Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - ရဲတိုက်ကြီး

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

[ ၁ ]

ကေ ရောက်ရှိသွားသောအခါ မိုးချုပ်နေပြီ။ ရွာသည် နှင်းမြူထဲတွင် မြုပ်ဝင်နေသည်။ အမှောင်နှင့် နှင်းမြူများ ဖုံးကွယ်ထားသဖြင့် ရဲတိုက်ကြီးတည်ရှိရာ တောင်ကို မတွေ့မြင် ရပါ။ ထိုအရပ်တွင် ရဲတိုက်ကြီးတစ်ခုရှိကြောင်း ပြသသည့် အလင်းရောင်ပင် မရှိပါ။ ကေသည် ရွာသို့သွားရာလမ်းမကြီးပေါ်ရှိ သစ်သားတံတားပေါ်တွင်ရပ်ကာ သူ့အထက် ဘက်ရှိ လှည့်ဖြားတတ်သော လဟာပြင်ကြီးကို အတန်ကြာငေးမောလျက်ရှိတော့သည်။

          ထို့နောက် သူသည် ထိုညအဖို့ အိပ်စက်ရန်နေရာရှာဖွေဖို့ ထွက်ခွာသွားသည်။ တည်းခိုခန်းသည် သက်ဝင်လှုပ်ရှားဆဲဖြစ်သည်။ ညအချိန်မတော်တွင် မမျှော်လင့်ဘဲ ရောက်ရှိလာသော ဧည့်သည်အတွက် အခန်းတစ်နေရာ ပေးစရာမရှိသဖြင့် တည်းခိုခန်း ပိုင်ရှင် ကသိကအောက်ဖြစ်နေရသော်လည်း သူ့ကို ဧည့်ခန်းတွင် ကောက်ရိုးအိတ် တစ်လုံးပေါ်၌ အိပ်ခွင့်ပြုခဲ့သည်။ လယ်သမားအချို့သည် ဘီယာသောက်နေကြဆဲ ဖြစ်သော်လည်း ကေသည် ၎င်းတို့နှင့် စကားပြောလိုစိတ်မရှိသဖြင့် ကောက်ရိုးအိတ် တစ်လုံးကို အပေါ်ထပ်မှ သူကိုယ်တိုင် သယ်ယူခဲ့ပြီး မီးဖိုနံဘေးတွင် လဲလျောင်းလိုက် တော့သည်။ နေရာက ပူနွေးပြီး လယ်သမားများက တိတ်တိတ်ဆိတ်ဆိတ်ရှိကြသဖြင့် သူသည် နွမ်းနယ်သော မျက်လုံးများဖြင့် ၎င်းတို့ကို ကြည့်နေရင်းမှာပင် အိပ်ပျော်သွား တော့သည်။

          သို့သော် သိပ်မကြာခင်မှာပင် သူ နိုးလာသည်။ မျက်ခုံးထူထူ၊ မျက်ပေါက် ကျဉ်းကျဉ်း၊ သရုပ်ဆောင်တစ်ဦး၏မျက်နှာဖြင့် မြို့သားတစ်ယောက်လို ဝတ်ဆင် ထားသော လူရွယ်တစ်ဦးသည် တည်းခိုခန်းပိုင်ရှင်နှင့်အတူ သူ့နံဘေးတွင် မတ်တတ်ရပ်လျက်ရှိသည်။ လယ်သမားများသည် အခန်းထဲတွင်ရှိနေကြဆဲဖြစ်ပြီး တချို့က ပိုပြီး ကြားသာ မြင်သာအောင် သူတို့၏ကုလားထိုင်များကို လှည့်လိုက်ကြသည်။

          လူရွယ်သည် ကေကို နှိုးရသည့်အတွက် အထူးပင် ယဉ်ကျေးသိမ်မွေ့စွာ တောင်းပန်လိုက်ပြီးနောက် သူသည် ရဲတိုက်မှူးကြီး၏ သားဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ပါသည်။ ထို့နောက် သူက ပြောဆိုသည်မှာ

          “ဒီရွာကို ရဲတိုက်ကြီးက ပိုင်တယ်။ ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဒီရွာမှာ နေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီရွာမှာ ညအိပ်ရင်ဖြစ်ဖြစ် ပြောရမယ်ဆိုရင် ရဲတိုက်ကြီးမှာ နေတာနဲ့ အတူတူပဲ။ မင်းကြီးရဲ့ ခွင့်ပြုချက် မရဘဲ ဘယ်သူမှ အဲဒီလိုမျိုး နေခွင့်မရှိဘူး။ ခင်ဗျားမှာလည်း အဲဒီလိုမျိုး ခွင့်ပြုချက်မရှိဘူး။ ဒါမှမဟုတ် ခင်ဗျားအနေနဲ့ ဘာခွင့်ပြု ချက်ကိုမှ မတင်ပြနိုင်ဘူး”

           ကေသည် အိပ်နေရာမှ အနည်းငယ်ထလိုက်ပြီး ဆံပင်ကို လက်ဖြင့်သပ်ကာ သူ့ဘေးတွင် ရပ်နေသူ နှစ်ဦးကို မော့ကြည့်လိုက်သည်။ ထို့နောက်

           “အခု ကျွန်တော်ရောက်နေတာ ဘာရွာလဲ။ ဒီရွာမှာ ရဲတိုက်ကြီးတစ်လုံး

ရှိသလား”

            “အသေအချာရှိတာပေါ့။ ကျွန်တော့်ရဲ့ သခင် မင်းကြီး ဝက်စ်ဝက်စ် ရဲ့ ရဲတိုက်ကြီးပဲပေါ့”

ကေ၏စကားကြောင့် ဟိုနေရာ သည်နေရာမှ ခေါင်းများ လှုပ်ယမ်းလိုက်ကြ စဉ်တွင် လူရွယ်က ဖြည်းလေးစွာ ပြန်လည်ပြောဆိုသည်။

            “လူတစ်ယောက်ဟာ ဒီမှာအိပ်ဖို့ ခွင့်ပြုချက်လိုသလား”

            သူကြားလိုက်ရသည်မှာ အိပ်မက်တစ်ခုမဟုတ်ကြောင်း သေချာစေလိုသည့် သဘောဖြင့် ကေက မေးလိုက်သည်။

            “လူတစ်ယောက်မှာ ခွင့်ပြုချက် လက်မှတ်တစ်ခုရှိရမယ်”

            လူရွယ်က ယင်းသို့ ဖြေကြားလိုက်ပြီးနောက် ကေကို မထီတရီ လှောင် ထုံသည့် အမူအရာမျိုး ပြလိုက်ပြီးနောက် အခန်းတွင်းရှိ လူများကို မေးလိုက်သည်။

           “ခွင့်ပြုချက်တစ်ခု မရှိရဘူးတဲ့လား” 

           “ဟုတ်ပြီ၊ ဒါဆိုရင် ကျွန်တော် ခွင့်ပြုချက်တစ်ခု သွားယူမယ်”

           ကေက အိပ်ရာမှထရန် စောင်ကို တွန်းဖယ်လိုက်ပြီး သမ်းဝေရင်း ပြောသည်။ “ဘယ်သူ့ဆီက သွားယူမှာလဲ” လူရွယ်က မေးသည်။ “မင်းကြီးဆီကပေါ့။ ဒီနည်းပဲ လုပ်စရာရှိတာပဲ”

          ကေက ပြန်ဖြေသည်။ 

          “ညလယ်ကောင်ကြီးမှာ မင်းကြီးဆီက ခွင့်ပြုချက် သွားယူမယ်တဲ့လား”

           လူရွယ်က နောက်တစ်လှမ်းဆုတ်ရင်း ရွတ်ဆိုလိုက်သည်။ 

          “အဲဒါ မဖြစ်နိုင်ဘူးလား”

           ကေက ခပ်အေးအေးပင် မေးလိုက်သည်။ 

           “ဒါဖြင့်ရင် ခင်ဗျား ကျွန်တော့်ကို ဘာဖြစ်လို့ နှိုးရတာလဲ” 

           ဤတွင် လူရွယ် အမျက်ဒေါသ ချောင်းချောင်းထသွားသည်။

           “ကလေကချေအပေါက်တွေ လာလုပ်မနေနဲ့ ။ မင်းကြီးရဲ့ အမိန့်အာဏာကို လေးစားပါ။ ခင်ဗျားကို ကျုပ် နိုးတာက မင်းကြီးရဲ့နယ်ထဲကနေ ခင်ဗျား အခုချက်ချင်း ထွက်သွားဖို့ပဲ”

           သူက အော်ပြောသည်။ 

           “ဒီအချိုးမျိုးတွေ မလုပ်ပါနဲ့”

            ကေက လေသံအေးအေးဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် ပြန်လည် လဲလျောင်းကာ စောင်ကို ဆွဲခြုံလိုက်ပြီး

            “ဒီမယ် ကိုယ့်လူ၊ ခင်ဗျားပြောတာ နည်းနည်းတော့ လွန်တယ်။ မနက်ဖြန် ကျမှ ခင်ဗျားအပြုအမူနဲ့ပတ်သက်ပြီး ပြောဦးမယ်။ လိုအပ်ရင် ဒီက တည်းခိုခန်းပိုင်ရှင်နဲ့ ဟောဟိုလူကြီးမင်းတွေက ကျုပ်ကို ထောက်ခံကြလိမ့်မယ်။ ခင်ဗျားကို ကျုပ် ပြောမယ်။ ကျုပ်ဟာ မင်းကြီးမျှော်နေတဲ့ မြေတိုင်းစာရေး ပဲ။ ကျုပ်ရဲ့ လက်ထောက်နှစ်ယောက်ဟာ မနက်ဖြန်ကျရင် ပစ္စည်းကိရိယာတွေနဲ့အတူ မြင်းရထားနဲ့ ရောက်လာကြလိမ့်မယ်။ ကျုပ်က နှင်းတောထဲမှာ လမ်းလျှောက်ချင်လို့ လျှောက်လာခဲ့တယ်။ ဒါပေမဲ့ ကံ မကောင်းချင်တော့ ခဏခဏလမ်းပျောက်ပြီး အခုလို အများကြီးနောက်ကျပြီးမှ

ရောက်လာရတာပဲ။ ရဲတိုက်ကြီးမှာ သတင်းပို့ဖို့ အများကြီး နောက်ကျနေပြီဆိုတာ ခင်ဗျား မပြောခင်ကတည်းက ကျုပ်သိတယ်။ ဒါကြောင့် ဒီမှာ ကျုပ် အိပ်နေရတာပဲ။ ဒါကြောင့်မို့ ခင်ဗျားအနေနဲ့ ကျုပ်ကို အခုလို ယဉ်ကျေးသိမ်မွေ့မှုမရှိဘဲ နှောင့်ယှက်ခွင့် ရတာပဲ။ ကျုပ်ပြောစရာ ဒါအကုန်ပဲ။ ကောင်းသောညပါ လူကြီးမင်း”

           ယင်းသို့ပြောပြီး ကေက မီးဖိုဘက်သို့ စောင်းလိုက်သည်။

            “မြေတိုင်းစာရေးတဲ့လား”

           သူ၏ ကျောဘက်မှ ဆုတ်ဆိုင်းသော မေးခွန်းသံကို ကြားလိုက်ရသည်။ ထို့နောက် အားလုံး တိတ်ဆိတ်သွားသည်။ သို့ရာတွင် လူရွယ်သည် များမကြာမီမှာပင် သတိပြန်ဝင်လာပြီး ကေ အိပ်နေသည်ကို သတိထားပုံနှင့် အသံကို တိုးပြီး သို့သော်ကောင်းစွာကြားသာသော အသံကျယ်ကျယ်ဖြင့် တည်းခိုခန်းပိုင်ရှင်ကို ပြောလိုက်သည်။

          “ကျုပ် ဖုန်းဆက်ပြီး စုံစမ်းမယ်” 

           ယင်းသို့ဆိုလျှင် ဤရွာတည်းခိုခန်းတွင် တယ်လီဖုန်းရှိချေသလား။ သူတို့မှာ ရှိရသည့် အရာများအားလုံး ရှိသည်ပဲ။ တစ်ခဏတော့ ကေ အံ့အားသင့်သွားသည်။ သို့သော် ခြုံလိုက်လျှင်မူ ဤအတိုင်းပဲ သူ မျှော်လင့်ထားသည်။ တယ်လီဖုန်းက သူ့ခေါင်းပေါ်လောက်မှာပင် ရှိနေသည်။ သူ အိပ်ချင်မူးတူးနှင့်မို့ မမြင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူရွယ်သည် ဖုန်းဆက်ရမည်ဆိုလျှင် သူ့တွင် အဘယ်မျှ စိတ်ကောင်း ရှိစေကာမူ ကေကို အနှောင့်အယှက်မပေးဘဲ မနေနိုင်ပါ။ ပြဿနာက ကေအနေနှင့် သူ့ကို ဖုန်းဆက်ခွင့် ပြု မပြုပင် ဖြစ်သည်။ ကေက ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။ ယင်းသို့ဆိုလျှင် သူ့အနေနှင့် အိပ်ချင်ယောင် ဆောင်နေရန်မလိုပါ။ ယင်းကြောင့် သူက နောက်ဘက်သို့ လှည့်လိုက်သည်။

          လယ်သမားကြီးများ ခေါင်းချင်းဆိုင်နေကြသည်ကို သူ မြင်ရသည်။ မြေတိုင်း စာရေးတစ်ယောက် ရောက်ရှိလာခြင်းသည် သေးငယ်သောကိစ္စမဟုတ်ပါ။ မီးဖိုဆောင် တံခါး ပွင့်လာသည်။ အပေါက်ဝတွင်ရပ်နေသော တည်းခိုခန်းပိုင်ရှင်ကတော်၏ ဧရာမ ကိုယ်လုံးကြီးက တံခါးပေါက်တစ်ခုလုံးကို ပိတ်နေသည်။ တည်းခိုခန်းပိုင်ရှင်က ဘာတွေ ဖြစ်နေသည်ကိုပြောပြရန် အမျိုးသမီးကြီးထံသို့ ခြေဖျားထောက်ပြီး လျှောက်သွားသည်။

            ယခုအခါ တယ်လီဖုန်းတွင် စကားပြောနေသံ ကြားရသည်။ ရဲတိုက်မှူးကြီး အိပ်နေသည်။ လက်ထောက်ရဲတိုက်မှူးတွေရှိသည့်အနက် ဟာဖရစ် အမည်ရှိသော လက်ထောက်ရဲတိုက်မှူးတစ်ယောက်နှင့်အဆက်အသွယ်ရသည်။ လူရွယ်က သူ့ကိုယ်သူ ရှဝါဇာ ဟု ပြောသည်။ ကေကို တွေ့ရှိကြောင်း သတင်းပို့သည်။ သုံးဆယ်ကျော်အရွယ် ဖြစ်ကြောင်း၊ ကောက်ရိုးအိတ်တစ်လုံးပေါ်တွင် ငြိမ်သက်စွာ အိပ်နေကြောင်း၊ ခေါင်းအုံး အဖြစ် သုံးရန် ပခုံးလွယ်အိတ် ပါသည်ကို မတွေ့ရကြောင်း၊ အနီးအနားတွင် လက်ကိုင် တုတ်တစ်ချောင်းကိုလည်း မတွေ့ရကြောင်း၊ ထိုသတ္တဝါကို သူ့အနေနှင့် မသင်္ကာ

ကြောင်း၊ တည်းခိုခန်းပိုင်ရှင်က ၎င်း၏အလုပ်ကို ပျက်ကွက်ခဲ့သဖြင့် သူ (ရှဝါဇာ) က မေးမြန်းစုံစမ်းရကြောင်း၊ ထိုလူကို သူက နှိုးပြီး မေးမြန်းကြောင်း၊ ဤဒေသသည် မင်းကြီး၏နယ်ပယ်ဖြစ်သည်ကို သတိပေးရကြောင်း၊ ယင်းကို ထိုလူက ကောင်းမွန်စွာ လက်ခံပုံ မရကြောင်း၊ နောက်ဆုံးတွင် ထိုလူက သူသည် မင်းကြီးက ငှားထားသော မြေတိုင်းစာရေးဖြစ်သည်ဟု ပြောဆိုကြောင်း၊ ယင်းကြောင့် ယင်းပြောဆိုချက်ကို တရားဝင် အတည်ပြုချက်ရယူဖို့လိုကြောင်း၊ ထို့ကြောင့် မြေတိုင်းစာရေးကို မျှော်လင့် စောင့်စားနေခြင်း ရှိ မရှိကို ဗဟိုဌာနကြီးသို့ စုံစမ်းမေးမြန်းပေးရန် ဟာဖရစ်ကို ရှဝါဇာတောင်းခံသည်။ ချက်ချင်း တယ်လီဖုန်းပြန်ဆက်ရန် ပြောဆိုသည်။

           ဖရစ်က စုံစမ်းမေးမြန်းမှု ပြုလုပ်ပြီး လူရွယ်က အဖြေကို စောင့်စားနေချိန်တွင် တိတ်ဆိတ်လျက်ရှိသည်။ ကေက အနေအထား မပြောင်းပါ။ တစ်ကြိမ်မျှ လှည့်ကြည့်ခြင်း မရှိပါ။ ဥပေက္ခာပြုထားဟန်ဖြင့် လေဟာပြင်ထဲကိုသာ ငေးစိုက်လျက်ရှိသည်။ ရှဝါဇာ၏ သတင်းပို့မှုတွင် အာဃာတနှင့် လိမ္မာပါးနပ်မှု ရောယှက်နေသဖြင့် ရဲတိုက်ကြီးကို ရှဝါဇာ တို့လို လက်အောက်ငယ်သားများပင်လျှင် သံတမန်အတတ်ပညာ ကြွယ်ဝကြောင်း ကေ သဘောပေါက်မိသည်။ ထိုမျှသာမက ၎င်းတို့သည် လုံ့လဝီရိယအမှုတွင် ပေါ့ဆ ခြင်းလည်း မရှိကြချေ။ ဗဟိုဌာနကြီးတွင် ညဆိုင်းတာဝန်ချထားသည်။ စုံစမ်းမေးမြန်း သည်များကိုလည်း ချက်ချင်းပင် ဖြေကြားဟန်ရှိသည်။ ဖရစ်က ဖုန်းပြန်ဆက်သည်။ သူ၏ဖြေကြားချက်က တိုတိုတုတ်တုတ်ပင် ဖြစ်ဟန်ရှိသည်။ ရှဝါဇာက တယ်လီဖုန်းကို ချက်ချင်းပင် ချထားလိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် ... ။

           “ကျုပ်ပြောတဲ့အတိုင်းပဲ။ မြေတိုင်းစာရေးအကြောင်း ဘာအစအနမှ မရှိဘူး။ သာမန်လူတစ်ယောက်ပဲ။ ကလေကချေ လူလိမ်ပါ။ ဒါ့ထက်တောင် ဆိုးနိုင်သေးတယ်”

            ကေ၏စိတ်ထဲတွင် သူတို့အားလုံးကို တွေးလိုက်မိသည်။ ရှဝါဇာ၊ လယ်သမား ကြီးများ၊ တည်းခိုခန်းပိုင်ရှင်၊ ပိုင်ရှင်ကတော်။ သူတို့အားလုံး တစုတဝေးကြီး သူ့ကို ဝိုင်းပြီး တိုက်ကြပေတော့မည်။ ၎င်းတို့၏ ပထမအသုတ် တိုက်ခိုက်မှုမှ လွတ်မြောက် စေရန် ကေသည် စောင်အောက်သို့ တိုးဝင်လိုက်သည်။ ထိုစဉ်မှာပင် တယ်လီဖုန်းသံ ထွက်ပေါ်လာပြန်သည်။ အထူးတလည် ထပ်ဆက်ခြင်းဟု ကေ ထင်မိသည်။ ဖြည်းလေးစွာ ခေါင်းဖော်လိုက်သည်။ ဤဖုန်းသည် ကေနှင့် ပတ်သက်ဖွယ်ရာ မဖြစ်နိုင် သော်လည်း အားလုံးပင် တုံ့ဆိုင်းသွားကြသည်။ ရှဝါဇာက တယ်လီဖုန်းခွက်ကို ကောက်ယူလိုက်ပြန်သည်။ တစ်ဖက်က တော်တော်ရှည်ရှည်ကလေး ပြောနေသည်ကို သူ နားထောင်သည်။ ထို့နောက် ခပ်တိုးတိုးကလေး ပြောသည်။

           “မှားယွင်းမှုတစ်ခု ဟုတ်လား။ အဲဒီလိုကြားရတာ ကျွန်တော် စိတ်မကောင်းဘူး။ ဌာနကြီးမှူးကိုယ်တိုင် အဲဒီလိုပြောသလား။ သိပ်ထူးဆန်းတာပဲ။ သိပ်ထူးဆန်းတာပဲ။ ဒီအကြောင်းတွေအားလုံးကို မြေတိုင်းစာရေးကို ကျွန်တော် ဘယ်လိုရှင်းပြရမလဲ”

           ကေ နားစွင့်လိုက်သည်။ ယင်းသို့ဆိုလျှင် ရဲတိုက်ကြီးက သူ့ကို မြေတိုင်း စာရေးအဖြစ် အသိအမှတ်ပြုချေပြီ။ သို့သော် တစ်နည်းအားဖြင့် ဤအချက်သည် သူ့အဖို့ အတိတ်နိမိတ်ကောင်း မဟုတ်ပါ။ အကြောင်းမှာ ဤအချက်သည် ရဲတိုက် ကြီးက သူ့အကြောင်း ကောင်းကောင်းသိနေသည်ဟု ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မှန်းဆပြီးနောက် သူက စိန်ခေါ်မှုကို အပြုံးဖြင့် လက်ခံလိုက်သည်။