Skip to product information
1 of 13

Other Websites

ဒေါက်တာမတင်ဝင်း - သားနဲ့မိဘ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
မိဘတို့ကို လုပ်ကျွေးမွေးမြူသောသူကို 
နတ်တို့သည် ဆေးကုကြကုန်၏

 

          အသက်ကြီးလာတဲ့အခါမှာ မိမိဖြတ်သန်းခဲ့ရတဲ့ဘဝကို ပြန်ပြီး ခဏခဏ တွေးတောစဉ်းစားမိပါတယ်။ အဲဒီအခါ အရင့်အရင်က မတွေးမိ မမြင်မိတာ တွေကို ပြန်ပြီး တွေးမိမြင်မိပါတယ်။ တွေးမိမြင်မိပြီးသား အကြောင်းအရာ များကို ပိုမိုထင်ရှားစွာ တွေးမိမြင်မိလာပါတယ်။ ဘယ်အရာတွေမဆို အရင့် အရင်ခံစားတာတွေထက် ပိုမိုနက်နဲစွာ ပိုမိုသိမ်မွေ့စွာ ခံစားလာရပါတယ်။

          အထူးသဖြင့် မိမိကိုအသက်ပေးလိုက်ကြတဲ့၊ မိမိကို ဘဝပေးလိုက် ကြတဲ့၊ မိမိကိုအောင်မြင်သော ကျေနပ်ဖွယ်ကောင်းသော လမ်းကြောင်းပေါ် ရောက်အောင် ဘယ်လိုလျှောက်ရမယ်ဆိုတဲ့အသိကို ပေးလိုက်ကြတဲ့ မိဘ များရဲ့အကြောင်းကို ပိုပြီးစဉ်းစားမိလာပါတယ်။ ခဏတာလောက်သာ စဉ်းစား မိတာမဟုတ်ဘဲ ထပ်ကာထပ်ကာ စဉ်းစားပြီး ထပ်ကာထပ်ကာခံစားရင်း မိမိရဲ့ စိတ်ထား ပိုမိုသိမ်မွေ့လာတာ၊ မိဘများကို ပိုမိုလေးစားလာတာ၊ ပိုမို ချစ်ခင်လာတာကို မိမိဘာသာ သတိပြုမိလာပါတယ်။

          အဲဒီနောက်တော့ မိဘကျေးဇူးကိုဆပ်တဲ့ သားသမီးများအကြောင်း ကို ပိုပြီးတွေးမိလာခဲ့ပါတယ်။ မိဘကျေးဇူးကိုဆပ်တဲ့သူတွေ အများကြီးထဲမှာ ဗုဒ္ဓဘာသာဝင်များရဲ့ စိတ်သန္တာန်မှာ အစွဲငြိဆုံးသူကတော့ သုဝဏ္ဏသာမ ဖြစ်ပါတယ်။

 

          သုဝဏ္ဏသာမဇာတ်တော်ကြီးဝတ္ထုကို ပြန်ဖတ်ရလျှင် ကောင်းမှာပဲ လို့ စဉ်းစားနေဆဲမှာ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ပါမောက္ခဦးသန်းထွဋ်နဲ့တွေ့ ပါတယ်။ သူဟာ ဆန်ရေရဲ့အကြောင်းကို အလွန်စိတ်ဝင်စားပါတယ်။ သုဝဏ္ဏ သာမရဲ့အကြောင်းဆိုတော့လည်း မိဘအပေါ်မှာထားတဲ့ စေတနာ မေတ္တာနဲ့ လုပ်ကျွေးပြုစုခြင်းအကြောင်းဖြစ်တဲ့အတွက် ဆန်ရေအကြောင်းလို့ ပြောနိုင်ပါတယ်။

          ကျွန်မက အဲဒီအကြောင်းကို စကားစပြီးပြောတဲ့အခါမှာ နောင်ကြီးက အလွန်ထူးခြားတဲ့ အပြုံးကလေးနဲ့ “အေးဗျ-မိဘတို့အား လုပ်ကျွေးသူကို နတ်များကပင် ဆေးကုရ၏”လို့သဗျလို့ ပြောပါတယ်။ အဲဒီစကားက သုဝဏ္ဏ သာမကိုယ်တိုင်ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ ကျွန်မရဲ့စိတ်ထဲမှာ သုဝဏ္ဏသာမ ဇာတ်တော်ကို ပြန်ဖတ်ချင်တဲ့စိတ်ဓာတ်အခံက ရှိနေလေတော့ ဆရာကြီး ဦးသန်းထွဋ်ရဲ့ စကားကို ကြားတာနဲ့ မြန်မြန်ရှာပြီး ဖတ်မိသွားပါတယ်။

          သုဝဏ္ဏသာမဇာတ်ကို ဖတ်ရင်းဖတ်ရင်း ကြည်ညိုသဒ္ဓါစိတ်ကလည်း ပွားလာပါတယ်။ ပြီးတော့ သားအရွယ်၊ သမီးအရွယ် ခေတ်လူငယ်ကလေး တွေဟာ ဒီလိုအကြောင်းအရာ၊ ဒီလိုအရေးအသားမျိုးတွေနဲ့ အကြောင်းကြောင်းကြောင့် ဝေးနေရတယ်။ သူကလေးတွေကို အဲဒီလိုအကြောင်းတွေကို ပြန်ပြောရရင် ကောင်းမှာပဲလို့ တွေးမိလာပါတယ်။ အဲဒါကြောင့် သားနဲ့မိဘ ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို ယူလိုက်မိတာပါပဲ။

          သုဝဏ္ဏသာမဆိုတာကတော့ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အသား အရေရှိတဲ့သူဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ သုဝဏ္ဏသာမရဲ့ မိဘများက ဒုကူလ နဲ့ ပါရိကာတို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ တောအရပ်မှာ နေထိုင် ပြီး သူတော်ကောင်းတရားကို အားထုတ်နေကြတဲ့သူများ ဖြစ်ကြပါတယ်။

          ဒုကူလနဲ့ ပါရိကာတို့ သီတင်းသုံးနေထိုင်တဲ့အရပ်က မိဂသမ္မတာ ဆိုတဲ့ မြစ်ကမ်းပါးမှာရှိတဲ့ တောထဲမှာဖြစ်ပါတယ်။ မိဂသမ္မတာမြစ်ဆိုတာ က ဟိမဝန္တာတောင်စဉ်အထပ်ထပ်ကိုဖြတ်ပြီး စီးဆင်းလာကာ ဂင်္ဂါမြစ်ထဲကို စီးဝင်တဲ့မြစ်ဖြစ်ပါတယ်။ အဲဒီမြစ်ကမ်းပေါ်က တောဟာ လူသူကင်းဝေးပြီး အေးငြိမ်းတဲ့တောအရပ်ဖြစ်တဲ့အပြင် စားစရာအနေနဲ့ သစ်မည်စည်သီး၊ တည်သီး၊ လွန်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီးစတဲ့ ချိုအေးတဲ့အရသာ နဲ့ ပြည့်စုံတဲ့အသီးများလည်း ပေါများပါတယ်။

          ဒုကူလနဲ့ ပါရိကာတို့ဟာ ကမ္မဋ္ဌာန်းတရားကို သူ့အချိန်နဲ့သူ ပွားများ အားထုတ်ပြီး ကမ္မဋ္ဌာန်းက ထတဲ့အခါမှာ သူတို့ကိုယ်တိုင် စားကောင်းရာရာ သစ်သီးများကို ခူးဆွတ်စုဆောင်းပါတယ်။ သောက်ရေ သုံးရေအတွက် မိဂသမ္မတာမြစ်ကရေများကို ခပ်ယူပြီး ကျောင်းသင်္ခမ်းကို သယ်ဆောင်လေ့ရှိ ကြပါတယ်။

          သုဝဏ္ဏသာမဟာ အသက် ၁၆ နှစ်ရှိတဲ့အခါမှာ ငါ့ရဲ့မိဘတို့ဟာတစ်နေ့မှာ ဒုက္ခနဲ့များ တွေ့ကြုံခဲ့ရင် ငါက ကူညီနိုင်ရမယ်လို့တွေးပြီး လမ်းချိုး လမ်းကွေ့ကစပြီး တောထဲကိုဝင်ရာလမ်း၊ ရေခပ်ဆင်းရာလမ်းစတဲ့ လမ်းခရီး များကို မှတ်သားပါသတဲ့။

          အဲဒီလိုနဲ့နေရင်း တစ်နေ့တော့ ဒုကူလနဲ့ ပါရိကာတို့ တောထဲက သစ်သီးများ ခူးဆွတ်ပြီး ပြန်လာကြတဲ့အချိန်မှာ မိုးကြီးသည်းထန်စွာရွာတာနဲ့ ကြုံပါသတဲ့။ ဒုကူလနဲ့ပါရိကာတို့ဟာ ရွှဲရွှဲစိုနေတဲ့အတွက် မိုးအစ်ကိုစောင့်ဖို့ သစ်ပင်တစ်ပင်ရဲ့အောက်ကို ဝင်ခဲ့ကြပါတယ်။ အဲဒီသစ်ပင်ရဲ့အောက်မှာတောင်ပို့တစ်ခု ရှိပါတယ်။ ဒုကူလနဲ့ ပါရီတို့ဟာ တောင်ပို့ပေါ်မှာ အမှတ် မထင် ရပ်မိကြပါတယ်။ အဲဒီအချိန်မှာ သူတို့ကိုယ်ပေါ်က မိုးရေစက်များဟာ တစ်စက်စက်နဲ့ အောက်ဘက်ကို စီးကျနေကြပါတယ်။ မိုးမိထားတာကလည်း တစ်ကိုယ်လုံးရွှဲရွှဲစိုနေလေတော့ ကျတဲ့မိုးရေစက်တွေကလည်း အများကြီး ပါပဲ။ မိုးရေစက်များဟာ တောင်ပို့ထဲကို စိမ့်ဝင်သွားတော့ တောင်ပို့မှာအောင်း နေတဲ့ မြွေဟောက်ကြီးရဲ့ နှာခေါင်းထဲကို ဝင်သွားပါတယ်။ မိုးရေတွေက လူ တွေကိုယ်ခန္ဓာပေါ်ကမှတစ်ဆင့် ဖြတ်သန်းစီးဆင်းသွားတာ ဖြစ်တဲ့အတွက် လူတွေရဲ့ချွေးနံ့တွေပါ ပါနေပါတယ်။ မြွေဟောက်က အဲဒီလိုအနံ့ကိုရတဲ့အခါ စိတ်ဆိုးလို့ နှာခေါင်းကလေကို မှုတ်ထုတ်လိုက်ပါတယ်။ အဲဒီလိုမှုတ်ထုတ် လိုက်တဲ့ လေထဲမှာ မြွေဆိပ်တွေပါသွားပါတယ်။ အဲဒီမြွေဆိပ်ကြောင့် ဒုကူလ ခဲ့ပါရိကာတို့ဟာ မျက်စိချက်ချင်းကွယ်သွားကြပါတော့တယ်။ 

          ဒုကူလနဲ့ ပါရိကာတို့ဟာ မျက်စိကွယ်သွားတဲ့အခါ ကျောင်းသင်္ခမ်း ရောက်အောင် ဘယ်လိုသွားရမှန်း မသိတာကြောင့်တစ်ကြောင်း၊ စိတ်ဆင်း ရဲလို့ ငိုကြွေးနေတာကြောင့်တစ်ကြောင်း မိုးစဲပေမယ့် ကျောင်းသင်္ခမ်းကို ပြန်မရောက်ဘဲ နောက်ကျနေပါသတဲ့။

           သုဝဏ္ဏသာမကလည်း အမိနဲ့အဘ ပြန်ရောက်ချိန်မှာ မရောက်တော့ ဘယ်လိုအန္တရာယ်များနဲ့ တွေ့နေပါလိမ့်ဆိုပြီး တောဘက်ကိုထွက်ပြီး ရှာပါသတဲ့။

           သုဝဏ္ဏသာမက မိခင်ဖခင်တို့လို့ ခေါ်လိုက်တဲ့အခါမှာ ဒုကူလနဲ့ ပါရိကာတို့ဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်း မှာပဲ အန္တရာယ်ရှိနေတဲ့ သူတို့ဘက်ကို သွားရောက်လာမှာစိုးတာနဲ့ တဲ့သား၊ ငါတို့ဘက်ကို မလာနဲ့လို့ အော်ပြောပါသတဲ့။

          သုဝဏ္ဏသာမဟာ မိဘများရှိရာဘက်ကို နွယ်ကြိုးရှည်ကြီးတစ်ချောင်း လှမ်းပေးပြီး မိဘများက နွယ်ကြိုးကိုကိုင်ကာ လာစေပါတယ်။ တွေ့ကြတဲ့အခါ ကျမှ မိဘများ ဘယ်လိုဖြစ်ပြီး မျက်စိကွယ်သွားရတာလဲ ဆိုတာကို မေးမြန်း စုံစမ်းရပါသတဲ့။

          အကျိုးအကြောင်းကို သိတဲ့အခါမှာ သားဖြစ်သူ သုဝဏ္ဏသာမက ငိုရှာပါသတဲ့၊ ရယ်လည်း ရယ်ပါသတဲ့။ မိဘများက ဘာဖြစ်လို့ ငိုသလဲ၊ ဘာဖြစ်လို့ ရယ်သလဲလို့ မေးတဲ့အခါမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘများ မျက်စိကွယ်ကြတာကြောင့် ငိုမိပါတယ်။ ရယ်တာကတော့ သူဟာ ကိုယ်တိုင် မိဘများကိုလုပ်ကျွေးခွင့် ရတော့မှာဖြစ်လို့ ရယ်တာပါလို့ ပြောပါသတဲ့။

          ပြီးတော့ မိဘများကို ကျောင်းသင်္ခမ်းကိုရောက်အောင် ယုယုယယ လမ်းပြခေါ်ဆောင်သွားပါသတဲ့။

          ကျောင်းသင်္ခမ်းမှာလည်း မိဘများ လမ်းလျှောက်တဲ့နေရာမှာ ကြိုး များ တန်းပေးထားပါတယ်။ မိဘတို့ သွားလာလှုပ်ရှားတဲ့နေရာတိုင်းမှာ ကြိုးများတန်းပေးထားတဲ့အတွက် သွားတဲ့လာတဲ့အခါမှာ အဆင်ပြေပါတယ်။

          မနက်အိပ်ရာကထကတည်းက သုဝဏ္ဏသာမဟာ ကျောင်းသင်္ခမ်း မှာ တံမြက်လှည်းပါတယ်။ ပြီးတော့ အမိအဘတို့ကိုရှိခိုးပြီး ရေအိုးကိုယူကာ မိဂသမ္မတာမြစ်ဘက်ကို ဆင်းခဲ့ပါတယ်။ မြစ်ထဲကရေကိုခပ်ယူပြီး ကျောင်း သင်္ခမ်းဘက်ကို ပြန်ခဲ့ပါတယ်။ အမိအဘတွေကို သောက်ရေ သုံးရေ ကပ်ပါ တယ်။ အမိအဘတို့ မျက်နှာသစ်ပြီးတဲ့အခါ အရင်နေ့က ခူးဆွတ်သိမ်းဆည်း ထားခဲ့တဲ့ သစ်သီးတွေထဲက အကောင်းဆုံး သစ်သီးတွေကိုပေးပြီး စားစေပါ တယ်။ မိဘများစားလို့ ကျန်တာကိုမှ သူကယူပြီးစားပါတယ်။

          နောက် သိမ်းဆည်းတန်တာ သိမ်းဆည်းပြီး မိဘတို့ကိုရှိခိုးပါတယ်။ ပြီးတော့ သမင်အပေါင်းခြံရံပြီး သစ်သီးတွေခူးဆွတ်ဖို့ တောထဲကို ဝင်ခဲ့ပါ သတဲ့။

          ညနေစောင်းတဲ့အခါမှာ သုဝဏ္ဏသာမဟာ ခူးဆွတ်လို့ရတဲ့ သစ်သီး များကိုယူပြီး ကျောင်းသင်္ခမ်းကို ပြန်ရောက်တော့ မိဘတို့ကို ရေပူလိုရင် ရေပူ၊ ရေအေးလိုရင် ရေအေးနဲ့ ရေချိုးပေးပါတယ်။ ပြီးတဲ့အခါမှာ တောတောင်ရိပ်နဲ့ အေးတဲ့အရပ်ဖြစ်လို့ မီးလှုံဖို့ မီးဖိုကိုလည်း စီစဉ်ပေးပါတယ်။ မိဘများ မီးလှုံနေတဲ့အချိန်မှာ သစ်သီးကြီးငယ်တွေကို ယူပြီး ကျွေးမွေးပြန် ပါတယ်။သုဝဏ္ဏသာမဟာ အဲသည်လို နေ့စဉ်နေ့တိုင်း မိဘများကိုပြုစုပြီး မိဂသမ္မတာမြစ်ကမ်းပေါ်က တောထဲမှာ ပျော်ရွှင်အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။

          သုဝဏ္ဏသာမက အေးချမ်းတဲ့ဘဝမှာ ကုသိုလ်တွေယူနေတဲ့အချိန်နဲ့ တစ်ပြိုင်နက်တည်း ဗာရာဏသီမြို့မှာ မင်းပြုနေတဲ့သူကတော့ ပီဠိယက္ခမင်း လို့ အမည်ရနေတဲ့သူပဲဖြစ်ပါတယ်။ အဲဒီမင်းကလည်း အသားတကာ့ အသား မှာ သမင်သားကို အကြိုက်ဆုံးပါပဲတဲ့။ အဲဒါကြောင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ တာဝန်ကို သူ့မယ်တော်ရဲ့ လက်ထဲ ဝကွက်အပ်ပြီး သူကတော့ သမင်ရှာပြီး ပစ်ခတ်စားသောက်ဖို့ ဟိမဝန္တာတောကို ထွက်လာခဲ့ပါသတဲ့။ တောထဲမှာ သမင်ကို ကိုယ်တိုင်ပစ်ခတ်သတ်ဖြတ်ပြီး ကိုယ်တိုင်ဖျက်၊ ကိုယ် တိုင်ကင်ကာစားရင်း တရွေ့ရွေ့လာလိုက်တာ မိဂသမ္မတာ မြစ်ကမ်းပါးကို ရောက်လာခဲ့ပါရောတဲ့။

          သုဝဏ္ဏသာမနဲ့ သမင်တွေကို အတူတူရေခပ်သွားနေကျဆိုတော့ မိဂ သမ္မတာမြစ်ကမ်းမှာ သမင်ခြေရာတွေကို တွေ့တော့တာပေါ့။ အဲဒီတော့ ပီဠိယက္ခမင်းဟာ သစ်ရွက်တွေကိုအုံဖွဲ့ပြီး လက်ထဲမှာ အဆိပ်လူးမြားကို ကိုင်ကာ ချောင်းမြောင်းစောင့်ဆိုင်းနေပါသတဲ့။

          ညနေစောင်းမှာ သုဝဏ္ဏသာမကလည်း လာနေကျလမ်းအတိုင်း သမင်တွေနဲ့အတူ ရေခပ်ဆင်းလာခဲ့ပါသတဲ့။ သမင်နှစ်ကောင်ပူးပြီး အဲဒီ သမင်များရဲ့ ကျောပေါ်မှာ ရေအိုးကိုတင်ပြီး သုဝဏ္ဏသာမက ရေအိုးကိုထိန်း ကာ ရေခပ်သွားကြပါသတဲ့။

          ပီဠိယက္ခက မမြင်စဖူး ထူးကဲတဲ့မြင်ကွင်းကို မြင်တဲ့အခါမှာ အံ့အား တသင့်နဲ့ကြည့်ရင်း တွေးပါသတဲ့။ ဒီလူဟာ အဆင်းအသွင်အားဖြင့် အင် မတန်ကြည်လင်ပေတယ်၊ လူကိုကြောက်တတ်တဲ့ သမင်များနဲ့အတူ ဒီတော နက်ကြီးထဲမှာ ရေခပ်ဆင်းတယ်။ လူရောဟုတ်ကဲ့လား၊ နတ်လား၊ နဂါးလား။ တကယ်လို့ ငါက သူ့အနားကိုကပ်ပြီး အသင်ဘယ်သူလဲလို့မေးရင် နတ်ဆို ရင် မိုးကိုပျံသွားမှာပဲ။ နဂါးဆိုရင်လည်း မြေကိုရှိုးသွားမှာပဲ။

          ငါဟာ ငါ့တိုင်းပြည် ဗာရာဏသီကို ပြန်သွားတဲ့အခါမှာ တော ကြီးဟိမဝန္တာမှာ ဘာတွေကိုတွေ့ခဲ့ရပါသလဲလို့ မေးမြန်းကြတာကို ဖြေရလိမ့် မယ်။ အဲသလို ဖြေတဲ့အခါမှာ လူလား၊ နတ်လား၊ နဂါးလား မသိတဲ့သူ တစ်ယောက်ကို တွေ့ခဲ့ရတယ်လို့ ဖြေလိုက်ရင် ငါ့ကိုသရော်ကြပေလိမ့်မည်။

အဲဒီတော့ ဒီလိုဘာမှန်းမသိတဲ့သူကို ငါမြားနဲ့ပစ်ပြီးမှ မေးမြန်းကြည့်မယ်လို့ တွေးပါသတဲ့။

          သစ်ရွက်အုံထဲမှာ အဲသလိုထိုင်ပြီးတွေးနေတဲ့ ပီဠိယက္ခမင်းရဲ့အတွေး အကြောင်းကို ဘာမှမသိရှာတဲ့ သုဝဏ္ဏသာမဟာ အခါတိုင်းလိုပဲ ရေခပ်ဆင်း သွားခဲ့ပါတယ်။ သမင်များ ရေသောက်ဆင်းပြီးတဲ့နောက်မှ သုဝဏ္ဏသာမဟာ သူကိုယ်တိုင် ရေချိုးဆင်းပါတယ်။ ရေထဲကအတက်မှာ ရဲရဲနီတဲ့ ချိပ်ရည်ဆိုး ထားတဲ့ သင်္ကန်းကို ဝတ်ရုံပြီး တင့်တယ်တဲ့အဆင်းအပြင်နဲ့ အစောပိုင်း ကတည်းက ရေအပြည့်ထည့်ထားတဲ့ ရေအိုးကိုမ,ကာ ပုခုံးထက်မှာတင်ပါ တယ်။

          အဲဒီအချိန်မှာ ပီဠိယက္ခမင်းက မြားကို ပစ်လွှတ်လိုက်ပါတယ်။ အဆိပ်လူးထားတဲ့မြားဟာ သုဝဏ္ဏသာမရဲ့ နံဘေးတစ်ဖက်ကဝင်ပြီး တစ်ဖက် ကထွက်သွားပါတယ်။

          မြားကလည်း ဆိပ်လူးမြားဖြစ်ပါတယ်။ မြားကို ပစ်လိုက်တဲ့အရှိန် ကလည်း ပြင်းထန်လွန်းလို့ တစ်ဖက်ကဝင်ပြီး တစ်ဖက်က ထွက်သွားတာ ပါပဲ။

          အဲဒီလောက်ပြင်းပေမယ့် သုဝဏ္ဏသာမဟာ သတိလက်မလွတ်ဘဲ သူ့ကိုယ်သူထိန်းထားပါတယ်။ ရေအိုးကို မကွဲရအောင်ထိန်းပြီး သဲကိုယက်ကာ ငြိမ်အောင်ချထားပါတယ်။ ပြီးတော့မှ သူ့ကိုယ်သူထိန်းပြီး ငါ့မိဘတွေနေတဲ့ကျောင်းသင်္ခမ်းက ဘယ်ဘက်မှာရှိပါလိမ့်လို့ စဉ်းစားပါသေးသတဲ့။ မိဘတွေ ရှိတဲ့ဘက်ကိုမှတ်ပြီး အဲဒီဘက်ကို ခေါင်းချကာ လှဲပြီးအိပ်ပါသတဲ့။ ပြီးမှ မိခင် ဘခင်တို့ကို ရိုသေစွာရှိခိုးရင် ငါ့မှာလည်း ဒီတောအရပ်မှာ ရန်သူမရှိ ပါဘူး။ ငါ့မိဘမှာလည်း ရန်သူမရှိပါဘူးလို့ပြောရင်း ပါးစပ်ထဲမှာ ပြည့်လာ တဲ့သွေးတွေကို ထွေးထုတ်ရှာပါသတဲ့။

          ပြီးတော့မှ ငါဟာ မေတ္တာဘာဝနာကို မပွားများဘဲ သတိမေ့လျော့ စွာ ရေခပ်ဆင်းခဲ့မိပါတယ်။ အဲဒီအချိန်မှာ ဘယ်သူကများ မြားနဲ့ပစ်ပါလိမ့်၊ ငါ့အသားကလည်း မစားကောင်းပါဘူး။ အရေကလည်း အသုံးမရှိပါဘူး။ အရိုးကလည်း အသုံးမရှိပါဘူး။ ဒါနဲ့တောင်မှာ ငါ့ကို ဘာလို့မြားနဲ့ပစ်ပါလိမ့် လို့လည်း ညည်းညူရှာပါသတဲ့။

          ပီဠိယက္ခမင်းက ကြည့်စမ်း- ဒီယောက်ျားဟာ သူ့ကိုမြားနဲ့ပစ်တဲ့သူဘယ်သူလဲလို့သာ မေးတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆဲရေးရေရွတ်ခြင်း မလုပ်ခဲ့ဘူး။ ငါသွားပြီး စကားပြောဦးမှပဲလို့တွေးပြီး သုဝဏ္ဏသာမထံကို သွား ခဲ့ပါတယ်။

          ပြီးတော့ သူဟာဘယ်သူပါပဲလို့ ပထမဆုံး မိတ်ဆက်စကား ပြော ပါတယ်။ ပြောတော့လည်း အကွာအဝါပါတာပေါ့။ သူဟာ ဆင်ပြောင်ကြီးတောင် မလွတ်တမ်းပစ်နိုင်တယ်။ သူ့ရဲ့မြားပစ်နိုင်မှုအစွမ်းအစကို သူတကာ က ချီးကျူးရတယ်။ သူဟာ မင်းလည်းဖြစ်တယ်စသည်ဖြင့် ခပ်ကြွားကြွား စကားဆိုပါတယ်။ နောက်ပြီးမှ သုဝဏ္ဏသာမကို အသင်ဟာ ဘယ်သူလဲလို့ မေးပါတယ်။

          သုဝဏ္ဏသာမကလည်း သူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို အမှန် အတိုင်းပြောပြပါတယ်။ ပြီးတော့ သားကောင်တို့ကို ပစ်တဲ့အခါမှာ အရေကို လိုလို့ပစ်တာ၊ အရိုးတို့ အစွယ်တို့ကိုလိုချင်လို့ပစ်တာ စသဖြင့် လိုအပ်ရာရာ ကို အကြောင်းပြုပြီး ပစ်ကြစမြဲ ဖြစ်ပါတယ်။ အခုတော့ ငါ့ထံက ဘာမှမရ နိုင်ဘဲ ဘာကြောင့် ငါ့ကိုမြားနဲ့ပစ်ပါသလဲလို့ မေးခဲ့ပါတယ်။

          ပီဠိယက္ခဟာ အသင်ဘာကောင်မှန်းမသိလို့ သိချင်တာနဲ့ ပစ်မိတာ ပဲလို့ အမှန်အတိုင်း မဖြေခဲ့ပါဘူး။ ငါက သမင်ကိုပစ်ဖို့ ချိန်နေတဲ့အခါမှာ အသင်က သမင်ရဲ့အနားကို ကပ်လိုက်တာနဲ့ သမင်ကလန့်ပြီး ထွက်ပြေး ပါတယ်။ အဲဒီတော့ ငါက အသင့်ကိုစိတ်ဆိုးပြီး မြားနဲ့ပစ်လိုက်မိတာပဲလို့ လိမ်ညာပြီး ပြောလိုက်ပါသတဲ့။

          သုဝဏ္ဏသာမက ပီဠိယက္ခမင်းကို ပြန်ပြောတာက သနားစရာပါပဲ။ ငါငယ်ငယ် သိတတ်စအရွယ်ကတည်းက သမင်တွေဟာ ငါ့ကိုမြင်ပြီး လန့် တယ်ဆိုတာမရှိပါဘူး။ အရွယ်ရောက်လာတော့လည်း သမင်တွေနဲ့ ငါဟာ သစ်သီးတွေကို အတူရှာခဲ့ပါတယ်။ ရေကို အတူခပ်ခဲ့ကြပါတယ်။ အဲဒီတော့ သမင်တွေ ငါ့ကိုလန့်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဂန္ဓမာဒန တောင်ထိပ်မှာ နေကြတဲ့ ကိန္နရာတို့ဟာ အလွန်ကြောက်တတ်ကြပါတယ်။ အဲဒီလို ကြောက် တတ်တဲ့ ကိန္နရာတို့တောင်မှ ငါနဲ့အတူ တောတောင်အနှံ့ သွားလာလေ့ရှိ ကြပါတယ်။ အဲဒါကြောင့် သမင်တွေ ငါ့ကိုမြင်လို့ လန့်တယ်ဆိုတာ မဖြစ်နိုင် ပါဘူးလို့ ပြောပါသတဲ့။

            အဲဒီတော့မှ ပီဠိယက္ခမင်းက သမင်တို့က သင့်ကိုမြင်လို့ မလန့်ပါ

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)