Skip to product information
1 of 3

Other Websites

နီကိုရဲ - ဒဏ်ရာရလိပ်ပြာအထူးကု

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

          ညနေခင်း ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်းကို ရောက်တတ်ရာ ရာ ပြောနေကြတယ်။ ဒါကလည်း နေ့စဉ် လုပ်နေကျ အလုပ်ပါး လှဦးက ဒေါ်လာနဲ့ လစာရမယ်ဆိုပြီး လိမ်သွားတဲ့ Company တစ်အကြောင်းပြောပြနေတယ်။ သူ့ညီဝမ်းကွဲတစ်ယောက် ငါးသိန်းပါ သွားဆိုပဲ။

          ကျွန်တော်လည်း အဲဒီအကြောင်းကို စိတ်ဝင်စားနေတုန်း လက်ဖက်ရည်ဆိုင်ကလူတွေ အာမဋိတ် သံမျိုးစုံ လမ်းမကိုလှမ်းကြည့်တော့ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို သူစားဖို့ဝယ်လာတဲ့ ကြံချောင်းနဲ့အချက်ပေါင်းများစွာ နှံနေတာကိုတွေ့တယ်။ ရိုက်တာတော့ မျက်နှာ ကို ရိုက်တာပါ။ ဒါပေမယ့် ကောင်မလေးက အရပ်ပုတော့ ပခုံနဲ့ လည်ပင်းကိုပဲထိတယ်။

          ကောင်လေးက မျက်နှာကလေး ဘေးစောင်းပြီး ပေခံနေတောခင်ဗျ။ လက်ကလေး ဘာလေးနဲ့တောင်မကာဘူး။ ထွက်လည်းမသွားဘူး။ ကောင်မလေးကလည်းအံကိုကြိတ်ပြီး သူ့ရှိသမျှ အားကလေးနဲ့ မုန်းမုန်းတီးတီးကိုဆော်နေတော့ နောက်ဆုံး နှစ်ခြမ်းခြမ်းလာတဲ့ကြံဟာ လက်ကိုင် တစ်ဆစ်ပဲ ကျန်တော့သည့်အထိပဲ... နောက်ဆုံး ကောင်မလေးကလက်ထဲမှာကျန်တဲ့ ကြံ တစ်ဆစ်နဲ့တောင် ကောက်ပေါက်လိုက်သေးတယ်။ ကောင်လေးရဲ့ ရင်ဘတ်ကို တည့်တည့်ထိပါတယ်။

          ဒါပေမယ့်ကိုယ့်ဆရာကတော့နေရာက တုတ်တုတ်တောင်မလှုပ်ဘူး။ ကောင်မလေးကို တွေတွကလေး လို့အကြောင်းမသိကြတဲ့ လမ်းသွားလမ်းလာတွေဆိုရင် လင်မယားရန်ဖြစ်တာလို့တောင် ထင်ချင်ထင်မှား ယောက်ျားအမှားတစ်ခုကျူးလွန် မယားဖြစ်သူကိုလိုက်တောင်းပန်း ဟိုက ဒေါသမပြေသေးဘဲ ဆော်ပေါ့ဗျာ အမှန်တော့ မဟုတ်ပါဘူး။ ကောင်လေးကအခုမှ ကောင်မလေးကိုလိုက်စကားပြောတဲ့ အဆင့်ပဲ ရှိပါ သေးတယ်။ ကောင်လေးနာမည်က ကျော်စိုးတဲ့ ကောင်မလေးက မမြတ်မိုးဦးတို့။

          သူတို့နှစ်ယောက်အကြောင်းက ကမ္ဘာကျော်ပေမယ့် ရပ်ကွက်တော့ကျော်ပါတယ်။ ဒီကောင်လေး က မေမြတ်ကိုချစ်ခဲ့တာ ရှစ်တန်းနှစ်ကတည်းက ခင်ဗျ။ကောင်လေးချစ်တယ်ဆိုတာကို သိရတော့ ကောင်မလေးကတော်တော်စိတ်ဆိုးတယ်။ တူသလား၊ တန်သလား။ ဒင်းလိုကောင်မျိုး ငါ့ကို မှန်းရ သလားပေါ့လေ။

          မေမြတ် မပြောချင်လည်းပြောချင်စရာပေါ့လေ။ ကောင်လေးအဖေက ဆိုက်ကားနင်းတယ်။ အခုတော့ဆုံးသွားရှာပြီ။ ကောင်လေးအမေက မနက်ဆိုဘိန်းမုန့်ရောင်းတယ်။ အိမ်မှာ ချဉ်ဖတ်မျိုးစုံကို စဉ့်ကိုး ကလေးတွေနဲ့ ထည့်စရောင်းတယ်။ ကတက်ချဉ်၊ မုန်လာဥချဉ်၊ ပဲတီဦး၊ ဒညင်းသီးစိမ်း တမာချဉ်၊ သရက်သီးဆားစိမ် စတဲ့ ရာသီပေါ် ရဉ်ဖတ်တွေ အကုန်ရောင်တယ်။

          သူ့သားနဲ့ မေမြတ်သတင်းကို တစ်ရပ်ကွက်လုံးကသီသလို ဒေါ်ဘုမရဲ့ ချဉ်ဖတ်ကလည်း တစ်ရပ် ကွက်လုံးက ကြိုက်ကြတယ်။ သန့်ရှင်းတာရယ်၊ တို့လို့ကောင်းတာရယ်ကြောင့်ပါ။ ဒေါ်ဘုမက ဘိန်းမုန့်ရောင်းမြန်လာပြီး ဆယ်နာရီဆို ပြောင်လက်နေအောင် တိုက်ထားတဲ့ အိမ်ရှေ့ ကွပ်ပစ်က သူ့ စဉ်ကိုးကလေးတွေနောက်မှာထိုင်ပြီး အနားမှာလည်း ဗာဒံရွက်တစ်ထပ်နဲ့ပေါ့။

          မရောင်းရဘူးဆိုရင် တစ်နေ့ လေးရာဖိုးလောက်အောက်ထစ်ပဲ။ ကောင်လေးကရှစ်တန်းအောင်တော့ မနက်ခင်းသတင်းစာပို့တယ်။ သူ့အမေအတွက် ဗာဒံရွက်လိုက်ကောက် အပင်ရှင်က ခွင့်ပြု ရင် အပင်ပေါ်တက်ခူး တန်းစူး ပြီးတော့ ဈေးထဲမှာသူ့အမေအတွက် ချဉ်ဖတ်စိမ်းဖို့ သွားဝယ်ပေး အဲဒီလို ပေါ့ဗျာ..။မမြတ်မိုးဦးတို့ အဖေကအိမ်ရှေ့မှာ သစ်တွေရောင်းတယ် သစ်ကုန်သည် ဆိုပါတော့။ အနီးအပါး ရပ်ကွက်အားလုံးက အိမ်ဆောက်အိပ်ပြင်ဆို သူ့ဆီက ယ်ကြတာပဲ။ ဘိလပ်မြေ အုတ်တိုင်း သုံးသွပ်၊ သစ်ဆိုဒ်မျိုးစုံကျောက်သံ အကုန်ရတယ်ငွေမမှီလည်း အကြွေးထားလို့တာကိုး  ဦးမိုးဦးက သဘောကောင်းပါတယ်။

          မေမြတ်မိုး အမေကတော့ လမ်းလျှောက်ရင် ရင်ကိုကော့ပြီး ခေါင်းကို မော့နေတာပဲ ။သုံးကျပ်ခွဲသား ဘတ်ကြီးကြီးကလည်း ရင်ဘတ်မှာ ဘတ်လပ်တတ်လပ်နဲ့  ညာဘက် လက်ချောင်းမှာလည်း လက်သန်းကလွဲလို့ လက်စွပ်တွေချည်းပဲ။ လက်ကောက်က တံတောင်ဆစ်နား ရောက်တော့မယ်။ သင်္ကန်းကျွန်း ဈေးထဲမှာ ရွှေဆိုင်နဲ့ အထည်ဆိုင်ကလည်း တွဲပြီး ဖွင့်ထားသေးတာကိုး။ ပစ္စည်းမာန၊ ဂုဏ်မာနကြောင့် စကားအပြောအဆို အထက်စီးက ပြောတတ်ပေမယ့် စိတ်ယုတ်မာ ရှိတဲ့ သဘောမျိုးတော့မဟုတ်ဘူး။ အထည်ကို နေ့သွင်း၊ လသွင်း ရောင်ပြန်တော့ တစ်ရပ်ကွက်လုံး မှာရှိတဲ့ မိန်းကလေးတွေ ဒေါ်စောလှ ဩဇာနဲ့ဘယ်ကင်းပါ့မလဲ။ တစ်အိမ်လုံးရဲ့ အသည်းကလေး တစ်ဦးတည်းသောသမီးကလေး မေမြတ်မိုးဦးဆိုတော့ မေမြတ်မိုးဦးဟာ တစ်ရပ်ကွက်လုံးက ဦးစား အခပေးခံရဆုံး မိန်းကလေးပေါ့ဗျာ။

          အ‌ခြေအနကတော့ မြန်မာဗီဒီယို ဇာတ်ကားတွေ အကြိုက်ဆိုပါတော့။ ဒါပေမယ့် တကယ့်ဖြစ်ရပ် ဆိုတာက ဗီဒီယိုဇာတ်လမ်းမှ မဟုတ်တော့ဖြစ်ချင်သလိုဖြစ်တာပေါ့။

          စစချင်၊ လိုက်တဲ့နေ့မှာတင် မေမြတ်က ကျော်စိုး ဦးခေါင်းကို ပေတံနဲ့ ရိုက်တယ်။ ပေတံက ကျွန်တော် တို့  ကျောင်းတုန်းကကျောင်းကထုတ်ပေးတဲ့ ပေတံအဝေါဖောင်းနှစ်ဖက်ကအရာသပ်ထားပြီး သံချောင်း ထည့်ထားတယ်။ ကျောင်းသားတိုင်း ကိုင်ကြတဲ့ ပေတံပါ။

          ကျော်စိုးတဲ့စာကို ဆွဲပြီး အဲဒီပေတံကြီးနဲ့ ခေါင်းကို သုံးလေးရက်အားရပါးရတီးတား ကောင်မ လေးရဲ့ အရပ်ကကျော်စိုးကို မမီပေမယ့် ဟိုကောင်က ဖြဲပြီးလွှင့်ပစ်လိုက်တဲ့ စာတွေကို  ငုံ့ကောက် နေတုန်း တီးတာဆိုတော့ အားရပါးရကြီးကွက်တိပေါ့။

          ကျော်စိုး ဂျိုစောင်းပေါက်သွားတယ်။ သွေးတွေ စီးကျလာပေမယ့် မေမြတ်မိုးကမသနားပါဘူး။ သူ့ဘေးက အဖော်တွေကလည်း မသနားပါဘူး။ အားလုံး မေမြတ်မိုးဘက်က ချည်းပဲ။

          “နင်လို ချဉ်ဖတ်သည်သားကို ဘယ်တော့မှ စိတ်မကူးဘူး။ ရိုက်တာတောင်သနတယ်"

          အဲဒီလို ပြောပြီး မမြတ်မိုးက သူ့ပေတံကို လွှင့်ပစ်ပြီး ထွက်သွားတယ်တဲ့။ နောက်တစ်ခါကျတော့ လည်း မုန့်ဟင်းခါးဆိုင်ကအထွက်မှာလိုက်စကားပြောတော့ မေမြတ်မိုးကမုန့်ဟင်းခါး ချိုင့်နဲ့ကောက်ကောက်ပေါက်တာ သကောင့်သား ရင်ဘတ်မှာ မုန့်ဟင်းခါးရည် အပူလောင်ပြီး တော်တော်ခံလိုက် ရတယ်ဆိုပဲ။ ဗီဒီယိုထဲကလို ဘေးကသူငယ်ချင်းက ဟိုကောင်ခံရတာကို ပြောပြ ကောင်မလေးက အခုမှ ကရုဏာစိတ်ဝင် အိမ်သွားပြီး တော်တော်ဖြစ်သွားသလား မရဲတရဲ မေးရင်း တောင်းပန်း နားလည်မှု ရည်းစားဖြစ်၊ အဲဒီလိုမဟုတ်ပါဘူး။

          မေမြတ်မိုးတို့ ဘက်ကတောင်မှ သူ့သမီးကို နှောင့်ယှက်လို့ဆိုပြီး ရပ်ကွက်ရုံးခန်းကို တိုင်သေးတယ်။ နောက်တစ်ခါ မနှောင့်ယှက်တော့ပါဘူးဆိုပြီးလက်မှတ်တွေ ဘာတွေ ထိုးလိုက်ရသေးတယ်။

          ကျော်စိုးဆိုတဲ့ ကောင်ကလည်းခက်တယ်။ ဒီလောက်ရက်စက်နေတာလည်းတွေ့တာနဲ့ လိုက်တာ ပဲ။ လိုက်တာနဲ့ဟိုကလည်း ရက်ရက်စက်စက်ပြောလွှတ်တယ်။ သူငယ်ချင်းတွေနဲ့ ဝိုင်းလှောင်တယ်။ တစ်ခါတုန်းက ဖိနပ်နဲ့တောင်ကောက်ပေါက်တယ်ဆိုပဲ။ ကိုယ့်ဆရာကတော့ တစ်စုံတစ်ရာ မြန် လည် ပြောဆိုခြင်းမရှိ ပြကတော့ သည်းခံတော်မူပါတယ်။

          တစ်ခါကလည်း မေမြတ်မိုးဦးကသူ့အိမ်ကသစ်ပုံစောင့်ဖို့ ဝယ်မွေးထားတဲ့ အင်းကြီးနဲ့ လမ်း လျှောက်ထွက်တယ်။ ထုံးစံအတိုင်း ဟိုကောင်ပမယ့်မလွတ်လို့ ခြေသလုံးကို မွစာကြဲသွားအောင် အကိုက်ခံလိုက်ရတယ်။

          ဦး မိုးဦးတို့လည်း ရုံးခန်းတွေ ဘာတွေမတိုင်တော့ပါဘူး။ သူ့သမီကချည်း နှံနေတာဆိုတော့ အေးဆေးပေါ့။ ကျော်စိုး အဲဒီလိုလိုက်လာတာ ငါးနှစ်ရှိပါပြီး ကျော်စိုးဆိုတဲ့ နာမည်ပျောက်ပြီ။ အားလုံးက သူ့ကို “ချဉ်ဖတ်"လို့ ခေါ်ကြတဲ့အထိပဲ။

          ကျော်စိုး အဲဒီလောက် အသည်းအသန် ဖြစ်နေလို့ မေမြတ်မိုးကအရမ်းကြီးကို ချော နေလို့လား ဆိုတော့ မဟုတ်ပါဘူး။ သူလို ငါလိုထဲကပါပဲ။ အဝတ်အစားကောင်း အမြဲတမ်း ဝတ်နိုင်တာရယ် ဘာအလုပ်မှ မလုပ်ရလေတော့ ဖြူဖြူနန နဲ့ရုပ်ရည်သန့်တာရယ် ရွှေဆိုင်ပိုင်ရှင်သမီးရယ် ဆိုတော့ ရွှေထည်လည်း ဝတ်နိုင်တာရယ်ကြောင့်သာပါ။ အနီးအနားက ရပ်ကွက်တွေမှာ ဓမမြတ်မိုးထက် အများကြီးလှတဲ့သူတွေ တစ်ပုံကြီးပဲ။ ဒါပေမယ့် ငတီကတော့ မေမြတ်မိုးပဲ။ ငယ်ချစ်ပို့အစွဲကြီး စွဲနေတယ် ထင်ပါရဲ့။

          ကျော်စိုးက ရုပ်ရည်သန့်ပါတယ်။ အသောက်အစား Sony ပဲ။ ဆေးလိပ်တောင်သောက်တတ်တဲ့ကောင် မဟုတ်ဘူး။ စကားလည်း နည်းတယ်။ ရိုးရိုးပဲ နေတတ်တယ်။ မုဆိုးမကြီးကို လုပ်ကျွေးနေရ တော့ အဝတ်အစားတော့ ကောင်းကောင်းမဝတ်နိင်ရှာဘူးပေါ့။ ခပ်နွမ်းနွမ်း အင်္ကျီကလေးနဲ့တင် သူ့ရုပ်ရည်က ကြည်လင်ပါတယ်။

          ဆယ်တန်းတွေ အောင်စာရင်းထွက်တော့ ကျွန်တော်တို့ ဇာတ်လိုက်က 5D တွေဘာတွန့် မအောင် ပါဘူး။ စာမေးပွဲကျပါတယ်။ မေမြတ်မိုးဦးကတော့အောင်တယ်။ အဲဒီတော့ အခြေအနေက ပိုပြီး ကွာသွားတာပေါ့။

          ကျော်စိုးကလည်း ကျောင်းဆက်မတက်တော့ပါဘူး။ ရေခဲစက်မှာ ဝင်အလုပ်လုပ်တယ်။ရေခဲစက် ဆိုတာ မနက်လေးနာရီလောက်ထ သံပုံကြီးထဲမှာခဲနေတဲ့ ရေခဲတွေကိုရပိုက်နို့ထိုး ချောင်သွား

တော့ သံချိတ်နဲ့ဆွဲပြီး သစ်သားရေတစ်လျှောက်ကနေအောက်ကိုတွန်းချရတာပါ။ သစ်သား ရေတလျှောက်က ရေခဲတင်တဲ့ကားနောက်မှာတင်ထားတာဆိုတော့ ရေခဲတုံးတွေကကားထဲ တန်းကျ ပေါ့လေ။ အဲဒီအလုပ်က မနက်ခုနစ်နာရီခွဲလောက်မှာပြီးတယ်။ ပြီးတာနဲ့ အသင်းတိုက် ကို သတင်းစာတွေယူပြီးသတင်းစာ သတင်းစာပို့ရင်းနဲ့ တက္ကသိုလ်တက်တဲ့ မမြတ်ရဲ့ ကျောင်ကားရပ်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်မှာ လက်ဖက်ရည်သောက်မယ်။

          အဲဒီအချိန်ဟာ သူ့အတွက်အရေးအကြီးဆုံးနဲ့ တန်ဖိုးထားဆုံးအချိန်ပဲ။ အဲဒီအချိန်မှာ ကျော်စိုးဆိုတဲ့ ငတီကို သိကြားမင်းကနတ်ပြည်ခြောက်ထပ်ကို လိုက်ပြမလို့လိုက်ခဲ့ပါဆိုတာတောင် ဒီငတီက လိုက်မှာ မဟုတ်ဘူး။ တစ်ခါတစ်လေ ကျောင်းကြိုကား နောက်ကျလို့ မေးမြတ် သူငယ်ချင်းတွနဲ့ ကားရပ်စောင့်ရတဲ့အခါမျိုးဆို ကျော်စိုးအကြိုက်ပေါ့။ သူ အကြာကြီး ငေးလို့ရတာကိုး။

          မေမြတ်ကတော့ သူ့ကို ကြည့်တာတို့၊ အမှတ်တမဲ့ ကြည့်တာလောက်တောင်ရှိတာ မဟုတ်ဘူး။ သူ့ သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမာပါပဲ။ မေမြတ်မိုးကျောင်းကား ထွက်သွားရင် ခေါင်းကလေး ငိုက်စိုက်ပြီး သတင်းစာ ဆက်ပို့တယ်။သူ့အမူအရာက သိပ်မသွက်တော့ဘူး။ ညဘက်ဆိုရင် မေမြတ်မိုးတို့ အိမ်ရှေ့ ကနေ ကိုးနာရီလောက်ဆို ဖြတ်လျှောက်တတ်တယ်။ ပြီးတော့ စိုးလွင်လွင်ရဲ့ သီချင်းကို အော်ဆိုတတ်တယ်

          မျက်နှာထားတင်းတင်းနဲ့ .... နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ် ..

          ကိုယ့်နှလုံးသားများလည်း ... သတ်ကြောင့် တဆတ်ဆတ်တုန်တယ် ...

          မင်းမာနိုင်တယ် ....... မင်းပြုံးနိုင်တယ် .......... ကိုယ့်ကိုအမြဲတမ်း အနိုင်ယူပါကွယ် ....

 

          ဒါပဲ ။ဒီတစ်ပိုဒ်ပဲ။ အဲဒီ သီချင်းသံကြားရင် ကိုးနာရီထိုးပြီပဲမှတ်။ နာရီထကြည့်ရင် နာရီက ဓာတ်မီ အားနည်းလို့ မှားချင်ရင်မှားနေဦးမယ်။

          တစ်ခါတုန်းကလည်း ဘာရောဂါရယ် မသိပါဘူး။ ကျွန်တော်တို့ အနီးအနားကခလေးငါးရပ်ကွက် မှာ တရုတ်စက်ဘီးတွေ ညနေဆိုအရပ်ဆီကြတာပဲ။ ကလေးတွေနဲ့ လူပျိုအအရွယ်တွေ စီးကြတာ ပါ။ မေ မြတ်မိုးကတော့ အကောင်းစား ပန်းကမ္ဘာကလေးနဲ့ပေါ့။ သုဝဏ္ဏ အားကစားကွင်းဘက်ကို သူ့သူငယ်ချင်းတွေနဲ့ ညနေဆိုထွက်လေ့ရှိတယ်။

          ဒီတော့ ကျော်စိုးကလည်း စက်ဘီးတစ်စင်းနဲ့ နောက်ခပ်ခွာခွာကနေ လိုက်တယ်။ စက်ဘီးက သူ့ကိုယ်ပိုင်စက်ဘီးတော့ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းရဲ့ စက်ဘီးကိုငှားပြီးစီးတာပါ။ တစ်နေ့တော့ သုဝဏ္ဏကွင်းကိုပတ်စီးကြရင်း ကျွန်တော်တို့ဆီကမေမြတ်မိုးနဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် စီးတယ်။ ဒီတော့ မေမြတ်မိုး ကသူ့စက်ဘီးကို ကျော်စိုး စက်ဘီးနဲ့တည့်တည့်ဖြစ်အောင် တည်ပြီး တမင်တိုက် တယ်။ ဒီတော့ ကျွန်တော်တို့ငတီက စက်ဘီးချင်းမတိုက်မိအောင် သူ့စက်ဘီးကို နဘေးက မြောင်းထဲကို ထိုးချပစ်လိုက်တယ်။ စက်ဘီးရော လူရော မြောင်းထဲကျသွားတာပေါ့။

          အဲဒါကို မေမြတ်မိုးတို့အဖွဲ့က တဟီးဟီး တဟားဟားရယ်ရင်း ဆက်နင်းသွားကြတယ်တဲ့။ အဲဒါတွေကို ကြည့်မရတာရာ၊ နည်းနည်း အကဲစမ်းချင်တဲ့ သူတွေကရော မမြတ်မိုးဦးကို လိုက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ငါးနှစ်ကျော်ကျော် ရပ်သိရွာကျော်ကြိုက်လာတဲ့ ဒီငတီကို အားနာပြီးမလိုက်ကြဘူး။

          စက်ဘီးကိစ္စမှာ စက်ဘီးလည်းဘီးနှစ်ဘီးစလုံးခွင်တယ်။ ကျော်စိုးလည်း လက်ကျိုး ဂျိူစောင်းပေါက် ၊ ပါးတွေ နားတွေ ပွန်းသွားတယ်။ သုဝဏ္ဏဘောလုံးကွင်းရှေ့ ကမြောင်ကြီးက နည်းနည်းနောနောအနက်မှမဟုတ်တာ။ အဲဒီသတင်းကိုကြားလို့မခံချင်တဲ့သူနဲ့ စပ်စုချင်တဲ့သူတွေက မေးတော့ ငတီက

          “သူနဲ့ မဆိုင်ပါဘူးဗျာ ကျွန်တော့် ဘာသာ မထိန်းနိုင်လို့ လဲတာပါ"

          “မင်းကို သူက တမင်တည့်တည့် ဝင်တိုက်တာဆို"

          “မဟုတ်ပါဘူးဗျာ”

          “မင်း သူ့ကိုမတိုက်ရက်မှန်းသိလို့ တမင်လုပ်တာကွ၊ ငါသာဆိုတိုက်ကိုတိုက်ပစ်တယ်"

          “မဟုတ်ပါဘူးဗျာ"

          ငတီက ဒီလောက်ပဲ။ သူ မေမြတ်မိုး ကို ကြိုက်နေတာ တစ်ရပ်ကွက်လုံးက သိနေကြပေမယ့် ဘယ်သူ့ ကိုမှ မေမြတ်မိုး ကို ဘယ်လိုချစ်ကြောင်းကြိုက်ကြောင်ကိုရင်မဖွင့်တတ်ဘူး။ မေးရင်လည်း ဘယ်တော့ မှ ဝန်မခံဘူး။ ဟိုလိုဒီလိုပဲ ပြောတတ်တယ်။

          ဒါတွေက ကျွန်တော်ကြားရတဲ့ အကြောင်းတွေပါ။ ကျွန်တော်က မနက်ကိုးနာရီဆိုရုံးတက်၊ ညနေမှ ပြန်တို့ကောင်ဆိုတော့ ညနေ သူငယ်ချင်းတွေနဲ့ တွေ့မှဒီသတင်းတွေကြားတာပါ။ တစ်ချို့ကလည်း ဒီငတီဖြစ်ရပ်ကို ရယ်ရယ်မောမောနဲ့ပြောကြတယ်။ တချို့ကလည်း မခံချင်စိတ်နဲ့ ပြောတတ်တယ်။

          အခု တစ်ကြိမ်ကတော့ ကျွန်တော် ကိုယ်တိုင် ပထမဦးဆုံး မြင်ရတာပါ။

          “ဒီကောင့်ဝဋ်ကလည်း မသေပါလားကွာ"

          လှဦးက ခေါင်းငိုက်စိုက်ပြီး ထွက်သွားတဲ့ ကျော်စိုးကို ကြည့်ရင်း ပြောကြတယ်။ လက်ဖက်ရည် ဆိုင်က လူတွေလည်း ပြောလက်စ စကားကို ရပ်ပြီး သူတို့အကြောင်းကို ပြောကြတယ်။

          “သူ့ကြည့်ရတာ ဒီကောင်မလေးက ဒီလို အနိုင်ရ နှိပ်စက်ရင်းနဲ့ သူ့ကို သနားပြီးချစ်လာမယ် လို့ ထင်တာ ထင်တာကွ"

          အေးမင်းက ခေါင်းကို ခါသည်။

          “ငါ့ညီမက ပြောတော့ ဟိုကမသနားတဲ့အပြင် သူကအချစ်လာဘ်ပိတ်လို့ ဒီကောင့်ကို အမှုန့်တောင် ကြိတ်ချင်နေတာတဲ့"

           ရပ်ကွက်ထဲမှာလည်၊ ကျော်စိုးအကြောင်းပြောရင် မေမြတ်မိုးအကြောင်ကပါလာပြီ။ မေမြတ်မိုး အကြောင်းကိုပြောရင် ကျော်စိုးအကြောင်းက ပါလာပြီး တချို့ရပ်ကွက်ထဲက သမီးရည်းစားတွေဆို ချဉ်ဖတ်က မေမြတ်မိုးကို သည်းခံတာရဲ့ တစ်ဝက်ပဲ ကိုသည်းခံစမ်းပါလို့တောင် ပြောကြတာတဲ့။

          “ငါးနှစ်ကျော်ပြီဆိုတော့ ဒီကောင် သိလောက်ပါပြီကွာ ဒီကောင်ကိုက ဒီကောင်မလေးရဲ့ ဝဋ် ပါလာတာနေမှာပါ "

          သက်ဝင်းက ပါးကို ကုတ်ရင်း ပြောတယ်။

          “ခက်တာက မေမြတ်မိုးကလည်း ရည်းစားတွေ ဘာတွေ မထားဘူးကွ။ ဒီရပ်ကွက်ကဖြစ်ဖြစ် ဟိုဘက်ရပ်ကွက်က ဖြစ်ဖြစ်ကွာ”

        “လှဦးရာ သူက ကျော်စိုးကိုနှံထားတာ ရပ်သိရွာသီဆိုတော့ တစ်ခါနှစ်ခါလိုက်ရုံနဲ့ အဖြေပေးလိုက်ရင် သူ့နာမည်ပျက်သွားမှာပေါ့ လိုက်တဲ့ ကောင်တွေတော့ ရှိတယ်ကွ၊ မေမြတ်မိုးက သာမန်အော်တာနဲ့တင် ဟိုကောင်တွေက ကျော်စိုးလို သည်းမခံတော့လစ်တာပေါ့"

          “ကျောင်းမှာ ရှိရင် ရှိမှာပေါ့ "

           ကျွန်တော်က ဖြစ်နိုင်ချေကို ပြောတော့ အေးမင်းက ခေါင်းကို ခေါသည်။

          “ကျောင်းမှာလည်း မရှိဘူးလို့ ငါ့ညီကပြောတာပဲ၊ သူ့ကို နည်းနည်းလေး ရိသဲ့သဲ့ ဆိုတာနဲ့ သူက နည်းနည်းမှ မခံဘူး ပြောတာအော်တာပဲတဲ့”

          “အင်း ... ယောက်ျားလေးတွေလိုက်ရင် အော်ရမယ်ဆိုတာ ဟိုငတိက သင်ပေးလိုက်သလို ဖြစ်သွား တယ် ထင်တယ်"

          သက်ဝင်းက မှတ်ချက်ချသည်။ ကျွန်တော် ရုတ်တရက် ခေါင်းထဲဝင်လာသော အတွေးတစ်ခုကို ပြောဖြစ်သွားသည်

          "ဒီငတီနဲ့ ကောင်မလေး ညားသွားရင် မင်းတို့ သဘောတူသလား”

          လှဦးက

          “အဟင်း"

          ဆိုပြီး မဲ့ပြုံးနဲ့ ကျွန်တော့်ကို ကြည့်တယ်။

           အေးမင်းက

          “ဟေ့ကောင် မင်းက အောင်သွယ်လုပ်မလို့လား၊ မင်းမပြောနဲ့ သိကြားမင်း သင်္ကြန်မကျခင် ဆင်းပြီး ကူညီတောင် မရဘူးမှတ်"

          “ငါက အောင်သွယ်မလုပ်ပါဘူး၊ မင်းတို့ပြောတာ ကြားရတာနဲ့ အခု ငါမြင်လိုက်ရတာနဲ့  ဒီကောင့်ဘက်က မခံချင်လို့ ကူညီမလို့ပါ"

          “မင်းက ဘယ်လို ကူညီမှာလဲ"

          ကျွန်တော် အရင်ဆုံး ကိုယ့်လူကို ကိုယ်အရင် လေ့လာရတယ်။

          ညနေခင်း ကျောင်းဖယ်ရီ ရပ်လေ့ရှိတဲ့ စိန်ကဖီးကို ကျွန်တော် တမင်သွားပြီး ဒီကောင်ထိုင်တဲ့ဝိုင်းမှာ ဝင်ထိုင်တယ်။ ဒီငတိကလည်း ကျွန်တော်ဝင်ထိုင်တာကို ဘာမှမပြောပါဘူး လမ်းကိုပဲ ငေးနေ တယ်။ ဒီကောင်က အေးမင်း ညီမနဲ့မှ အတန်းအတူတူဆိုတော့ကျွန်တော့်ထက် လေးနှစ်လောက် ငယ်ပါတယ်။

          ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျောင်းကားလာတယ်။ ဒီ ငတိ မျက်နှာဝင်းသွားတာပဲ။ ကောင်မ လေးက ကားပေါ်ကဆင်းတယ် အေးမင်းညီရယ်၊ နောက်ကောင်မလေးနှစ်ယောက်ရယ်နဲ့ ကား ပေါ်ကဆင်ပြီး စကားတပြောပြောနဲ့ လမ်းထဲ ဝင်သွားတာပဲ။ ငတီကတော့ မျက်စေ့တဆုံးငေးလို့ ကျွန်တော် သူ့ကို ပြုံးပြီး ကြည့်နေလိုက်တယ်။

          ကောင်မလေး လမ်းထဲဝင်သွားတော့မှ လူ့သဘာဝအတိုင်း မလုံဘဲ တစ်စုံတည်းထိုင်နေတဲ့ ကျွန်တော့်ကို ကြည့်တော့ ကျွန်တော့်အပြုံးနဲ့ တည့်တည့်တိုးတာပေါ့။ ငတိ ဟိုလို ဒီလို ဖြစ်သွားတယ်။

          “မင်း ကောင်မလေးကို တော်တော်ချစ်သလား ကျော်စိုး"

          ကျွန်တော် အပြုံးနဲ့မေးတဲ့ မေးခွန်းကို သူ မဖြေဘဲ ကျွန်တော့်ကို တွေတွေကြီး စိုက်ကြည့်နေတယ်။ သူ့အကြည့်က သီရဲ့ သားနဲ့ အစ်ကိုရာ ဆိုတာမျိုး

          “အေး... မင်းအကြောင်းကလည်း ရပ်သိရွာသီဆိုတော့ မေးစရာတောင် မလိုတော့ ပါဘူး။ ဟိုနေ့က ကြံနဲ့ရိုက်တော့ မင်းဘယ်လို ခံစားရသလဲ "

          ငတိက စဉ်းစားပြီးတော့ ခေါင်းခါတယ်။ တော်တော် စကားနည်းတဲ့ကောင်။

          “မင်းကောင်မလေးကို လိုက်စကားပြောရင် ဘာတွေပြောသလဲ"

          "ချစ်တယ်ပဲ ပြောတာပေါ့ဗျာ"

          ငတီလေသံက နည်းနည်းမာချင်တယ်။ သူများကိစ္စကို ဝင်စပ်စုတဲ့ကောင်လို့ ကျွန်တော့်ကို ထင်ပုံပဲ။ ဒီတော့မှ ကျွန်တော် လေသံကို တင်ရတယ်။

          “ဟေ့ကောင်... ငါ မင်းကို အလကား စကားရော ဖောရောလုပ်ပြီးလာစပ်စုနေတာမဟုတ် ဘူး။ မင်း ဒီနည်းဒီပုံနှိပ် လိုက်နေလို့ကတော့ ဒီဘဝမဟုတ်ဘူး၊ နောင်ဘဝ တစ်သန်းလည်း မရဘူးကွ၊ ငါ မင်းကို ကူမလို့ မေးနေတာ"

          ဒီတော့မှ ငတီက နည်းနည်းအံ့ဩပြီး ကျွန်တော့်ကို ကြည့်တယ်။ သူ့ မျက်လုံးလည်း နည်းနည်းအရောင် ဖျော့သွားတယ်။

          “အချစ်ဆိုတာက တစ်မျိုး၊ မင်းတို့ ငါတို့ ရင်ထဲရှိတဲ့အချစ်က တစ်မျိုး၊ အဲဒီအချစ်ကို ကိုယ်ချစ်တဲ့သူ ပြရတာက တစ်မျိုးတွေ၊ ကဲ... မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ဘာဖြစ်လို့ ချစ်လဲ သိလား"

          ငတီက ကျန်တော့်ကို ပါးစပ်အဟောင်းသားနဲ့ ငေးနေတယ်။ ဘာမှတော့မပြောဘူး။

          “ပညာအရမ်းတော်လို့၊ ဂုဏ်ရှိလို့ နာမည်ကြီးလို့ ရုပ်လှလို့ အားလုံးကို ခြုံပြောရင်အထင် ကြီးလို့ချစ်တာကွာ တစ်ခုခုကို အားကိုးချင်လို့ချစ်တာကွာ အမေကလည်းအဖေကို ဒီလိုပဲ မင်းအမေကလည်း မင်းအဖေကို ဒီလိုပဲ ဘယ်မိန်းကလေးမှ အထင်မကြီးတဲ့ ယောက်ျားကိုမယူဘူး”

          ကျွန်တော် စကားဆုံးတော့ ငတီက သက်ပြင်းချတယ်။ ကျွန်တော် ပြောတာကိုလည်း

သူငြင်းလို့မရ ဘူး။ သူ့မှာကလည်း ဒါတွေ ဘာတွေမှမရှိဘူး မဟုတ်လား။

          “မင်း စွန် လွှတ်ဖူးတယ် မဟုတ်လား”

          ငတိ နည်းနည်းကြောင်သွားတယ်။ ပြီးတော့ ခေါင်းညိတ်တယ်။

 

          “အေး... အချစ်က စွန်လွှတ်တာနဲ့ နည်းနည်းတူတယ်ကွ၊  ပထမဦးဆုံးလေကြောင်းဘယ်ကိုတိုက်သလဲဆိုတာ သိရတယ် အဲဒီလေကြောင်း တိုက်တဲ့ဘက်မှာ ကိုယ့်စွန် ငြိနိုင်မယ့် ဓာတ်တိုင်တို့ သစ်ပင်တို့ရှိလား သိရ ကြည့်ရတယ်"

           ငတိက ဘာတွေလာပြောနေတာလဲဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကို ကြည့်တယ်

          "ကဲ.. ကွင်းထဲမှာ လွှတ်တယ်ဆိုလို့ကွာ၊ မင်းစွန်ကို မင်းလျှောအားကြီးရင် စွန်က မင်းနဲ့ ဝေးသွားလိမ့်မယ်။ ပိုလျှော့လေပိုဝေးလေပဲ၊ ပိုလျှော့လေ စွန်က အမြင့်ကိုရောက်လေ လေက ကြမ်းတော့ ထိန်းမရလေဘဲ အေး... ရစ်လွန်းအားကြီးတော့လည်း မင်းစွန်ကကောင်းကင်မှာ မရှိတော့ဘဲ အောက်မြန်မြန်ရောက်လာမှာပေါ့၊  စွန်လွှတ်တယ်ဆိုတာက စွန်က ကိုယ်မြင်ရတဲ့ နေရာမှာ ဟိုဘက်တိမ်းလိုက် ဒီဘက်တိမ်းလိုက် ချာလပတ်လည်လိုက်၊ စိုက်ကျသွားလိုက်၊ ပြန်ထောင်တက် လာလိုက်မှ အရသာရှိတာမဟုတ်လား”

          ငတိက ခေါင်းကို သုံးလေးခါ ညီတ်တယ်။

          " ပြီးတော့ ကိုယ်လွှတ်တင်ထားတဲ့ ကိုယ့်စွန်အကြောင်းကိုလည်း သိထားရတယ်။စွန်က ညာဘက် ဘက်လိုက်နေသလား၊ ဘယ်ဘက် ဘက်လိုက်နေသလား၊ ခေါင်းကြီးတင်ဝနသလာ။ ဒါမှ မင်းကောင်းကောင်းထိန်းနိုင်မှာပေါ့၊ ကဲ... အခု မင်းကငါးနှစ်ကျော်ကျော် အလျှော့ပေးပြီးပြီဆိုတော့ မင်းစွန်က မင်းနဲ့တော်တော်ကစားနေပြီ” ဥပမာကလန့် ဘာနဲ့ဆိုတော့ ငတီ ခေါင်းကို ခပ်သွက်သွက်ညိတ်လာတယ်။

          “ကဲ ... မင်း သူ့အကြောင်း ဘယ်လောက် သိသလဲ”

          " ငယ်ပေါင်းပဲ အစ်ကိုရာ၊သူငယ်တန်းကတည်းက အတူတူနေလာတာ"

          ကျွန်တော် မဲ့ပြီးခေါင်းကို ခါရတယ်။ ဆေးပေါ့လိပ်ကို မီးညှိတယ်။

          “မလုံလောက်ဘူးကွ မေမြတ်မိုးဦးက ဘာကိုကြိုက်တယ်၊ ဘယ်လိုလူမျိုးကိုမှလေးစားတယ်၊ဘယ်လိုဝါသနာဗီဇရှိတယ်၊ ဘာကို အထင်ကြီးတယ်၊  သူရည်းစားထားရင် ဘယ်လိုလူမျိုးကို ထားချင်တယ်၊ ဘယ်လိုကိစ္စတွေကို မုန်းတယ်၊ ဘာကိုကြောက်တတ်တယ် စတဲ့ ခံစားချက်တွေကို မင်း သိကို သိထားရမယ်"

          “ဒါ... ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ အစ်ကို"

          ကျွန်တော် စကားကို ခဏရပ်ထားလိုက်တယ်။ တမင်တကာရပ်တာပါ။ ပြီးတော့သူ့မျက်နှာကို မှ စေ့စေ့ကြည့်တယ်။ သူ့ဆီမှာ ကျွန်တော့်ကို အားကိုးချင်တဲ့စိတ်ယုံကြည်တဲ့စိတ်ကို တွေ့ရတော့မှ ကျွန်တော် စကားစတယ် ဒါကျွန်တော့်အတွက်တော်တော် အရေးကြီးပါတယ်။

          “ မင်းစွန်ကို မင်း ပြန်ရစ်မယ်"

          “အေး ... ငါးနှစ်ကျော်ကျော် မင်းအလျှော့ပေးထားတဲ့ မင်းနဲ့အဝေးကြီးကို ရောက်နေတဲ့ စွန်ကို မင်းနဲ့နီးအောင် ပြန်ရပ်ပစ်ရမယ်"

          “ဘယ်လို ရစ်ရမှာလဲ အစ်ကို"

          “အေး .. ငါ အစီအစဉ်တွေကို မစခင်မှာ မင်းနဲ့ငါနဲ့ ကတီတစ်ခုတော့ ထားရလိမ့်မယ်။အဲဒီကတီက ဘာလဲဆိုတော့ မင်းက ငါပြောတဲ့ စကားကို ငါခိုင်းတာကို တိတိကျကျလုပ်ရမယ်၊ ဒါ မခိုင်းဘဲ မင်းသဘောနဲ့ မင်း ဘာမှ လျှောက်မလုပ်ရဘူးအေး... လုပ်ချင်တာရှိရင်လည်း မင်းငါ့ကို တိုင်ပင်ရမယ်၊ ငါပြောတဲ့အတိုင်းသာနေ၊ တစ်လ နှစ်လအတွင်းမင်း မေမြတ်မိုးကို ရကို ရမယ်"

          ငတိ ပါးစပ်ကြီး ပြဲသွားတယ်။

          ဟုတ်တယ်လေ။ သူ ငါးနှစ်ကျော်လိုက်တာ အနားတောင် ကပ်လို့မရတဲ့ ကောင်မလေးကို ကျွန်တော်က နှစ်လဆိုတော့ ဒီငထိ ပါးစပ်ပြဲတာပေါ့။ ပြီးတော့ ငြိမ်ပြီး စဉ်းစားတယ်။

          “ကျွန်တော်က ဘာလုပ်ရမှာလဲ အစ်ကို"

          “မင်း ပင်ပင်ပန်းပန်း ဘာမှလုပ်စရာမလိုဘူး၊ ငါခိုင်းတာလုပ်၊ ငါပြောသလိုနေရုံပဲ၊ မင်းလုပ် ချင်တာရှိရင်လည်း ငါ့ကို အသိပေးရမယ် ဒါပဲ"

          “ ဒါတော့ ရတယ် အစ်ကိုရာ "

          “အေး... ယောကျာ်းဆိုတာ ကတိပေးပြီးရင် ကတိတည်ရတယ်နော် ကျော်စိုး"

           ငတိက ခေါင်းကို အံကြိတ်ပြီး ညိတ်တယ်။

          “ မင်းမှာ ငါခုနက ပြောတဲ့ မိန်းကလေးတစ်ယောက် အထင်ကြီးလောက်တဲ့ အချက်တွေ မရှိဘူး၊ ဒါပေမယ့် ဂုဏ်ရှိတယ်၊ အဲဒါကြောင့် ကူညီတာ"

          “ ကျွန်တော် စွန်ကို ပြန်ရစ်ရမယ်ဆိုတာရော အစ်ကို"

          “ အေး.. အဲဒါ ပထမဦးဆုံးအနေနဲ့ အရေးကြီးတယ်၊ ငါးပြောတဲ့အတိုင်း မင်း မလုပ်နိုင်ဘူး ဆိုရင် မင်းနဲ့ငါ ကိစ္စက ပြီးပြီ "

          “ လုပ်ပါ့မယ်အစ်ကို၊ ပြောသာပြောပါ "

          “ ဟုတ်ပြီ၊ မင်းကိုငါ ယုံပါတယ် မင်းအခု မနက်ကောင်မလေးကျောင်းအတက်ကို ဒီဆိုင် ကလာကြည့်တယ်၊ ညနေ ကျောင်းအပြန်လည်းဒီလိုပဲ၊ ပြီးတော့ ညဘက်ကျရင် စိုးလွင်လွင် သီချင်းကို ကိုးနာရီမှာ အိမ်ရှေ့က ဖြတ်ဆိုတယ်"

          ငတိက ခေါင်းကို ခပ်သွက်သွက် ညိမ့်ပါတယ်။

          "အေး... အဲဒီသုံးခုထဲက တစ်ခုကို လုံးဝမ မလုပ်ဘဲနေရမယ်.....

          ဘာမလုပ်နဲ့တော့ဆိုတာ တော့ ငါ မပြောချင်ဘူး၊ မင်းဘာသာရွေး   ”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)