Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

နုနုရည်အင်းဝ - ချစ်တဲ့သူသခင်မြင်လာအုန်း

Regular price 10,000 MMK
Regular price Sale price 10,000 MMK
Sale Sold out

ရောင်စုံကာလာအမြန်

          ဓာတ်ပုံရိုက်မလား အစ်မရေ၊ မိတ်ကပ်လည်း အလကား လိမ်းပေး တယ်၊ အဝတ်အစားမျိုးစုံလည်းရှိတယ်။ ရှမ်းမလေးလို ရိုက်မလား၊ မင်းသမီး လေးလို ရိုက်မလား၊ ဂျပန်မလေးလို ရိုက်မလား၊ ဟောဒီမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေ ကြည့်လိုက်လေ။ ဘယ်လောက်လှလဲ။ ဟောဒါက နောက်ဆုံး ပေါ် လင်္ကာဒီပဝတ်စုံနဲ့ ရိုက်ထားတာ။ သော် အစ်ကိုတို့ရော ဘုရားပွဲတော် ရောက်တုန်း ဓာတ်ပုံလေး တစ်ပုံလောက်တော့ ရိုက်သွားမှပေါ့။ အစ်ကိုတို့ အတွက် ဟိုဘက်မှာ အမျိုးသားတွေကိုယ်တိုင် ပြင်ပေးနေတယ်လေ အစ်ကို ရဲ့ ။ ဆိုင်ကယ်စီးပြီး ရိုက်မလား၊ ကားရှေ့မှာရပ်ပြီး ရိုက်မလား၊ ဒရမ်တီး နေတဲ့ပုံ ရိုက်မလား။ ပစ္စည်းတွေက အစစ်တွေနော်အစ်ကို၊ ဂျပ်စက္ကူနဲ့ လုပ်ထားတာတွေမဟုတ်ဘူး”

          တော်တော်အသံစူးတဲ့ ရွှေကြိုမ အေးခိုင်။ သူမို့ မမောမပန်း ပြော လည်းပြောနိုင်ပါ။ အသက်မှ ရှူရဲ့ လားတောင် မသိဘူး။ သူ့အသံစာစာက သင်းမာတို့အတွင်းဘက် မိတ်ကပ်လိမ်းတဲ့နေရာထိကို စူးစူးလာတာ။ နေ့ တိုင်း ကြားနေကျအသံ၊ နားယဉ်နေတဲ့အသံ။ အင်း ကိုယ်လည်း ဟိုတစ် ချိန်တုန်းကဆီက ဒီလိုပဲ တစာစာ အော်ခဲ့ရတဲ့အသံပေမဲ့ နေကပူ၊ အလုပ်က ပင်ပန်းတော့ ဒီအသံကို နားငြီးလာရော။ ဒီကြားထဲ သူက ခန်းဆီးကြားထဲ ခေါင်းထိုးပြီး “လင်္ကာဒီပနဲ့ ရိုက်မယ် အစ်မရေ၊ မင်းသမီးရိုက်မယ် အစ်မရေ” နဲ့ အားရပါးရ အော်ပေးတတ်သေးတယ်။ အဲလိုအခါမျိုး သင်းမာလက်ထဲက မျက်ခုံးမွေးဆွဲတံဖြစ်ဖြစ်၊ တို့ဖတ်ပဝါ ဖြစ်ဖြစ် တုံ့ခနဲ တန့်ခနဲ ဖြစ်သွားတတ် တယ်။  မျက်ခုံးမွေးက နားထင်ပေါ် ထောင်တက်လိုတက်၊ မှဲ့တုဝိုင်းဝိုင်း လေးက အရှည်ဖြစ်လိုဖြစ်။ ဒီလောက်ဆူညံနေတဲ့ အသံတွေကို ဖောက်သွား အောင် သူမို့ အော်နိုင်ပါပေ့။

           ဒီရွှေကြိုအလုပ်နဲ့ သူနဲ့ လိုက်ပါတယ်။ သင်းကလေးက ဒီလိုအော် နေရတာကိုပဲ ကျေနပ်နေတဲ့ဟာမလေး။ သူ့တစ်သက် ရွှေကြိုဘဝမှာ နေရချင် နေရ ကိစ္စမရှိဘူးလို့တောင် ဆိုထင်သေးတာပဲ။ ဘယ်လိုဟာမလေးလည်း မသိ၊ သင်းမာတို့တုန်းကတော့   ဒီရွှေကြိုဘဝကတစ်ဆင့် တက်ဖို့အရေး ကြိုး စားလိုက်ရတာ။ ရွှေကြိုဘဝကို စိတ်ကုန်လွန်းလို့။ ဒီလိုလေ။ ဒီနယ်လှည့် ဓာတ်ပုံဆိုင်တွေမှာ သင်းမာတို့လို မိန်းကလေး အလုပ်သမားတွေအတွက် အလုပ်ကို အဆင့်တွေ ခွဲထားတယ်။

          ပထမဆုံးအဆင့်၊ အလုပ်ဝင်ဝင်ချင်း စလုပ်ရတဲ့အလုပ်က ခု အေး ခိုင်တို့လို ရွှေကြိုပေါ့။ ဓာတ်ပုံဆိုင်ရဲ့ မိန်းကလေးအလုပ်တွေထဲမှာ အနိမ့် ဆုံးနဲ့ အပင်ပန်းဆုံးအလုပ်ပေါ့။ ဓာတ်ပုံဆိုင်ရဲ့ အပြင်ဘက်မှာ တစ်ချိန်လုံး ရပ်ပြီး ဘုရားပွဲတော်လာ ပရိသတ်ကို ပီယဝါစာစကားတွေနဲ့ ဓာတ်ပုံရိုက်ဖို့ ခေါ်ရတယ်။ ကြိုရတယ်။

          ဒီအလုပ်က ကြည့်တော့သာ သက်သာသယောင်နဲ့ အင်မတန် ပင်ပန်း တဲ့အလုပ်။ မျက်နှာငယ်တဲ့အလုပ်။ ဓာတ်ပုံဆိုင်ရဲ့ အပြင်ဘက်ခန်းမှာ မနက် လင်းပါပြီဆိုကတည်းက ခေါ်လိုက်ရ၊ ကြိုလိုက်ရတာ ထိုင်ရတော့တယ်မှ မရှိတာ။ ခေါ်ရတဲ့အလုပ်ကလည်း တယ်မလွယ်ဘူး။ ကိုယ်နဲ့ ဘယ်တုန်းက မှ မသိဖူးမမြင်ဖူးတဲ့ သူစိမ်းတစ်ရံဆံ ယောက်ျား၊ မိန်းမတွေကို အစ်ကိုရဲ့၊ အစ်မရဲ့၊ ညီမရဲ့ နဲ့ တရင်းတနှီးခေါ်ပြီး ဓာတ်ပုံရိုက်ဖြစ်အောင် ပြောရတာ။ ဆိုင်ရှင်က ဘယ်လောက်သင်သင်၊ တကယ်လည်း အလုပ်စရော ပါးစပ်က ဘယ်လိုမှ ထွက်မလာလို့ သင်းမာ အလုပ်စဝင်စက ဆိုင်ရှင်အောက် ခံခဲ့ရ သေးတယ်။ အဲ ဓာတ်ပုံရိုက်မလားအစ်ကိုရေ၊ အစ်မရေ” လောက်သာ လုပ်

တတ်ရုံနဲ့ ပြီးပလားဆိုတော့ မပြီးသေးဘူး။ ဒီနယ်လှည့် ဓာတ်ပုံဆိုင်တွေရဲ့ အပြင်အဆင်အတိုင်း ဆိုင်ရှေ့မျက်နှာစာမှာ ခင်းကျင်းပြသထားတဲ့ ဆိုင်ရှင့် သမီးတွေကို အမျိုးမျိုး အဝတ်အစား အဆန်းအပြားတွေနဲ့ရိုက်ပြီး အကောင်း ဆုံး ဆေးသားတွေနဲ့ ကူးထားတဲ့ ဓာတ်ပုံတွေကိုပြပြီး “ဟောလိုပုံလေး ရိုက် လိုက်ပါလား အစ်မရယ်၊ အစ်မနဲ့ဆို သိပ်လှမှာ”

          “ဟောဒီလို ဆွမ်းအုပ်လေးပိုက်ပြီးတော့ကော” ဘာညာပေါ့လေ။ မရိုက်ချင် ရိုက်ချင်အောင် ဟောတတ်ပြောတတ်ဦးမှ။ တစ်ယောက်တည်းကို အကြာကြီး ပြောနေလို့လည်း မဖြစ်သေးဘူး။ ဟိုဘက်ကလူရော၊ ဒီဘက်က လူရော လှည့်ပတ်ပြော၊ လက်ကလည်း ဟိုဓာတ်ပုံထိုးပြ၊ ဒီဓာတ်ပုံထိုးပြ၊ ပါးစပ်ကလည်း စီစီလှုပ်နေမှ၊ တတ်နိုင်ရင် လူတစ်ယောက်ရိုက်ဖြစ်ဖို့တင် မက ကိုယ့်ဘေးနားက လူတစ်အုပ်လုံး ရိုက်ဖြစ်အောင်ပြော၊ ခါးပေါ်က ကလေး၊ လက်ဆွဲထားတဲ့ ကလေးတွေလည်း မလွတ်စေရအောင် ဆိုင်ရှင့် မြေးတွေရဲ့ ကလေးဓာတ်ပုံ အလှလေးတွေနဲ့ မြူဆွယ်ပြီး ဟောရပြောရတယ်။

          နယ်လှည့် ဓာတ်ပုံဆိုင်ရဲ့ အပြင်အဆင်ဆိုတဲ့ဟာတွေကလည်း ကြောက်ဖို့တောင် ကောင်းတယ်။ ဒီနယ်လှည့် ဓာတ်ပုံဆိုင်တွေ တစ်ပြည်လုံး မှာရှိတဲ့ ဂေဇက်ဝင်ဘုရားပွဲတော်တိုင်းမှာ ခေတ်စားလာတာနဲ့အမျှ သူတို့ရဲ့ အပြင်အဆင်တွေကလည်း တကယ့်ကို ကြောက်ခမန်းလိလိပဲ။ အရင်းကိုက သိန်းနီးပါးရှိတယ်။ ဓာတ်ပုံဆိုင်ကို တိုက်ကြီးတစ်တိုက်လို ခမ်းနားထည်ဝါ နေအောင် ပြင်ဆင်ဖို့ သယ်ရတဲ့ ဆက်တင်တွေကကို မနည်းဘူး။ ဓာတ်ပုံ ဆိုင်ကို ဓာတ်ပုံတိုက်ကြီးတစ်တိုက်လို သံပန်း ဝရန်တာနဲ့၊ မှန်တံခါးနဲ့၊ ဇာခန်းဆီး တလွင့်လွင့်နဲ့ ဟည်းနေအောင် ဆက်တင်တွေနဲ့ ဆောက်ရတယ်။

          အတွင်းခန်းမှာလည်း အမျိုးသား မိတ်ကပ်လိမ်းခန်း၊ အမျိုးသမီး မိတ်ကပ်လိမ်းခန်း ဆိုပြီး အခန်းနှစ်ခန်းကို ဆိုင်ရဲ့ ဘယ်ဘက်ထောင့်နဲ့ ညာဘက်ထောင့်မှာ ဖွဲ့ ရတယ်။ အလယ်ကောင်က ကျန်နေတဲ့နေရာတွေမှာ တော့ မဟာဝိုင်းတို့၊ သလွန်တို့၊ ရုပ်မြင်သံကြားတို့၊ မော်တော်ဆိုင်ကယ်တို့၊ ကားတို့ကို သူ့နေရာနဲ့သူ ချထားရတယ်။ အဲ ပန်းဥယျာဉ်အတု ခပ်သေးသေး လည်း ပြင်ဆင်ထားသေးတယ်။ မီးတွေကလည်း လင်းထိန်နေအောင် အများ ကြီး ပေးထားရတယ်။ ဒီမီးတွေအတွက် ကိုယ်ပိုင်မီးစက်က အမြဲတမ်းကား

တစ်စီး သတ်သတ်ပါရတယ်။ အားလုံးဟာ တခမ်းတနားကြီးပါပဲ။ ဒီပစ္စည်း

တွေနဲ့ လူတွေအတွက်ကို အနည်းဆုံး သုံးတန်ကားကြီး နှစ်စီး ကျပ်နေသေး တယ်။ ဒါတောင် ပိုင်ရှင်မိသားစုက ဒတ်ဆန်းကားလေးနဲ့ သွားလို့။

          အဲ.. ဓာတ်ပုံတိုက်ကြီးရဲ့ ဆင်ဝင်မျက်နှာစာပေါ့လေ။ အဲဒီမှာတော့ ဓာတ်ပုံတွေအပြည့်ပေါ့။ အဲဒီနေရာဟာ ရွှေကြိုမတွေအတွက် နေရာပေါ့ ။

          ရွှေကြိုပြီးတော့မှ နောက်တစ်ဆင့်က အဝတ်လဲတဲ့နေရာတွေ ရောက် တယ်။ အဝတ်လဲတဲ့နေရာက ဓာတ်ပုံရိုက်မယ့်သူတွေ ဝတ်ချင်တဲ့ အဝတ် အစား အမျိုးမျိုးကို ဝတ်ပေးရတယ်။ ဝတ်ကြမယ့် ခန္ဓာကိုယ် အမျိုးမျိုး အတွက် အင်္ကျီနဲ့ အံဝင်ခွင်ကျအောင် ပြုပြင်ပေးရတယ်။ ဓာတ်ပုံရိုက်ပြီးရင် ပြန်ချွတ်ယူရတယ်။ အဲ ပါးစပ်ကလည်း ဒီဝတ်စုံကလေးနဲ့ရော ထပ်ရိုက် လိုက်ပါဦးလား။ ဓာတ်ပုံထဲမှာ ဒီဝတ်စုံက သိပ်လှတာတို့ ဘာတို့လေးတွေ လည်း ပြောရသေးတာပေါ့လေ။

          အဲ နောက်တစ်ဆင့်ကတော့ မိတ်ကပ်လိမ်းတဲ့ အဆင့်ပေါ့။ အေးခိုင် ပြောတတ်တဲ့ မိတ်ကပ်လိမ်းဆရာမတွေနဲ့ လိမ်းပေးနေတာပါဆိုတဲ့ အဆို အတိုင်းသာဆိုရင် သင်းမာတို့က မိတ်ကပ်လိမ်းဆရာမတွေပေါ့လေ။ ပြောရ တာကတော့ ကောင်းသား။ လေးငါးခြောက်တန်း ပညာလေးတွေနဲ့ သင်းမာ တို့မှာ ဆရာမဆိုတဲ့ စကားလုံးလေးကိုက ဘဝင်မြင့်ချင်စရာ၊ သူများကြားရင် လည်း အထင်ကြီးချင်စရာ။ ဒါပေမဲ့ တကယ်ကျ ဘာမှမဟုတ်ဘူး။ ဘာ ပညာမှမပါတဲ့ မိတ်ကပ်လိမ်းနည်းနဲ့ လိမ်းပေးနေကြတာ။ ဆယ်မိနစ်လောက် ထိုင်ကြည့်ရုံနဲ့ မိန်းကလေးတိုင်း တတ်သွားနိုင်တဲ့ မိတ်ကပ်လိမ်းနည်းနဲ့ လိမ်းပေးနေကြရတာ။

         မျက်နှာတစ်ခု လာပြီဆိုရင် ပထမဆုံး ပြည်တွင်းဖြစ်မိတ်ကပ် ခပ်ပေါ ပေါထဲက အဝါနုရောင် လက်ညှိုးတစ်ကော် ပါးပေါ်တင်လိုက်တယ်။ တစ်ကော်ပဲ။ နှစ်ကော် ကော်လို့မရဘူး။ ဆိုင်ရှင်အန်တီကြီးက ဘေးမှာထိုင်ရင်း သတိပေးနေတာ။ အဲဒီတစ်ကော်ကို မျက်နှာပေါ် အနှံ့လူးလိုက်။ ပြီးရင် အနီရောင်မိတ်ကပ်ကို ပါးနှစ်ဖက်ပေါ်မှာ ရဲရဲကြီး လိမ်းပေးလိုက်ရတယ်။ အဲ အနီရောင် မိတ်ကပ်ဆိုတာကတော့ တခြားဟုတ်ရိုးလား။ မျက်နှာလူးတဲ့ မိတ်ကပ်အဝါနဲ့ သင်းမာတို့သုံးတဲ့ တစ်ကျပ်ခွဲတန် နှုတ်ခမ်းဆိုးဆေးလက်ကျန် အကပ်အသပ်တွေကို ရောနှောဖျော်စပ်ထားတဲ့ မိတ်ကပ်ပေါ့။ အဲဒီ မိတ်ကပ်နှစ်မျိုး လိမ်းပြီး ပြီးရင် အစစ်မှုန့်ပါလေကာ တို့ဖတ်နဲ့ နည်းနည်း ရိုက်ပေးလိုက်။ နောက် ရဲရဲတောက်နေတဲ့ အပေါစားနှုတ်ခမ်းနီဆိုး၊ မျက်ခုံး မွေးဆွဲပေး၊ မျက်ရစ်ကို မျက်ခုံးမွေးဆွဲတံနဲ့ ဆွဲပေးလိုက်ရင် အလှပြင်တာ ပြီးပြီပေါ့ ။ အဲ ဒါပေမဲ့ မဲ့ကတော့ ပါးပေါ်မှာ မေးပေါ်မှာ မိန်းကလေးတိုင်း တပ်ပေးရတယ်။ ဒီထဲမှာ တချို့က မျက်တောင်တု တပ်ချင်ကြသေးတယ်။

         ဘယ် ဒီလောက် လူတွေအများကြီးအတွက် မျက်တောင်တုအစုံတွေ အများကြီး ဘယ်ဝယ်ထားမလဲ။ ဒီတော့ ရပါတယ်။ ဒီနေရာမှာ သင်းမာတို့ ပညာပေါ့ ။ လက်စွဲတော် မျက်ခုံးမွေးဆွဲတံနဲ့ မျက်ခွံပေါ်မှာ မျက်တောင် အချောင်းလေးတွေပုံစံ ဆွဲပေးလိုက်တယ်။ ဓာတ်ပုံထဲမှာတော့ မဆိုးလှဘူး ပေါ့။ မိတ်ကပ်လိမ်းတဲ့နေရာမှာ အရေးကြီးဆုံးက မြန်ဖို့ပဲ။ တစ်မျက်နှာပြီး တစ်မျက်နှာ မြန်မြန်ကြီး လိမ်းပေးနိုင်ရမယ်။ 

          နောက်ဆုံးအဆင့်ကတော့ ဆံပင်အလှပြင်တာပဲ။ ဓာတ်ပုံဆိုင်ရဲ့ မိန်း ကလေး အလုပ်တွေထဲမှာ အမြင့်ဆုံး    အလုပ်ဆိုပေမဲ့လည်း မည်မည်ရရတော့ မဟုတ်ပါဘူး။ အဆင်သင့် အပ်ပြီးသား ဆံထုံးပုံစံတွေနဲ့ ကြည့်ကောင်း အောင် တပ်ပေးရတာပါပဲ။ ဒါပေမဲ့ ဓာတ်ပုံရိုက်မယ့်သူရဲ့ မျက်နှာနဲ့လိုက် အောင် ရှေ့က ဆံပင်လေးတွေကို ကလစ်နဲ့ ညှပ်တန်ညှပ်၊ ရှုပ်တန်ရှုပ်တော့ လုပ်ပေးရတာပေါ့လေ။ ဒီမှာလည်း မြန်ရမယ်။ ဟောတစ်ယောက် ဟော တစ်ယောက် ပြီးရမယ်။ ဆံထုံးပုံစံတွေ မပျက်မစီးအောင်လည်း ကိုင်တွယ် ရတယ်ပေါ့လေ။ အင်း ဒီလိုသာ အလုပ်တွေကို အဆင့်တွေ ခွဲထားတာပါ။ သင်းမာတို့မှာ နည်းနည်းသက်သာလို သက်သာငြား အဆင့်တက်အောင် ကြိုးစားရတာပါ။ သင်းမာတို့ရတဲ့ လခကတော့ အတူတူပါပဲ။

           ရွှေကြိုအေးခိုင်လည်း တစ်ရာပဲ။ 

           အဝတ်လဲပေးတဲ့ မြမြဝင်းတို့တွေလည်း တစ်ရာပဲ။

           သင်းမာတို့ မိတ်ကပ်လိမ်းတွေလည်း တစ်ရာပဲ။

           ပြုံးမမတို့ ဆံပင်ပြင်တဲ့သူတွေလည်း တစ်ရာပဲ။

           ဒီတစ်ရာနဲ့ ထမင်းလေးတော့ နှစ်နပ်ကျွေးသပေါ့လေ။ ဘယ်လို ထမင်းမျိုးပဲဖြစ်ဖြစ် ထမင်းကျွေး တစ်လတစ်ရာဆိုတဲ့ အလုပ်ဟာ သင်းမာတို့လို အေးခိုင်တို့လို ပညာမတတ်တဲ့ ငွေမရှိတဲ့သူတွေအတွက် ဧရာမ အလုပ် ကြီးပေပဲ။

          “ညည်းတို့မျက်လုံးတွေက ဘယ်ရောက်နေလို့လဲ။ လူစည်မယ့်ရက် တွေမို့ မျက်စိလျင်လျင်ထားလို့ ငါပြောတာကို နှစ်ယောက်လုံး ဂရုမစိုက် ဘူး။ မူဆွေရော မြမြဝင်းရော နှစ်ယောက်စလုံး အသုံး တစ်စက်မှမကျဘူး။ ဝတ်စုံက အသစ်ကြီး၊ ဒီပွဲတော် မကူးခင်လေးကမှ ချုပ်ထားတာ။ ငါ လျော် ခိုင်းလိုက်ရ မကောင်းဘဲ ရှိပြန်ရော့မယ်”

          ဆိုင်ရှင် အန်တီမြင့်ရဲ့ ဒေါသသံစူးစူးကြောင့် ငိုက်ချင်နေတဲ့ သင်းမာ မျက်လုံးတွေတောင် ကျယ်သွားတယ်။ သွားပြန်ပြီ။ မြမြဝင်းတို့ အဝတ်လဲ တဲ့နေရာက ဝတ်စုံတစ်စုံ ပါသွားပြန်ပြီ။ အန်တီမြင့်ပြောသလို ဝတ်စုံက အသစ်ကြီးဆိုရင်တော့ မြမြဝင်း လျော်များ နေရဦးမှာလား။ သူတို့လည်း ကြည့်တော့ ကြည့်ရှာမှာပါ။ ဒါပေမဲ့ သင်းမာတို့အားလုံး ညဘက် အိပ်ရေး ပျက်တော့ ဒီလို နေ့လယ် နေပူချိန်ဆို ငိုက်ချင်တာပေါ့ ။ အဲဒီအငိုက်မှာ ဓာတ်ပုံရိုက်ပြီး မချွတ်တော့ဘဲ အသာလစ်ထွက်သွားတာနေမှာပေါ့။ လူတွေ က အများကြီးပဲမဟုတ်လား။ ဒီလို ဘုရားပွဲတော် နောက်ဆုံးရက်တွေက လူက သိပ်စည်တာ။ ဓာတ်ပုံရိုက်တဲ့သူတွေကလည်း ဒီလိုရက်တွေမှာ ပိုများ လာတတ်တာ။ ညကဆို ဆယ့်နှစ်နာရီထိ လူမစဲသေးဘူး။ တစ်နာရီလောက်မှ သင်းမာတို့ အိပ်ရတယ်။

          “ဟုတ်ပါတယ် အစ်မရဲ့ အမြန်ဓာတ်ပုံပါ။ အစ်မ ခုရိုက်သွားရင် မနက်လင်း ပွဲပြီးတဲ့အချိန်သာလာခဲ့။ အဆင်သင့်ပဲ။ မများပါဘူးအစ်မရဲ့။ ရောင်စုံပို့စကတ်တစ်ပုံမှ ဆယ့်ခြောက်ကျပ်တည်းများ၊ လာ အစ်မ၊ ဝင် လိုက် ဒီဘက်ထဲကို”

          အန်တီမြင့်ဆူသံကြောင့် အေးခိုင်အသံက ပိုပြီး စာနေတယ်။ ဒီကောင် မလေးလည်း အိပ်ရေးပျက်တာနဲ့ အသံတစာစာ လုပ်ရတာနဲ့၊ အသံက အက်တက်တက်ဖြစ်နေပြီ။ မရွှေအေးခိုင်ကတော့ မက်လုံးပေးကောင်းပါပေ့။ ခုရိုက် နောက်နေ့မနက် ပွဲကြည့်ပြီးဆိုတဲ့ မက်လုံးကြီးကြောင့်ပဲ သင်းမာတို့