Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - မနေ့တစ်နေ့ကရွာတဲ့မိုးမနေ့တစ်နေ့ကတိုက်တဲ့မုန်တိုင်း

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
စိန်ပွင့်များ၊ မိုးသောက်ကြယ်၊ နေမင်းနီ
(က)

          ညသည် ငွေနှင်းဖြူဖြူများ ဖျန်းပက်ထားသော်လည်း ရီမှုန်မှိုင်းပျ လျက်ရှိသည်။ သွားရမည့်လမ်းခရီးကို ပြက်ပြက်ထင်ထင် မတွေ့မြင်ရ။

          နှင်းသက်လေပြင်းသည် ဟူးဟူးရားရား တိုက်ခက်လျက်ရှိသည်။ တောသုံးထောင်သည် သည်းထန်စွာ ညည်းရှိုက်နေသည်။ တိုက်ပွဲအဟုန် ပြင်းထန်နေသော စစ်တလင်းနှယ်။

          ဟော နားထောင်ကြစမ်း။

          လွမ်းမောဆွတ်ပျံ့ဖွယ်ရာ တေးသံများပါလား။ ပါးကွက်အာဏာ သား၏ ဓားအောက်တွင် ရီဝေသော မျက်လုံးများဖြင့် အနန္တသူရိယ၊ မီးပုံဘေး တွင် ချမ်းခိုက်ခိုက်တုန်နေသော လက်ဝဲသုန္ဒရ၊ စစ်မြေတွင် မျက်ရည်များ လျှမ်းဝေနေသော ကျွန်ုပ်တို့၏ဘုရင်ကြီး နတ်ရှင်နောင်၊ ညဉ့်သုံးယံတွင် သည်းဘဝင်လှိုက်ကျွမ်းနေသော လှိုင်၊ ဘုန်းတော်ကြီးကျောင်းများမှ လွင့်ပျံလာသော ရွှေနန်းတော်ဘွဲ့ များ -

          ဟော ဟော ကျည်ကျည်လောင်လောင် အသံတွေပါလား၊ ယုန်လိုက် သူ၊ ဖားရိုက်သူ၊ တောနေတောင်သား လယ်သမားတွေပါလား၊ ဝန်ကြီး ပဒေသရာဇာကိုး။

          သေသော်မှတည့် ကောင်း၏ တဲ့။ ဆီးဘန်းနီဆရာတော်၊ အညာ မင်္ဂလာဆောင်၊ ဘွိုင်းကောက်ဋီကာ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း။

          ကြွေးကြော်သံများ၊ သေနတ်သံများ။

 ကံ့ကော်တောမှ “ခေတ်စမ်း” မြို့လယ်မှ 'နဂါးနီ” တဟီတီကျွန်းမှ “တာရာ။

           ဟော တော်လှန်ပြည်သူများရဲ့ ဘဝဂ်လျှံသော တောင်းဆိုသံ၊ တော်လှန်

စာပေ။

(ခ) 

          နတ်တော်လ၏ ညများ။

          ရီမှုန်မှိုင်းပျနေသည်။ နှင်းသက်လေပြင်းသည် တဟည်းဟည်း၊ ဟော စိန်ပွင့်များ၊ ပြီးတော့ မိုးသောက်ကြယ်၊ ကောင်းကင်ပြင်သည် ပန်းနုသွေး ဝင်လာသည်။

          ဟော ရဲရဲနီလာပြီ၊ ထိန်ထိန်လင်းလာပြီ၊ စိန်ပွင့်များ မရှိတော့။ ရဲရဲနီသော နေမင်းကြီး။

                                                                  မိုးဝေစာပေမဂ္ဂဇင်းခေါင်းကြီး၊ ၁၉၇၁ ဒီဇင်ဘာ

 

 

မီးပုံကြီးနှင့် အနီးအဝေး

          ကျွန်ုပ်တို့သည် ခေတ်တစ်ခေတ်၏စာပေကို အကဲဖြတ်လိုလျှင် ထို ခေတ်၏ အခြေအနေများနှင့် ဆက်စပ်ချိန်ထိုး၍ အကဲဖြတ်ရပေမည်။ အထူး သဖြင့် အတိတ်ကာလစာပေကို အကဲဖြတ်ရာတွင် ယင်းခေတ်ကာလနှင့် ကိုက်ညီရပေမည်။ ယနေ့ အခြေအနေ ယနေ့ အမြင်နှင့် ဝေဖန်သုံးသပ်ခြင်း တန်ဖိုးဖြတ်ခြင်းပြုလျှင် တရားမည် မဟုတ်ချေ။

           စာပေသည် ခေတ်၏ကြေးမုံဟု ဆိုထားသည်မဟုတ်ပါလား။ စာပေ တစ်ရပ်သည် ယင်းပေါက်ဖွားရာခေတ်ကိုသာ ကိုယ်စားပြု ဖော်ကျူးရပေ လိမ့်မည်။

           ခေတ်တစ်ခေတ်တွင် အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသား လှုပ်ရှားမှုများရှိခဲ့လျှင် ယင်းခေတ်စာပေတွင် ယင်းလှုပ်ရှားမှုများ၏ အရောင် များ ထင်ဟပ်နေသည်ကို တွေ့ကြရပေလိမ့်မည်။ လှုပ်ရှားမှုပမာဏနှင့် အရှိန် အဟုန်ကြီးမားလေ ထင်ဟပ်မှု အတိုင်းအတာများ ကြီးမားလေ ဖြစ်ရပေမည်။

           ပုံစံပြရလျှင် မီးပုံရှိလျှင် အလင်းရောင်ထင်ဟပ်မှု ရှိပေလိမ့်မည်။ မီးပုံသေးငယ်လျှင် ကျွန်ုပ်တို့၏ စာမျက်နှာများပေါ်တွင် ထင်ဟပ်သော အရောင်သည် လဲ့လဲ့ကလေးသာ ဖြစ်ပေမည်။ မီးပုံကြီးမားလျှင် စာမျက်နှာ များ ခြင်းခြင်းနီနေပေလိမ့်မည်။ မီးရောင်လုံးဝမရှိလျှင်ကား အမှောင်ဖုံးသော ခေတ်ဖြစ်ပေလိမ့်မည်။

           တစ်ခုတော့ရှိသည်။ ခေတ်တစ်ခေတ်တွင် အလျှံညီသော မီးပုံကြီး ရှိပါလျက် စာမျက်နှာများ မည်းမှောင်နေလျှင် သို့မဟုတ် ပန်းနုရောင်ကလေးမျှသာ သန်းနေလျှင်ကား၊ ယင်းစာမျက်နှာများသည် မီးပုံကြီးအနီးတွင် မရှိဘဲ ဝေးရာအရပ်တွင် သီးသီးခြားခြား အေးအေးချမ်းချမ်း ရှိနေသောကြောင့် ဖြစ်ပါလိမ့်မည်။

          ထို့ကြောင့် ကျွန်ုပ်တို့သည် ခေတ်စမ်းစာပေကို ကြည့်လိုလျှင် ထိုခေတ် က မီးတုတ်များကို အရင်ကြည့်ရပေလိမ့်မည်။ တာရာမဂ္ဂဇင်းကို ကြည့်လိုလျှင် ၁၉၄၆ မှ ၁၉၄၉ အတွင်း ထိန်ထိန်ညီးညီး တောက်လောင်လျက်ရှိသော နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးနှင့် ဆိုရှယ်လစ်ရေးလမ်း ကြောင်းမီးပုံကြီးကို အရင်ကြည့်ရပေလိမ့်မည်။

          ကျွန်ုပ်တို့၏ စာမျက်နှာများသည် တော်လှန်ရေး မီးတောက်မီးလျှံနှင့် အဘယ်မျှ နီးခဲ့သည်၊ ဝေးခဲ့သည်ကို ဆက်လက်လေ့လာကြဦးစို့ ။

မိုးဝေစာပေမဂ္ဂဇင်းခေါင်းကြီး၊ ၁၉၇၂၊ ဇန်နဝါရီ