စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 5

စိတ်ကူးချိုချိုစာပေ

ဒေါက်တာခင်ရီဝင်း - မင်္ဂလာမောင်မယ်ကမ္ဘာ့ပုံပြင်များ(၂)

ဒေါက်တာခင်ရီဝင်း - မင်္ဂလာမောင်မယ်ကမ္ဘာ့ပုံပြင်များ(၂)

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး 0 Ks ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------

အံ့ဖွယ်စောင်းသမား 

          ရှေးအခါက ရုရှားပြည်ရှိ ရွာကလေးတစ်ရွာတွင် စောင်းတီး အလွန်တော်သော စောင်း သမား ကလေးတစ်ဦး ရှိသည်။ သူ၏ တေးသီချင်းသံများသည် အလွန် ကောင်းမွန်သဖြင့် လူအများက နှစ်သက်ကြသည်။ ပွဲလမ်းသဘင်များ ရှိသည့်အခါတိုင်း သူ့ကိုခေါ်၍ စောင်း တီးခိုင်းလေ့ ရှိကြသည်။ စောင်းတီးခအဖြစ် သူ့အား အသားများ၊ အရက်များနှင့် အိပ်ရာအဖြစ် ပြုလုပ်ရန် ကောက်ရိုးများကို ပေးကြသည်။

          သူသည် အလွန် ဆင်းရဲရှာသည်။ သူ့အဝတ်အစားများမှာ ဟောင်းနွမ်းနေပြီး လူမှာလည်း ပိန်ချုံးနေသည်။ သူ့ကို ကြည့်ကာ မိန်းကလေးများကလည်း ပြောင်လှောင်ကြသည်။ ထို့ကြောင့် သူသည် စိတ်အားငယ်ကာ ဝမ်းနည်းလာသည်။ ပွဲလမ်းသဘင်မရှိသော ညများတွင် မြစ်ကမ်းစပ် အနီးသို့သွား၍ တစ်ယောက်တည်း စောင်းတီးနေတတ်သည်။

           တစ်နေ့သော် သူသည် ခါတိုင်းကဲ့သို့ပင် မြစ်ကမ်းအနီးသို့ သွားကာ စောင်းတီးနေသည်။ ထိုစဉ် မြစ်အတွင်းမှ မြစ်စောင့်နတ်မင်း ထွက်ပေါ်လာသည်။ နတ်မင်းသည် သူ၏ တေးသံကို နှစ်သက်သဖြင့် လာရောက်နားထောင်ခြင်း ဖြစ်သည်။ နတ်မင်းက “အမောင်လုလင်၊ သင်ရဲ့ စောင်းသံကို နှစ်သက်လွန်းလို့ ရေထဲက တက်လာခဲ့တာပါပဲ။ တကယ်လို့ သင်ကသာ ကျွန်ုပ်နှင့်အတူ ရေအောက်ကို လိုက်လာပြီး၊ ကျွန်ုပ်ရဲ့ မိဖုရားကြီးကို သင့် စောင်းသံနဲ့ ဖျော်ဖြေမယ်ဆိုရင် သင့်ကို ထိုက်တန်တဲ့ဆု ချီးမြှင့်ပါ့မယ်။ ကျွန်ုပ်နှင့်အတူ လိုက်နိုင်ပါ့မလား” ဟု မေးသည်။

'            စောင်းသမားကလေးသည် “ကောင်းပါပြီ” ဟု ဆိုကာ နတ်မင်းနှင့်အတူ ရေအောက်သို့ လိုက်ပါသွားသည်။ မြစ်စောင့်နတ်မင်းနှင့် မိဖုရားကြီးတို့သည် သူ၏ စောင်းသံကို နှစ်သက် လွန်းသဖြင့် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ၊ ပုလဲများကို ဆုအဖြစ် ချီးမြှင့်လိုက်သည်။ ထို့အပြင် လုလင်ပျို မပြန်မီတွင် သူတို့က ၁၂ နှစ်လျှင် တစ်ကြိမ်ကျ သူတို့ထံ လာရောက်၍ စောင်းတီး ဖြေဖျော်ရန် ပြောကြသည်။ လုလင်ကလည်း လာခဲ့ပါမည်ဟု ကတိပေးခဲ့သည်။

          လုလင်သည် ကြွယ်ဝ ချမ်းသာလာသည်။ သူသည် ထိုပစ္စည်းများကို အရင်းပြု၍ ကုန်ကူးသန်းရာ ပို၍ ချမ်းသာ ကြွယ်ဝလာသည်။ မကြာမီပင် သင်္ဘောအမြောက်အမြားကို ပိုင်ဆိုင်လာခဲ့သည်။ သူသည် စီးပွားရေးတွင် လုံးပန်းရလွန်းသဖြင့် မြစ်စောင့်နတ်မင်းအား ပေးခဲ့သော ကတိကို မေ့နေသည်။

          ဤသို့ဖြင့် ၁၂ နှစ်မျှ ကျော်လွန်လာခဲ့သည်။ တစ်နေ့သော် သူသည် လှေများဖြင့် ကုန်ရောင်း ကုန်ဝယ် ထွက်လာစဉ် ပင်လယ်ကြီးသည် ရုတ်တရက် ငြိမ်သက်ကာ ရပ်တန့် သွားသည်။ သူ၏ သင်္ဘောများမှာလည်း ရှေ့သို့သွား၍ မရတော့ပေ။ ပထမသော် လုလင်သည် ဘာဖြစ်မှန်း မသိပေ။ အတန်ကြာမှ နတ်မင်းအား ပေးခဲ့သော ကတိကို ချိုးဖောက်မိ၍ နတ်မင်း အမျက်ထွက်ကြောင်းကို သဘောပေါက်လာသည်။

          သူသည် သင်္ဘောသားများအားခေါ်၍ အကျိုးအကြောင်း ပြောပြသည်။ ပြီးလျှင် နတ်မင်းကြီး ကျေနပ်စေရန်အတွက် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာမျိုးစုံကို သေတ္တာတွင်းသို့ ထည့်၍ မြစ်တွင်းသို့ ပစ်ချကြရန် စေခိုင်းသည်။ သင်္ဘောသားများလည်း သူ့အမိန့်အတိုင်း . လိုက်နာကြသည်။ သို့သော် လှိုင်းများက သေတ္တာကို ပုတ်ထုတ်လိုက်သည့်အတွက် သေတ္တာ သည် ရေပေါ်သို့ ပြန်ရောက်လာသည်။

          လုလင်က “နတ်မင်းကြီးဟာ ရွှေ၊ ငွေတွေ မလိုချင်ဘူး။ သင်္ဘောသားတွေရဲ့ အသက်ကိုပဲ လိုချင်ဟန် ရှိတယ်။ ဒါကြောင့် လူတိုင်း သစ်သားပြား တစ်ချပ်စီပေါ်မှာ မိမိရဲ့ နာမည်ကို ရေးပြီး ကိုယ်တိုင် ပစ်ချကြပါ။ ရေထဲကို နစ်သွားတဲ့ သစ်သားပြား ပိုင်ရှင်ဟာ စတေး ခံရမယ့် သူပဲ။ ဒါမှ သင်္ဘော ထွက်လို့ရမယ်” ဟု ပြောသည်။

          သင်္ဘောသားများလည်း သူ့စကားအတိုင်း လိုက်နာကြသည်။ သို့သော် သူ့ အမည် - ပါသော သစ်သားပြား တစ်ခုမှ လွဲပြီး မည်သည့် သစ်သားပြားမျှ ရေထဲသို့ မနစ်ပေ။ လုလင် လည်း “ငါတော့ ရေထဲဆင်းမှ ဖြစ်တော့မယ်” ဟု ဆိုကာ သူ၏ စောင်းကို ယူ၍ နတ်မင်းကြီး ရှိရာ ရေထဲသို့ ဆင်းသွားသည်။         

          နတ်မင်းကြီးထံ ရောက်သော် နတ်မင်းကြီး အလွန် စိတ်ဆိုးနေကြောင်း တွေ့ရသည်။ နတ်မင်းကြီးက “သင့်ကို ငါ ၁၂ နှစ်လုံးလုံး စောင့်ခဲ့ပေမဲ့ သင်က ကတိပျက်တယ်။ ဒါကြောင့် သင့်ကို ဒဏ်ခတ်တဲ့အနေနဲ့ ငါ စိတ်ဆိုးပြေတဲ့အထိ စောင်းတီးပြရမယ်” ဟု ပြောသည်။

          လုလင်သည် နတ်မင်းကြီး၏ အမိန့်အတိုင်း လိုက်နာသည်။ စောင်းတီးနေစဉ် သူ၏ စောင်းသံနှင့် အတူ နတ်မင်းကြီးသည် လိုက်၍ ကခုန်သည်။ ဤသို့ဖြင့် အချိန် အတန်ကြာ သွားရာ နတ်မင်းကြီးသည် တဖြည်းဖြည်း မောပန်းလာသည်။ ခြေလှမ်းတို့လည်း နှေးကွေး လာသည်။

          နတ်မင်းကြီး ကနေစဉ် မိဖုရားကြီးသည် လုလင်အား ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားပြီး လေသံဖြင့် “ဘာကြောင့် စောင်းတီးပေးရတာလဲ သူငယ်ရယ်။ သူကရင် ပင်လယ်လှိုင်းတွေ မြင့်တက်လာပြီး လူတွေ အားလုံး ရေထဲမှာ နစ်ကုန်ကြမယ်။ ဆက်မတီးနဲ့ ၊ ရပ်လိုက်တော့” ဟု ပြောဆို သတိပေးသည်။

          လုလင်သည် အလွန် ထိတ်လန့်သွားသည်။ ထို့နောက် ရုတ်တရက် အကြံရလာကာ စောင်းကြိုးများကို ဖြတ်ပစ်လိုက်သည်။ ထိုအခါ တေးသံရပ်သွားပြီး နတ်မင်းကြီးက အကျိုး အကြောင်းမေးရာ လုလင်က စောင်းကြိုးများ ပြတ်ကုန်ကြောင်း ပြောသည်။ နတ်မင်းကြီးလည်းကျေနပ်လိုက်သည်။ သူက လုလင်အား ဆုအဖြစ် သတို့သမီးငယ် တစ်ယောက်ကို ပေးမည်ဟု ပြောသည်။

          ထိုအခါ မိဖုရားကြီးက လုလင်အနီးသို့ ကပ်ကာ နတ်မင်းကြီးက သတို့သမီး ရွေးခိုင်းလျှင် ပထမနှင့် ဒုတိယ ပြသော အုပ်စုမှ မရွေးဘဲ နောက်ဆုံးပြသော အုပ်စုမှ နောက်ဘက်တွင် ကပ်နေသော အသားညိုသော မိန်းကလေးကို ရွေးရန် အကြံပေးသည်။ လုလင်လည်း “ကောင်းပြီ” ဟု ပြောသည်။

          မကြာမီ နတ်မင်းကြီးသည် မင်းသမီးများကို တစ်အုပ်စုပြီး တစ်အုပ်စု ထုတ်ပြသည်။ လုလင်သည် မိဖုရားကြီး မှာသည့်အတိုင်း နောက်ဆုံးအုပ်စုမှ မင်းသမီးကို ရွေးလိုက်သည်။ နတ်မင်းကြီးလည်း သူတို့နှစ်ဦးကို ခမ်းနားကြီးကျယ်စွာ လက်ထပ်ပေးသည်။ ရွှေ၊ ငွေ၊ ရတနာ အမြောက်အမြားကိုလည်း လက်ဖွဲ့ လိုက်သည်။ သတို့သမီးငယ်သည် လုလင်အား ဂူတစ်ခု အတွင်းသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် အိပ်မွေ့ချလိုက်ရာ လုလင်ပျိုလည်း အိပ်ပျော် သွားသည်။

          လုလင်ပျို အိပ်ရာမှ နိုးလာသောအခါ သူသည် မူလက နေခဲ့သော မြစ်ကမ်းစပ်သို့ ပြန်ရောက်နေကြောင်း တွေ့ရသည်။ သူ့ခြေရင်းတွင် ရွှေ၊ ငွေ၊ ရတနာများ စုပုံနေကြောင်း တွေ့ရ သည်။ သို့သော် သတို့သမီးငယ်ကိုမူ လုံးဝ မတွေ့ရပေ။

          ဤသို့ဖြင့် နောက်ထပ် ၁၂ နှစ် ကုန်လွန်သွားပြန်သည်။ လုလင်သည် သင်္ဘောများဖြင့် ကုန်ကူးသန်းရောင်းဝယ်ကာ ပိုမို ချမ်းသာလာပြန်သည်။ နောက်ဆုံးတွင် သူသည် သူ၏ ဇာတိမြို့သို့ သွားရောက်လိုစိတ် ပေါ်လာသည်။ ထို့ကြောင့် သူသည် မြစ်စောင့်နတ်ထံ သွား၍ သူ၏ ဇာတိမြို့သို့ သွားခွင့်တောင်းသည်။ နတ်မင်းကလည်း ခွင့်ပြုသည်။ ထို့ပြင် နတ်မင်းက သူ၏ အစ်ကိုတော်သူ နတ်မင်းကြီးထံ သွားရောက်၍ ထပ်မံ ခွင့်တောင်းရန်လည်း မှာလိုက် သည်။ ထိုနတ်မင်းကြီးကလည်း သူ့ အား ခွင့်ပြုသည်။ ထို့ပြင် ရွှေပိုက်ကွန်၊ ငွေပိုက်ကွန်၊ ပုလဲပိုက်ကွန်တို့ကိုလည်း လက်ဆောင်အဖြစ် ပေးလိုက်သည်။

          လုလင်သည် သူ၏ မြို့သို့ ရောက်သော် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုသည်။ ဈေးထဲသို့ အရောက်တွင် ကုန်ပစ္စည်းများ ပျက်စီးသဖြင့် စိတ်ညစ်ကာ ထိုင်မှိုင်နေသော ကုန်သည် တစ်ယောက်ကို တွေ့ရသည်။ သူသည် အကျိုးအကြောင်း သိရလျှင် ကုန်သည်ကို ရွှေဒင်္ဂါး တစ်ပြား ထုတ်ပေးသည်။ ရှေ့သို့ ဆက်လက်သွားရာမှ လမ်းတွင် တွေ့သမျှ ဒုက္ခရောက်နေသူ ကလေး၊ လူကြီး၊ အဘွားအို၊ အဘိုးအိုတို့ကို ရွှေဒင်္ဂါးများ အသီးသီးပေးသည်။ နောက်ဆုံးတွင် သူထံ၌ ဘာမှ မကျန်တော့ပေ။ ထိုအခါကျမှ သူသည် အလွန်အားရ ကျေနပ်ကာ အိမ်သို့ ပျော်ရွှင်စွာ ပြန်သွားလေတော့သည်။

(ရုရှားပုံပြင်)

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။