Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - မုန်းဆိုး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အခန်း (၁)

         “chess….”

          ငယုက f 5 အကွက်မှ သူ့ဘစ်ရှော့အဖြူနှင့် ခင်စိုး၏ e 5 အကွက်မှ ပွန်းတစ်လုံးကို ကောက်စားပြီး chess ခေါ်လိုက်သည်။

          အုံကြည့်နေကြသည့် လူကိုးယောက်စလုံး “ဟာ... ́ခနဲ ဖြစ်သွား ကြ၏။ ငယုကတော့ အေးအေးဆေးဆေးပင် chess ခုံဘေးမှာ ချထား သည့် စာအိတ်ကို ကောက်ယူပြီး သူ့ဂျင်းဘောင်းဘီအိတ်ထဲ ထိုးထည့်ပစ် လိုက်သည်ကို ခင်စိုးက ဒေါသတကြီးနှင့် လှမ်း၍တားသည်။

          “ဘာလုပ်တာလဲ.. ဒီမှာ မပြီးသေးဘူးလေ မင်းစိတ်ဓာတ်စစ်ဆင် ရေးမလုပ်နဲ့ ငယု...”

          “အဲဒါ မင်း chess မထိုးတတ်လို့ ပြောတဲ့စကားပါကွာ၊ အခု မင်းဘုရင် ဘယ်အကွက်ရွေ့မလဲ... ကြိုက်တဲ့အကွက်ကို ရွှေ့... made နေပြီပဲ...”

           “h 8 တစ်ကွက်လွတ်နေသေးတာပဲ...”

          “ဒါဆိုရင် ကိုယ်က ဘုရင်မ h 7 ကနေ chess တာပေါ့...”

          “တောက်...”

          “တောက်မခေါက်နဲ့ ခင်စိုး... ငါ f5 ကနေ မဖမ်းဘဲ မင်းရဲ့ h7 ကို ဘစ်ရှော့နဲ့စားလည်း made တာပဲ... လေ့ကျင့်ထားဦးပေါ့ကွာ...”

          “တောက်.... နာတယ်ကွာ... မိန်းမကွက်နဲ့ ခံလိုက်ရတာ...”

ခင်စိုးစကားဆုံးသည်နှင့် တစ်ပြိုင်နက် ရှေ့မှာရှိနေသော chess ခုံက “ဝုန်း” ခနဲ လန်ထွက်သွားသည်။ ကြည့်နေသူတွေ တော်တော်များများ ထိတ်လန့်သွားကြ၏။ ငယုက ခုံကို ခြေထောက်ဖြင့် ပက်ကန်လိုက်သော ကြောင့် ဖြစ်၏။

          “ခင်စိုး... မိန်းမဉာဏ်နဲ့လို့တော့ မင်း ငါ့ကိုမပြောနဲ့၊ ကြိုက်တဲ့ နည်းနဲ့ ရှင်းလို့ရတယ်... လာ...”

           ငယုက ဇက်တစ်ချက်ချိုးရင်း လက်ဖက်ရည်ဆိုင်ရှေ့ ကွက်လပ် ကျယ်ကျယ်တွင် ခင်စိုးကိုကြည့်ပြီး ရပ်နေသည်။ ခင်စိုး ငယုကိုကြည့်ရင်း ဘာလုပ်ရမယ်မှန်း မသိ။ 

          “ဟုတ်တယ် ခင်စိုး... တရားဝင်စိန်ခေါ်ပြီး တရားနည်းလမ်း တကျ ကစားတာပဲ၊ မင်းရှုံးမှ ဟိုစကား ဒီစကားတွေ လျှောက်ပြောမနေနဲ့၊ ငယု sorry ပဲကွာ... ငါတို့တောင်းပန်တယ်” 

         “ကောင်းပြီ မြတ်ဇော်... အဲဒီခင်စိုး ဆိုတဲ့ ကောင်ကို မင့်နှမ “မေလေး”ရဲ့ ထဘီတစ်ထည်လောက် လက်ဆောင်ပေးလိုက်စမ်းပါကွာ... ပြီးတော့ နောက်ထပ်စိန်ခေါ်ချင်တဲ့ ငတိတွေရှိရင်လည်း စီစဉ်ထားလေ... ကြေးကတော့ သူတို့ထွက်သလောက် လက်ခံတယ်၊ ငယုက ကြေးမငြင်းဘူးနေရာလည်း မရွေးဘူး... ဆိုတာ မှတ်ထားလိုက်... OK ငါသွားပြီ...”

           ပြိုင်ဘီးပေါ်ကို ဖျတ်ခနဲခုန်တက်သွားသော ငယုကို အားလုံးက ဝိုင်းလိုက်ကြသည်။

          “မင်းဘာသာညံ့လို့ ရှုံးတာကို မိန်းမဉာဏ်တွေ ဘာတွေ သွား ပြောတော့ ဟိုက တင်းတာပေါ့ကွ... မင်းကလည်း အရူးပဲ...”

          “ဟ... မိန်းကလေးမို့လို့ မိန်းကလေး ပြောတာပေါ့ကွ...”

          “အဲဒါဆိုရင် သူစိန်ခေါ်တုန်းက မင်း ထွက်လိုက်ပါလားကွ...”

          “သွားစမ်းပါ နိုင်မကောင်း ရှုံးမကောင်းလေးကို ငါက ထွက်ရ မှာလား...”

          “အပြောမကြီးနဲ့ ခင်စိုး... မင်းတကယ်သတ္တိရှိရင် ပိုက်ဆံကြေး ထပ်ပြီး ငယုနဲ့ ထိုးမလား၊ ဝူရှူးက State ကျောင်းချန်ပီယံ၊ တိုက်ကွမ်ဒို က တက္ကသိုလ်လက်ရွေးစင်၊ ကွန်ဖူးက ဝါသနာပါလို့ ခေါ်သင်ထားတာ တဲ့... ကဲ...”

          “မလိုပါဘူးကွာ... ကြက်မတွန်လို့ မိုးမလင်းပါဘူး နောက်ဆုံး တော့ မိန်းမက မိန်းမပါပဲ...”

          “အေး... အဲဒီစကားလေးကို ငယုရှေ့မှာ ပြောရဲရင် သုံးသောင်း ကွာ...”

          မြတ်ဇော်စကားကြောင့် ခေါင်းတရမ်းရမ်းဖြစ်နေသော ခင်စိုးကို အားလုံးက ဝိုင်းဟားလိုက်ကြသည်။

          ယုယုထွန်းသည် အသက် ၁၉ နှစ်ထဲမှာရှိသော ကောင်မလေးတစ် ယောက်ဖြစ်သည်။ သို့သော် ယုယုထွန်းသည် သူ့ကိုယ်သူ ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်ဟု မထင်ခဲ့။ “မိန်းကလေး” ဆိုသည့် ဝေါဟာရမှာသူကြားဖူးသော်လည်း မမြင်ဖူးသည့်အရာ၊ မြင်ဖူးလျှင်လည်း သူမကြား ဖူးသောအရာသာ ဖြစ်သည်။

          ငယ်စဉ်ကတည်းက သူ့အနေအထိုင်က လုံးဝပြတ်ပြတ်သားသား ယောက်ျားလေးလို နေခဲ့သည်။ သူ့ အသုံးအဆောင်... သူ့ ကစားစရာ... သူ့အဝတ်အစား ... အားလုံးကယောက်ျားလေးပစ္စည်းတွေသာဖြစ်သည်။  မိန်းကလေးအသုံးအဆောင် ပစ္စည်းတွေကို သူက တပ်လည်း မတပ် မက်... ကိုင်တွယ်အသုံးပြုခြင်းလည်း မရှိခဲ့။ 

         ထို့ကြောင့် စိတ်သည်သာ ဦးဆောင်သော လူ့ဘဝ လူ့ခန္ဓာကိုယ် တွင် စိတ်၏စွမ်းအင်အတိုင်း ကျန်တရားများက ထိုထိုလိုက်ကြသဖြင့် ငယုသည် ယောက်ျားလေးတစ်ယောက်လို သန်စွမ်းသည်။ ယောက်ျားလေး တို့သာ တတ်ကျွမ်းသော အားကစားတော်တော်များများကို သူလုပ်နိုင် သည်။ 

         အထိုးအခုတ်၊ အပြေးအလွှား၊ ရေကူး၊ တောင်တက် အကုန်သင်တန်း တွေ တက်သည်။ ယောက်ျားလေးတို့လုပ်နေကျ အလုပ်တွေကို ယောက်ျား လေးစိတ်နှင့်လုပ်နေသော ယုယုထွန်း၏ခန္ဓာကိုယ်သည် ယောက်ျားလေးလို ဖွဲ့စည်းပုံဖြစ်နေတာ မဆန်းတော့။

          ဒီလိုဖြစ်ရသည်ကလည်း အမှတ်တမဲ့ဖြစ်ခဲ့တာမျိုးတော့ မဟုတ်ခဲ့။ အခြေအနေပေါင်းများစွာ... အကြောင်းအရာပေါင်းများစွာ တိတိကျကျ ပေါင်းစပ်ထားသည့် ဖြစ်သင့်သောရလာဒ်သာ ဖြစ်ပါသည်။

          ယုယုထွန်း၏ဖခင်သည် စစ်သားတစ်ယောက်ဖြစ်ခဲ့သည်။

          စစ်သားမှ တပ်ထဲမှာနေစဉ်က ရဲဆု အကြိမ်ကြိမ်ရခဲ့သော စစ်သား ပီပီ စစ်သားကြီးဖြစ်သည်။ ဗိုလ်မှူးတင်ယုဆိုလျှင် ဟိုဘက်က လက်နက်ကိုင်သည် လိမ္မာသူဆိုလျှင် ရှောင်သွားလေ့ရှိသည်ဟု နာမည်ကြီးသည်။ ထိုစစ်သားကြီးအိမ်ထောင်ကျသောအခါ... ကလေးရလျှင် ... သားရူးကို ရူးလေသည်။

          သူအသိနောက်ကျခဲ့သော တိုက်ခိုက်ရေးတွေကို သူ့သားကို စောစော သင်ပေးမည်။ ငယ်ငယ်ကတည်းက စည်းကမ်းနှင့် အမိန့်ကို နာခံတတ်သော“သား” ဖြစ်ရမည်။ အရွယ်ရောက်သည်နှင့် တိုက်ခိုက်နည်းအားလုံးကို တတ်ကျွမ်းနေသော“သား” ဖြစ်ရမည်။ 

          သို့သော်လည်း သူ့သဘောနှင့်သူ နေတတ်လေ့ရှိသော ကံသည် ဘယ်သူ့အကြိုက်ကိုမှ မလိုက်ခဲ့။ ဦးတင်ယု ဗိုလ်မှူးတင်ယုဇနီးက သားကို မမွေး သမီးကိုသာ မွေးပေးခဲ့သည်။

          တပ်မတော်စစ်ဆေးရုံမှာ သားမဟုတ် သမီးဆိုတော့ အခန်းထဲကို ဝင်မကြည့်ဟု ဆိုသည်။ အဲဒီနေ့တစ်နေ့လုံး စိတ်မကောင်းဖြစ်ပြီး အမူး သောက်သည်ဟု ဆိုသည်။ နောက်တစ်ယောက်မွေးဖို့ရာ ကံက ဆိုးချင် တော့ သမီးတစ်နှစ်အရွယ်မှာ ဇနီးက ဆုံးသည်။ နောက်တစ်ယောက် အချစ်ကိုလည်း စိတ်မဝင်စားသဖြင့် သမီးကလေးတစ်ယောက်နှင့် အတူ နေခဲ့သည်။

          ဦးတင်ယုသည် ကံကြမ္မာကမပေးခဲ့သော သားကို သူ့ဘာသာ ဖန်တီးယူသည်။ စကားပြောတတ်စကတည်းက “သမီး”ဟု မခေါ် “သား” ဟုသာ ခေါ်ခဲ့သည်။ မိန်းကလေးအင်္ကျီကို မဆင်၊ ယောက်ျားလေးအသုံး အဆောင်ကိုပင် ဆင်ခဲ့သည်။        

          မွေးပြီးလို့ လမ်းလျှောက်တတ်ကာစကတည်းက ချော်လဲလျှင် ပြေးမထူ၊ ခေါ်လျှင် “ဗျာ” လိုက်မှ ကြိုက်တတ်သည်။ ကစားတတ်ကာစအရွယ်ကို ရောက်တော့ မိန်းကလေးတွေနှင့် မကစားခိုင်း၊ ယောက်ျားလေး ကစားစရာတွေ ဝယ်ပေးပြီး ယောကျာ်းလေးတွေနှင့်သာ ယဉ်ပါးစေခဲ့သည်။ အနီးကပ်သွန်သင်မည့် အမေကလည်း မရှိသဖြင့် မယုယုထွန်းသည် ငယု ဖြစ်လာသည်။

          အဖေကိုချစ်ပြီး အဖေတစ်ယောက်တည်းကိုသာ အားကိုးရသော ကလေးသည် အဖေဖြစ်ချင်သလိုသာ ဖြစ်လာခဲ့သည်။ ကလေးဘဝအရွယ် တုန်းက ချစ်ဖို့ကောင်းသည်။ အရွယ်ရောက်လာတော့ ဖြစ်ရိုးဖြစ်စဉ်တွေ မဟုတ်တော့။ ငယ်ငယ်ကတည်းက မွေးခဲ့သော ယောက်ျားလေးဗီဇ သည် မိန်းကလေးဆိုသည့် ဝေါဟာရကို မမှတ်မိတော့လောက်အောင်ပင် လွှမ်းမိုးသွားခဲ့သည်။

          ဒီတော့ ငယုသည် ယောက်ျားလေးလိုတွေးပြီး ယောက်ျားလေးလို နေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ မိန်းကလေးဆန်သည့် အမှတ်အသားတွေ မှန်သမျှကို သူကိုယ်တိုင်က မုန်းမုန်းတီးတီးနှင့် ဖျက်ဆီးပစ်ခဲ့သည်။

          ထွေးဥဖူးငုံနေသည့် နှုတ်ခမ်းကလေးတွေကို ကွမ်းသွေးဖြင့် ဖျက် ပစ်သည်။ သွယ်လျပြည့်ဖြိုးသော          လက်မောင်းနွယ်ကလေးတွေကို ဝူရှူး ကစားခိုင်းသည်။ ကွန်ဖူးကစားခိုင်းသည်။ တိုက်ကွမ်ဒို ထိုးခိုင်းသည်။ ဖြောင့်စင်းသန်စွမ်းသည့် ဆံပင်တွေကို နားကွင်းကွင်းပစ်လိုက်သည်။

          ငယုသည် ယောက်ျားလေးလိုတွေးပြီး ယောက်ျားလေးလို ဒေါသ ထွက်သည်။ ယောက်ျားလေးလို ရင်ခုန်ပြီး ယောက်ျားလေးလို ချစ်တတ် သည်။ ထို့ကြောင့် ယုယုထွန်းဟုခေါ်သော ငယုသည် သူအမုန်းဆုံးအရာမှာ သူ့ကိုယ်သူပင် ဖြစ်သည်။          

         “မိန်းမ” ဆိုသော ဝေါဟာရကို သူ့ဆီမှာ လုံးဝမရှိစေချင်တာအမှန်ပင်ဖြစ်သည်။ “မိန်းမ” ဆိုသော ဝေါဟာရကို သူ့ အပြင်မှာသာ ရှိ စေချင်သည်။ ထို့ကြောင့် ငယုသည် မိန်းကလေးတွေကို ရည်းစားချစ်သူလို ချစ်ချင်သည်။

          အခုလည်း chess ပွဲပြီးတော့ သူ့ချစ်သူကောင်မလေး ကျူရှင် လွှတ်ချိန်မို့ ကောင်မလေး ကျူရှင်ဆင်းမီအောင် စက်ဘီးကို ခပ်ပြင်းပြင်း နင်းလာရသည်။ 

          နွေလမင်းဆိုသည့် ကောင်မလေးသည် သူ့ကို ရင်ခုန်သံတွေမြန် အောင် လုပ်ပေးသည်။ အပြုံးကလေးတစ်ချက်နှင့် အိပ်မက်တွေကို ရက် ဆက်မက်စေသည်။ နွေလမင်း၏ပြည့်ဖောင်းနေသည့် ပါးပြင်ပေါ်က ပါး ချိုင့်တွင်းနက်နက်ထဲကို ဒီနေ့ညနေမှာ ခုန်ချဖို့ ငယု ခပ်သွက်သွက်ကလေး နင်းလာရ၏။

          နွေလမင်းသည် တိမ်ကင်းစင်သည်။ ဟိုးအမြင့်ကောင်းကင်မှာ ကင်းကင်းရှင်းရှင်းကြီး ထွန်းသင့်သော်လည်း အနှောင့်အယှက်ကလေးတွေတော့ နည်းနည်းရှိသည်။ ဒါပေမဲ့ ငယုတို့က အဲဒီလို အနှောင့်အယှက် ကလေးတွေ ပါတာကိုမှ သဘောကျချင်သည်။ လက်ရုံးအားကိုး ထိုးပွဲ ကြိတ်ပွဲလေး တစ်ပွဲလောက် ပါပြီးမှ ချစ်သူကို ပိုင်ဆိုင်ခွင့်ရတာမျိုးကို ငယုက ပို၍ နှစ်သက်လေသည်။

          ဒါမှလည်း သူသည် အချစ်စစ်ကို ရသလို ခံစားရလေသည်။

          နွေလမင်းတို့ကျူရှင်နားကို ရောက်တော့ ၄ နာရီ ငါးမိနစ်ပဲ ရှိ သေးသည်။ နာရီဝက်လောက်စော၍ နေသည်။ ခင်စိုးကို အထင်ကြီးခဲ့ မိတာ သူတော်တော်မှားသွားသည်။ သူ့ တိုက်စစ်ကို ခင်စိုး Ending အထိ ခံနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ အခုတော့ ပွဲလယ် Middle မှာပင် ပွဲက ပြီးသွား၏။