Skip to product information
1 of 5

Other Websites

ဒေါက်တာမတင်ဝင်း - ကြီးပွားထူးချွန်သူတို့နှင့်အလုပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

၁။           ကြီးပွားသူများနှင့် တည်ကြည်ခိုင်ခံ့သော စိတ်နေသဘာဝ ကျွန်မကိုယ်တိုင်ကတော့ ကြီးပွားသူလို့ ပြောနိုင်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ကို လေ့လာ ကြည့်ရှုတဲ့ အခါမှာ ကြီးပွားသူနဲ့ မကြီးပွားသူတို့မှာ ခြားနားတဲ့ အလေ့အကျင့်တွေ ရှိတယ်ဆိုတာ သိလာရပါတယ်။ အဲဒီ ခြားနားမှုများကို သတိထားပြီး လေ့လာနေတာ ကြာပါပြီ။ စာရေးသူတစ်ယောက် အကြောင်းအရာ တစ်ခုကို စိတ်ဝင်စားပြီဆိုရင် အဲဒီအကြောင်းကို စာရေးတဲ့အခါ ထည့်ရေးချင်တတ်ပါတယ်။

          ကြီးပွားသူလို့ဆိုတဲ့နေရာမှာ မှန်ကန်သောနည်းများဖြင့် ကြီးပွား သူကို ဆိုလိုပါတယ်။

          ဆောင်းပါးထဲမှာ ကျောင်းသင်ခန်းစာ ရေးသလို အမှတ်စဉ် ထိုးပြီး မရေးလိုပေမယ့် ကျွန်မ စေတနာသွတ်ပြီး ပြောချင်တဲ့သူတွေက လူငယ်တွေဖြစ်နေတာကြောင့် အမှတ်စဉ်ထိုးပြီး ဖော်ပြပါမယ်။

               ကြီးပွားတိုးတက်တဲ့သူမှာ

၁။          တည်ကြည်ခိုင်ခန့်တဲ့ စိတ်နေသဘာဝ ရှိတတ်ပါတယ်။

          စိတ်ပေါ်တတ်သူများ၊ စိတ်ဓာတ်ကျတတ်သူများ၊ စိတ်ကြီး ဝင်တတ်သူများ၊ စိတ်အပြောင်းအလဲမြန်တတ်သူများဟာ ကြီးပွားရေးနဲ့ ဝေးတတ်ပါတယ်။

          စိတ်ငယ်တတ်တယ်လို့ ဆိုရာမှာ ငါတို့ကတော့ ဘဝပေးနုံချာ ပါတယ်။ ပညာလည်း တတ်တာမဟုတ်၊ အရင်းအနှီးလည်းရှိတာ မဟုတ်။ အဲဒီတော့ ကြီးပွားရေးဆိုတာ ငါတို့နဲ့ မဆိုင်တဲ့ ကိစ္စပဲ။ ဓသေထမင်း၊ မသေဟင်း စားနေရရင်ပဲ တော်လှပြီလို့ တွေးတဲ့သူဟာ စိတ်ငယ်တတ်တဲ့သူ ဖြစ်ပါတယ်။

          စိတ်ဓာတ်ကျတတ်သူများကတော့ ကြီးပွားချင်တယ်၊ ကြီးပွား အောင် ကြိုးစားတယ်။ ကြိုးစားရင်း 'ဟင်း အခက်အခဲတွေကလဲ များလိုက်တာ ငါတော့ ကြီးပွားတော့မှာ မဟုတ်တော့ပါဘူး”လို့ တွေးတောပြီး ဘာမှ ဆက်မလုပ်နိုင်ဘဲ ငိုင်တွေ နေတတ်သလို လုပ်လက်စအလုပ်ကိုချထားပြီး ငါးပွက်ရာ ငါးစာချသလို ကြုံတဲ့ အလုပ်ကို ပြောင်းလုပ်တတ်ကြပါတယ်။

          လောကမှာ စိတ်ဓာတ်လုံးဝမကျဖူးတဲ့သူ ဆိုတာကတော့ အရင့်အမာများမှတစ်ပါး သာမန်လူတွေထဲမှာတော့ မရှိတန်ရာပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျပြီဆိုတာကို ကိုယ့်ဘာသာကိုယ် ချက်ချင်း သိတဲ့လူ ဖြစ်ဖို့တော့ လိုပါတယ်။ ဒါမှ ဘာ့ကြောင့် စိတ်ဓာတ်ကျ တာလဲဆိုတဲ့ အကြောင်းရင်းကို ဆန်းစစ်နိုင်တဲ့သူ ဖြစ်လာပါမယ်။ ဆန်းစစ်ပြီး ပြင်တန်တာကို ပြင်ရပါမယ်။

          ကိုယ်ပင်ပန်းလွန်းရင် ကိုယ်ကို အနားပေးရပါမယ်။ စိတ် ပင်ပန်းလွန်းရင် စိတ်ကို အနားပေးရပါမယ်။ ဒါပေမယ့် စိတ်ဓာတ် ကျနေတုန်းမှာ ကိုယ်ကိုရော စိတ်ကိုပါ လွှတ်ချင်တိုင်း လွှတ်ပစ် လိုက်လို့ မရပါဘူး။ စည်းနဲ့ကမ်းနဲ့ အလျှော့ပေးရပါမယ်။

          နို့မဟုတ်ရင် ပေါ့ပေါ့တန်တန် နေတတ်တဲ့သူတွေနဲ့ တွဲပြီး အနေအထိုင် မှားသွားတတ်ပါတယ်။ အဖတ်ဆယ်မရ ဖြစ်တတ် ပါတယ်။

          အဲဒီတော့ စိတ်ဓာတ်ကျရင် စာအုပ်ကောင်းများကို ဖတ်ရှုနိုင် ပါတယ်။ မိမိအပေါ်မှာ ကောင်းမြတ်တဲ့ စေတနာနဲ့ အပြုအမူများကို ထားတယ်၊ ပြုတယ်လို့ ယုံကြည်ရတဲ့ ကလျာဏ မိတ္တများနဲ့ တွေ့ဆုံပြီး ပွင့်လင်းကြည်သာစွာ စကားပြောဆိုသင့်ပါတယ်။

          အကောင်းဆုံးကတော့ ဖြတ်လမ်းမဟုတ်တဲ့နည်းများနဲ့ မိမိ ယုံကြည်ရာ သာသနာရဲ့ အဆုံးအမကို မပြတ်တမ်း လက်ခံကျင့်ကြံဖို့ လိုအပ်ပါတယ်။

          စိတ်ကြီးဝင်တတ်သူများဟာ စိတ်ငယ်သူများ၊ စိတ်ဓာတ်ကျ သူများထက် ပိုပြီး ပြဿနာရှိသူများဖြစ်တယ်လို့ ကျွန်မ လေ့လာလို့ ရသမျှ အတွေ့အကြုံကို အခြေပြုပြီး ပြောလိုပါတယ်။

          စိတ်ကြီးဝင်သူများဟာ မိမိကိုယ်ကို မိမိ ကြီးပွားနိုင်သူလို့ လုံးဝ ယုံကြည်ထားတတ်ပါတယ်။ အဲဒီအထိကတော့ ကောင်းပါ တယ်။ ဒါပေမယ့် သူဟာ ခရီးတစ်သောင်းကိုသွားဖို့ရာ ခြေတစ်လှမ်းက စရပါတယ်ဆိုတဲ့ အယူအဆကို မျက်ကွယ်ပြုထားသူ ဖြစ်တတ်ပါတယ်။ အဲဒီတော့ မြဲမြံခိုင်ခံ့တဲ့ ခြေလှမ်းနဲ့ ခရီးစဖို့ထက် ခုန်ပျံကျော်လွှားပြီး ကြီးပွားရေး ပန်းတိုင်ဆီ အရောက် လှမ်းလိုတတ်ပါ တယ်။

          ကိုယ့်အထာနဲ့ ကိုယ်ဆိုတာကို မျက်ကွယ်ပြုပြီးတော့ သူဟာ ငါ့လောက် မတော်ဘူး၊ သူတောင်မှ ဒီလိုဖြစ်နေသေးတာ ငါက ပိုဖြစ်နိုင်တယ်၊ ဒါပေမယ့် ဟိုအလုပ်လောက်ကတော့ ငါနဲ့ မတန်ဘူး စတဲ့ လမ်းချော်သော အတွေးများကို လက်ကိုင်ပြုထားတတ်ကြပါ တယ်။ အဲဒါကြောင့် အလုပ်အကိုင်ကို ရွေးချယ်တဲ့အခါမှာ မိမိနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်ထက် မိမိအထင်ကြီးတဲ့ သူများရဲ့ အလုပ် အကိုင်ကို အတုယူပြီး လိုက်လုပ်တတ်ကြပါတယ်။ • စိတ်ကြီးဝင်တဲ့သူများဟာ များသောအားဖြင့် သီဝရီသမား များလည်း ဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့် မိမိလုပ်ငန်းရဲ့ ပကတိအခြေအနေကို မလေ့လာဘဲ သီဝရီကိုသာ လူအထင်ကြီးအောင် ရွတ်ဆိုတတ်ပါတယ်။ လုပ်တော့သာ တစ်လွဲတွေ လုပ်တတ်တာပါ။ သီဝရီအရတော့ ချောနေအောင် ပြောတတ်ကြပါတယ်။

          မိမိရဲ့ အထွေကို မသုံးဘဲ သူများရဲ့ အထွာနဲ့ အလုပ်လုပ်တတ် ကြသူများဟာ မကြာခင်မှာပဲ မနိုင်ဝန်ကို ထမ်းမိသူများအဖြစ် ရောက်တတ်ကြပါတယ်။ အစောကတည်းက ကိုယ့်အဏ္ဍကိုမှ ကိုယ် မသုံးဘဲကိုး၊ ဒီလောက်တော့ ဖြစ်တော့မှာပါပဲ။

          အဲဒီလို လူမျိုးတွေ ကျွန်မတို့ ဝန်းကျင်မှာ အတွေ့ရများပါ တယ်။ ကြွေးတင်သူများ၊ မတတ်သာလို့ လိမ်လည်ရာရောက်သွားသူများဟာ မနိုင်ဝန်ထမ်းလို့ ဖြစ်လာကြသူများ ဖြစ်တတ်ကြပါတယ်။ (ခြွင်းချက်တော့ ရှိမှာပေါ့လေ) ဒါပေမယ့် အများအားဖြင့်တော့ အထင်ရောက်ပြီး အစွန့်လွန်ရာက ဖြစ်သွားတဲ့သာဓက များပါတယ်။

          စိတ်အပြောင်းအလဲ မြန်သူများဆိုတာကလည်း အလုပ်တစ်ခုကို လုပ်လိုက် ထင်ကြေးနဲ့ မကိုက်ရင် နောက်တစ်ခုကို ပြောင်းလုပ်လိုက်နဲ့ • အလုပ်ကို တည်တည်တံ့တံ့ မလုပ်ဘဲ ငါးပွက်ရာ ငါးစာချတတ်ကြ သူများ ဖြစ်နေတတ်ပါတယ်။

          အဲသလို အလုပ်ကို အပြောင်းအလဲများစွာနဲ့ လုပ်တတ်ကြ သလို စိတ်ကလည်း အတက်လွန်လိုက်၊ အကျလွန်လိုက်နဲ့ ဖြစ်နေ တတ်ကြပါတယ်။ အတက်လွန်တဲ့အခါမှာလည်း ဘယ်သူ့ကိုမှ တူတယ်၊ တန်တယ်မထင်ဘဲ လူအချင်းချင်းကို အထင်သေး အမြင်သေး စကားပြောတတ်ပါတယ်။ နှိမ်ပြီးလည်း ဆက်ဆံတတ်ကြပါ တယ်။ စိတ်ကျသွားတဲ့အခါမှာလည်း ကိုယ် အထင်သေးလို့ နှိမ်ထား ခဲ့ဖူးတဲ့သူကိုပဲ ဒူးထောက်ပြီး တောင်းပန်လို တောင်းပန်နဲ့ ဆက်ဆံမိ ကြတဲ့သူများအဖို့ ရွံစရာအနေအထားကို ရောက်သွားတတ်ကြပါသေးတယ်။

          ကြီးပွားရေးနဲ့ ဝေးတတ်တဲ့သူများရဲ့ စိတ်နေသဘာဝကို တင်ပြတဲ့ နေရာမှာ တည်ကြည်ခိုင်ခဲ့တဲ့ စိတ်နေသဘာဝဆိုတဲ့ အရည်အချင်းနဲ့ ဆန့်ကျင်တဲ့ သဘောထားရှိသူများ ဖြစ်တယ်ဆိုတာကို အလွယ်နဲ့ သိနိုင်ပါတယ်။ ။

          ဒါဖြင့်ရင် တည်ကြည်ခိုင်ခံ့တဲ့ စိတ်နေသဘာဝဆိုတာ မွေးရာပါ အရည်အချင်းလားလို့ မေးစရာရှိပါတယ်။ မွေးကတည်းက စိတ်ဓာတ် ချင်း ကွာခြားမှုရှိတတ်တာကိုတော့ မငြင်းဆန်လိုပါဘူး။ ဒါပေမယ့် ရလာသမျှ အနေအထားကနေပြီး အလေ့အကျင့်ကောင်းများနဲ့ လူကို ပြုပြင်ယူလို့ရသလို စိတ်ကိုလည်း ပြုပြင်ယူလို့ ရပါတယ်။

          စိတ်ကို ပြုပြင်လို့ရတယ်ဆိုတာ ပြောနေရင်း မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့ အဆုံးအမတစ်ခု ခေါင်းထဲကို ရောက်လာပါတယ်။ 'စိတ်ကိုလဲပြင်၊ ရုပ်လဲပြင်၊ ပြင်ဆင်တိုင်းလှ၊ ပြုတိုင်းရ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်”ဆိုတဲ့ အဆုံးအမ ဖြစ်ပါတယ်။ ကို တည်ကြည်ခိုင်ခံ့တဲ့ စိတ်နေသဘာဝကို ရနိုင်ဖို့ မြန်မာ ဗုဒ္ဓ ဘာသာဝင်များ လိုက်နာတဲ့ နည်းများကို မင်္ဂလသုတ်တော်ထဲမှာ ရှာလို့ ရနိုင်ပါတယ်။

          မင်္ဂလာ မင်္ဂလဆိုတဲ့ စကားကိုက် မကောင်းမှုကို ပယ်သတ် ခြင်း၊ လျော့ပါးနိမ့်ကျစေတတ်သော မကောင်းသည့် အကြောင်းတရား များကို ရှင်းလင်းခြင်းဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အပြန်အလှန် ဆိုရင်တော့ ကောင်းမှုကို ပွားများခြင်း၊ မြင့်မြတ်ကောင်းမွန်သော အကျိုးတရားများကို ပွားများစေခြင်းလို့ ယူလို့ရပါတယ်။

          အဲဒီ မင်္ဂလသုတ်တော်ထဲမှာ အစပိုင်းမှာကတည်းက 'အသေ ဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ ပူဇာစပူဇနေယာနံ' လို့ ပါ ပါတယ်။

          တချို့သော ကလေးများက ပြောတတ်ပါတယ်။ ကိုယ်ပေါင်း စိတ်ခွာပေါင်းတာပါ။ သူငယ်ချင်းဖြစ်လို့ မပေါင်းရင်လည်း မကောင်းလို့ ပေါင်းရတာပါ။ ကျွန်တော်က ကျွန်မက) ဆုံးမသွန်သင်ပြီး ပေါင်းတာပါလို့ ပြောတတ်ကြပါသေးတယ်။

          လူအနေနဲ့ အညစ်အကြေးစွန်းထင်းပေကျံခြင်းဟာ မြင်သာ ပါတယ်။ စိတ်အနေနဲ့ အညစ်အကြေးတင်တာဟာ မမြင်သာပါဘူး။ “ခွေးတောက်သရက် ပင်ချင်းယှက်သော် သရက်ပင်မင်း သီးချိုကင်း၏” လို့ ဆိုတဲ့စကား ရှိပါတယ်။ မကောင်းတာနဲ့ပေါင်းပြီး မကောင်းတဲ့သူ ဖြစ်မသွားဘူးဆိုရင်တောင်မှ ကောင်းတဲ့သူဖြစ်လာဖို့ အနည်းနဲ့ အများ အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။

           မိမိကို ချစ်ခင်ယုံကြည်ဖို့ဆိုတာက မိမိရဲ့ အသိုက်အဝန်း ကလည်း ကောင်းနေမှ ပိုပြီး မြန်ဆန်ပါတယ်။ အခုခေတ်တွေမှာလို အခွင့်အလမ်းတွေ ပေါ်ပေါက်ပြီး လူတော်တွေ၊ လူကောင်းတွေကို နေရာပေးဖို့ ရှာဖွေနေတဲ့ လုပ်ငန်းရှင်တွေဟာ ကောင်းသည်ထက်ကောင်းတဲ့သူတွေကို ရွေးချယ်လိုကြမှာ အမှန်ပါပဲ။ အဲဒီတော့ လူကောင်းတွေနဲ့ ပေါင်းတဲ့သူဟာ တစ်ပန်းသာနိုင်ပါတယ်။ လူကောင်း တွေလို့ ဆိုတဲ့နေရာမှာ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ ရှိတဲ့သူများကို ဆိုလိုတာ မဟုတ်ပါဘူး။ သီလ၊ သမာဓိ၊ ပညာရှိတဲ့သူကိုသာ ဆိုလိုပါတယ်။ "

          “ပဏ္ဍိတာနဉ္စ သေဝနာ' ဆိုတာက ပညာရှိ သူတော်ကောင်း တို့ကို ကိုးကွယ်ဆည်းကပ်ခြင်းကို ဆိုလိုပါတယ်။ အတတ်ပညာ၊ အသိပညာများကို တတ်ကျွမ်းကြရုံတင်မက အကျင့်သိက္ခာနဲ့ပါ ပြည့်စုံပြီး စေတနာ' စိတ်ကောင်းရှိကြတဲ့သူများကို ပေါင်းသင်းခြင်း၊ ဆည်းကပ်ခြင်းဟာ အကျိုးထူးတရားကို အစဉ် ရစေနိုင်ပါတယ်။ ထူးပြီး ရှင်းစရာမလိုပါဘူး။

          ပညာရှိ သူတော်ကောင်းများဟာ ကောင်းသော စကားကိုသာ ဆိုတတ်ပါတယ်။ ကောင်းသော စေတနာနဲ့ ကောင်းရာကိုသာ ညွှန်တတ်ပါတယ်။ မကောင်းတဲ့ အပြုအမူ၊ အပြောအဆိုကို ပြုမူ ပြောဆိုလေ့ မရှိပါဘူး။ အဲဒါကြောင့် ဘာလုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူးဆိုတာ စိတ်ချလက်ချ တိုင်ပင်နိုင်ပါတယ်။ မိမိရဲ့ စိတ်ကို သူတို့ရဲ့ သီလ၊ သမာဓိ၊ ပညာအားနဲ့ တည်ငြိမ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

          ပူဇော်ထိုက်သူများကို ပူဇော်ပါလို့ ဆိုတာက အစောပိုင်းက ပြောသလိုပါပဲ။ မိမိသက်ဝင်ယုံကြည်ရာ သာသနာရဲ့ အဆုံးအမကို မြဲမြံစွာ ခံယူပါဆိုတဲ့ စကားနဲ့ အတူတူပါပဲ။ မြန်မာ ဗုဒ္ဓဘာသာဝင် များကတော့ ရတနာသုံးပါးနဲ့ မိဘဆရာသမားများ ကျေးဇူးရှင်များကို ရိုသေပူဇော်ရပါတယ်။ အဲဒီလို ပူဇော်ထိုက်သူများကို ပူဇော်တဲ့ သူဟာ အမြဲတစေ စိတ်၏ တည်ကြည်ငြိမ်သက်ခြင်းကို ရနိုင်ပါတယ်။

          ငါလျှင်ကောင်းစိမ့် ဆိုတဲ့ လောဘဦးစီးတဲ့ ပူဇော်ခြင်းမျိုးကို မလိုက်စားစေချင်ပါဘူး။ ပူဇော်ထိုက်တဲ့ ဂုဏ်ကိုသာ မိမိရဲ့ စိတ် သန္တာန်ထဲရောက်အောင်သွင်းပြီး ပူဇော်ဖို့ သင့်ပါတယ်။ အဲဒီလိုဆိုရင် စိတ်အေးချမ်းသာရှိလာမှာ သေချာပါတယ်။

          ကျေးဇူးရှိသူများရဲ့ ကျေးဇူးဂုဏ်ကို အထူးဆင်ခြင်ပြီး ပူဇော် မယ်၊ ကျေးဇူးဆပ်မယ်ဆိုရင် ကြွေးမတင်တဲ့အတွက် စိတ်လက် ပေါ့ပါးသူ ဖြစ်လာနိုင်ပါတယ်။ ကျေးဇူးဆိုတာ ငွေကြေးလိုကျေအောင် မဆပ်နိုင်ပေမယ့် တတ်အားသရွေ့ ကျေးဇူးဂုဏ်ကို အောက်မေ့ဆင်ခြင်ပြီး ပူဇော်ရင် လွတ်လပ်ပေါ့ပါးတဲ့ စိတ်ရှိလာမှာ သေချာ ပါတယ်။

,           ဆောင်းပါးက ရှည်လာပြီဖြစ်ပေမယ့် စိတ်ဓာတ်တည်ကြည် ခိုင်မာတဲ့သူများနဲ့ ပတ်သက်ရာ မင်္ဂလသုတ်တော်ပါ အကြောင်း၊ သုံးချက်ကို တင်ပြလိုပါသေးတယ်။

          သင့်တင့်လျောက်ပတ်သောအရပ်မှာ နေထိုင်ရခြင်း၊ ရှေးက ပြုဖူးသော ကောင်းမှုရှိခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ဆိုတဲ့ အကြောင်းသုံးခုကလည်း ကြီးပွားခြင်းရဲ့ အခြေခံ စိတ်ဓာတ် တည်ကြည်မှုနဲ့ ဆက်စပ်နေပါတယ်။

          လူတစ်ယောက်ချင်းတောင်မှ မကောင်းတဲ့သူနဲ့ ပေါင်းရင် မကောင်းတဲ့ရလဒ်ကို ရတတ်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အရပ်မှာ နေမှသာ လောကီ လောကုတ် အကျိုးကျေးဇူး ရှိနိုင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အရပ်မဟုတ်ခဲ့ရင် အဲဒီအရပ်ကို သင့်တင့်

          လျောက်ပတ်တဲ့ အရပ်ဖြစ်အောင် မိမိစွမ်းအားနဲ့ ပြုပြင်နိုင်ရင် ပြုပြင်ရပါမယ်။ မပြုပြင်နိုင်ရင်တော့ သင့်တင့်တဲ့နေရာကို ပြောင်းသွား တာဟာ အကောင်းဆုံးပါပဲ။

          လူရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကံကောင်းတဲ့သူ၊ ရှေးက ပြုဖူးတဲ့ ကောင်းမှုရှိသောသူလို့ ပြောနိုင်ပါပြီ။ ပိုကောင်းအောင်သာ ထိန်းသိမ်းဖို့ လိုပါတယ်။

          မိမိကိုယ်ကို ဆောက်တည်ခြင်းဆိုတာကတော့ မကောင်းတာကို ရှောင်နိုင်အောင် ကောင်းတာကို ဆောင်နိုင်အောင်နဲ့ စိတ်ကို ဖြူစင်စွာ ထားနိုင်အောင် ကြိုးစားရမှာကို ပြောတာပဲ ဖြစ်ပါတယ်။

 

          အဲဒီအလုပ်ဟာ မလွယ်သလို လေ့ကျင့်ပါများရင် မခက်လှတဲ့ အလုပ်ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ သူတော်ကောင်းများရဲ့ အဆုံးအမမှာ တည်အောင် ကြိုးစားရင်း ပြည့်စုံလာနိုင်တဲ့ အလုပ် ဖြစ်ပါတယ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)