ရှိသောကြောင့် ကျွန်ုပ်တို့သည် ဤအရေး ဤကိစ္စများကို အသီးသီး အသက အသက တစ်ခုနှင့်တစ်ခု မဆိုင်ဘိ သကဲ့သို့ စဉ်းစားခြင်းငှာ မဖြစ်နိုင်တော့ချေ။ ဤအရေး ဤကိစ္စ ဥဿုံ အလုံးစုံကို ဆင်ခြင်စဉ်းစားသောအခါ၌လည်း ကျွန်ုပ်တို့သည် ခေတ်မမီ
သော အတွေးအဆ၊ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သော ဥပဒေသတို့ကို လှေနံ ဓားထစ်လိုက်နာခြင်းငှာ မဖြစ်နိုင်တော့ချေ။ ကျွန်ုပ်တို့ နိုင်ငံတွင် ယခု အချိန်အခါ၌ ခေတ်ပြောင်း ခေတ်လွဲ အငြင်းမရှိဘဲလျက် သဲသဲမဲမဲ ရှေးက အတွေးအဆ ရှိသသူများ ရှိကြပေသေး၏။ အချို့သောသူများသည် ယခု ထက်ထိပင် ယုတ်မာညစ်ထေး ရှေးက နိုင်ငံရေးမျိုးကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲလျက်နှင့်ဖြစ်စေ လိုက်စားလျက် ရှိကြသေး၏။ နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည် မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့ သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏။ နိုင်ငံရေးဆိုတာ ဘာလဲဟု မေးဖွယ် ရာ ရှိပြန်၏။ ကျွန်ုပ်တို့သည် သာမန် ပုထုဇဉ်များဖြစ်သောကြောင့် နိုင်ငံရေး ကို မလုပ်သင့်၊ နိုင်ငံရေးသည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ် တို့နှင့် မတန်မရာ၊ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟူ၍ ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် အချို့သော လူညာ လူလိမ်တို့သည် တောအုံကနား ကျေးတောသား လူရိုးလူအတို့ကို အတိတ်၊ တဘောင်၊စနည်း၊ ဘဝေါတို့ကို တွင်တွင်ကြီး ဟောပြော၍ ထိုသူတို့၏ မနော အကြိုက်ကိုလိုက်၍ အငိုက်ကို ဖမ်းပြီးနောက် စားပေါက်ထွင်ကြသည့်ကိစ္စဟု ဆို ရမည်လော။ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကန္တာရခရီးပမာကြောက်မက်ဖွယ်သော၊ အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့ သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း အမျိုးဘာသာ သာသနာရေးဟူ၍ပင် ဆိုရဦးမည်လော။ နိုင်ငံရေးသဘော အမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊ နိမ့်ကျလွန်း သည်လည်းမဟုတ်၊ မျက်လှည့် ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရခရီးလည်း မဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့်လုပ်သော အရေးကိစ္စ လည်းမဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။ အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တစ်နည်း အားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှုသောက်မှု နေမှုထိုင်မှု သွားမှုလာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည် တို့၌ ပေါ်ပေါက်လျက် ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေ အတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ဝမ်းစာအတွက် လယ်ယာလုပ်ရ၏။ စာရေး စာချီ အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည် ပွဲစား စသည်တို့သည် အသီးသီး ဝင်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင် ဖြစ်၏။ အလုပ် သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာသောက် သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာ ချောင်ချိလို၏။ စာရေးစာချီအမှုထမ်းတို့သည်လည်း ရုံး၌ တကုပ်ကုပ်လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည် လည်ရှိသော အခြေအနေသို့ ရောက် လိုကြ၏။ ကုန်သည် ပွဲစားတို့လည်း လွယ်လွယ်ကူကူ တိုးချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်း လူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက်ရှိသည့် အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေး ထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦးတစ်ယောက်အနေနှင့် လည်းကောင်း၊ တစ်မျိုးလုံးအနေနှင့်လည်းကောင်း၊ တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက် နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စိတ္တ အဆင့်အတန်း တိုးမြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေ သည်။ ဤလွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေး ဖြစ်၏။ သို့ဖြစ် ရကား နိုင်ငံရေးသည် လူမှုလူရေးမျှသာ ဖြစ်၏။ နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာအကြောင်း မရှိချေ။ သို့ပါလျက်ကယ်နှင့် အချို့သောသူများ သည် နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟု ဆိုကြ၏။ အချို့ကလည်း နိုင်ငံရေးသည် ကိုးကွယ်ရာ ဘာသာတရားတမျှ မြင့်မြတ်လှ၏ဟူ၍ ဆိုကြ ပြန်၏။ ထိုသူတို့၏ အယူအဆတို့မှာ အလွဲလွဲ အမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏။ နိုင်ငံရေးကို ဘာသာတရားတမျှ ပြောဆိုကြသော သူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင်လုပ်ခြင်းမျှသာ ဖြစ်ပေ၏။ အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်။ မိမိတို့ အကောက်ဉာဏ်ကိုသုံး၍ မိမိတို့ ကြီးပွားရေးပင် ဖြစ်ပေ၏။ ကိုးကွယ်သည့် ဘာသာရေးမှာ လူအသီးသီးတို့၏ သက်ဝင် ယုံကြည်မှု ဖြစ်၏။ နိုင်ငံရေးမှာကား လူအသီးသီးတို့၏ ပေါင်း သင်းဆက်ဆံမှု သိပ္ပံအတတ်သာလျှင် ဖြစ်၏။ သိပ္ပံအတတ်အနေထားဖြင့်