Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - ခင်ဗျားဘယ်သူပါလဲခင်ဗျား

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

          တစ်နေ့ ကျွန်တော် နေ့ခင်း အိပ်ရာကနိုးပြီး အိမ်ရှေ့ကို ပျင်းပျင်း ရှိတာနဲ့ ထွက်ထိုင်ပါတယ်။ ရာသီဥတုကလည်း နွေဆိုတော့တော်တော် ပူပါတယ်။ ကျွန်တော်တို့အိမ်ရှေ့မှာက သရက်ပင်၊ ဗာဒံပင်၊ ပိတောက်ပင် စသဖြင့် စုံလေတော့ အဲယားကွန်းမဟုတ်ဘဲ သဘာဝ တရားနဲ့ သဘာဝကြီးရဲ့ အပူဒဏ်ကို ခုခံဖို့ ကျွန်တော် ဆင်းလာတာပါ။

          အိမ်ရှေ့ရောက်တော့ ကျွန်တော်တို့သစ်ပင်ရိပ်မှာ ဂေါ်လီရိုက် နေတဲ့ ကလေးတွေကို တွေ့ပါတယ်။ ဒါပေမဲ့ သူတို့ရိုက်နေတာက ကျွန်တော်တို့ငယ်ငယ်တုန်းကရိုက်တဲ့ ကျောက်ဒိုးဂေါ်လီတွေ မဟုတ်ဘူး ခင်ဗျ။ အရောင်စုံ ဖန်ဂေါ်လီသေးသေးကလေးတွေပါ။ သင်္ကြန်ကျောင်း ပိတ်ရက်မို့ ကလေးတော်တော်များများ ကစားနေကြပါတယ်။ “ထုတ်သတ်” “အထိအပြင်” “အထွာ” စသဖြင့် အော်ပြီး ရိုက်နေကြတဲ့ သူတို့ ကစားနည်းကို ကျွန်တော် နားမလည်တာ အမှန်ပါ။

          ပြီးတော့ သူတို့အချင်းချင်းလည်း ငြင်းကြသေးတယ်ခင်ဗျ။

ဒါကတော့ ဘယ်ခေတ်က ကလေးပဲဖြစ်ဖြစ် ဘာကစားနည်းကို ကစားကစား ငြင်းကြတာသဘာဝပါပဲ။ သူတို့ကစားနည်းက တစ်မျိုးပါ။ လေးထောင့်ကွက်ကလေးဆွဲထားတဲ့ မြေကြီးပေါ်က မျဉ်းထဲမှာ ဖန် ဂေါ်လီ ရောင်စုံကလေးတွေကို အလျားလိုက်စီထားပြီး ပစ်ကြတာ။ ခေါင်ကိုတော့ ပထမဦးဆုံး ပစ်ခွင့်ရသူက ရွေးခွင့်ရှိတယ်လို့ ကျွန်တော် ကြည့်ရင်း သဘောပေါက်လာတယ်။ ဘယ်ဘက်ကို ရွေးချင်ရွေး၊ ညာဘက်ကို ရွေးချင်ရွေးပေါ့လေ။

          နောက်တစ်နည်းကတော့ မြေကြီးပေါ်မှာ ဆွဲထားတဲ့ လေး ထောင့်ကွက်ကလေးထဲမှာ ရောင်စုံဖန်ဂေါ်လီကလေးတွေကို ထည့်ထား ပြီး စည်းတစ်ခုထားရင်း ပ၊ ဒု၊ တ စသဖြင့် ရွေးကြတယ်။ ပထမရတဲ့သူ က အရင်ပစ်ပြီး ‘ထုတ်သတ်” လို့အော်ပါတယ်။ သူတို့ဆိုလိုတဲ့ အဓိပ္ပာယ် က စည်းဝိုင်းထဲမှာ တစ်ယောက်သုံးလုံးစီထည့်ထားတဲ့ ဖန်ဂေါ်လီ ကလေးတွေထဲက တစ်လုံးကို စည်းဝိုင်းအပြင်ကို ရိုက်မထုတ်နိုင်ဘဲနဲ့ သူ့ကို ထိအောင် ရိုက်တာရော၊ ရအောင်ထွာတာရော မရဘူးဆိုတဲ့ သဘောပေါ့လေ။

“အထိအပြင်” ကျတော့ အပြင်မှာ သူ့ကိုထိအောင် ရိုက်ရမယ် လို့ အဓိပ္ပာယ်ရပါတယ်။ သူကလည်း တခြားသူကို အထွာနဲ့ပဲ သတ်လို့ ရမယ်။ သူ့ကို အထွာနဲ့နိုင်ဖို့ ကြိုးစားတဲ့သူက မထွားနိုင်ရင် (လက်မနဲ့ လက်ညှိုးဆန့်ပြီး တိုင်းလို့ ဖန်ဂေါ်လီနှစ်လုံးကို မထိရင်)သူက မထိတဲ့ဖန်ဂေါ်လီကလေး ဘေးကို ချလိုက်ရုံပဲပေါ့။ ရှုံးတဲ့သူက ဆက်ကစားခွင့် မရှိတော့ပါဘူး။

          အဲဒီနည်းတွေနဲ့ ကစားရင်း သူတို့ချင်း ငြင်းကြပါတယ်။ အော် လည်းအော်ကြတယ်။ တစ်ခါတစ်ရံ ရန်ပွဲအသေးကလေးတစ်ခုကိုတောင် တွေ့ရတတ်ပါတယ်။

          ကလေးဘဝမှာ ငြင်းကြ၊ ခုံကြရတာ ဘယ်လောက်အရသာရှိ သလဲ။ ပွဲပြီးတော့လည်း ပြီးသွားတာပါပဲ။ နောက်တစ်နေ့ ပြန်ကစားကြ တော့လည်း ဒီလူနဲ့ ဒီလူပါပဲ။

          သူတို့ကစားတာကို ငေးကြည့်ရင်း ရောင်စုံဖန်ဂေါ်လီဝိုင်း ကလေးထဲမှာ အသက်ဆယ်နှစ်လောက် မိန်းကလေးတစ်ယောက် ပါနေ တာကို ကျွန်တော် တွေ့ပါတယ်။ ဘာဖြစ်လို့ အဲဒီကောင်မလေးကို သတိ ထားမိရသလဲဆိုတော့ သူက တော်တော့်ကို အငြင်းသန်လို့ပါ။

          “နင် စည်းမခိုးနဲ့ ပါကျဲ”

         “နင့် အကျင့်မယုတ်နဲ့ တုတ်တို၊ ဘယ်ခေါင်ရွေးထားပြီး ပစ် တော့မှ ညာခေါင်လို့မပြောနဲ့..”  

         “စက်ဘီးလာနေလို့ ငါပစ်တာ လွဲသွားတာ ပြန်ပစ်မယ်”

          ကျွန်တော် အဲဒီကလေးမလေးကိုကြည့်ပြီး ဖျော့ဖျော့ကလေး ပြုံးမိတယ်။ ကျွန်တော် ငယ်စဉ်ဘဝတုန်းက ဂေါ်လီရိုက်တာကို ပြန် သတိရလို့ပါ။

          အသက်ကလေး နည်းနည်းရှိလာတဲ့လူတွေဟာ အတိတ်ကို ပြန် ပြန်လွမ်းရတာ အရသာတစ်ခုပါပဲ။ ငယ်ငယ်တုန်းက အကြောင်းကို ပြန် စဉ်းစားမိတော့ ကိုယ်လည်း ငယ်သွားတာကိုး။ အဲဒီစိတ်ခံစားမှုကို

အခုထိ ဘယ်သိပ္ပံထွန်းကားတဲ့နိုင်ငံက ဘယ်လိုဆေးမျိုးနဲ့မှ မရနိုင်ပါဘူး။ ကျွန် တော် ချက်ချင်းကြီးကို ငယ်သွားပါတယ်။

          ကျွန်တော် ပြည်သာယာလမ်းမကြီးနံဘေးက ဗာဒံပင်ရိပ် အောက်မှာ ဂေါ်လီရိုက်နေပါတယ်။ ကျွန်တော်တို့ ဂေါ်လီရိုက်တုန်းက ပိုက်ဆံကြေးရိုက်တာပါ။ ပိုက်ဆံကြေးရိုက်တယ်ဆိုလို့ ပြောပြရင် အခု ခေတ်ကလေးတွေကတော့ ရယ်ကြမလားပဲ။ ကျွန်တော်တို့ ကစားကြတဲ့ ဈေးက အထိ ဆယ်ပြား၊ အထွာ ငါးပြားပါ။ ပြားငါးဆယ် (ငါးမူး) ရှိတဲ့သူက ဆရာကြီးပေါ့။

           ကျွန်တော်ဆို တချို့နေ့တွေမှာ ဆယ့်ငါးပြား၊ ပြားနှစ်ဆယ်နဲ့ ကစားရတဲ့နေ့တွေ ရှိပါတယ်။ အဲဒီလိုနေ့မျိုးမှာကျတော့ ကျွန်တော့်ကို မထိမိ၊ မထွာမိရအောင် တစ်ပြေးတည်း ပြေးနေရတာပေါ့၊ ကိုယ် ကလည်း တခြားပြိုင်ဘက်ကို သွားမထွာရဲဘူး။ ကိုယ်က သွားကွာလို့ မမီရင် အနီး လေးဆိုတော့ သူက ရိုက်ရင် ဆယ်ပြား သွားပေရော့။ အဲဒီလိုနေ့မျိုးကျရင်တော့ ကျွန်တော်က သူတို့ရိုက်ရခက်တဲ့ မြက်တော ထဲတို့၊ ကွာရခက်တဲ့ ကျောက်ကြားထဲသို့ ထည့်လေ့ရှိပါတယ်။

           ကိုယ့်ကို ဒေါကန်ပြီး လာရိုက်တဲ့ကောင် မြက်တောထဲ လက် တစ်ကမ်းကျနေရင် ကိုယ်က သူ့ကို တိန်ခနဲ ရိုက်ပစ်လိုက်တာပေါ့။ နည်းနည်းလှမ်းပြီး မထိနိုင်လောက်တဲ့နေရာဆို ထွာပစ်လိုက်တာပေါ့။

           ဒါပေမယ့် လောင်းကစားသမားတို့ ထုံးစံအတိုင်း ရှုံးတစ်လှည့်၊ နိုင်တစ်လှည့်ပါ။ နိုင်တဲ့နေ့ကျ ကိုယ်စားချင်တဲ့မုန့်ကို စားရပြီး ရှုံးတဲ့နေ့ကျ တော့ ငုတ်တုတ်ပေါ့။ တစ်ခါတလေလည်း အဖေနဲ့ အမေ့ အိတ်ကပ်ထဲက တွမ်စရာရှိရင် တွမ်ပေါ့လေ။ များများတော့ မဟုတ်ပါဘူး။ ငါးမူး၊ တစ်မတ်ပါ။

          ကျွန်တော်တို့ ဂေါ်လီရိုက်ကြတဲ့ပွဲကို တစ်နေ့တော့ မိန်းကလေး တစ်ယောက်က သူပါမယ်ဆိုပြီး ဝင်လာပါတယ်။ သူ့လက်ထဲမှာလည်း ဂေါ်လီအသစ် (ပစ်ဒိုး) နဲ့ခင်ဗျ။ ကျွန်တော်တို့က သူ့ကို ချက်ချင်းဝင်ခွင့် မပေးပါဘူး။ ဘယ့်နှယ်ဗျာ... မိန်းကလေးဆိုတာက ဖန်ခုန်ချင် ခုန်၊ ကုလားမစီးနင်းချင် နင်း၊ ထုပ်ဆီးတိုးတမ်းကစားချင် ကစား၊ ဒါမှမဟုတ် ရင် မျက်စိမှိတ်ထားပြီး လူမှန်အောင်ရွေးရတဲ့ “တာတေကြီးနဲ့ မစိန်ရင်” ကစားချင် ကစားပေါ့...။ သူက အခု ကျွန်တော်တို့နဲ့ ဂေါ်လီရိုက်မှာ တဲ့...။

          သူ့ကို ကျွန်တော်တို့အားလုံးက ပူစူးမလို့ ခေါ်ပါတယ်။

          ကျွန်တော်တို့အချင်းချင်း ပြုံးမိကြတယ်။ အချဉ်တစ်ယောက် တော့ တွေ့ပြီပေါ့လေ...။

          “နင့်မှာ ပိုက်ဆံပါလား” 

          “ပါတယ်” 

          “မရဘူး ပူစူးမ၊ ပိုက်ဆံပြ... ဘယ်လောက်လဲ” 

          “ပြားခုနစ်ဆယ်...”

          ပူစူးမက သူ့လက်ထဲမှာဆုပ်ထားတဲ့ ပိုက်ဆံတွေကို ဖြန့်ပြတယ်။ ကျွန်တော်တို့လည်း ဝမ်းသာအားရနဲ့ ဒီပိုက်ဆံတွေ ငါတို့ရပြီ ဆိုတဲ့ အတွေးကိုယ်စီနဲ့ ဂေါ်လီပွဲကို စဖို့ ပြင်တယ်။

          “အထိ ဆယ်ပြား အထွာ ငါးပြားပဲ မဟုတ်လား”

          “အေးပေါ့... မထွာနိုင်ရင် မထိရင် ကိုယ်တိုင်က အထိ အထွာနော်၊ တစ်ခါတည်း မသေဘူး”

          “ရတယ်... ကစားမယ်” 

          “ချက်ချင်းကားလို့ မရဘူးလေ၊ ပ၊ ဒု၊ တ ရွေးရဦးမှာ” 

          “ရွေးပေါ့... ဘာဖြစ်လဲ”

          အဲဒီနေ့က ပူစူးမက ဘိတ်ကျပါတယ်။ တစ်ပွဲကစားပြီးလို့ ပြန် ပြန်ရွေးတိုင်း သူက ဘိတ်နေရာမှာပဲ နေတယ်ခင်ဗျ။ ကျွန်တော်တို့ ပစ်ပြီးတဲ့ဒိုးတွေကို ကြည့်ပြီး နောက်ဆုံးမှ သူက စဉ်းစားပြီး နေရာ ကောင်းမှာ ထားလေ့ရှိပါတယ်။

          ပြီးတော့ ပစ်ရခက်၊ ကွာရခက်တဲ့ သစ်ပင်အမြစ်ကြားတို့၊ ကျောက်စပ်ကြားတို့၊ မြက်တောတို့၊ ဗာဒံရွက်ကြွေကြားတို့မှာ သူ့ဂေါ်လီ ကို ထားလေ့ရှိတယ်။ ကျွန်တော်တို့ စိတ်တိုပြီးရိုက်တော့မှ သူပိုင်ပြီဆိုရင် ထွာချင်ကွာ၊ အထိရိုက်ချင် ရိုက်တတ်တယ်။

          နောက်တစ်ခုက ပူစူးမက တော်တော်လည်း အငြင်းသန်တယ် ခင်ဗျ။

          သူ့ဂေါ်လီက ကျွန်တော်တို့ရိုက်နိုင်တဲ့နေရာနားကို ရောက်သွား ပြီဆိုရင် ငြင်းတော့တာပါပဲ။

          “ဟဲ့... ကျော်ထွေး နင် စည်းမခိုးနဲ့နော်” 

          “ငါ... ဒီနားမှာလေ”

          “ဖနောင့်နဲ့ မနင်းနဲ့၊ ခြေထိပ်နဲ့ပဲ ရမယ်၊ ပြီးတော့ ညာခြေတစ် လှမ်းတက်ပြီး မပစ်ရဘူး”

          “ရတယ်ဟာ”

           ကျော်ထွေးက စိတ်တိုတိုနဲ့ ပစ်ခါနီးမှာ ဂေါ်လီကိုချိန်ပြီး လက် ထဲက လွှတ်ပြီဆိုတာနဲ့ “စည်းခိုးတယ်” လို့ ပူစူးမက လှမ်းအော်ပါတယ်။