Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဒေါ်ရီကြိန် - အေးအတူပူအမျှ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

စိတ်သာအဓိက

          ကျွန်တော်ဟာ ဦး....နှင့် ဒေါ်......တို့အိမ် သွားလည်တိုင်း ဒေါ်ဒေါ်ဟာ အမြဲ နေမကောင်းနေတာပဲ။ ဗိုက်နာလို့ ၊ ခေါင်းမူးလို့၊ အစာမကြေလို့ အစရှိသဖြင့်ပေါ့လေ။ ဦးတို့အိမ် ကြာကြာထိုင်ရမှာတောင် အားနာလာတော့တယ်ဟု ကျွန်မ မိတ်ဆွေဇနီးမောင် နှံအကြောင်းကို လူငယ်တစ်ဦးက ပြောပြသည်။

          အခြားလူငယ်တစ်ဦးကမူ “ကြီးကြီးရေ၊ ကြိုးစားချွေတာပြီး ငွေပိုငွေလျှံကလေးများ ရှိလာရင် အိမ်က အမျိုးသမီးက နေမကောင်းလာပါရော။ စုမိသမျှ ငွေလေး ဆေးဖိုးဝါး ခနှင့် ကုန်ပါရောခင်ဗျာ။ သူ မကျန်းမာနေတာကတော့ ထာဝရလို့တောင် ဆိုချင်ပါတယ်။ နည်းနည်းသက်သာတာနှင့် ပိုဆိုးလာတာရှိတာပါပဲ။ ခေါင်းမူးလိုက်၊ နှလုံးခုန်လိုက်၊ အားနည်းလို့၊ အစာမကြေလို့ပေါ့ခင်ဗျာ။ ဆရာဝန်တွေပြတော့လည်း ဘာမှထူးထူးခြား ခြား ဖောက်ပြန်မှုရောဂါလက္ခဏာများလည်း မတွေ့ရဘူးဆိုပြီး အားဆေးပဲပေးတာပါ” ဟု ညည်းညည်းညူညူ ပြောရှာပါသည်။

          နောက်တစ်ဦးကမူ အမျိုးသမီးမိတ်ဆွေ၊ “မမရေ၊ အိမ်က အဖေကြီးလေ အငြိမ်းစား ယူပြီးမှ ဘယ်တော့မေးမေး နေမကောင်းဘူးပဲ ဖြေတယ်။ ညီမက ပြုသင့်ပြုအပ်တဲ့ ဝေယျာဝစ္စအားလုံး လုပ်ပေးပါတယ်။ ဒါပေမဲ့ အလုပ်ကတစ်ဖက်ဆိုတော့ တစ်နေကုန်အောင်တော့ သူ့အနားမှာ မရှိနိုင်ဘူးမမရယ်။ အဲဒီကိစ္စကလည်း တစ်မှောင့်လေ။ အိမ် လာတဲ့ ဧည့်သည်တွေကို “ကျွန်တော့် မိန်းမကတော့ သူ့အလုပ်တာဝန်ကလွဲပြီး ဘာမှအရေးမစိုက်နိုင်ပါဘူး။ ကျွန်တော့်ကို တပည့်တွေနှင့် ပစ်ထားတာပါ” လို့ တိုင်သေး တယ် မမရယ်”

          ခုခေတ်အိမ်ထောင်တိုင်းမှာ နှစ်ယောက်စလုံး အလုပ်လုပ်နိုင်ပါမှ တော်ရုံကလေး ပါ။ သူ အငြိမ်းစားယူပြီးတော့ ညီမက ပိုပြီးရှာဖွေရတာပေါ့။ အဲဒီကိစ္စ ဘယ်လိုဖြေရှင်းရ မလဲ မမပြောပါဦး” ဟုအကြံတောင်းဖူးပါသည်။

          လက်ထပ်ပြီးစ ချစ်စခင်စအရွယ်တွေမှာလည်း အဆင်မပြေမှုရှိကြသေး၏။ “ကြီး ကြီးရယ် ကျွန်တော့်အမျိုးသမီးက တစ်လအခါပေါင်း ၃၀ လောက် စိတ်ကောက်တယ်။ ကျွန်တော့်မိခင်ကြီးနဲ့ နေရတော့ သူစိတ်ကောက်ပြီး အခန်းထဲကမထွက်၊ မစားမသောက် နေတဲ့အခါ တစ်အိမ်လုံးက စိတ်မချမ်းသာရဘူး။ စိတ်ကောက်တဲ့အကြောင်းကလည်း ဘာမှမည်မည်ရရမဟုတ်ပါဘူး။ ကျွန်တော့်ကို သဝန်ကြောင်နေတာပါပဲ။ တွေ့တဲ့အခါ ကြီးကြီး နည်းနည်းလောက်ပြောပေးပါဦး” ဟု စစ်ကူတောင်းသူများလည်း ရှိပါသည်။

          အနောက်နိုင်ငံများတွင်မူ လူမှုဝန်ထမ်းဌာနများရှိသည်။ အထက်ပါ ကိစ္စများ ကြုံ ကြိုက်သည့်အခါ ကာယကံရှင်များက လူမှုရေးဝန်ထမ်းဌာနများအား သတင်းပို့လျှင် တာဝန်ရှိပုဂ္ဂိုလ်များက သတင်းရသည့်နေရာဌာနများသို့ သွားရောက်၍ ဇနီးမောင်နှံ နှစ်ဦး၏ ပတ်ဝန်းကျင်အခြေအနေကိုလေ့လာသည်။ နှစ်ယောက်စလုံးကို တစ်ဦးစီခေါ်ယူ ဆွေးနွေးသည်။ အချို့ဒေသများတွင်မူ သက်ဆိုင်ရာ ဘာသာရေးပုဂ္ဂိုလ်များက ခေါ်ယူ ဆွေးနွေးသည်။ ထိုကိစ္စမျိုးကိုင်တွယ်သူများသည် အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပညာ များ၊ လူမှုရေး သိပ္ပံပညာများကို လေ့လာထားသူ၊ တတ်သိလိမ္မာသူများဖြစ်တတ်ကြပါ သည်။ ဖြေရှင်းပေးနိုင်သည့်ကိစ္စများရှိသလို ဖြေရှင်းမှု လက်မခံဘဲ လမ်းခွဲသွားကြသူများ လည်းရှိတတ်ပါသည်။

          ကျွန်မတို့နိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းကားသည့် နိုင်ငံဖြစ်၍ တင်းတိမ်ရောင့်ရဲလွယ် ကြသည်။ သည်းခံခွင့်လွှတ်တတ်ကြသည်။ မိဘက ဘာသာရေးအရ မင်္ဂလာတရားတော် များကို သားသမီးများအား သင်ကြားထားသည့် အိမ်ထောင်နှင့် စည်းကမ်းစနစ်ရှိသော အိမ်ထောင်များမှ ပေါက်ဖွားလာသူများအဖို့ အရွယ်ရောက်၍ အိမ်ထောင်ပြုကြသောအခါ ပြဿနာတွေ့ရမှုနည်းပါးပါသည်။ မိဘက အလိုလိုက်အကြိုက်ဆောင်ထားသော သား နှင့်သမီးဆုံစည်းကြသည့်အခါ ပြဿနာများ ထိပ်တိုက်ဝင်လာတတ်ပါတော့၏။

          တက္ကဆပ်ပြည်နယ် ဟူစတန်ရဲဌာနမှ ဆိုးသွမ်းလူငယ်ဖန်တီးရေး မိဘများအတွက် အခြေခံဖတ်စာဟူ၍ လက်ကမ်းကြေညာချက်တစ်ခု ဝေငှဖူးပါသည်။ ယင်းကြေညာစာ တွင်

( ၁ ) ကလေးကိုငယ်စဉ်ကစ၍ လိုသမျှပေးပါ။ သူ့ဘဝတွင် သူဘာလိုလိုရလိမ့်မည်ဟု သူယုံကြည်နေမည်။

(၂) ကလေးက ညစ်ညမ်းစွာ ဆဲရေးနေလျှင် ရယ်နေလိုက်ပါ။ သူက သူများကိုရယ်အောင်လုပ်တတ်သူဟု သူယုံကြည်နေမည်။ ။

( ၃) ဘာသာရေးနှင့် လိမ္မာရေးခြားရှိမှုကို မသင်ပါနှင့်။ ကြီးလာလျှင် သူ့ဘာသာလိမ္မာလာမည်။ သူကြိုက်သည့်ဘာသာကို ကိုးကွယ်လိမ့်မည်။ ပစ်ထားလိုက်ပါ။

( ၄) သူ့အတွက်လိုသမျှလုပ်ပေး။ သူပစ်ချသမျှ သိမ်းဆည်းပေးပါ။ လောကကြီးတွင် သူ့တာဝန်မှန်သမျှ သူတစ်ပါးက လုပ်ပေးရန် သူမျှော်လင့်နေမည်။

( ၅) ကလေးရှေ့မှောက်တွင် ခိုက်ရန်ဒေါသ ဖြစ်ပွားငြင်းခုံသတ်ပုတ်ပြခြင်း မကြာခဏပြုပေးပါ။ သို့မှသာ နောင်တွင်အိမ်ထောင်ရေး ပျက်ပြားသွားလျှင် သူ့ အတွက် ဘာမှမဆန်းဘဲ နေတတ်လိမ့်မည်။

( ၆) လိုချင်သလောက် မုန့်ဖိုးပေးပါ။ မိဘများချို့တဲ့သလို သူ မချို့တဲ့ပါစေနှင့်။

( ၇) စားချင်၊ သောက်ချင် ဝတ်စားဆင်ယင်ချင်သမျှ သူ့စိတ်ချမ်းသာအောင် အလိုလိုက်ဖြည့်စွမ်းပေးပါ။

 ( ၈) ဘယ်ကလေးနှင့်ရန်ဖြစ်စေကာမူ ကိုယ့်ကလေးဘက်က လိုက်ပါ။ အိမ်နီးချင်းရဲအရာရှိ၊ ဆရာမများက တိုင်တန်းသည့်တိုင် မိမိကလေးဘက်က ကာကွယ်ပေးပါ။

( ၉) ကလေးကြီးလာ၍ ဒုက္ခအကြီးအကျယ်တွေ့မှ “ဘယ်သူမပြု မိမိမှုမို့ ယခုဘာမှမတတ်နိုင်တော့ပြီ” လို့သာ သံဝေဂ ယူပါတော့။ ။

(၁၀) ထိုမိဘမျိုးသည် မိမိတစ်သက် ဒူးနှင့်မျက်ရည်သုတ်ရန်သာ ပြင်ပေတော့။

          ဒုက္ခလှလှကြီးတွေ့ရမည်အမှန်ပါ” ဟု အချက် ၁၀ ချက်ရေးထားပါသည်။ အထက်ပါမိဘများမှ ပေါက်ဖွားလာသော သားသမီးများ အိမ်ထောင်ကျလျှင် သူ့ အိမ်ထောင်ဖက်ကို မည်သည့်နည်းနှင့်မျှ စိတ်ချမ်းသာမှုပေးနိုင်မည်မဟုတ်ပါ။

          ဆောင်းပါးအစက ဖော်ပြခဲ့သော အိမ်ထောင်စုများကို ခြုံ၍လေ့လာပါလျှင် တစ်ဦး ဦးသည် အတ္တလွန်ကဲပြီး မိမိကိုသာ ပတ်ဝန်းကျင်က အရေးပေးမှုလိုလားသူ၊ မိမိ သက်သာချောင်ချိစွာနေထိုင်ရေး ဇိမ်ရှိရှိနေနိုင်ရေးအတွက် လူတကာ ဖြည့်စွမ်းပေးရမည် ဟု ယုံကြည်မျှော်လင့်နေကြသူများ ဖြစ်ကြသည်ကို တွေ့ရပေလိမ့်မည်။

          လင်က အရာရှိ ပညာတတ်၊ အမျိုးသမီးက စာရေးတတ် ဖတ်တတ်ရုံ ရှိရကားမိမိအဖို့ လင်၏ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်မှုမရှိသောအခါ မိမိကိုယ်မိမိ အားမရ၊ သွားရန်လာရန်ကိစ္စရှိတိုင်း၊ အိမ်တွင် ဧည့်သည်ရောက်လာတိုင်း သူနေမကောင်း ဖြစ်ရသည်။ အမှန်မှာ စိတ်နေမကောင်းခြင်းကစပြီး လူပါ မူးယောင်ယောင်၊ ရင်ခုန် သယောင်ယောင် စသည့်ကိစ္စဖြစ်ပေါ်လာရသည်ဟု ကောက်ချက်ချနိုင်လေသည်။ ဤသို့ ပြုမူခြင်းသည် သူ့အားအရေးပေးမှုကို ရယူနိုင်ရန်ဖြစ်ပါသည်။

          အခြားကိစ္စမှာ လူငယ်တို့အိမ်ထောင်ပြုကြသည့်အခါ အမျိုးသမီးများသည် ဂုဏ်တု ဂုဏ်ပြိုင်ကိစ္စများရှိတတ်သည်။ မိမိခင်ပွန်း ဝင်ငွေနှင့် အခြားဇနီးများလို ဝတ်စားဆင်ယင်မှု၊ သွားလာလှုပ်ရှားမှု မပြုနိုင်သည့်အခါ စိတ်အားငယ်သည်။ လင်ကလည်း သူ့ လိုအင်ဆန္ဒ သို့ အမှုမထား၊ ရိုးသားတည်ငြိမ်နေသောအခါ ဇနီးဖြစ်သူမှာ အားမလို အားမရ၊ မိမိမှာ လည်း ရှာဖွေပေးနိုင်စွမ်းမရှိ၊ ဖြစ်သမျှနှင့်လည်း မရောင့်ရဲသောအခါ တဖြည်းဖြည်း စိတ်ရောဂါရလေတော့၏။ | အိမ်ထောင်တစ်ခုတွင် လင်ရော မယားပါ နှစ်ဦးစလုံးဝင်ငွေရရှိအောင် ဆောင်ရွက် လုပ်ကိုင်နေရသောအခါ တစ်ဦးနှင့်တစ်ဦး ပြုစုယုယနိုင်မှုမှာ လျော့ပါးသွားမည်မှာ အမှန် ဖြစ်သည်။ ဤနေရာတွင် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ တစ်ဦးဦးက အတ္တလွန်ကဲပြီး “သူ့အလုပ်သာ သူ ဂရုစိုက်နေတာပဲ။ လင်တော့ ဂရုမစိုက်ဘူး” သို့မဟုတ် “ကိုယ်က အပိုဝင်ငွေရအောင် ရှာဖွေနေတာတောင် သူက ကျေးဇူးတင်စကားလေးတောင် မပြောဘူး။ ငွေလည်းရှာရသေး သူ့လည်း တယုတယပြုနေရဦးမှာလား၊ အလိုက်သိဖို့ ကောင်းပါတယ်” ဟူသော အယူအဆများဝင်လာသောအခါ အိမ်ထောင်ရေးမသာမယာ ဖြစ်ကြမည်အမှန်ပါ။ ဖြစ်နေသောအခြေအနေမှန်ကို မသုံးသပ်မိဘဲ ကိုယ့်ဆန္ဒမပြည့်ဝ၍ စိတ်မကျေမနပ် ဖြစ်နေ သမျှ ပေါင်းသင်းဆက်ဆံရေး ပြေလည်ရန် မလွယ်ကူပါတော့ချေ။ စိတ်ချမ်းသာလိုသူတိုင်း မိမိကိုယ်ရေးကိုယ်တာကို ဘေးဖယ်ကာ မိမိတာဝန်ကို အလေးအနက် ဆောင်ရွက်ကြလျှင် ထိုသူတို့၏ဘဝမှာ သာယာစိုပြည်လာမည် မုချပါ။

           အိမ်ထောင်ပြုကြသူတိုင်း စိတ်ကိုခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးမှ လက်ထပ်ပေါင်းသင်းကြ လျှင် ပြင်ပက ဘေးဆိုးကြီးများ မနှောင့်ယှက်ဘဲ မည်သည့်ပြဿနာမျိုးမျှ တွေ့ရမည် မထင်ပါ။ မိမိလက်ထပ်မည့်သူနှင့် မိမိသည် ကောင်းအတူ ဆိုးအမျှ ရာသက်ပန် ပေါင်းတော့မည်။ မိမိချွတ်ယွင်းချက်ရှိက ပြုပြင်ရန်နှင့် သူ့ချွတ်ယွင်းချက်ရှိပါကလည်း သည်းခံ ခွင့်လွှတ် ညှိနှိုင်းနေထိုင်ရန် လင်ကလည်း လင့်ဝတ္တရား ကျေပွန်စေပြီး မယားကလည်း မယားဝတ္တရားအတတ်နိုင်ဆုံး ဖြည့်စွမ်းနေနိုင်ကြပါက အိမ်ထောင်ရေးသုခ အများဆုံး ရကြမည်သာ ဖြစ်ပါသည်။

          အိမ်ထောင်ရေးတွင် အနှောင့်အယှက်ပေးနိုင်ဆုံးသော အရာကား သံသယကိစ္စပင် ဖြစ်ပါသည်။ ထိုသံသယသည် နေရာတိုင်းတွင် ရှိနိုင်သည့်လူမှုရေးသံသယ၊ စီးပွားရေး သံသယ စသည်ဖြစ်၏။ လူမှုဆက်ဆံရေးတွင် လူမှုစည်းကမ်းဖောက်ဖျက်နေသလား၊ စီးပွားရေးတွင် သူ့ဘက် ကိုယ့်ဘက် တစ်ဖက်သတ် ပေးကမ်းနေသလား စသည့် သံသယ များဖြစ်ပေါ်လာကြတိုင်း အငြင်းပွားမှု ဖြစ်နေတတ်လေသည်။

          ဣဿာမစ္ဆရိယဆိုသည့် မနာလိုဝန်တိုစိတ်ကလည်း စီးပွားရေးသာမက အချစ်ရေး၊ ဆွေရေး မျိုးရေးပါ ဒုက္ခပေးတတ်ပါသည်။ အိမ်ထောင်ဖက်နှစ်ဦး တစ်ဦးအပေါ်တစ်ဦး သစ္စာရှိကြမည်။ အမှန်တကယ် မဖောက်မပြန်နေထိုင်ကြလျှင် သံသယက ပျောက်ကွယ် သွားနိုင်ပါသည်။ ဣဿာမစ္ဆရိယ စိတ်များကိုလည်း ဗုဒ္ဓဘာသာပီပီ မိမိတို့ ကံဉာဏ် ဝီရိယဖြင့် တတ်အားသမျှ၊ ရှာဖွေသမျှနှင့် တင်းတိမ်ရောင့်ရဲကာ ချွေတာသုံးစွဲနေတတ် မှုဖြင့် ဖြေရှင်းနိုင်ပါသည်။

          စိတ်ကောက်သည်၊ စိတ်ဆိုးသည်၊ စိတ်ညစ်၍ နေမကောင်းဖြစ်ကြခြင်းတို့သည် များစွာသောကိစ္စတို့၌ မိမိတို့ အလိုမပြည့်ကြခြင်းကြောင့် အလိုပြည့်ရာပြည့်ကြောင်း ဆန္ဒပြနေခြင်းသာ ဖြစ်သည်ဆိုပါကလည်း မမှားနိုင်ပါချေ။

          မည်သို့ပင်ဖြစ်စေ လူ့ဘောင်လောကကြီးတွင် လူအမျိုးမျိုး၊ မိဘသိုင်းအဝိုင်း အမျိုး မျိုး၊ ဉာဏ်ပညာအဆင့်အတန်းအမျိုးမျိုးရှိလေရကား လူ့ပြဿနာများကား လူ့လောက တည်ရှိနေသရွေ့ အနည်းနှင့်အများဆိုသလို ရှိနေဦးမည်မှန်ပါသည်။ သို့သော် သားသမီး တို့နှင့်တကွ လူ့လောကရှိ လူအများစုသာယာ ရွှင်လန်းစေရေးကို လိုလားသူတို့သည် ငယ်စဉ်ကတည်းက မိမိတို့သားသမီးကို တစ်ကိုယ်ကောင်းစိတ်မထား၊ ကိုယ်နှင့်ဆက်ဆံသူ တို့အတွက် စိတ်ကောင်းထားရန် ပြုပြင်ပေးမှုကား လိုအပ်လှပေသည်။

          စိတ်ဆိုသည်မှာ လိုရင်းသဘောကို ဖော်ပြရလျှင် မိမိခန္ဓာကိုယ်တွင်ရှိသော အသိ တရား၊ သိတတ်သော သဘောတရားကို ဆိုလိုပါသည်။ မိဘတို့က စိတ်ကောင်းသဘောကောင်း မျိုးစေ့ကလေး ချပေးရုံနှင့် မပြီးသေးပါ။ မိမိတို့ ကိုယ်တိုင် ထိုမျိုးစေ့ရှင်သန် ကြီးထွားလာစေရန် သူတော်ကောင်းနှင့်ပေါင်းသင်း၊ သူမိုက်ကို ရှောင်ခွာပြီး မြတ်စွာ ဘုရားဟောကြားတော်မူသော မင်္ဂလာတရားတော်အရ ကျင့်သုံးနေထိုင်တတ်ဖို့လည်း လိုသေးသည်။

          ကမ္ဘာအရပ်ရပ်တွင် လူငယ်လူရွယ်များ စိတ်ကောင်းသဘောကောင်းထားရှိနိုင် အောင် ဆောင်ရွက်နေသော ဘာသာရေးအသင်းများ၊ လူမှုရေးအသင်းများ များစွာရှိ ပေသည်။ ယနေ့ လူငယ်တို့သည် မိမိတို့စိတ်ကို ကောင်းအောင်ပြုပြင်နေထိုင်ကြပါမူ