Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - ရောမကမိန်းမပျက်

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out
အပိုင်းတစ်
(၁)

          အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် ကျွန်မသည် တကယ်ပင် လှပ၍နေချေပြီ။ သွယ်ဝန်းသောမျက်နှာ၊ ရည်ရွှန်းသော မျက်လုံး၊ ဖြောင့်တန်းသော နှာတံ၊ နီမြန်းသော နှုတ်ခမ်း၊ စီရီဖြူဖွေးသော သွားတို့နှင့် ဖြစ်သည်။ ကျွန်မကိုမယ်တော်မာရီနှင့်တူသည်ဟုအမေပြောလေ့ရှိပါသည်။နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးနှင့်တူသည်ဟု အပြောခံရသကဲ့သို့ပင် ကျွန်မ စိတ်တွင် ချောက်ချားသွားမိပါသည်။ ယင်းကြောင့်ပင် ကျွန်မဆံပင်ကို မယ်တော်မာရီကဲ့သို့ပင် ပြုပြင်ပါသည်။ ကျွန်မ၏ ကိုယ်လုံးကိုယ်ထည် သည် ကျွန်မ၏မျက်နှာထက် အဆတစ်ရာမျှ ပို၍ လှပသည်ဟု အမေက ဆိုပါသည်။ ရောမတစ်မြို့လုံးတွင် ကျွန်မလို ကိုယ်လုံးကိုယ်ထည်မျိုး တစ်ယောက်မျှ မရှိဟု ဆက်၍ ပြောပါသည်။ ထိုအချိန်ကတော့ ကျွန်မသည် ကိုယ်လုံးကိုယ်ထည်နှင့် ပတ်သက်၍ သိပ်အမှုမထားခဲ့ပါ။ မျက်နှာကလေး လှနေလျှင် တော်လောက်ပြီဟု အောက်မေ့ပါသည်။ သို့ရာတွင် ယခုအခါ တွင်တော့ အမေပြောသည်မှာ မှန်ကြောင်း ကျွန်မ ဝန်ခံပါသည်။ ကျွန်မသည် ပေါင်တံဖြောင့်စင်း၍ ကားရားသောတင်၊ ရှည်လျားသော ကျော၊ ကျင်သော ခါးနှင့် ကျယ်သောပခုံးတို့ ရှိပါသည်။ ကျွန်မ၏ ဝမ်းဗိုက်သည် မို့မို့တင်းတင်းကလေးဖြစ်၏။ ချက်သည် ဗိုက်သားထဲသို့ နက်ရှိုင်းစွာ မြုပ်ဝင်နေသဖြင့် ပျောက်ကွယ်နေသလောက်ပင် ဖြစ်ပါသည်။ သို့ရာတွင် အမေကတော့ ယင်းကဲ့သို့ မို့မောက်နေခြင်းသည် ပို၍ လှသည်ဟု ပြောပါ၏။ အမျိုးသမီး တို့ ဝမ်းဗိုက်သည် ယနေ့ ခေတ်စားနေသလို ရှပ်ရှပ်ကလေးနေသည်ထက် မို့မို့မောက်မောက်ကလေး ရှိနေသင့်သည်ဟု ယူဆ၏။ ကျွန်မ၏ ရင်သည် အထူးပင် ဖွံ့ဖြိုးလှသည်။ တင်းတင်းအိအိကြီး ဖြစ်၏။ ကျွန်မက ကြီးလွန်း သည်ဟုဆိုသောအခါတွင် အမေက ဒါမှ တကယ့်အလှဟု ဆို၏။ ယနေ့ အမျိုးသမီးများတွင် ရင်ဆိုသည်မှာ မရှိတော့ဟု ဆိုချေ၏။ အဝတ်အစားများ ချွတ်ထားသောအခါတွင် ကျွန်မသည် အရပ်မြင့်၍ အချိုးအစားကျနလှပါ သည်။ ပန်းပုရုပ်နှင့်တူသည်ဟု နောက်ပိုင်းတွင် သူတို့က ပြောပြပါသည်။ သို့ရာတွင် အဝတ်အစားများ ဝတ်ထားသောအခါတွင်ကား ကျွန်မသည် သွယ်လျသော မိန်းကလေးတစ်ဦးပင်ဖြစ်ပြီး ဤသို့ ကိုယ်လုံးကိုယ်ထည်မျိုးရှိ မည်ဟု မည်သူကမျှ ထင်မည် မဟုတ်ချေ။ ယင်းသို့ ထင်မြင်ကြရသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မျှတပြီး အချိုး အစားကျနသောကြောင့်ဟု ပထမဆုံး ကျွန်မ ကိုယ်ဟန်ပြရသော ပန်းချီဆရာ က ပြောပါသည်။

          ယင်းပန်းချီဆရာကို အမေက ကျွန်မအတွက် ရှာဖွေခဲ့ခြင်း ဖြစ်ပေ သည်။ အမေကိုယ်တိုင်သည်လည်း အိမ်ထောင်ကျပြီး အပ်ချုပ်သည်မ မဖြစ်မီက ကိုယ်ဟန်ပြမယ်တစ်ဦးပင် ဖြစ်ပါသည်။ ယင်းပန်းချီဆရာထံသို့ ပထမဆုံးအကြိမ် သွားရောက်စဉ်က ကျွန်မတစ်ယောက်တည်း သွားပါမည် ဟုဆိုသော်လည်း အမေက အတင်းလိုက်လာပါသည်။ လူစိမ်းယောကျာ်း တစ်ယောက်ရှေ့တွင် အဝတ်များချွတ်၍ ပြရမည့်ကြောင့်ထက် ထိုသူ့အား အမေက ဈေးစကားများပြောကြားမည့်အတွက် ကျွန်မက ရှက်နေမိပါသည်။ တကယ်လည်း တကယ်ပင် ဖြစ်၏။ အမေသည် ကျွန်မအား အဝတ်များကူ ၍ ချွတ်ပေးပြီးနောက် ခန်းမအလယ်ကောင် ကိုယ်တုံးလုံးကြီး ရပ်နေစေပါ သည်။ ထို့နောက် သူမသည် ပန်းချီဆရာကို စိတ်အားထက်သန်စွာ ပြောပါ

တော့သည်။ “ကြည့်စမ်းပါဦး၊ သူ့ရင်ကြီးတွေ ဘယ်လောက်ထားပြီး သူ့ တင်ကြီးတွေ ဘယ်လောက်ကားသလဲဆိုတာ၊ ပြီးတော့ ပေါင်တံကြီးတွေကိုလည်း ကြည့်လိုက်စမ်းပါဦး၊ ဒီပေါင်တံမျိုး၊ ဒီတင်မျိုး၊ ဒီရင်မျိုးကို ရှင် ဘယ်မှာများ ရှာလို့ရနိုင်မလဲ” အမေက ယင်းသို့ပြောရင်း ကျွန်မ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လက်ညှိုးနှင့် ထိုးပြ၊ ပုတ်ပြ၊ ထိပြပါသည်။ ဈေးထဲတွင် တိရစ္ဆာန်များကို ရောင်းချသည့်အခါတွင် လူတွေဝယ်ချင်အောင် ပြသပုံမျိုးဖြစ်ပါသည်။ ပန်းချီဆရာက ရယ်မော၍နေသည်။ ကျွန်မက ရှက်လာသည်။ ပြီးတော့ ဆောင်းတွင်းဖြစ်၍ ချမ်းလည်း ချမ်းပါသည်။ သို့ရာတွင် ယင်းကဲ့သို့ ပြသပြောဆိုနေခြင်းများသည် မလိုလားအပ်သည့် အသွင်မျိုးဖြင့် မဟုတ်ဘဲ မိခင်တစ်ဦးအနေဖြင့် ကျွန်မ၏အလှကို ဂုဏ်ယူ ဝင့်ကြွားသောအားဖြင့်ဖြစ်ကြောင်း ကျွန်မက နားလည်ပါသည်။ ကျွန်မ လှသည်ဆိုလျှင် အမေလည်း လှသောကြောင့်ပင် ဖြစ်ရပေမည်။ ပန်းချီဆရာ ကလည်း ယင်းသဘောကို နားလည်ဟန်ရှိပါသည်။ ထို့ကြောင့် ကျွန်မသည် စိတ်သက်သာရာရသွားပြီး မီးလှုံရန် မီးဖိုဆီသို့ ခြေဖျားထောက်၍ လျှောက်သွားပါသည်။ ပန်းချီဆရာသည် အသက်လေးဆယ်လောက်ရှိပြီး ဖော်ရွေ ရည်မွန်သူတစ်ဦး ဖြစ်၏။ သူသည် ကျွန်မကို ရမ္မက်ဆန္ဒဖြင့် မကြည့်ဘဲ အရာဝတ္ထုတစ်ခုအနေဖြင့်သာ ကြည့်လေသည်။ သည့်အတွက်လည်း ကျွန်မ က စိတ်သက်သာရာရပါသည်။ နောက်ပိုင်းတွင် သူသည် ကျွန်မနှင့်ကျွမ်းဝင် လာသောအခါ၌ ကြင်နာစွာ၊ လေးစားစွာဖြင့် ဆက်ဆံပါသည်။ အရာဝတ္ထု သက်သက် သဘောမျိုးမဟုတ်တော့ဘဲ လူတစ်ယောက်အနေဖြင့် ဆက်ဆံ ခြင်းပင် ဖြစ်ပါ၏။ ကျွန်မက ချက်ချင်းပင် သူ့ကို သဘောကျနှစ်ခြိုက်သွား ပါသည်။ ကျွန်မကို ကြင်နာယုယစွာ ဆက်ဆံသည့်အတွက် သူ့ကိုတိတ်တခိုး ပင် ချစ်နေမိပါသည်။ သို့ရာတွင် သူသည် ကျွန်မပေါ်၌ မည်သည့်အခါမျှ စည်းမဖောက်ပါချေ။ သူသည် အမြဲတမ်းပင် ကျွန်မကို ပန်းချီဆရာတစ်ဦး အနေဖြင့် ဆက်ဆံ၏။ ယောက်ျားတစ်ယောက်အနေဖြင့် မဆက်ဆံချေ။ ကျွန်မတို့၏ဆက်ဆံရေးသည် တစ်လျှောက်လုံး မှန်ကန်သန့်ရှင်းလှပေသည်။

          အမေက ကျွန်မကို ချီးကျူးခန်းဖွင့်၍ ပြီးသွားသောအခါတွင် ပန်းချီဆရာသည် စက္ကူပုံကြီးတစ်ခုဆီသို့ သွား၍ ရောင်စုံပုံနှိပ်ထားသော စက္ကူတစ်ရွက်ကိုယူပြီး အမေ့အား ပြပါသည်။ “အဲဒါ ခင်ဗျားသမီးပဲ” သူက ပြော၍ ကျွန်မက မီးဖိုမှခွာကာ ပုံကိုကြည့်လိုက်သည်။ အိပ်ရာပေါ်တွင် ဝတ်လစ်စလစ်လဲလျောင်း၍နေသော အမျိုးသမီး၏ ပုံဖြစ်သည်။ ယင်း အမျိုးသမီးသည် တကယ်ပင် ကျွန်မနှင့်တူပေသည်။ သို့ရာတွင် သူမသည် ဝတ်လစ်စလစ်ဖြစ်သော်လည်း ရွှေငွေကျောက်သံပတ္တမြားကိုကား ဝတ်ဆင် ထားသည်။ ထို့ကြောင့် သူမက မိဖုရားတစ်ပါးသော်လည်းကောင်း၊ ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးသော်လည်းကောင်း ဖြစ်တန်ရာ ပြီး ကျွန်မက သာမန်မိန်းကလေးမျှသာ ဖြစ်လေသည်။ “ဟုတ်တယ်။ အက်ဒရီယာနာနဲ့ သိပ်တူတယ်၊ သူက ဘယ်သူလဲ”

          “ဒင်နီ”

          ပန်းချီဆရာက ခပ်ပြုံးပြုံး ပြန်ဖြေသည်။ 

          “ဘယ်က ဒင်နီလဲ” 

          “ရှေးဟောင်း နတ်သမီးတစ်ပါးပေါ့”

          အမေက ကျွန်မအား ပန်းချီဆရာအလိုရှိသည့်အတိုင်း လဲလျောင်း ၍သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း၊ ထိုင်၍သော်လည်းကောင်း ကိုယ်ဟန်ပြဖို့ ပြောလေသည်။ အမေက သူ့ထက်ပို၍ နားလည်နေကြောင်း ပန်းချီဆရာကပြောရာ အမေက သူမ၏ ကိုယ်ဟန်ပြမယ်ဘဝကို ချက်ချင်း ပင် ပြောပြလေတော့၏။ ထိုစဉ်အခါကဆိုလျှင် သူမသည် ရောမမြို့တွင် အလှပဆုံးသော ကိုယ်ဟန်ပြမယ်တစ်ဦး ဖြစ်ချေသည်။ သူမအနေဖြင့် ယင်းအဖြစ်ကို ပျက်စီးစေသည်မှာ အိမ်ထောင်ပြုလိုက်ခြင်းပင် ဖြစ်၏။ ထိုစဉ်ကြိုက်တွင် ပန်းချီဆရာက ကျွန်မအား ဆိုဖာတစ်လုံးပေါ်တွင် လဲလျောင်းစေပါသည်။ လက်နှင့်ခြေထောက်အနေအထားများကို သူကြိုက် သလို ရွှေ့ထားပြင်ဆင်ပါသည်။ သို့ရာတွင် သူသည် ကျွန်မကို ညင်သာစွာ ကိုင်တွယ်ပါသည်။ အသားချင်း မထိသလောက်ပင် ဖြစ်ပါသည်။ ထို့နောက် တွင်ကား အမေက စကားမျှင်တန်းနေသော်လည်း သူက စတင်၍ ပုံကြမ်းလောင်းလေတော့သည်။ သူသည် သူမ၏စကားများကို နားမဝင်တော့ဘဲ ပန်းချီဆွဲမှုတွင် အာရုံနစ်မြုပ်နေပြီမှန်းကို အမေက သိရှိသောအခါ သူမက မေးလေသည်။

          “ကျွန်မ သမီးကို တစ်နာရီ ဘယ်လောက်ပေးမလဲ” 

          ပန်းချီဆရာသည် ပိတ်ကားမှ မျက်လုံးမခွာဘဲ ဈေးပေးလိုက်သည်။ ကုလားထိုင်တစ်လုံးပေါ်တွင် ကျွန်မတင်ထားသော အဝတ်များကို အမေက ဆွဲယူ၍ ကျွန်မထံ ပစ်ပေးလိုက်ပြီး -

          “အဝတ် ဝတ်၊ သွားကြစို့”

          “နေစမ်းပါဦး၊ ဘာဖြစ်လို့လဲ” 

          ပန်းချီဆရာက အလုပ်ကို ရပ်ဆိုင်း၍ အံ့သြစွာ မေးလိုက်၏။ 

          “ဘာမှမဖြစ်ပါဘူး၊ ကဲ လာ လာ အက်ဒရီယာနာ၊ တော်လောက်ပြီ”

           အမေက အင်မတန် ရေးကြီးသုတ်ဖြုနိုင်ဟန်ဆောင်၍ ပြန်ဖြေ သည်။ သည်နောက်တွင်ကား အမေလုပ်ပုံက ကြောက်စရာကြီးဖြစ်၏။ ပိုက်ဆံဒါလောက် နည်းနည်းကလေးပေးရုံဖြင့် ရနိုင်ပါ့မလား။ ရူးနေသလား စသည်ဖြင့် သူ့အား အသံကုန်အော်ဟစ်၍ ပြောနေတော့၏။ ကျွန်မသည် အရွယ်လွန်နေသူတစ်ဦး မဟုတ်ကြောင်း၊ အသက် ၁၆ နှစ်သာ ရှိသေး ကြောင်း၊ ယခုမှ ပထမဆုံးအကြိမ် ကိုယ်ဟန်ပြခြင်းဖြစ်ကြောင်းတို့ကို အော်ဟစ်ပြောဆိုနေ၏။ အမေသည် တစ်ခုခုလိုချင်ပြီဆိုလျှင် အရမ်းကာရော အော်ဟစ်၍ အင်မတန် စိတ်ဆိုးမာန်ဆိုးရှိနေသည့်အသွင် ဟန်ဆောင်တတ် ပေသည်။ အမှန်တော့ သူမသည် တကယ်စိတ်ဆိုးနေခြင်းကား မဟုတ်ပေ။ သို့ရာတွင် အမေသည် ဈေးထဲ၌ ဝယ်သူက ဈေးနည်းနည်းပေး၍ ရောင်းသူက အော်ဟစ်နေသလိုမျိုး အော်ဟစ်လျက် ရှိ၏။ အမေသည် ကိုယ်နှုတ်နှစ်ပါး ယဉ်ကျေးသိမ်မွေ့သူများအား ပို၍ အော်ဟစ်တတ်လေသည်။ အကြောင်းမူ သူတို့သည် သူ့အား အလျှော့ပေးတတ်သောကြောင့် ဖြစ်၏။

          တကယ်ပင် ပန်းချီဆရာသည်လည်း အဆုံးတွင် အလျှော့ပေးရ လေသည်။ အမေက ကက်ကက်လန် ရန်တွေ့နေစဉ်တွင် သူကပြုံး၍ တစ်စုံ တစ်ခုဖြတ်ပြောနိုင်ရန်သာ ကြိုးစားနေလေသည်။ အတော်ကလေးမော၍ အမေ စကားပြောရပ်သွားတော့ သူက ဘယ်လောက်လိုချင်သနည်းဟု မေး သည်။ သို့ရာတွင် အမေက လိုရင်းကို တည့်တည့်မပြောသေးချေ။

          “အဲဒီပုံကို ဆွဲတဲ့ ပန်းချီဆရာက သူ့ကိုယ်ဟန်ပြမယ်ကို ဘယ် လောက်ပေးလဲ”

          “ဒါက ဘာဆိုင်တာမို့လဲ၊ ဟိုခေတ်ကပဲ။ ဝိုင်တစ်ပုလင်း၊ ဒါမှ မဟုတ် လက်အိတ်တစ်စုံလောက်ပဲ ပေးတော့မပေါ့”

          အမေက အော်ကြီးဟစ်ကျယ်လုပ်ပြန်တော့သည်။ သူ့ကို နှိမ့်ချ၍ ကျွန်မ၏အလှကို မြှောက်ပင့်သည်။ ပြီးတော့မှ ရုတ်တရက် စိတ်ပြေသွား ဟန်ပြုကာ လိုချင်သည့်ဈေးကို ပြောသည်။ သူက ဆစ်သည်။ နောက်ဆုံး တွင် တည့်သွားကြသည်။ အမေက သူပေးသောပိုက်ဆံကို ဝမ်းသာအားရ လက်ခံယူသည်။ ပြီးတော့ သူမအား အနည်းအကျဉ်းမှာကြားကာ ထွက်သွား လေတော့၏။ ပန်းချီဆရာက တံခါးကိုပိတ်လိုက်ပြီးနောက် အလုပ်ခုံဆီသို့ လျှောက်သွားရင်း ပြောသည်။

          “မင်းအမေက ဒီလိုပဲ အော်နေတာပဲလား” 

          “အမေက ကျွန်မကို သိပ်ချစ်တယ်” 

          ဒါပဲ ဖြေလိုက်သည်။ 

          “ငါထင်တာကတော့ မင်းအမေက ပိုက်ဆံကို ပိုပြီး ချစ်ပုံရတယ်”

          “ဟင့်အင်း ဒါတော့ မဟုတ်ဘူး။ သူက ကျွန်မကို အချစ်ဆုံးပဲ။ ဒါပေမဲ့ အမေဟာ ကျွန်မ ဆင်းဆင်းရဲရဲဖြစ်နေတာကို မကြည့်ရက်ဘူး။ ချမ်းချမ်းသာသာ ဖြစ်စေချင်တယ်”

          ကျွန်မက ရိုးရိုးကုပ်ကုပ် နှုတ်တုံ့ပြန်လိုက်သည်။

          ဤပန်းချီဆရာနှင့် စပ်လျဉ်းသော အကြောင်းကို ကျွန်မက ယခု ကဲ့သို့ အသေးစိတ်ပြောပြနေရသည်မှာ အကြောင်းနှစ်ရပ်ရှိ၍ ဖြစ်ပါသည်။ ပထမအကြောင်းမှာ ထိုနေ့သည် ကျွန်မ၏ဘဝတွင် ပထမဆုံးအလုပ်လုပ်

သောနေ့ဖြစ်၍တည်း။ နောက်တစ်ကြောင်းမှာ ဤအဖြစ်အပျက်သည် အမေ ၏စရိုက်နှင့် ကျွန်မအပေါ် သူမက အဘယ်မျှ မြတ်နိုးပုံတို့ကို ဖော်ပြ၍တည်း။

          အလုပ်ပြီးသွားသောအခါ ကျွန်မသည် အမေစောင့်နေမည်ဆို သော နို့ဆိုင်ကို လိုက်သွားပါသည်။ အမေက ကျွန်မကို အကြောင်းစုံမေးပါ သည်။ ပန်းချီဆရာနှင့် ကျွန်မ ဘာတွေပြောနေကြသနည်းဟု အသေးစိတ် စူးစမ်းပါသည်။ ပြီးတော့မှ များသောအားဖြင့်တော့ သူတို့သည် ကိုယ်ဟန်ပြ မယ်များကို အပျော်မယားအဖြစ်ထားလိုကြသည်ဟု အမေက ရှင်းပြပါသည်။

          “သူတို့တွေက ခြူးတစ်ပြားမှရှိတဲ့လူတွေ မဟုတ်ဘူး၊ နင် သူတို့ ဆီက ဘာမှမရနိုင်ဘူး။ နင့်ရုပ်ရည်နဲ့ဆိုရင် အထက်ကို အများကြီး လှမ်းနိုင် တယ် သိလား”