Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - သီတာခုနှစ်တန်တောင်စဥ်ခုနှစ်ထပ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
မဲဇာမှ နမ့်လုံခသို့ 
တစ်တောင်ကျော် တစ်တောင်ဆင်း

လက်ယာဘက်ပြတင်းပေါက်မှ အနောက်ဘက်သို့ ပြန်စောင်းကြည့်လိုက်

သောအခါ ဝါကျင်ကျင်၊ ပြာလဲ့လဲ့၊ စိမ်းဖန့်ဖန့် မီးရောင်များဖြင့် အနီး အဝေး အနိမ့်အမြင့် ဖြစ်ပေါ်နေသော စစ်ကိုင်းတောင်ရိုးကို ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်။ ဆွမ်းဦးပုညရှင်နှင့် ပတ္တမြားစေတီအကြား အမြင့်တစ်နေရာ တွင် ဝိုင်းစက်သော လဝန်းဝါဝါ ရှိနေသည်။

          တပေါင်းလပြည့်ကျော် တစ်ရက်နေ့ ဖြစ်ချေ၏။

          ရထားသည်ပို၍ မြန်လာ၏။ ပို၍ ဆူညံလာ၏။ အပြန့်ကျယ်သော လွင်ပြင်ကြီးကို ညအခါတွင် ဖြတ်သန်းနေသဖြင့် တွဲများကို လေရိုက်သံ၊ လေတိုးသံ၊ လေခိုသံတို့သည် တဝေါဝေါ မြည်နေ၏။ လေသံရပ်သွားသော အခါများတွင် ဘီးနှင့် သံလမ်းပွတ်တိုက်သံချည်းသက်သက်။

           လက်ဝဲဘက်ပြတင်းမှ ရှေ့ဘက်သို့ အမှတ်တမဲ့ကြည့်လိုက်သော အခါ ရုတ်တရက်မို့ သိမ့်ခနဲတုန်သွားသည်။ ကွင်းပြင်ကျယ်ကြီးအလယ်တွင် ဖြူဖွေးကြီးမားသော အရာတစ်ခုကို မြင်ရ၍ဖြစ်သည်။ လရောင်တွင် ဖွေးဖွေး ဖြူနေသည်။ အထုအထည်ကြီးမား၍ ရေခဲတောင်တစ်ခုပမာ မြင့်တက်နေ သည်။ ။

ကောင်းမှုတော်စေတီတည်း။

         အထုအထည်အားဖြင့်လည်းကောင်း၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်း ကောင်း၊ တည်ရာဒေသအားဖြင့်လည်းကောင်း ကြည့်မြင်သူတို့၏ စိတ်ကို ပကတိဖမ်းချုပ်နိုင်စွမ်းရှိသည်။

          ပြန့်အလယ်တွင် တည်ငြိမ်အေးဆေးစွာ တည်ရှိနေသော ကောင်းမှုတော် စေတီကို ကျွန်တော်သည် အတန်ကြာမျှ ကြည်ညိုကြည်နူးနေမိသည်။

          “ကျွန်တော်တို့ အင်းတော်ကို ဘယ်အချိန်လောက် ရောက်မလဲ”

          ခရီးဖော် ကိုသန်းထွန်းဦး (ပုဂံ) ၏ အသံကြောင့် ကျွန်တော် လန့်သွား သည်။ လှည့်ကြည့်လိုက်သောအခါ ကိုသန်းထွန်းဦးသည် သမ်းဝေလျက်ရှိပြီ ဖြစ်ကြောင်းကို တွေ့ရသည်။ လက်မှနာရီကို ကြည့်သောအခါ ဆယ်နာရီ ထိုးတော့မည်။ ထုံးစံဆိုလျှင် မြစ်ကြီးနားရထားသည် မန္တလေးမှ ညရှစ်နာရီခွဲ တွင် ထွက်သည်။ သို့သော် ယနေ့ည နောက်ကျသည်။ ရန်ကုန်မှလာသော အမြန်ရထားကိုစောင့်နေ၍ ကိုးနာရီကျော်မှ ထွက်သည်။ ။

           “မနက်မိုးလင်းလောက်မှရောက်မှာပါ၊ ဘာလဲ... ခင်ဗျား အိပ်ချင်ပြီ လား၊ အိပ်လေ.. ရပါတယ်၊ ကျွန်တော်လည်း ကနေ့ညတော့ အိပ်ရမယ်၊ အင်းတော်ကို လွန်ပြီးပါသွားရင်လည်း နိုးတဲ့ဘူတာကျမှ ဆင်းကြတာပေါ့၊ ကျွန်တော်တို့အဖို့တော့ ဘယ်ရောက်ရောက် အရှုံးမရှိပါဘူး”

          “ကောင်းသားပဲ”

          “နေဦးလေ၊ စိတ်ချရအောင် ကျွန်တော်တို့ တွဲစောင့်ကို မေးကြည့်ကြ သေးတာပေါ့”

           မကြာမီတွင် တွဲစောင့်ရောက်လာသည်။ ခေါင်းအုံး၊ စောင်နှင့် အိပ်ရာခင်းများ လာပေးခြင်းပင် ဖြစ်သည်။

          “ဆရာတို့ စိတ်ချလက်ချ အိပ်ကြပါ၊ အင်းတော်ကို မနက်ငါးနာရီခွဲ ခြောက်နာရီလောက်မှ ရောက်မှာပါ၊ ဒါ့ထက် မစောပါဘူး”

           တွဲစောင့်က တာဝန်ခံသည်။ သို့ဖြင့် ကိုသန်းထွန်းဦးအိပ်လေတော့ သည်။ ကျွန်တော်လည်း ကက်ခအလွန်တွင် အိပ်ရာဝင်သည်။ သို့သော် ရုတ်ခြည်း အိပ်မပျော်ပါ။

           အိပ်ရာမှ ပထမအကြိမ် နိုးသောအခါတွင် ဆယ့်နှစ်နာရီခွဲ။ နာရီဝက်ခန့် မျက်လုံးကြောင်နေပြီးမှ ပြန်အိပ်ပျော်သွားသည်။ နောက်တစ်ကြိမ် နိုးသောအခါတွင် လေးနာရီ။ ရထားရပ်နေသည်။ ကိုသန်းထွန်းဦး လှုပ်လှုပ်ရှားရှား ရှိနေသည်။ ပြတင်းပေါက်ဖွင့်၍ အပြင်သို့ ကြည့်နေသည်။

          “ဘာဘူတာလဲ” 

          “ကောလင်း”

          ကျွန်တော်တို့ ပြန်မအိပ်ရဲတော့ပါ။ ခရီးလမ်းညွှန်စာအုပ်ကို ကျွန်တော် ကြည့်သည်။ ကောလင်းနှင့် အင်းတော် မိုင်ငါးဆယ်ဝေးသည်။ ကြားတွင် ခုနစ်ဘူတာ ရှိသည်။ ဝန်းသို၊ ကင်း၊ ဗျိုင်းတောင်၊ နမ်းခမ်း။

          ဟုတ်ပြီ... နမ်းခမ်း။ မန္တလေး-မြစ်ကြီးနား ရထားလမ်းခရီးတွင် ကျွန်တော် အနှစ်သက်ဆုံးအပိုင်းမှာ နမ်းခမ်းနှင့် အင်းတော်ကြားဖြစ်သည်။ သည်လမ်းတွင် တောင်များကို ဖြတ်ကျော်ခုတ်မောင်းရသည့်နေရာဟူ၍ သည်တစ်နေရာသာ ရှိလေသည်။ ကျန်ခရီးမှာ လွင်ပြင်နှင့်ကျွန်းပင်များကို ဖြတ်၍သာ။

           ဤအပိုင်းတွင်ကား ကျွန်တော်တို့သည် မင်းဝံတောင်တန်းကို ဖြတ် ကျော်ရသည်။ ဘုံချောင်းနှင့် မဲဇာချောင်းကို တွေ့ကြရသည်။ မြင့်မားသော တောင်ကမ်းပါးယံကြီးနှင့် နက်စောက်သော ချောက်ကြီးများကို မြင်ရသည်။ မိုးအခါဆိုလျှင် ရေသံတဝေါဝေါ ကြားနေရသည်။ ဘယ်နေရာ ကြည့်ကြည့် တောင်ကျစမ်းများ တသွင်သွင်။

           ဂျပန်ခေတ်က ကျွန်တော်တို့မိသားစု မြစ်ကြီးနားမှ စစ်ကိုင်းသို့ ပြောင်းရွှေ့ကြစဉ်က ဘုံချောင်းတံတားပျက်နေသဖြင့် ဝန်စည်စလယ်များကို နှစ်ဖာလုံခန့် သယ်ပိုး၍ ရထားပြောင်းခဲ့ရသည်။ တမြန်နှစ်က မြစ်ကြီးနားသို့ သွားစဉ်ကလည်း ရထားလမ်းပျက်နေသဖြင့် နမ်းခမ်းတွင် လေးနာရီခန့် သောင်တင်နေခဲ့သည်။

           အပြင်ဘက်တွင် လရောင်ဝင်းလက်နေဆဲဖြစ်သည်။ လရောင်အောက် တွင် နေကြာခင်းများနှင့် ငှက်ပျောတောများသည် လန်းဆန်းလျက် ရှိကြ သည်။ အပွင့်များ၊ အရွက်များ ညင်သာစွာ လှုပ်ရှားနေသည်ကို မြင်တွေ့ရ သဖြင့် တပေါင်းလေ စိတ်ကောင်းဝင်နေကြောင်း တွေ့ရသည်။ လွန်ခဲ့သည့် တစ်ရက်နှစ်ရက်ကဆိုလျှင် မိုးနှင့်လေ အတော်ကြမ်းခဲ့သည်ဟု ဆိုသည်။ ယခုပင် ကျိုးပြတ်နေသော သစ်ကိုင်းများ၊ အိုင်ထွန်းနေသော ရေများကိုတွေ့ ရသည်။

          နမ်းခမ်း၊ ဘုံချောင်း၊ မဲဇာ၊ ဆယ်ရွာတို့ကိုလွန်သော် အင်းတော်ကို ရောက်သည်။ နံနက်ခြောက်နာရီအတိပင်ဖြစ်သည်။ မြို့သည် လွန့်နိုးစ။

          ဘူတာတွင် မတင်ပု လာကြိုသည်။ လမ်းတစ်ဝက်လောက်ရောက်မှ ကိုမြင့်သိန်း လိုက်လာသည်ကို တွေ့ရသည်။ လင်မယားနှစ်ယောက်စလုံးပင် ကျွန်တော်နှင့် သူငယ်ချင်းများ ဖြစ်ကြသည်။

          ယောက်ျားက ကျန်းမာရေးမှူး၊ မန်ထုံတွင်။ မိန်းမက အထက်တန်းပြ ဆရာမ၊ အင်းတော်တွင်။ မန်းထုံနှင့် အင်းတော်သည် မိုင်ငါးဆယ်မျှ ကွာလှမ်း သည်။ ခရီးကြမ်းသဖြင့် တစ်နေ့ ပြင်းပြင်းသွားရသည်။ ကျွန်တော်တို့ လာမည်ဆို၍ အင်းတော်သို့ ကိုမြင့်သိန်း ခေတ္တရောက်နေခြင်းဖြစ်သည်။

          အိမ်နှင့် ဘူတာက မဝေးလှ။ မြို့ကလည်း မကြီးလှ။

          မြန်မာပြည်မြောက်ပိုင်းတွင် အင်းကြီးနှစ်အင်း ရှိသည်။ တစ်ခုက ကချင်ပြည်နယ် ကျောက်စိမ်းတွင်းနယ်တွင် ရှိသည်။ နောက်တစ်ခုက ဤအင်းတော်လေး။ ကသာခရိုင်တွင် ပါဝင်သည်။ သို့သော် အင်းတော်လေး ဟု မခေါ်ကြ။ အင်းတော်ဟုပင် ခေါ်ကြသည်။ အင်းတော်ကြီးနှင့် အင်းတော် လေးသမိုင်းတို့သည် မြန်မာပြည်အထက်ဖျား၏ သမိုင်းတစ်စိတ်တစ်ဒေသ ပင် ဖြစ်သည်။ ဤအင်းနှစ်အင်းသည် ပူတာအိုခရိုင် ခမ္မတီးလုံဒေသနှင့်လည်း ဆက်သွယ်လျက်ရှိသည်။

          ကျောတွင် ကလေးငယ်များကို ပိုးနှောင်လျက် ဈေးရောင်းဈေးဝယ် သွားကြသော ရှမ်းအမျိုးသမီးများကို လမ်းတွင်တွေ့ရသည်။ ဈေးဝယ်မည့် သူများက လက်တွင်ကြိမ်ခြင်းဆွဲလျက်။ ဈေးရောင်းမည့်သူများက နပန်း ကွင်းတောင်းနှစ်ခုကို ထမ်းပိုးဖြင့်လျှိုထမ်းလျက်။ ခုနစ်နာရီလောက်ဆိုလျှင် ဈေးကွဲမည်ဖြစ်၍ သူတို့သည် သုတ်သီးသုတ်ပျား သွားနေကြသည်။ “ဗမာစော ရှမ်းတောကပြန်” ဆိုသည်မှာ ဤသူများပင်။

          အိမ်သို့ရောက်သောအခါ လက်ဖက်ရည်သောက်ရင်း၊ မုန့်စားရင်းနှင့် ရှေးဟောင်းနှောင်းဖြစ်နှင့် ခရီးအစီအစဉ်များပြောကြသည်။ ကျွန်တော်တို့ သည် ရှေးဟောင်းနှောင်းဖြစ်များ အတန်ငယ်ပြောဆိုပြီးနောက် ခရီးစဉ် တိုင်ပင်ကြသည်။ ထိုနေ့သည် တော်လှန်ရေးနေ့ဖြစ်သည်။ ကသာတွင်မနောပွဲရှိသည်။ အင်းတော်မှလူများ ကသာသို့ အစုအဝေးနှင့် ကားများဖြင့် ညချင်းပြန်သွားရန် စီစဉ်နေကြသည်။ ကျွန်တော်က မနောပွဲလည်း ကြည့်လို သည်။ လူစုလူဝေးနှင့် ညချင်းပြန်ခရီးလည်း သွားလိုသည်။

          သို့သော် ဗန်းမောက်သို့သွားရန်လည်း ယနေ့ကား အဆင်သင့်နေ သည်။ ကိုမြင့်သိန်းနှင့် မယားညီအစ်ကိုတော်သူ၏ကားသည် ယနေ့ ဗန်းမောက်သို့ထွက်ပြီး နက်ဖြန်မနက်တွင် အင်းတော်သို့ ပြန်လာမည်ဖြစ် သည်။ သို့ဖြင့် ကျွန်တော်သည် ဗန်းမောက်သို့ အရင်သွားမည်လား၊ ကသာ သို့ အရင်သွားမည်လားကို ရွေးချယ်ဆုံးဖြတ်ရတော့သည်။ ကသာသို့သွား ရန်လည်း လွယ်သည်။ ရောက်ဖြစ်ရန်လည်းလွယ်သည်။ ဗန်းမောက်သို့ သွားရန်မလွယ်။ လမ်းကြမ်းသည်။ အခြေအနေမသင့်လျှင် သွားဖြစ်ရန် မလွယ်ကူချေ။ ထို့ပြင် ကျွန်တော်သည် ကဒူးကနန်းတို့၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးအခြေအနေတို့ကို ပို၍သိလိုသည်။ ထို့ကြောင့် ဗန်းမောက်သို့ အရင်သွားရန် သဘောတူလိုက်ကြသည်။

          နံနက်ထမင်းစားပြီးချိန်တွင်မှ ကားထွက်မည်ဆိုသဖြင့် ကျွန်တော်တို့ မြို့ကိုလှည့်ကြည့်သည်။ ကျွန်တော်နှင့်အတူ စာပေသမားတစ်ဦးဖြစ်သူ ကိုအောင်မင်း လိုက်ပါလာသည်။ သူသည် စာအလွန်ဖတ်သည်။ စာရေး ဆရာများအကြောင်း၊ စာအကြောင်း အတော်သိသည်။ အတော်စိတ်ဝင်စား သည်။ စာဖတ်သူတစ်ဦးအနေဖြင့် ထင်မြင်ချက်များ၊ ဝေဖန်ချက်များပေး သည်။ သူသာမက ဤဒေသမှ လူငယ်အများအပြား စာဖတ်ကြကြောင်း သိရသည်။ သူတို့၏ စာဖတ်အဆင့်အတန်းမြင့်မားကြောင်း သိမြင်ရသည်။ မိမိတို့ပိုင်နိုင်သော နယ်မြေနှင့် လုပ်ငန်းကိုအခြေခံ၍ စာရေးကြရန်သူတို့ကို ကျွန်တော် တိုက်တွန်းသည်။

           အင်းတော်မြို့သည် အင်းတော်ချောင်းနှင့် ရထားလမ်းအကြားတွင် အရှေ့အနောက်တန်းနေသည်။ ကျွန်တော်တို့သည် မြို့အရှေ့ဘက်ရှိ

လောကမာရဇိန်ဘုရားသို့ လျှောက်ခဲ့ကြသည်။ ဘုရားကုန်းတော်သည် အတန်ငယ်မြင့်သည်။ ကုန်းတော်ထက်မှ ကြည့်သောအခါ အင်းတော် တစ်မြို့လုံးနှင့် အနီးဝန်းကျင်ရွာများကို မြင်ရသည်။ ချောင်းတစ်လျှောက်တွင် ရေချိုးနေသူများကို မြင်ရသည်။ ပြာလဲ့သော အင်းရေပြင်တစ်ခုလုံးကို တွေ့ရသည်။ အလျားသုံးမိုင်၊ အနံတစ်မိုင်ခန့်ရှိသည်။ သည်အင်းကိုမှီ၍ ဆည်ရွာ ဖြစ်ပေါ်သည်။ ဆည်ရွာနှင့် မလှမ်းမကမ်းတွင် မန်လည်ဆရာတော်ဘုရား ကြီး၏ ဇာတိရွာဖြစ်သော မန်လည်ရွာရှိသည်။ မန်လည်ပိဋကတ်တိုက်သည် သုတေသီများ ပျော်ပိုက်ရာ ဖြစ်သည်။ တစ်လောကပင် မန်လည်ပိဋကတ် တိုက်မှ ရရှိသော ပေမူတစ်ခုကို ရန်ကုန်မှ ပုံနှိပ်ထုတ်ဝေကြသည်။ မန်လည် တွင် ပုံမနှိပ်ရသေးသော ပေမူ အမြောက်အမြားရှိသည်ဟု သိရသည်။

          အနောက်ယွန်းယွန်းတွင် လှပသော တောင်ထွတ်တစ်ခုကို မြင်ရ သည်။ သူများထက်လည်း မြင့်သည်။ သူများထက်လည်း ပုံသဏ္ဌာန် ထူးခြားသည်။ ဂျပန်ပြည်မှ ဖူဂျီယာမာနှင့် ဆင်သည်။

         “အဲဒါ ဘာကောင်လဲ” 

         “မိုင်းသုံ” 

         “အတော်မြင့်တာပဲ” 

         “အမြင့်ပေ ငါးထောင့်ငါးရာလောက် ရှိတယ်”

         ကျွန်တော်တို့သည် ဘုရားကုန်းတော်ပေါ်တွင် ပေရည်သောက်ပြီး နောက် မြို့တွင်းသို့ ပြန်ခဲ့ကြသည်။ တည်းအိမ်သို့ ရောက်သောအခါ ဆယ်နာရီထိုးပြီဖြစ်၍ ကမန်းကတန်း ရေချိုးကြသည်။ ထိုအချိန်ထိ အအေး ဓာတ် ရှိနေဆဲဖြစ်သည်။ နံနက် ရှစ်နာရီလောက်ကဆိုလျှင် နှင်းများကျနေ သဖြင့် အတော်အေးသည်။ အနွေးထည်များ ထပ်ဝတ်ထားကြရသည်။ ဤအချိန်မျိုး တွင် မန္တလေးနှင့် ရန်ကုန်တွင် အဘယ်မျှပူလိုက်ချေမည်နည်းဟု မှန်းဆ ကြည့်မိသည်။

          ရေချိုး၍ မပြီးတတ်မီမှာပင် ကားထွက်တော့မည်ဟု ခေါ်လာသည်။ သို့ဖြင့် ကျွန်တော်တို့သည် ထမင်းကို ကသုတ်ကရုတ် စားကြရသည်။ သည်အထဲတွင် ထမင်းကစား၍ကောင်းနေသည်။ တော်တော်နှင့် လက်စ မသတ်ချင်ဘဲရှိနေသည်။ ကိုမြင့်သိန်း မန်ထုံမှယူလာသော တောဝက်သား သည် ကောင်းမွန်လှသည်။ တောဝက်ခေါက်သည် ပါးလှပ်၍ကြွပ်ဆတ် သည်။ စားရသည်မှာ တထုတ်ထုတ်ရှိသည်။ ယင်းအပြင် ဟင်းရွက်သုပ် တစ်ခုမှာ နူးညံ့လှသည်။ ကျွန်တော်သည် ဟင်းသီးဟင်းရွက်အစားများသော ကချင်ပြည်နယ်မှာလည်း နေဖူးသည်။ မြန်မာပြည်အလယ်ပိုင်းမှာလည်း