Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

နုယဥ် - အလှပန်းတစ်ပွင့်နှင့်အခြားပုံပြင်၀ထ္ထုတိုများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
အလှပန်းတစ်ပွင့်
          

          “ဘွားဘွား အလှ ကျောင်းသွားတော့မယ်၊ ဘွားဘွားနဲ့ အဖေ့ဖို့ ဟင်းပန်းကန် ကြောင်အိမ်ထဲမှာ ခပ်ထည့်ထားခဲ့တယ်။ ထမင်းပွဲလည်း ပြင်ထားခဲ့ပြီ”

          အေးလှသည် ကျောင်းလွယ်အိတ်ကို ထရံမှဖြုတ်ရင်း အိပ်ခန်း ထဲက အဘွားရှိရာသို့ လှမ်းပြောလိုက်လေ၏။

          “အမြနဲ့အတူးတို့ကိုကော ထမင်းကျွေးပြီးသွားပလား၊ တစ်ခါ တည်း လိုက်သွားကြတော့လေ”

          အဘွားကပြောရင်း အိပ်ခန်းထဲမှ ထွက်လာလေ၏။

          “အမြနဲ့ အတူးတို့ စားပြီးလို့ သွားနှင့်ကြပြီ၊ ကျောင်းနောက်ကျ မယ်ဆိုပြီး အလှကိုတောင် ဝိုင်းလုပ်မပေးကြတော့ဘူး၊ အလှလည်း သွားတော့မယ်၊ မြခင်ကို ဝင်ခေါ်ရဦးမှာ”

          ကဗျာကယာ အိမ်ပေါ်မှ ဆင်းထွက်သွားသော အေးလှကို အဘွား က ငေးကြည့်နေခဲ့လေ၏။

         “တစ်အိမ်လုံးမှာ သင်းကလေး အပင်ပန်းဆုံး ဖြစ်နေတော့တာပဲ။

သူတို့မအေ သေပြီးကတည်းက ကလေးလို မနေခဲ့ရရှာဘူး၊ အငယ် နှစ်ယောက်တာဝန်ရော၊ ဖအေ့တာဝန်ရော နည်းတာမှမဟုတ်ဘဲ၊ ဒီအထဲ စာလည်း ကျက်ဖြစ်အောင် ကျက်လိုက်ရသေးတယ်၊ ဒီလိုနဲ့ပဲ အခု ခုနစ်တန်းသာ တက်ရရော”

          အဘွားသည် ကြည့်နေရင်း အေးလှအကြောင်းကို တွေးနေမိ လေ၏။

          အေးလှ၊ အေးမြနှင့် အတူးတို့ မောင်နှမသုံးယောက်မှာ မိတဆိုး ကလေးတွေ ဖြစ်ကြလေသည်။ အေးလှ ခုနစ်နှစ်သမီး၊ အေးမြ ငါးနှစ် သမီး၊ အတူး သုံးနှစ်သားအရွယ်တွင် မိခင် သေဆုံးသွားသဖြင့် အဘွားနှင့် ကြီးပြင်းလာကြရသည်။

          အေးလှသည် သူနှင့် တစ်တန်းတည်းတက်ရသူ တစ်ပိုင်းတည်းနေ မြခင်ကို သူငယ်ချင်းထဲတွင် အချစ်ဆုံးဖြစ်လေ၏။ မြခင်မှာ မိစုံဖစုံ ရှိ၍ အစ်ကိုအစ်မ၊ မောင်ညီမများနှင့်အတူ ဒေါ်လေးဆိုသူပါ အိမ်တွင် ရှိသေးသည်။

          “မြခင်ရေ လာဟေ့”

          အေးလှက အိမ်ရှေ့မှရပ်ကာ ခေါ်နေသည့်တိုင်အောင် မြခင် ရုတ် တရက် ထွက်မလာသေးချေ။ ခဏကြာမှ မြခင်က ကပျာကယာ ပြေး ထွက်လာသဖြင့် နှစ်ယောက်သား ကျောင်းသို့ ခပ်သုတ်သုတ် ထွက် လာခဲ့ကြရလေတော့သည်။

           နေ့လယ် မုန့်စားလွှတ်ချိန်၌ အေးလှနှင့် မြခင် မုန့်ဆိုင်တန်းတွင် အတူ ရောက်သွားကြလေ၏။

           “မနက်က ကျောင်းမှ မီပါ့မလားလို့ တထိတ်ထိတ် ဖြစ်လိုက်ရ တာများဟယ်၊ နင်ကလည်း ဒီနေ့မှ ဘာလို့ နောက်ကျရတာလဲ”

          အေးလှက မြခင်ကို ပြောနေလေ၏။

          မြခင်သည် မျက်နှာမရွှင်ပျပေ။

          “ငါ တမင်နောက်ကျတာ မဟုတ်ပါဘူးကွာ၊ အမေ နေမကောင်း ဖြစ်နေလို့ပါဟ၊ ဗိုက်နာနေလို့ တစ်အိမ်လုံး အလုပ်ရှုပ်နေကြတယ်”

          “နင်တို့အမေ မျက်နှာမြင်မလို့ ဗိုက်နာနေတယ်ပေါ့... ဟုတ်လား၊ အခု မွေးပြီးပလားဟင်” ' အေးလှက စိတ်အားထက်သန်စွာ မေးလေ၏။

           “ဘယ်မွေးရဦးမှာလဲဟ၊ ညကတည်းက ထပြီး ဗိုက်နာနေတာ မနက်က ငါ ကျောင်းလာတဲ့အထိ ဘာမှ မထူးခြားသေးဘူး။ အဲဒါ ဒေါ်လေးနဲ့ အဖေတို့က စိတ်ပူနေကြတယ်။ အမေလည်း သိပ်ညည်းနေ တော့တာပဲ၊ ငါ အိမ်ပြန်ချင်လိုက်တာ အေးလှရယ်”

            အေးလှသည် မြခင်အမေ မျက်နှာမြင်ခါနီး ဗိုက်နာနေကြောင်း ကြားသိရသောအခါ “မြခင်တို့အမေ မြန်မြန် မျက်နှာမြင်ပါစေ”ဟု စိတ် ထဲမှာ ဆုတောင်းရင်း ကွယ်လွန်သွားသော သူ့အမေကို ပြန်၍ တွေး တောနေမိလေသည်။

           သူ့အမေ ဆုံးစဉ်အခါက အေးလှသည် ခုနစ်နှစ်အရွယ်မျှသာ ရှိသေးသည်။ အိမ်အတွင်းခန်းတွင် ကိုယ်ပြည့်လက်ပြည့် မိခင်က ဗိုက်နာ သဖြင့် ညည်းညူနေပုံ၊ အိမ်နီးချင်းများ ဝင်ထွက်ကာ လှုပ်ရှားနေကြပုံ၊ ဘွားဘွား မျက်နှာမကောင်း ဖြစ်နေပုံတို့ကို ခပ်ရေးရေးပြန်၍ အမှတ်ရနေ လေတော့သည်။ နောက်ဆုံးအချိန် အမေ့ကို စောင်ပုခက်ကြီးဖြင့် ထမ်းကာ မြို့ဆေးရုံကို ခေါ်သွားရပုံမှာ အေးလှ အမှတ်မိဆုံး ဖြစ်နေရလေ၏။

           “ဘွားဘွား၊ အမေ့ကို ဘာဖြစ်လို့ မြို့ဆေးရုံကို ခေါ်သွားရတာ လဲဟင်” ဟု သူက ဘွားဘွားကို မေးလိုက်တိုင်း ဘွားဘွားက “ကလေး မမွေးနိုင်လို့ ခေါ်သွားရတာ၊ ဒီက လက်သည်က ဘာမှ နားမလည်လို့” ဟုသာ ပြန်ပြောလေသည်။ ရက်အတန်ကြာ အမေပြန်မလာဘဲနေသောအခါ၌ အေးလှက အဘွားကို တတွတ်တွတ် မေးပြန်တော့သည်။ ဘွား ဘွားက မျက်ရည်စက်စက်ဖြင့် “ခဏခဏ မမေးပါနဲ့ဟယ်၊နင့်အမေမီးမဖွားနိုင်လို့ဆုံးပြီတဲ့”ဟုသာတစ်ခါတည်းပြန်ပြောထားလိုက်လေတော့သည်။

          အေးလှသည် ဝမ်းဆွဲလက်သည် အရောက်နောက်ကျသဖြင့် အချိန်လွန်ကာ မီးမဖွားနိုင်ဖြစ်ပြီး သေဆုံးရသော သူ့အမေအကြောင်း ကို တစ်ခါတည်းသာ မေးရတော့သည်။ အေးလှသည် ရင်ထဲတွင် ဝမ်း နည်းလာသည့်အခါတိုင်း ဘွားဘွားကို မမေးဝံ့တော့ဘဲ သူ့ဘာသာသူ အမေ့အကြောင်းကို တစိမ့်စိမ့် တွေးနေမိတတ်လေသည်။ “ဝမ်းဆွဲအလာ နောက်ကျလို့ နင့်အမေ မီးမဖွားနိုင်ဖြစ်ပြီး ဆုံးပြီတဲ့” ဟု ဘွားဘွားက ပြောသည်ကိုသာ နားထဲတွင် မမေ့နိုင်အောင် ကြားယောင်နေမိလေသည်။

          အေးလှသည် အတန်းထဲတွင် စာသင်နေရင်း အမေ့ကို ပြန်သတိ ရလျက် မြခင်၏ အမေအတွက်လည်း စိတ်ပူလာမိလေသည်။ ညနေကျောင်းဆင်းခေါင်းလောင်း တီးလိုက်သောအခါ အတန်းထဲမှ ကဗျာ ကယာ ထွက်သွားသော မြခင်နောက်သို့ အေးလှ မီအောင် လိုက်သွား လေ၏။

          အေးလှက “နေပါဦးဟ... နင်တို့အိမ်ကို ငါပါလိုက်ချင်လို့” ဟု ပြောလေ၏။ မြခင်က ခပ်သုတ်သုတ် လျှောက်နေရာမှ “နင်တို့ဘွားဘွား စိတ်ပူနေပါ့မယ်ဟယ်၊ အိမ်ပြန်ပြောပြီးမှ လာခဲ့ပေါ့” ဟု ပြောသဖြင့် အေးလှက အိမ်ဆီသို့ တန်းပြန်လာခဲ့လေသည်။

          မီးဖိုဆောင်ထဲ၌ အဘွားကို တွေ့ရလေ၏။

          “ဘွားဘွား... အေးလှ ဘာမှ ဝိုင်းမလုပ်နိုင်တော့ဘူး၊ မြခင်အမေ ဗိုက်နာတဲ့ဆီကို သွားလိုက်ဦးမယ်”

အဘွားက ဟင်းအိုးတည်နေရာမှ “မြခင်အမေ ဗိုက်နာတာညည်းတို့အလုပ်လား၊ ဘာလုပ်ဖို့ သွားမှာလဲအဲ့” ဟု ပြန်မေးလေ၏။

          “မြခင် စိတ်မကောင်းဖြစ်နေတာ မြင်ရလို့ သွားမှာပါအဘွားရယ်၊ သူ့အမေ ခုထက်ထိ မမွေးသေးဘူးလို့ ပြောတာပဲ၊ အဲဒါ သွားကြည့်မလို့ပါ”

          “အို.. ကလေးမျက်နှာမြင်တဲ့ဟာ ညည်းတို့အရွယ်လေးတွေ ဝင် မကြည့်ကောင်းဘူး။ အိမ်ခန်းထဲတွေ၊ ဘာတွေ ဝင်မရှုပ်ကြနဲ့နော်၊ ဒါ ထက် တို့အိမ်က “ဇီးမ” လည်း မနက်က အိမ်ပြန်မလာဘူး၊ ဘယ် လျှောက်လည်နေတယ်မသိဘူး၊ ထမင်းလည်း လာမစားဘူး”

          “အော်.. ဟုတ်သားပဲ ဘွားဘွားရယ်၊ အေးလှ မေ့နေလိုက်တာ၊ “ဇီးမ’ခုလိုသာ လျှောက်လည်နေရင်တော့ တစ်အိမ်အိမ်မှာ သားကျနေ တော့မှာပဲ။ ကြောင်သားကလေးတွေ အေးလှတို့ ရမှာ မဟုတ်တော့ပါဘူး”

          အေးလှသည် ကြောင်မကြီး “ဇီးမ”ကို သတိရပြီး “အတူးရေ... မနက်က ဇီမလည်း ပြန်မလာဘူးတဲ့၊ အဲဒါ နင်တို့ လိုက်ရှာကြပါဦးတဲ့၊ သားကျခါနီးမှာ ဒီလိုလျှောက်သွားနေတာတော့ မကောင်းပါဘူးဟယ်။ ကဲ.. ငါသွားမယ်နော်” ဟု အတူးကို မှာခဲ့ပြီး မြခင်တို့အိမ်ဘက်သို့ ထွက်သွားလေ၏။

          မြခင်တို့ အိမ်၌ မြခင်နှင့် မောင်ညီမလေးတို့ ကလေးတစ်စုအိမ်ခန်းပြင်ဘက်တွင်ထွက်ထိုင်နေကြလေ၏။

          “အေးလှ လာဟေ့ ဒီကို”

          မြခင်က ဆီးခေါ်သဖြင့် အေးလှဝင်သွားသောအခါ အိမ်ခန်းထဲမှမြခင်အမေညည်းညူနေသံကြားရလေ၏။

          “ဝမ်းဆွဲဆရာမ ရောက်ပလားဟင် မြခင်”

           အေးလှက စိတ်အားထက်သန်စွာ မေးရာ မြခင်က ခေါင်းညိတ် ပြလေ၏။

           “ဟာ... ဒါဖြင့် ဘာကြောက်စရာ ရှိသလဲဟ၊ ခုပဲ မွေးတော့မှာပေါ့”