Skip to product information
1 of 6

Other Websites

ဒေါက်တာသန်းထွန်း - ခေတ်သစ်ရာဇ၀င်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မြန်မာလိုရေးသော ကမ္ဘာ့ရာဇဝင်ကျမ်းနှင့် တိုင်းတစ်ပါး ရာဇဝင်ကျမ်း အလွန် ရှားပါသည်။ ပထမကမ္ဘာစစ် မဖြစ်မီက သူရိယတိုက်မှ ပေါ်တူဂီရာဇဝင်၊ တရုတ်ရာဇဝင်၊ ဂျာမနီရာဇဝင်၊ ဂျပန်နိုင်ငံ အတ္ထုပ္ပတ္တိ စသော စာအုပ်များ ထုတ်ဝေဖူး၏။ ပထမကမ္ဘာစစ် ပြီးကလည်း စစ်ကြီးရာဇဝင်စာအုပ်များ ပေါ် ဖူး၏။ အိတ်ခ်ျဂျီဝဲလ်ရေးသော ကမ္ဘာ့ရာဇဝင်အကျဉ်းကို ဘာသာပြန်၍ ပုံနှိပ်ဖူး၏။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသည့်အထဲတွင် ပါသွားကြသဖြင့် စာအုပ်စုံသည်ဟု နာမည်ရသော စာကြည့်တိုက်များမှာပင် ဘာသာပြန်ဖြစ်စေ၊ စုပေါင်းရှာဖွေ ပြုစုခြင်းဖြစ်စေ မြန်မာလိုရေးထားသည့် ကမ္ဘာ့ရာဇဝင်ကျမ်းနှင့် တိုင်းတစ်ပါး ရာဇဝင်ကျမ်းတို့ကို တွေ့ရန်ခဲယဉ်းလှ၏။

 ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် ကမ္ဘာ့ရာဇဝင်ကျမ်းအချို့ တွေ့ရ၏။

လောကီထုပ္ပတ် လူတို့ဇာတ်၊ လူ့ ကမ္ဘာ့သမိုင်းအခြေပြ ဟူ၍ ကမ္ဘာ့ရာဇဝင်ကို အသင့်အတင့် ပြည့်စုံအောင် လေ့လာနိုင်ရန် ကျမ်းစာအုပ်များ ပေါ်ထွက်လာပါ သည်။ ယင်းတို့သည် လူတို့ယဉ်ကျေးမှု တိုးတက်လာပုံ ဇာတ်လမ်းပေါ်အောင် ခြုံ၍ ၍ရေးကြ၏။ ရေးပုံ ရှင်းလင်းပြတ်သား တိုတုတ်၏။ ရာဇဝင်ကို မင်းစဉ်မင်းဆက် ပိုင်း၍ ရေးကြသည်လည်းရှိသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် ခေတ်ပိုင်း၍ ယဉ်ကျေးမှုကို သရုပ်ဖော်သည်လည်းရှိသည်။ အားကြီး အားသာသူက စိုးမိုးသည့်သဘောမှ လူထုနည်းအုပ်ချုပ်ပုံနှင့် ပစ္စည်းမဲ့ အာဏာရှင်အထိ နိုင်ငံရေးအယူရှိ ကျင့်ထုံးပြောင်းခဲ့ပုံကို ပြသည်လည်းရှိ၏။ အချုပ်အားဖြင့် ကလေးမှ လူကြီးအထိ အဆင့်ဆင့်ရှိသော လူထုကို ပညာပေး သော စာအုပ်များဖြစ်ရာ အားလုံး သူ့နည်းနှင့်သူ ကောင်းကြပါသည်။

ကျမ်းပြုသူတို့တွင် မည်သူ့အတွက် ဤကျမ်းကို ပြုရပါသနည်းဟူသော ပြဿနာ ပေါ်တတ်ပါသည်။ အပျင်းပြေလိုသူတို့အတွက် ရယ်စရာဝတ္ထုကိုရေး သည်။ နက်နဲသိမ်မွေ့စွာ ဉာဏ်စေစားလိုသူတို့အတွက် ဘဝပြဿနာနှင့် အဖြေ အတိအကျ ဖော်ထုတ်မရနိုင်သော ဇာတ်လမ်းကိုရေးသည်။ အကြောင်းရာတစ်စု တည်းကိုပင် ရေးသော်လည်း ကလေးအတွက်ရေးသည်။ လူကြီးအတွက်ရေးသည်။ ပညာရှင်တို့အတွက် ရေးသည်ဟူ၍ ခွဲခြားရေးသားကြရ၏။ လူကို လိုက်၍ အကြိုက်ကို နတ်ယူတော့ဟု အတိုအထွာ အကုန်ထည့်ကာ အရူးလွယ်အိတ်မျိုး လည်း ရေးကြရသည်။ ရာဇဝင်ကျမ်းပြု ရာ၌ နယ်ချဲ့ကို လက်ခံနိုင်အောင်၊ မျိုးချစ်စိတ်ကို နိုးကြားအောင်၊ ပြည်ထောင်စုစိတ်ကို ရင့်သန်အောင်၊ အရင်းရှင် စနစ်ကို မုန်းအောင်၊ သို့မဟုတ် အမှန်ကို မြင်သာအောင် အမျိုးမျိုး ရေးကြ၏။

ကမ္ဘာ့ရာဇဝင်ကျမ်းတို့ကို မြန်မာဘာသာဖြင့် ရေးပြီးရှိသည်တို့အနက် အလယ်တန်း ကျောင်းသားတို့အတွက် ဖတ်ရန်ရှိပြီဟု ထင်ပါသည်။ ဗဟုသုတ လိုလားသော သာမန်အရပ်သားတို့အတွက်လည်း ရှိနေပြီဟု ထင်ပါသည်။ အသေးစိတ် သုတေသနပြု၍ရေးသော အလွန်ပြည့်စုံသော ကျမ်းမျိုးထက်၍ သာမန် ပညာပေးကျမ်းထက်လည်း လေးသော တက္ကသိုလ်ဝင်နှင့် တက္ကသိုလ် အဆင့်သို့ရောက်စ အသက်ပိုင်းနှင့် ပညာအဆင့်ရှိသူတို့အတွက် အနည်းဆုံး ကျမ်းတစ်စောင် လိုသေးသည်ဟု ယူဆပါသည်။ ။

ဤစာအုပ်ငယ်သည် လိုနေသည့်အကွက်ကို တတ်စွမ်းသမျှ ဖြည့်စွက် ခြင်းဖြစ်ပါသည်။ တက္ကသိုလ်ဝင်နှင့် တက္ကသိုလ်ရောက်စ ကျောင်းသားတို့တွင် အသုံးဝင်စေရန် ရည်ရွယ်၍ ခေတ်သစ်ကမ္ဘာ့ရာဆင် အခြေပြကို ရေးပါသည်။

ရေးပုံ ရေးနည်းကိုလည်း အမြွက်မျှ ဖော်ပြလိုပါသည်။ တစ်ဆယ့်ရှစ် ရာစု ကုန်ခါနီးမှ နှစ်ဆယ်ရာစုလယ်အထိ ကမ္ဘာ၏ နိုင်ငံရေး အဖြစ်အပျက် အကျဉ်းကို အခြေခံ ဘောင်ခတ်ကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု တိုးတက်ပြောင်းလဲပုံကို ထင်ရှားအောင် အဆစ်ဆစ်အပိုင်းပိုင်း ဖော်ပြရာ၌ သီးခြားနိုင်ငံဆိုင်ရာ အခန်းတို့တွင် ထိုနိုင်ငံဆိုင်ရာ ရာဇဝင်ကျမ်းတို့ကို မှီငြမ်းပြု ပါသည်။ ထိုကျမ်းတို့အမည်ကို ဤစာအုပ်နောက်ပိုင်း၌ ဖော်ပြပါရှိပါသည်။ ထိုကျမ်းတို့မှ တစ်ပုဒ်စီ တစ်ခန်းစီကို လိုသလို ယူငင်ပေါင်းစပ်၍ ဤစာအုပ်ငယ် ပေါ်ပေါက်လာရပါသည်။ အချိန်များစွာ အကုန်ခံ၍ သုတေသနပြုပြီးမှ ရေးခြင်းမဟုတ်ကြောင်းကို အတိအလင်း ဝန်ခံလိုပါသည်။ အခါကာလအားလျော် စွာ လိုနေသည့် ကွက်လပ်ကို ဖြည့်ခြင်းဖြစ်ရကား ဤစာအုပ်ငယ်ထက် ပြည့်စုံ ရှင်းလင်း ကောင်းမွန်သည့်စာအုပ်တစ်အုပ်မက ရှေ့တွင် များစွာပေါ်ထွက်လာလျှင် ကောင်းမည်ဖြစ်ပါသည်။

ယနေ့ ကျောင်းသားတို့သည် ရာဇဝင်ကို မြန်မာလို ဖတ်ကြမှတ်ကြ၍ စာမေးပွဲတွင်လည်း မြန်မာလိုပင် ရေးသားဖြေဆိုကြသောကြောင့် တစ်နည်းအားဖြင့်ကောင်း၏။ ဘာသာစကား အခက်အခဲကင်းသဖြင့် မြန်မြန်ဖတ်နိုင်သည်။ စွဲစွဲ မှတ်နိုင်သည်။ ရေရေလည်လည် ဖြေနိုင်သည်။ သို့သော် မြန်မာစကားနှင့် ရေးပြီးစာအုပ်ကား မရှိသလောက်ရှား၏။ ထို့ကြောင့် ရာဇဝင်ကျမ်းများ တစ် အုပ်ထက်မက များစွာပေါ်ထွက်လာပါစေဟု ဆန္ဒပေါ်ခြင်း ဖြစ်ပါသည်။

သန်းထွန်း

၉-၆-၆၁

၁/၁ သထုံလမ်း၊ တက္ကသိုလ်နယ် ရန်ကုန်။

ရှေးရိုးစာအုပ်ရေးစနစ်များမှ ရုန်းထွက်ဆန်းသစ်လာသောနိုင်ငံအုပ်ချုပ်ရေး အယူအဆနှင့်

အဖွဲ့အစည်းသစ်များ အနောက်တိုင်း၌ပေါ်လာပုံ

နည်းဟောင်း

ခရစ်နှစ် ၁၇၈၉ ခုနှစ်တွင် ပေါ်လာသော ပြင်သစ်တော်လှန်ရေး မတိုင်မီက  ဥရောပတစ်တိုက်လုံးရှိ နိုင်ငံအသီးသီးမှ အုပ်ချုပ်ရေးနှင့် ပေါင်းသင်းဆက်ဆံရေး သဘောဓလေ့ စသည်တို့ကို နည်းဟောင်း ဟု ခေါ်လေ့ရှိကြ၏။ နည်းဟောင်း အရ မျက်နှာသာပေးခံရသော လူတန်းစားနှင့် အနှိမ်ခံရသော လူတန်းစားဟူ၍ ကွဲပြား၏။ ပြည်ရွာကို သက်ဦးဆံပိုင်ဘုရင်က အုပ်ချုပ်၏။ အရာရှိ အရာခံတို့၌ လာဘ်ပေးလာဘ်ယူ ထူပြော၏၊ အဂတိလိုက်စားကြ၏။ မြေရှင်ကြီးများ တန်ခိုးထွား၏။ သာသနာပိုင်က မင်းအပေါ်၌ သြဇာရှိ၏။ စီးပွားဥစ္စာမှန်သမျှ လူနည်းစုက ပိုင်ဆိုင်၍ လူများစုအတွက် ဆင်းရဲတွင်း နက်လှသည်။ ။

အင်္ဂလန် 

ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နှိုင်းစာလျှင် လူများစုက အကျိုးခံစားခွင့်အတွက် အင်္ဂလန်၌ မျှော်လင့်ချက် အများဆုံးရှိသည်ဟု ဆိုနိုင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် သက်ဦးဆံပိုင် ဘုရင်စနစ်ကို တော်လှန်၍ ပါလီမန်ဖြင့် စီမံရသော ဥပဒေအရ စိုးမိုးသည့် ဘုရင်ခေတ် ပေါ်ထွန်းလျက်ရှိနေသည်မှာ တစ်ဆယ့်ရှစ် ရာစုဦးကပင် ဖြစ်ရကား၊ အင်္ဂလန်သည် အများတကာထက် လက်တွေ့အားဖြင့် နိုင်ငံရေးအဆင့်အတန်းမြင့်သည်။ တစ်ဆယ့်ရှစ်ရာစုအတွင်းက နိုင်ငံအုပ်ချုပ်ရေး တွင် အင်္ဂလန်၏ နမူနာသာလျှင် အသင့်တော်ဆုံးဟု ယူဆကြသည်။ အင်္ဂလန်၌ ပြည်သူတို့ အလွတ်လပ်ဆုံး ဖြစ်၏ဟု ထင်ကြ၏။ စင်စစ်သော် ပါလီမန်ကြောင့် လွတ်လပ်ကြသည်မဟုတ်။ အစကပင် လူတစ်ဦးချင်း ရသင့်သော အခွင့်အရေးကို အုပ်ချုပ်သူက. စော်ကားလျှင် မခံတတ်သော သဘောရှိခဲ့ကြသဖြင့် ယခု ကဲ့သို့ လွတ်လပ်စွာ ပြောရေးဆိုခွင့် ရနေကြခြင်း ဖြစ်ပါသည်။ ယခု ပါလီမန် အာဏာ အကြီးဆုံးဖြစ်လာသောအခါ ဘုရင်ကား အမည်ခံမျှသာဖြစ်၍ အခွန် ခန့်ခွဲခြင်း၊ ဥပဒေပြုခြင်း၊ ပြင်ခြင်း၊ တရားဆုံးဖြတ်ခြင်း၊ ထာဝရ စစ်တပ်ကို ကွပ်ကဲခြင်းစသည့် အရေးပါသော ကိစ္စမှန်သမျှတို့၌ ပါလီမန်ကို လွန်ဆန်၍ ဘာမျှ မလုပ်နိုင်ချေ။ သို့သော် ထိုအခါက ပါလီမန်သည် ယခုခေတ် အများ နားလည်သော ပြည်သူလူထု၏ ကိုယ်စားလှယ်စစ်စစ် မဟုတ်သေးချေ။ အဘယ့်ကြောင့် ဆိုသော် ယခုအခါမှာကဲ့သို့ အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခြင်း မရှိ သည့်ပြင် လူဦးရေအလိုက် မျှတညီညွတ်အောင် အမတ်အရေအတွက် ပေ၍ ပေးထားခြင်း မရှိသဖြင့် ပိုက်ဆံချမ်းသာသူ မြေရှင် လူနည်းစု၏ ကိုယ်စားလှယ်များသာ ပါဝင်သော ပါလီမန် ဖြစ်နေပါသည်။ ပါလီမန် အမတ်တိုင်းလည်း - မြေရှင်ကြီးများ ဖြစ်၍နေပါသည်။ ထိုအခါမျိုး၌ လာဘ်ပေးလာဘ်ယူနှင့်အဂတိ လိုက်စားခြင်းကား နေ့စဉ် ကျင့်မြဲလေ့ကဲ့သို့ ရှိနေပါသည်။ အင်္ဂလန် မင်းဆက်အသစ်ကို စသူ ဂျော့ (၁) နှင့် ပြည်ရေးပြည်ရာအ၀၀ကို ဘုရင့်ကိုယ် စား လွှဲအပ်ခြင်းခံရသော ရောဘတ်ဝါလပို တို့ လက်ထက်များ၌ ကဲ့ဘိနက် ခေါ် ခေတ်ဝန်ကြီး အဖွဲ့နှင့်တကွ ဝန်ကြီးချုပ်ဟူ၍ အုပ်ချုပ်ရေးကြိုးကိုင် အဖွဲ့ အစည်းတစ်ရပ် ထင်ရှားစွာ ပေါ်လာပါသည်။ ပါလီမန်က ဆက်၍ မထောက်ခံ လျှင် ကဲ့ဘိနက် တစ်ဖွဲ့လုံး ရာထူးမှ နုတ်ထွက်ရမည့် အစဉ်အလာလည်း ပေါ်၍ လာပါသည်။ ကိုဘိနက်က အုပ်ချုပ်ရေးကို နိုင်နင်းစွာ တာဝန်ယူနိုင်သဖြင့် ဘုရင်၏ တာဝန်မှာ အခမ်းအနားရှိလျှင် အဆောင်အယောင်ဖြင့် အကန်တော့ခံ ထွက်ခြင်းမျှသာ ရှိပါတော့သည်။ သို့သော် ဂျော့ ၃ သည် ၁၇၆ဝ ၌ နန်းတက်လျှင် မင်းနှင့်တူအောင် အုပ်ချုပ်ရေး၌ ပါဝင်စွက်ဖက်ရန် ကြိုးစားပြန်ရာ အသင့် | အတင့် အောင်မြင်သော်လည်း အမေရိကန်စစ်၌ အရေးနိမ့်သဖြင့် ပါလီမန်ဝါဒ ပြန်လည်အားရှိလာရသည်။ ပါလီမန်ကို ပြည်သူ့ကိုယ်စားလှယ် အစစ်ဖြစ်အောင် ပြုပြင်ရန် လှုံ့ဆော်လာကြပြန်သည်။ ဤတွင် မှတ်သားလောက်သော လှုံ့ဆော် ပွဲကား ချာတစ်အရေးတော်ပုံပင် ဖြစ်ပါသည်။ ချာတစ်တို့က (ခ) မဲပေးခွင့်ရသူ ပို၍များရန်၊ (၂) မျှတအောင် အမတ်နေရာ ပြန်၍ဝေရန်၊ (၃) အမတ်တို့ကို | လစာပေးရန်၊ (၄) အမတ်လောင်း ပစ္စည်းအင်အား ကန့်သတ်ချက်ကိုလျှော့ရန်၊ (၅) လျှို့ဝှက်မဲပေးခွင့်ပြုရန်နှင့် (၆) နှစ်စဉ် ပါလီမန်ရွေးကောက်ပွဲ ကျင်းပရန်တို့ ဖြစ်ပါသည်။ ပြုပြင်ရေးကို တောင်းဆဲ၌ ပြင်သစ်တော်လှန်ရေး ပေါ်လာသဖြင့် အင်္ဂလန်က လန့်၍ ပြုပြင်ရေးအားလုံး ရပ်စဲကာ ပြုပြင်ရေး တောင်းလျှင် နိုင်အောင်ပင် နှိပ်ကွပ်လိုက်သည်။

ပြင်သစ်

နည်းဟောင်းကိုဖျက်ရာ၌ ပြင်သစ်၏ နမူနာလည်း ထူးခြားမှတ်သားဖွယ် ဖြစ်၏။ ပြင်သစ် ဘုရင်ကား သက်ဦးဆံပိုင် ဘုရင်ဖြစ်၍ ၎င်း၏ အလိုအတိုင်း တိုင်းပြည်ကို အုပ်ချုပ်သည်။ မင်း၏ အတိုင်ပင်ခံအဖွဲ့ ရှိသော်လည်း မင်းလို လိုက်ရသည်များ၏။ မင်းနှင့်ကင်းသော အဖွဲ့အစည်းဟူ၍ မရှိချေ။ ပါရီမြို့တော်၏ ၊ ပါလီမန် မှာလည်း မင်း၏ ပြန်တမ်းကို အတည်ပြုရသော တရားလွှတ်တော် ချုပ်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ မင်း၏ တစ်ဖက်သတ် အလိုတော်ကို ပါလီ မန်က ခုခံသော်လည်း ပြောပလောက်သည် မဟုတ်ချေ။ အချို့နယ်များ၌ အုပ်ချုပ်ရေး အတိုင်ပင်ခံအဖွဲ့ များ ရှိတတ်၍ မြို့များ၌လည်း မြို့အတိုင်ပင်ခံ အဖွဲ့ ရှိမြဲဖြစ်သည်။ သို့သော်လည်း ပြည်သူ့ဆန္ဒကို ပြနိုင်သော အဖွဲ့များ မဟုတ်ချေ။ အဂတိ လိုက်စားမှု အားကြီးသော အုပ်ချုပ်ရေးဟု ဆိုရချေမည်။ တရားဥပဒေ၏ ညီညွတ်ခြင်းလည်း မရှိချေ။ အချို့ဒေသ၌ ရှေးရောမဓလေ့နှင့် တရားဆုံးဖြတ်၍ အချို့အရပ်၌ ဂျာမနီ ဥပဒေကို သုံးသည်။ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းများရှိလျက် ငွေဖြင့်ဝယ်၍ ရာထူးလက်ကိုင် ရထားသူများက မျက်နှာကြီး မျက်နှာငယ်လိုက်၍ တရားစီရင်မြဲ ဖြစ်သည်။ စစ်တပ်၌လည်း ရာထူးကြီးလျှင် ဂုဏ်ကြီးသူတို့၏ သားများသာ ရမြဲဖြစ်၏။ တစ်နယ်လျှင် မည်မျှ အခွန်ဆက်ရမည်ဟု ကြိုတင်သတ်မှတ်၍ အခွန်ကောက်စေသဖြင့် ပိုသမျှကို ကောက်သူက ယူနိုင်ရကား ဆင်းရဲသားတို့ထံမှ ရနိုင်သလောက် မတရား တောင်းယူခြင်းများ ပေါ်ပေါက်သည်။ စင်စစ် ဆင်းရဲသား တောသား

နှင့် လူလတ်တန်းခေါ်သော မျက်နှာငယ် လူတန်းစားတို့ ဒုက္ခရောက်ဆုံးတည်း။ လူဝီ ၁၅ သည် ပြည်ရေးရွာမှုကို အဓိကမထား၊ အပျော်အပါးဖြင့်သာ အချိန် ကုန်သည်။ လူဝီ ၁၆ မင်းဖြစ်လျှင် အချိန်ကာလအားလျော်စွာ ပြုပြင်သင့် သမျှကို ပြုပြင်လိုစိတ်ရှိသော်လည်း အခွင့်အရေး ကောင်းသမျှ ခံစားလျက် မျက်နှာသာပေး၍ထားခဲ့သော အထက်တန်းစားနှင့် ရဟန်းတော်များက ပိုသဖြင့် လက်လျှော့ခဲ့သည်။ ရှေးထုံးရှိလင့်ကစား ပြင်သင့်လျှင် ပြင်မည်ဟူသော သတ္တိ လူဝီ ၁၆ ၌ မရှိချေ။ ဘဏ္ဍာတော် အယိုအဖိတ် များသည့်အထဲက အမေရိကန် စစ်ကို အကူလွတ်သဖြင့် ပို၍ ဘဏ္ဍာရေး အခက်အခဲကြုံတွေ့ရသည်။ ငွေ ပြဿနာကို အဖြေပေးနိုင်အံ့ဟူသော အထင်နှင့် ၁၇၈၇ ခု၌ အရေးပါသူတို့၏ ညီလာခံကို ခေါ်ယူခဲ့၏။ ထိုညီလာခံက ပြဿနာအရပ်ရပ်ကို ဖြေရှင်းရန် ၁၆၁၄ ခုမှစ၍ တစ်ကြိမ်မျှ ခေါ်ယူခြင်း မပြုခဲ့သော အတိုင်ပင်ခံ လူတန်းစား အဖွဲ့ချုပ် ကို ခေါ်ယူပါဟု အကြံပေးခဲ့၏။ ယင်းသည်ပင်လျှင် ပြင်သစ်၌ သက်ဦးဆံပိုင် ဘုရင်စနစ်၏ ဇာတ်သိမ်းဖြစ်ပါတော့သည်။

အောက်တန်းစား

အဆင်းရဲ အပင်ပန်းဆုံး လူတန်းစားကား တောင်သူလယ်သမား တော သားများ ဖြစ်ပါသည်။ ထွန်ယက်စိုက်ပျိုးရာ၌ မျိုးသန့်မျိုးကောင်း ရွေးခြင်း၊ မြေသြဇာကျွေးခြင်း စသည်ဖြင့် ထွန်ယက်၍ မျိုးကြဲခြင်းစသော နည်းသစ်နည်း ဆန်းများကို ကြားမျှမကြားဘူးချေ။ ရှေးရိုးအတိုင်းသာ ဆောင်ရွက်ကြ၏။ အင်္ဂလန် မှတစ်ပါး ဥရောပတစ်ခွင်၌ ရှေးကံကျွေးချ ခေတ်မှ မြို့စားတို့က လယ်သမားတို့ အပေါ်၌ထားသော အချုပ်အနှောင်များ ကျန်နေသေး၏။ အခွန်ပေးစရာ ရှိလျှင်လည်း အကြီးလေးဆုံး ပေးရသူများဖြစ်၏။ လမ်းမကြီးများ ပြင်စရာရှိလျှင်

အလကား လုပ်အားပေးရ၏။ မြေခွန် ဆက်ရ၏။ သာသနာခွန် ဆက်ရ၏။ ' မြေရှင်ကြီးများက အခြားစေခိုင်းစရာ ရှိလျှင်လည်း မငြင်းဝံ့။ ငွေကြေးပိုလျှံ၍ စုဆောင်းမိပြန်ကလည်း အခွန်ကောက်သူက ညှစ်ယူပြန်သည်။ ၀အောင်မစားရ၊ လှအောင်မဝတ်ရ။ အချုပ်အားဖြင့် လူဖြစ်လျက် လူတန်းစေ့အောင် မနေရချေ။ ရုရှ၊ ပိုလန်၊ ဟန်ဂေရီတို့၌ ၎င်းတို့၏ အခြေအနေသည် အဆိုးဝါးဆုံးဖြစ်၏။ အင်္ဂလန်၌ အသက်သာဆုံးဖြစ်၍ ပြင်သစ်တွင် ထကြွညီညာ၍ ပြုပြင်ရေးကို ရသလောက် တောင်းယူရန် အားသွန်လျက်ရှိသည်ကို တွေ့ရပါသည်။

လူလတ်တန်းစား (ဘူဇွာ)

တစ်ဆယ့်ခုနစ်နှင့် ရှစ်ရာစုများ၌ မြို့များ ကြီးပွားများပြားလာ၏။ "အရောင်းအဝယ် ကောင်းသည်ကိုမှီ၍ ပေါ်ပေါက်လာသော တိုးတက်ရေးဖြစ်ရကား နယ်ချဲ့ရန် တအားတိုးလာခြင်းလည်းဖြစ်သည်။ ၁၇၈၇ ခု၌ လန်ဒန်တွင် လူနေ တစ်သန်းကျော်၏။ ပါရီ၌ ငါးသိန်းရှိ၏။ သောင်းကျော်မြို့ ရှစ်ဆယ်ရှိ၏။ အမ်စတာဒမ်၊ ဟမ်ဘတ်စ်၊ ဘရီမန်နှင့် ဖရင့်စ်ဖတ်တို့၌ အရောင်းအဝယ် အထူးကောင်းလှသည်။ တစ်ဆယ့်ရှစ်ရာစုသို့ရောက်လျှင် ယခင်က လက်မှုပညာသမား တို့သည် မိမိသုံးစားရန်မျှသာ ကုန်ပစ္စည်းထုတ်လုပ်ရာက အမြတ်အတွက် ရောင်းစားရန် ထုတ်လုပ်သောခေတ်သို့ ပြောင်းလဲလာသည်ကို တွေ့ရ၏။ ဤတွင် ပစ္စည်းထုတ်လုပ်ရာ၌ ယခင်ကထက် ပို၍ကောင်းသော်လည်း စရိတ်နည်းအောင် ပြုပြင်တီထွင်ခြင်းများကို ကြံဆအားထုတ်လာကြသည်။ ရောင်းစားရန် ပစ္စည်းအမျိုးအမည်သစ်များလည်း ပေါ်လာသည်။ ယခင်က လမ်းပန်းဆက် အသွယ်ခြင်း၊ အစိုးရက အခွန်ကန့်သတ်ချက် များခြင်းတို့ကြောင့် ရောင်းဝယ် ရေးညံ့သော်လည်း ယခု ယင်းတို့ကို ကျော်လွန်လျက် ကမ္ဘာအနှံ့ ကုန်သင်္ဘော များ သွားလာလျက်ရှိပေပြီ။ အရှေ့အိန္ဒိယကုမ္ပဏီ၊ ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ၊ ဟတ်ဆင်ဗေး ကုမ္ပဏီ စသည်ဖြင့် ငွေအားကြီးမားသဖြင့် လက်ဝါးကြီးအုပ်လျက်ရောင်းဝယ်နိုင်သော အဖွဲ့ များပေါ်လာ၏။ လက်ဝါးကြီးအုပ်စနစ် ရှိလင့်ကစား အရောင်းအဝယ် တိုးတက်မြဲ တိုးတက်သည်။ ယင်းသို့ တိုးတက်သဖြင့် အထူး အရေးပါသော အကျိုးကားလက်မှုပညာသည်။ လက်လီလက်ကား ဈေးသည်နှင့် ကုန်သည်တို့ ပါဝင်သော လူလတ်တန်း ဘူဇွာပေါ်လာခြင်းပင် ဖြစ်ပါသည်။ အင်္ဂလန်နှင့် ပြင်သစ်၌ ဘူဇွာတို့ အားအကောင်းဆုံးဖြစ်၏။ ငွေရှိလျှင် နိုင်ငံရေးအာဏာရှိရန်ပြင်ဆင်ကြသည်။ ပါလီမန်ကို အမှီပြု၍ အင်္ဂလန်မှ ဘူဇွာတို့ လိုသော တန်ခိုးကိုရ ကြသည်။ ပြင်သစ်ဘူဇွာတို့ အလှည့်သာ ကျန်ပါတော့သည်။

 

 

အထက်တန်းစား 

ဥရောပ၌ မျက်နှာသာပေးခြင်းခံရသော အထက်တန်းစာဟူသည် ဂိုဏ်း အုပ်ဂိုဏ်းချုပ် စသည့် အထက်တန်း ဘုန်းကြီးနှင့် မြို့စား ရွာစား သူကောင်းမျိုး တို့ဖြစ်၍ ပထမနှင့် ဒုတိယအဖွဲ့ ဟုခေါ်သည်။ ၎င်းကိုကား လူဦးရေအလိုက်တစ်ရာလျှင် တစ်ယောက်မျှသာရှိသော လူနည်းစုသာ ဖြစ်ပါသည်။ ဂုဏ်၊ ရာထူးနှင့် ပစ္စည်းအင်အားကြီးသူများဖြစ်၏။ အထက်တန်း ဘုန်းကြီးများသည် သီလ သိက္ခာ သမာဓိရာ၌ ချီးမွမ်းဖွယ်မရှိ၊ သူကောင်းမျိုးတို့က ငွေပေး၍ ဂိုဏ်းအုပ်ဂိုဏ်းချုပ် ရာထူးကို ဝယ်ယူထားသူများဖြစ်၍ သာသနာရေး ခေါင်းဆောင်အတုများသာ ဖြစ်သည်။ ၎င်းတို့၏ လက်အောက်မှ ဘုန်းကြီးအစစ်များ ကား သနားစဖွယ် ဆင်းရဲကြ၏။ သူကောင်းမျိုးမှာလည်း လူပေါ်ကျော့များသာ ဖြစ်၏။ နန်းတော်၌ ဝင်ထွက်စား၍ မိမိပိုင် နယ်ပယ်မှ တောင်သူလယ်သမား တို့ ဆက်သသောအခွန်ကို ရနိုင်သမျှ ညှစ်ယူသည်။ တောနေချို့တဲ့သော သူ ကောင်းမျိုးလည်းရှိ၏။

သာသနာယုံကြည်မှု

 ခရစ်ယာန်သာသနာတွင် ရိုမန်ကက်သလစ် ကျောင်းတော် အင်္ဂလီကန် ကျောင်းတော်နှင့် အခြား ပရိုတက်စတင့် ကျောင်းတော်အများရှိ၏။ ဤတွင် တစ်ဆယ့်ရှစ်ရာစုက ရိုမန်ကက်သလစ် ကျောင်းတော်သည် အားအကောင်းဆုံး၊ တန်ခိုးအကြီးဆုံး ကျောင်းတော်ဖြစ်သည်။ ၎င်းနှင့် သဘောမတူသော မည်သည့် ဂိုဏ်းခွဲနှင့်မျှ ညှိနှိုင်းဆက်ဆံခြင်းမရှိချေ။ ရှေးက နိုင်ငံရေးအာဏာ ရရှိခဲ့ဖူးသော် လည်း ယခုအခါ၌ ရှေးကလောက် တန်ခိုးမရှိတော့ချေ။ သို့သော် ယခုတိုင် ပညာရေး၌ ခေါင်းဆောင်ဖြစ်ခြင်း၊ လက်ထပ်မင်္ဂလာပွဲကို ဆောင်ရွက်ပေးရခြင်းနှင့် မိစ္ဆာဒိဋ္ဌိ နှိပ်ကွပ်ခြင်းတို့ကို စီမံရသေးသည်။ ဤဂိုဏ်းတော်တွင်း၌ ဂျင်ဆင် အစု၊ ဖေဗရောင်နီယန် အစုနှင့် ဂျက်စဝတ် အစုဟူ၍ ဂိုဏ်းငယ်များ ရှိပြန် သဖြင့် စည်းရုံးရေးအား ပျက်ခဲ့ရသည်။ အင်္ဂလန်မှ အင်္ဂလီကန်ဂိုဏ်းကား ဥစ္စာ ပစ္စည်း ပြည့်စုံ၍ မျက်နှာသာပေးခံခဲ့ရသည်။ ၎င်းနှင့် အယူအဆမတူသော အခြား ပရိုတက်စတင့် ဂိုဏ်းသားများသည် အစိုးရရာထူးကို ပါလီမန်က ခွင့် မပေးလျှင် လက်ခံနိုင်ခြင်းမရှိချေ။ နှစ်ခြင်းမင်္ဂလာပြုခြင်း၊ ဖွားသေစာရင်းတင် ခြင်း၊ လက်ထပ်မင်္ဂလာပြုခြင်းကို ဤဂိုဏ်းဘုန်းကြီးမှ ဆောင်ရွက်နိုင်သည်။ သို့စဉ်လျက် ပရက်စတေရီယန်၊ ယူနီတေရီယန်၊ ကွေ့ကာနှင့် မက်သဒစ်များပေါ်လာသေး၏။ ဂျာမနီာက်၌ လူဘရန်ဂိုဏ်း ထွန်းကား၏။ ၄င်းတို့ထက် ကျော်လွန်၍ ခရစ်ယာန်ကျောင်းတော်များနှင့် သမ္မာကျမ်းစာတို့ကား ဆည်းကပ် ဖွယ်မဟုတ်၊ ဘုရားသခင်နှင့် လူသားအကြား၌ အဆောင်အယောင်မလိုဟု ဆို။ ၎င်းတို့အပြင် ခေတ်သစ် လောကဓာတ်ပညာ ထွန်းကားလာသဖြင့် ရှေး၊သာသနာ ယုံကြည်မှုများကို ပစ်ပယ်သူ ပေါများ၍ လာရသည်။

 

နည်းသစ်

 တစ်ဆယ့်ရှစ်ရာစုကား ပညာသစ်ကိုရှာသော ခေတ်လည်းဖြစ်၏။ ပညာ ရှင်တို့သည် လက်တွေ့ မပြနိုင်လျှင် မယုံစတမ်းဟု ခေါင်းမာစလည်းဖြစ်၏။အင်္ဂလိပ်လူမျိုး ဆာအိုက်ဆက်နယူတန် (၁၆၄၂-၁၇၂၇) သည် မှန်ပြောင်းကိုပြုပြင်၍ အာကာသသျှတ္တရကို ထွန်းကားစေ၏။ မြေ၏ ဆွဲငင်အားကို သင်္ချာ ၊ နည်းဖြင့် ပြနိုင်ခဲ့၏။ ယင်းကား လောကဓာတ်ပညာ ထွန်းကားစေသော ခေါင်း

ဆောင်ကြီးတစ်ဦးပေတည်း၊ ဂေါ့ဖရိုက် ဝေလမ်ဗွန် လိုက်ဗနဇ် (၁၆၄၆- ၁၇၁၆) သည် နယူတန်နှင့်အတူ ကာကလပ်စ် သင်္ချာကို ထွင်ခဲ့သဖြင့် ဗိသုကာ ပညာ ကြီးပွားလာ၏။ ဗင်ဂျာမင်ဖရင့်ကရင် (၁၇၁၆-၁၇၉ဝ)က လျှပ်ပြက်သည် ကို လေ့လာ၍ လျှပ်စစ်ဓာတ်၏ အခြင်းအရာကို ဖော်ထုတ်၏။ 

အမေရိကန်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်၏။ ဆက်ပရိစလီ (၁၇၃၃-၁၈၀၄) အန်ဂျွိုင်နီလဗွိုင်ဆာ (၁၇၄၃-၁၇၉၄) နှင့် ဟင်နရီကဝင်ဒစ် (၃၁-၁၈၁၀) တို့က ခေတ်သစ် ကေမစ်စထရီ (ဓာတုဗေဒ)ကို တီထွင်ခဲ့ကြ သည်။ အက်ဒဝပ်ဂျင်နာ (၁၇၄၉-၁၈၂၃)ကကျောက်ရောဂါကို ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း စတင်ပြသနိုင်ခဲ့၏။ ဤနည်းသစ်များ ကြံဆကြလျက် နိုင်ငံတကာ၌ လောကဓာတ် ဆရာများကို မင်းအမတ်တို့ ဝိုင်း၍ အားပေးကြသည်။ လန်ဒန်၌ ၁၆၆၂ ခုနှစ်တွင် အသင်းတော်နှင့် ပြင်သစ်၌ ပြင်သစ် အကယ် 'ဒမီ စသော အဖွဲ့များ ပေါ်လာလျက် ခေတ်အလိုက် အသစ်ရှာဖွေတွေ့ရှိသည် များကို ဆွေးနွေးကြသည်။ စာပုံနှိပ်စက်များ တိုးတက်လာသဖြင့်လည်း ပညာ ပြန့်ပွားလွယ်၏။ တစ်ဆယ့်ရှစ်ရာစုတွင် ထူးသည်ကား ရှိပြီး နိုင်ငံရေး၊ လူမှု ရေးနှင့် သာသနာရေး အဖွဲ့အစည်းအားလုံးကို ဝေဖန်စစ်ဆေးလျက် ယုံသင့်မှ ယုံမည်ဟူသော သဘော ခေတ်စားလာခြင်းဖြစ်သည်။

 

 

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)