Skip to product information
1 of 4

Other Websites

ဒေါက်တာခင်မောင်လွင် - လူကိုအန္တရာယ်ပေးနိုင်သော ကြက်တုတ်ကွေးရောဂါ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

ကြက်တုပ်ကွေးရောဂါ၏နောက်ခံသမိုင်း

          ကြက်တုပ်ကွေးရောဂါလို့နားလည်ရန် အလွယ်တကူခေါ်ပေမယ့် ဒီရောဂါဟာ ကြက်တွေမှာတင်ဖြစ်တဲ့ရောဂါမဟုတ်ပါဘူး။ ကြက်တွေမှာတင်ဖြစ်ပြီး ကြက်တွေသေကြေ ပျက်စီးတာနဲ့ ပြီးသွားမယ်ဆိုရင်လည်း ဒီရောဂါဟာကမ္ဘာပေါ်မှာ တော်တော်ကျယ်ကျယ် ပြန့်ပြန့်ချောက်ချားစရာ ဖြစ်လာဖို့မရှိပါဘူး။ အခုကြက်တုပ်ကွေးက ကြက်တွေမှာတင် ဖြစ်တာမဟုတ်ပဲ လူမှာပါဖြစ်လာတဲ့အတွက်ကြောင့် လူတွင်ဖြစ်ပွားနိုင်သော ကြက်တုပ်ကွေး ရောဂါလို့ အပြည့်အစုံဘာသာပြန်ထားထာ ဖြစ်ပါတယ်။ လူတွေမှာဖြစ်လာရတဲ့အကြောင်း ကလည်း ကြက်တွေကနေပြီး ကူးစက်လိုသာဖြစ်လာတာ။ ဒီထက်ပိုပြီး ကျယ်ပြန့်လာတာ ကတော့ ကြက်တွေကလူတွေကို ကူးစက်ရုံတင်မကဘဲ ကျား၊ ကြောင်၊ ကျားသစ်စတဲ့ သတ္တဝါတွေပါ ကြက်တုပ်ကွေးရောဂါကူးစက်ပြီး သေဆုံးမှုတွေကို တွေ့နေရလို့ပဲဖြစ်ပါတယ်။ ကြက်တုပ်ကွေးရောဂါဟာ ကြက်တွေမှာဘယ်လိုဖြစ်လာသလဲဆိုတာကို ပြန်ကြည့်တော့ တောငှက်တွေ၊ ငှက်ရိုင်းတွေကနေ ကူးစက်မှုဖြစ်လာတာကို တွေ့ရတာဖြစ်ပါတယ်။ တောငှက် ဆိုတဲ့နေရာမှာလည်း ငှက်ရိုင်းတွေထဲက ရေပျော်ငှက်တွေ အဓိက ဒီရောဂါကိုသယ်ဆောင်ပြီး ကြက်တွေကို ကူးစက်တာဖြစ်ပါတယ်။ ဒီလိုကူးစက်ပျံ့နှံ့တဲ့အတွက်ကြောင့် ရေပျော်ငှက်တွေ ကနေပြီး၊ ကြက်တွေကိုကူးသလို အခြားငှက်တွေကိုလည်းကူးပြီး လင်းယုန်ကအစ ရောဂါ ကူးစက်ပြီး သေဆုံးတာကိုတွေ့ရပါတယ်။

          အခုနောက်ဆုံးတွေ့တာကတော့ ကြက်တူရွေးသေဆုံးတာကို အင်္ဂလန်နိုင်ငံ၊ လန်ဒန် မြို့မှာ တွေ့ရှိရတာဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှာ ကြက်တုပ်ကွေးကူးစက်ပြန့်ပွားမှုဟာ အခုမှ ဖြစ်လာတဲ့အသစ်အဆန်း ရောဂါတစ်ခုမဟုတ်ပါဘူး။ သမိုင်းကြောင်းအရ ပြန်ကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀) ကတည်းက ကြက်တုပ်ကွေးရောဂါရှိခဲ့တယ်ဆိုတဲ့ အထောက် အထားတွေတွေ့ရပါတယ်။ (၁၉၁၈) ခုနှစ်မှာတော့ ဥရောပမှာ ဒီကြက်တုပ်ကွေးကနေ လူတွေကိုတဆင့်ကူးပြီး လူပေါင်းမြောက်မြားစွာ သေကျေခဲ့ရပါတယ်။ ရိုးရိုးကြက်တုပ်ကွေးရောဂါဟာ လူကိုကူးစက်တဲ့နေရာမှာ လွယ်လွယ်ကူကူကူးစက်ခြင်းမရှိပါဘူး။ ကြက်မှာ ဖြစ်ပွားတဲ့တုပ်ကွေးတွေ လူကိုခက်ခက်ခဲခဲ ကူးစက်ရတာဖြစ်ပါတယ်။ ဒီကြက်တွေကို ကိုင်မိသူ၊ ဒီကြက်တွေနဲ့ ဆက်စပ်တဲ့သူ၊ ရောဂါဖြစ်နေတဲ့ ကြက်တွေရဲ့ပတ်ဝန်းကျင်မှာ လူတွေ နေမိ၊ ထိုင်မိ၊ ထိကိုင်မိရာကနေ ကူးစက်တာဖြစ်ပါတယ်။ ဒီလိုကူးစက်မှုဟာလည်း လွယ်လွယ်ကူကူ ကူးစက်တာမဟုတ်လို့ လူအနည်းငယ်မှာဘဲ ရောဂါပြန့်ပွားနိုင်ခြင်းပါတယ်။ ကြက်တုပ်ကွေးတွေဟာ ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်တာဖြစ်ပါတယ်။ ဒါပေမယ့် လူရဲ့ခန္ဓာကိုယ်ထဲ မှာ ကြက်တုပ်ကွေးဗိုင်းရပ်(စ်)ပိုးဟာ ပုံစံပြောင်းသွားပြီး လူကနေလူချင်း နိုင်တဲ့အစွမ်းရှိတဲ့အတွက်ကြောင့် လူသက်တဲ့အချိန်မှာ လူတွေက ဒါကနေပြီး တဆင့်တဗိုင်းရပ်(စ်)တစ်မျိုး ပေါ်ပေါက်လာပြီဆိုရင်တော့ အချိန်တိုအတွင်းမှာ လူပေါင်းများစွာကိုရောဂါကူးစက် ပျံ့နှံ့နိုင်ပါတယ်။ ဒီလိုရောဂါ ကူးစက်ပျံ့နှံ့တဲ့အတွက်ကြောင့်လည်းပဲ (၁၉၁၈) ခုနှစ်က စပိန်နိုင်ငံမှာဖြစ်ခဲ့တဲ့ ကြက်တုပ်ကွေးဟာ လူပေါင်းသန်း(၂၀)ကနေပြီး သန်း(၄ဝ)ထိ သေဆုံးစေခဲ့ပေမယ့် ပထမကမ္ဘာစစ်အကြောင်းသော သမိုင်းမှတ်တမ်းတွေထင်ရှားပြီး ကြက်ငှက် တုပ်ကွေးရောဂါကြောင့် သေကြေပျက်စီးမှုက သိပ်ပြီးထင်ထင်ရှားရှားမရှိခဲ့ပါဘူး။

          အဲဒီခေတ်ကာလက ကူးသန်းဆက်သွယ်မှုတွေ၊ ခရီးသွားလာမှုတွေ သိပ်မများတဲ့ အတွက်ကြောင့် လူသန်း(၂၀)ကနေ (၄ဝ)ထိသာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ကပ်ရောဂါတွေရဲ့သဘာဝက စတင်ကူးစက်တဲ့အချိန်မှာ လူတွေမှာကိုယ်ခံအားမရှိတဲ့အတွက်ကြောင့် အလျင်အမြန်ကူးစက်ပြီး အများအပြားနေကြေစေပါတယ်။ ဒါကနေပြီး တဆင့်တဆင့် ဆင့်ပွားကူးလာတဲ့အခါမှာ ဒီဗိုင်းရပ်(စ်)စတဲ့ပိုးတွေရဲ့ ကူးစက်နှုန်းအားကျဆင်းလာတယ်။ လူတွေကလည်း ကိုယ်ခံအားကောင်းလာတဲ့အတွက်ကြောင့် ကပ်ရောဂါဟာတဖြည်းဖြည်းနဲ့ အကန့်အသတ်ဖြစ်သွားပါတယ်။ တဖြည်းဖြည်းအရှိန် လျော့ကျသွားပြီး လူတွေမှာ ကိုယ်ခံအား များလာလေလေ ကပ်ရောဂါဟာ လျော့နည်းပပျောက်သွားလေဖြစ်ပါတယ်။ ဒါပေမယ့် ပျမ်းမျှ အားဖြင့် ပညာရှင်များရဲ့တွက်ချက်မှုအရ ကပ်ရောဂါ အထူးသဖြင့် တုပ်ကွေးကပ်ရောဂါဟာ (၂၅)နှစ်ကနေပြီးတော့ (၃၂)နှစ်ကြားထဲမှာ တစ်ကြိမ် ပြန်ပြီးပေါ်လေ့ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ကြက်တုပ်ကွေးရောဂါဟာ ပြောင်းလဲပြီး လူတုပ်ကွေးဖြစ်လာတဲ့အခါမှာ အကြီး အကျယ်သေဆုံးခဲ့တဲ့ မှတ်တမ်းတင်အဖြစ်အပျက်ကတော့ (၁၉၅၇)ခုနှစ်ကပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ ဥရောပမှာမဟုတ်ပဲ အာရှနိုင်ငံမှာဖြစ်ပါတယ်။ အာရှနိုင်ငံမှာဖြစ်ခဲ့တဲ့ အာရှတုပ်ကွေးက ဥရောပထိကူးစက်ပြီးတဲ့နောက် လူပေါင်း(၄)သန်းခန့် သေဆုံးခဲ့ပါတယ်။ နောက်ထပ်ဖြစ်ပွားလာတဲ့ ကပ်ရောဂါကတော့ (၁၉၆၈)မှာ ဟောင်ကောင်ကစ ကြက်တုပ်ကွေး ရောဂါဖြစ်ပွားပြီး လူ(၄)သန်းခန်သေဆုံးခဲ့တဲ့ ကပ်ရောဂါပဲဖြစ်ပါတယ်။ ကြက်တုပ်ကွေးရောဂါ ဆိုတဲ့နေရာမှာလည်း၊ ရောဂါပိုးဟာ တစ်ကြိမ်နဲ့တစ်ကြိမ်ဗိုင်းရပ်(စ်) ချင်းတူပေမယ့် ဗိုင်းရပ်(စ်)ရဲ့ အနေအထား၊ တည်ဆောက်ပုံခြင်း တစ်ကြိမ်နဲ့တစ်ကြိမ် မတူခဲ့ပါဘူး။ (၁၉၆၈) ခုနှစ်မှာဖြစ်တဲ့ဟောင်ကောင်ကြက်တုပ်ကွေးဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ကူးစက်စေခဲ့ပါတယ်။ ဒီလို ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ကူးစက်တဲ့နေရာမှာ ကြက်တွေသာမကတော့ဘဲနဲ့ အခြားသတ္တဝါ တွေကိုပါ တုပ်ကွေးကူးစက်ပြီး အဲဒီသတ္တဝါတွေကနေတဆင့် လူကိုကူးစက်တာဖြစ်ပါတယ်။ ဝက်ကနေတဆင့်ကူးစက်ခြင်းကို (၁၉၆၇) ခုနှစ်မှာ နယူးဂျာစီနယ်မှာ တွေ့ခဲ့ပါတယ်။ နေရာမှာ လူနဲ့ဝက်နဲ့ဟာ ကြက်တုပ်ကွေးဗိုင်းရပ်(စ်)ပိုးကို လက်ခံတဲ့နေရာမှာ တူညီနေတာကိုတွေ့ရပါတယ်။ လူမှာလည်း လူတုပ်ကွေးရှိပါတယ်။ ကြက်တုပ်ကွေးကူးစက်ဝင်ရောက်တဲ့ ခန္ဓာကိုယ်ထဲကို လူထဲကို (သို့မဟုတ်) ဝက်ထဲကို လူတုပ်ကွေးဗိုင်းရပ်(စ်)က ရောက်ခဲ့ ဝင်ခဲ့လို့ရှိရင် ကြက်တုပ်ကွေး ဗိုင်းရပ်(စ်)ပိုးနဲ့ လူတုပ်ကွေးဗိုင်းရပ်(စ်)ပိုး ပေါင်းသွားပြီးတော့ လူလူချင်းကူးစက်ပျံ့နှံ့နိုင်တဲ့ ဗိုင်းရပ်(စ်)ပိုးအသစ်ကို ဖြစ်ပေါ်စေတဲ့အတွက် ကပ်ရောဂါအဖြစ်နဲ့လူသန်းပေါင်းများစွာကို သေကြေစေခဲ့တာဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် ကူးစက်ပြန့်ပွားလာတာကိုတွေ့ရသလို တချို့ကြက်တုပ်ကွေးက လူအနည်းငယ်ကိုပဲကူးပြီး လူကနေလူလူချင်း ပြန်မကူးတဲ့အတွက်ကြောင့် ကြီးမားတဲ့ကပ်ရောဂါမဖြစ်ပဲ လူအနည်းငယ် သေကျေပျက်စီးပြီး ရပ်တန့်သွားတဲ့ အနေအထားမျိုးလည်းရှိပါတယ်။

          (၁၉၉၇)ခုနှစ်က ဟောင်ကောင်နိုင်ငံမှာ ကြက်တုပ်ကွေးရောဂါ ထပ်ဖြစ်ခဲ့ပါတယ်။ ကြက်တွေ၊ ဘဲတွေ သန်းနဲ့ချီပြီးတော့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် လူ(၆)ဦးသာသေဆုံး တယ်လို့ မှတ်တမ်းထဲမှာတွေ့ရှိရပါတယ်။ ဒါကြောင့် အဲဒီတုန်းက လူကနေလူကိုဆက်ပြီး ကူးစက်တဲ့တုပ်ကွေးရောဂါ မဆိုက်ရောက်ခဲ့ဘူးလို့ဆိုနိုင်ပါတယ်။ ကပ်သဏ္ဌန်နဲ့ တုပ်ကွေး ရောဂါဖြစ်ဖို့အချိန်ကတော့ ကျရုံမကဘူး၊ လွန်နေတဲ့အတွက်ကြောင့် ပညာရှင်တွေအနေနဲ့ လည်း စိုးရိမ်ကြပါတယ်။ ဒီနောက်ပိုင်းမှာ နယ်သာလန်နိုင်ငံမှာဖြစ်တဲ့ ကြက်တုပ်ကွေးရောဂါက တော့ မျက်စိနာရုံလောက်နဲ့ပြီးသွားပါတယ်။ လူတွေမှာ တဆတဆင့်ကူးတဲ့နေရာမှာ မျက်စိနာ၊ ရောဂါလောက်ဖြစ်ပြီး သေဆုံးမှုအနေနဲ့ကတော့ တစ်ဦးသာလျှင်သေဆုံးခဲ့ပါတယ်။ တိမွေးကု ကျွမ်းကျင်တဲ့ပါရဂူတစ်ယောက်ပဲ ကူးစက်ခံသေဆုံးခဲ့ရပါတယ်။

          အခုနောက်ဆုံးဖြစ်ပွားတဲ့ ကြက်တုပ်ကွေးရောဂါအကြောင်းကို ဆက်လက်တင်ပြ လိုပါတယ်။ ဒီတစ်ခေါက် ကြက်တုပ်ကွေးရောဂါစဖြစ်တာကတော့ (၂၀၀၃)ခုနှစ် လောက်မှာ စပါတယ်။ (၂၀၀၃)ခုနှစ် ပထမပိုင်းကာလတွေမှာတော့ လူသေကြေမှုမရှိပါဘူး။ ကြက်တွေ၊ ဘဲတွေမှာသာ ရောဂါပြန်ပွားသေဆုံးမှုရှိပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ်နိုင်ငံမှာ စောစောပိုင်း ကပဲ ငှက်တွေသောင်းနဲ့ချီပြီး ကြက်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ လည်း ရာမဂူချီအနောက်ပိုင်းမြို့က ကြက်တွေမှာကပ်ရောဂါဖြစ်ပြီး ကြက်ကောင်ရေ (၆ဝဝဝ) ကျော်သေဆုံးခဲ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ကြက်တွေ၊ ဘဲတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ပါတယ်။ ဗီယက်နမ်၊ ဂျပန်၊ တောင်ကိုရီးယား ဒါ့အပြင် တရုတ်(တိုင်ပေ)မှာလည်း ကြက်တုပ်ကွေးရောဂါ ကြက်၊ ငှက်တွေမှာဖြစ်ခဲ့ပါတယ်။ အဲဒီလိုကူးစက်ပြန့်ပွားနေတဲ့ အနေအထားက နေပြီး လူမှာရောဂါဖြစ်ပွားသေဆုံးမှုဆိုတာ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ စတင်တွေ့ရှိခဲ့ပြီး (၁၂)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီရောဂါဖြစ်ပွားသူတွေထဲက (၃)ယောက် ပထမဦးဆုံး ကြက်တုပ်ကွေးဗိုင်းရပ်(စ်)ပိုးကို စမ်းသပ်အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကြက်တုပ်ကွေးကနေ လူကိုကူးစက်ပြီးသေဆုံးမှုဖြစ်စဉ် လူကိုကူးစက်သေဆုံးရာမှာလဲ ကြက်တုပ်ကွေးဗိုင်းရပ်(စ်)ကြောင့် သေတယ်ဆိုတာကို အခိုင်အမာသက်သေပြနိုင်တဲ့ ဖြစ်စဉ် ကို ဖြစ်ပါတယ်။ ဒါကို (၂ဝဝ၄) ခု၊ ဇန်နဝါရီလမှာကတည်းက စတင်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကနေပြီးတော့ နိုင်ငံများစွာကို ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ လူကိုကူးစက်ပြီး သေဆုံးရတဲ့ ဖြစ်စဉ်တွေကိုတော့ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံအပြင် ကမ္ဘောဒီးယားနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ထပ်မံဖြစ်ပွားကူးစက်သေဆုံးမှုကို တွေ့ရှိဓာတ်ခွဲအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံမှာ ဒီရောဂါကြောင့်လူတွေ သေဆုံးမှုရှိလာပါတယ်။ (၂ဝဝ၆)နှစ်ဦးပိုင်းမှာတော့ အာရှနိုင်ငံတွေအပြင် တူရကီနိုင်ငံမှာပါ လူကိုကူးစက်သေဆုံးမှုတွေ ဖြစ်လာပါတယ်။ ဒီကမ္ဘာ့ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် (၁၉၁၈) ခုက ကူးစက်ခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ၊ အဲဒီနောက်ပိုင်းမှာထပ်မံပြီး ကူးစက်ပျံ့နှံ့ခဲ့တဲ့ အာရှ တုပ်ကွေးရောဂါ၊ ဟောင်ကောင်ကြက်တုပ်ကွေးရောဂါတွေမှာ ကြက်ငှက်တွေကနေလူကို ကူးစက်စေရုံမျှမကဘဲ လူကနေလူချင်းကူးစက်မှုကြောင့် သန်းနဲ့ချီပြီးသေဆုံးမှု ရှိခဲ့ဖူးတယ် ဆိုတဲ့ အထောက်အထားတွေကို တွေ့ရတာဖြစ်ပါတယ်။

          အခုနောက်ဆုံးဖြစ်စဉ်မှာ (၁၉၉၇)ခုနှစ်က ဟောင်ကောင်မှာ ဖြစ်တဲ့ဖြစ်စဉ်ရော နောက်ပိုင်းမှာနယ်သာလန်နိုင်ငံမှာ ဖြစ်တဲ့ဖြစ်စဉ်ရော (၂၀၀၃)၊ (၂၀၀၄)၊ (၂၀၀၅)ခုနှစ်တွေမှာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယားနဲ့ တရုတ်နိုင်ငံတွေမှာ ဖြစ်တဲ့ဖြစ်စဉ်တွေမှာရော ကြက်ငှက်တွေကနေလူကို ကူးပြီးတော့ရောဂါရသေဆုံးမှုဖြစ်စဉ်ကို တွေ့ရတာမှန်ပါတယ်။ ကူးစက်မှုပမာဏကလည်း(၁၀၀) ကျော်မျှသာ ရှိပါသေးတယ်။ သေဆုံးမှုပမာဏကလည်း (၁ဝဝ) မကျော်သေးပါဘူး။ ဒါကြောင့် လူလူချင်းကူးစက်တဲ့ တုပ်ကွေးကပ်ရောဂါ ကျရောက်မှု မရှိသေးဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် လူလူချင်း ကူးစက်နိုင်ခြေရှိတယ်လို့ ပညာရှင် တွေကခန့်မှန်းထားကြပါတယ်၊ အခု (၂၁)ရာစုဟာ (Globalization)လို့ခေါ်တဲ့ ကမ္ဘာ့ပြုမှုကြောင့် လူလူချင်းဆက်သွယ်မှုမှာ အလွန်မြန်ဆန်ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်နေတာဖြစ်တဲ့အတွက်ကြောင့် ရောဂါဖြစ်ပွားမယ် ဆိုရင် အရင်တုန်းကထက် အဆပေါင်းများစွာ မြန်ဆန်ပျံ့ကူးစက်သေဆုံးမယ်လို့ ပညာရှင်တွေ က တွက်ချက်နေကြပါတယ်။ တုပ်ကွေးကပ်ရောဂါမကျရောက်တာ နှစ်ပေါင်းကြာနေခြင်းသော်လည်းကောင်း၊ ယခုလောလောဆယ်မှာ ကြက်ငှက်တုပ်ကွေးများသည် လူကိုကူးစက် ဖြစ်ပေါ်နေခြင်းများသည်လည်းကောင်း၊ ကမ္ဘာ့တုပ်ကွေးရောဂါ ဖြစ်ပေါ်နိုင်ခြေရှိတဲ့အနေအထား ညွန်ပြနေတဲ့အတွက် လျှင်မြန်စွာကာကွယ်ဖို့ တစ်ကမ္ဘာလုံးက သွက်လက်ထက်မြက်စွာ ဆောင်ရွက်နေပါတယ်။

 

အခန်း (၂)

          ကြက်တုပ်ကွေးဆိုတာဘာလဲ

(က) ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့် ဖြစ်တဲ့ကူးစက်ရောဂါ

          ကြက်တုပ်ကွေးဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကို လူတွေအနေနဲ့ သိလိုကြမှာပါပဲ။ အလွယ်ကူဆုံးပြောရရင်တော့ ကြက်ငှက်တွေမှာ ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့် တုပ်ကွေးကဲ့သို့ ဖျားနာသေဆုံးခြင်းကို ဖြစ်စေတဲ့ရောဂါဘဲ ဖြစ်ပါတယ်။ ငှက်တွေမှာတော့ သဘာဝအားဖြင့်ကို ဒီရောဂါပိုးတွယ်ကပ်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ငှက်ရိုင်းတွေမှာ သူတို့ရဲ့အူတွေထဲမှာ ကြက်တုပ်ကွေးဗိုင်းရပ်(စ်)ပိုး တွယ်ကပ်ပြီးနေနေပေမဲ့ ရောဂါမဖြစ်ဘဲနဲ့ ပျံသန်းသွားလာ နိုင်နေတာတွေ့ရပါတယ်။ အထူးသဖြင့် ဆောင်းတဲ့ရေပျော်ငှက်တွေဟာ ဒီရောဂါသယ်ဆောင်သော်လည်း ရောဂါမဖြစ်ဘဲနဲ့ (တုပ်ကွေးမဖြစ်ဘဲနဲ့) ကျန်းကျန်းမာမာနဲ့ ပျံသန်းသွားနေတဲ့ အတွက်ကြောင့် သူတို့ပျံသန်းရာလမ်းကြောင်းတစ်လျှောက်မှာ ရောဂါပိုးကိုဖြန့်ထားသကဲ့သို့ ရှိပါတယ်။ အဲဒီရောဂါပိုးဟာ ခံနိုင်ရည်မရှိတဲ့ ကိုယ်ခံအားမရှိတဲ့ တခြားငှက်တွေကို ကူးစက် စေပါတယ်။ အဲဒီလိုကူးစက်စေပြီဆိုလို့ရှိရင်တော့ ကူးစက်ခံရတဲ့ငှက်တွေမှာ တုပ်ကွေးဖျားနာ ဖြစ်ပြီး သေဆုံးရပါတယ်။ ကူးစက်ပုံကူးစက်နည်းအနေနဲ့ကတော့ ဒီငှက်တွေရဲ့ အူထဲမှာရှိနေတဲ့ ဗိုင်းရပ်(စ်)ပိုးတွေဟာ ငှက်ချေးကနေတဆင့် ဒါမှမဟုတ်ရင် ငှက်ရဲ့အညစ်အကြေးတွေကနေ တဆင့် ရေထဲကိုကျတယ်။ ဒီရေကိုသောက်သုံးမိတဲ့ငှက်တွေ ဒီရေထဲမှာ ကူးခတ်သွားလာမိတဲ့ ငှက်တွေကို ရောဂါကူးစက်သွားနိုင်မှာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့ ငှက်တွေထဲမှာ ငှက်ရိုင်းအချင်းချင်းလည်းကူးပါတယ်။ ရေပျော်ငှက်တွေဟာ တောဘဲ၊ ကြိုးကြာ၊ စစ္စလီ၊ ရေကြက်၊ ဟင်္သာ၊ ငှက်ကြီးဝန်ပို စတဲ့အဝေးပျံတဲ့ ငှက်ကြီးတွေပါပါတယ်၊ ဒီလိုငှက်တွေမှာ ရောဂါပိုးသယ်လာပြီးတော့ ရောဂါလက္ခဏာမပြပါဘူး၊ ဒီငှက်တွေက အလွယ်တကူထပ်ပြီးတော့ ရောဂါဖြန့်ပေးလိုက်နိုင်မဲ့ သတ္တဝါတွေကတော့ မွေးမြူထားတဲ့ဘဲတွေဘဲဖြစ်ပါတယ်။ မွေးမြူ ထားတဲ့ဘဲတွေထဲမှာ သဘာဝရေကန်တွေ၊ ချောင်းတွေ၊ မြောင်းတွေမှာ ကျက်စားနေတဲ့ ဘဲတွေဟာ ကိုယ်ခံအားအတော်ကောင်းပါတယ်။ ဒီဘဲတွေထဲကို ကြက်တုပ်ကွေးဗိုင်းရပ်(စ်) ငှက်ရိုင်းကနေတဆင့် ကူးလာသည့်တိုင်အောင် ဒီဘဲတွေဟာ ရောဂါလက္ခဏာမပြဘူး၊ ရောဂါ ) ပဖြစ်ဘူး၊ မသေဘူးဆိုတာတွေ့ကြရပါတယ်။ ဒါပေမဲ့ ဘဲချင်းအတူတူ မွေးမြူထားတဲ့ဘဲတွေ အရပ်ခေါ် ပီကင်းဘဲလိုဟာမျိုး လွှတ်ကျောင်းခြင်းမရှိတဲ့ဘဲနဲ့ အလုံပိတ်မွေးမြူထားတဲ့ပန်း တွေမှာလည်း သေကြေနိုင်ပါတယ်။ အများဆုံးမွေးမြူပြီး အမြန်ဆုံးကူးစက်သေဆုံးနိုင်တာက တော့ ကြက်တွေဖြစ်ပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံမှာ ကြက်ဆင်တွေ ကြက်တုပ် ကွေးရောဂါကူးစက်ပြီး သေဆုံးမှုတွေကို တွေ့ရပါတယ်။ အဓိကကတော့ ငှက်တွေမှာဖြစ်ပြီးကြက်ကိုကူးတဲ့အခါမှာ ကြက်တွေဟာ အုပ်လိုက်ကြက်နာကျပြီး သေဆုံးတဲ့အတွက်ကြောင့် အလွယ်တကူကြက်တုပ်ကွေးလို့ ပြောခြင်းဖြစ်ပါတယ်။ အချို့ကတော့ ကြက်ငှက်တုပ်ကွေးလို့ ငှက်တွေလည်းဖြစ်တတ်တဲ့အတွက်ကြောင့် လွတ်မသွားအောင် ကြက်ငှက်တုပ်ကွေးလို့ ဘာသာပြန်တဲ့လူတွေလည်းရှိပါတယ်။ သို့သော် အများစုကတော့ ကြက်တွေပဲဖြစ်ပါတယ်။

          ကြက်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်(စ်)ပိုးတစ်မျိုးထဲမှာတင် မျိုးစိတ်ကွဲတွေ အများကြီး ရှိပါသေးတယ်။ ပိုးတစ်မျိုးကသေစေနိုင်ပေမယ့် တခြားမျိုးကွဲတစ်မျိုးက ရောဂါဖြစ်ရုံဖြစ်ပြီး မသေဘဲနေနိုင်ပါတယ်။ ပိုးတစ်ချို့ကတော့ ရောဂါလက္ခဏာမပြဘဲ နေနိုင်ပါတယ်။ ငှက်ရိုင်းတွေထဲမှာ ခိုကပ်ပေါက်ပွားနေတဲ့ပိုးတွေဟာ သူတို့ခိုဝင်နေတဲ့ငှက်ကိုမသေစေဘူးဆိုရင် ရောဂါ ပျံ့တာပိုများလာပါတယ်။ အဲဒီငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက်မှာ ရောဂါဖြန့်တော့တာ ပါပဲ။

          ငှက်ရိုင်းတွေထဲမှာလည်း ရေပျော်ငှက်တွေက ရောဂါပိုးဒဏ်ကို ခံနိုင်ရည်ရှိကြပါတယ် ဒါတောင် သူတို့ခံနိုင်ရည်ရှိတဲ့ ပိုးမျိုးမဟုတ်ဘဲ ပိုးအသစ်နဲ့ဆိုရင် သေကြရပါတယ်။ မနှစ်က ဥရောပမှာ စင်ရော်တွေအုပ်လိုက် သေတာတွေ့ရပါတယ်။ စင်ရော်ဟာ ရေပျော်ငှက်တစ်မျိုး ဖြစ်ပြီး ရောဂါဒဏ်ခံနိုင်စွမ်းရှိလျက် သေဆုံးရတဲ့ဖြစ်စဉ်မှာ ဗိုင်းရပ်(စ်)ပိုးမျိုးကွဲကြောင့်ဆိုတာ တွေ့ရပါတယ်။ "

          များသောအားဖြင့် ကြက်နာကျရင် ကြက်လည်လိမ်နာ (New Castle Disease) ကြောင့်ပဲဖြစ်ပါတယ်။ ဒီရောဂါမှာလည်း ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့်ဖြစ်ပေမယ့် သူ့ကို ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါတယ်။ ကြက်တွေကို ကာကွယ်ဆေးမျက်စဉ်းခပ်ပြီး ကာကွယ်ပေးလို့ရပါတယ်။ ကာကွယ်ဆေးခပ်ထားလျက်နဲ့ ကြက်ခြံမှာ ကြက်နာကျတယ်ဆို ရင် ကြက်တုပ်ကွေးဖြစ်နိုင်မလား စဉ်းစားရပါမယ်။ ။

          အကယ်၍ လည်လိမ်းကာကွယ်ဆေး မပေးထားဘူးဆိုရင်တော့ ကြက်နာကျတဲ့အခါ မှာ ရှုပ်ထွေးမှုဖြစ်သွားပါမယ်။ ကြက်တွေမှာဖြစ်တတ်တဲ့ ကြက်ဖြူရောဂါဟာလည်း ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကြက်အများကို သေစေနိုင်ပါတယ်။ အဓိက ကျတဲ့အချက်က ကြက်လည်လိပ်နာနဲ့ ကြက်ချေးဖြူရောဂါဟာ လူကိုမကူးစက်နိုင်ဘူး။ ကြက်တုပ်ကွေးကသာ လူကိုကူးစက်သေဆုံးစေနိုင်တယ် ဆိုတဲ့အချက်ပါပဲ။

(ခ) ကြက်တွေမှာကြက်တုပ်ကွေးဖြစ်လာရင် ဘယ်လိုတွေ့ရမလဲ

          ကြက်တွေမှာ ကြက်တုပ်ကွေးရောဂါ ကူးစက်ခံရပြီဆိုရင် အဓိကသိသာတာတော့ ကြက်ခြံထဲမှာ ကြက်သံတိတ်သွားတာပါပဲ၊ ကြက်တွေအများကြီး တပြိုင်နက်တည်း နေမကောင်းဘူးဆိုရင် သဘာဝအားဖြင့် အော်သံတွေဆူညံနေတဲ့ကြက်ခြံဟာ ကြက် အော်သံတွေတိတ်သွားပါတယ်။ ကြက်အော်သံတွေတိတ်ပြီဆိုလို့ရှိရင် ဒီကြက်တွေကိုသွားကြည့်လိုက်တဲ့အခါ ကြက်တွေဟာ လှုပ်ရှားမှုသိပ်မရှိတော့ဘဲ ငြိမ်ကုပ်သွားကြတာကို တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့အစားစားနှုန်းဟာ ခါတိုင်းကျွေးသလောက် မစားနိုင်တော့ဘဲ ကျလာတာတွေ့ရပါတယ်။ ရေသောက်များတာကို တွေ့နိုင်ပါတယ်။ ရေသောက်နှုန်းများပြီးတော့ ဝမ်းတွေသွားတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချိန်ဆိုလို့ရှိရင် ဥစားကြက်တွေမွေးထားတာ ဆိုခဲ့လိုရှိရင် ခြံတွေမှာ ဥဥနှုန်းကျသွားတာကို တွေ့နိုင်ပါတယ်။ ကြက်တွေကုပ်လာတယ်။ အသံမထွက်တော့ဘူး၊ ဥနှုန်းတွေလည်းကျသွားပြီး အစားစားနှုန်းကျပြီးတော့ ရေသောက်တာ တွေများလာတယ်။ ဝမ်းသွားတာတွေ များလာပြီးတဲ့နောက်မှာဆိုလို့ရှိရင် မျက်ရည်ကျတာ၊ နာရည်ကျတာ၊ အသက်ရှုခက်တာတွေကိုတွေ့ရပါတယ်။ အဲဒီလို အသက်ရှူခက်ခဲတဲ့အတွက်ကြောင့် ခေါင်းနဲ့မျက်နှာဖောယောင်လာပြီးတော့ အမောက်တွေပါးပျဉ်းတွေမှာလည်း ပြာနှမ်းလာ တာကိုတွေ့ရပါတယ်။ အဲဒီအချိန်မှာ ခြေထောက်တွေ ခြေဆစ်တွေမှာ သွေးယိုစီးမှုကြောင့် အနီအစက်အပြောက်ကလေးတွေကို တွေ့နိုင်ပါတယ်။ အသက်ရှုခက်ခဲတဲ့အနေအထား ရောက်နေပြီဆိုရင်တော့ မကြာခင်မှာပါပဲ တပြိုင်နက်မြောက်များစွာ သေဆုံးမှုတွေဖြစ်ပေါ်လာ ပါတယ်၊ အထူးသဖြင့်ကတော့ ရောဂါကူးစက်တဲ့နှုန်းပြင်းထန်ပြီး ကြက်ခြံတစ်ခုလုံး ပြောင် သွားအောင် သေသွားနိုင်ပါတယ်။ အဲဒီလိုကြက်တွေရဲ့ ကူးစက်ခံစားရတဲ့ တုပ်ကွေးရောဂါ ကို သတိထားမိမယ်ဆိုရင် ကြက်တုပ်ကွေးရောဂါကို ကာကွယ်နိုင်မယ့်အနေအထားမှာ ရှိပါတယ်။ ။

          ကြက်တုပ်ကွေးရောဂါ ကြက်တွေမှာဖြစ်သလို လူတွေမှာလည်းဘဲ ဖြစ်နိုင်ပါတယ်။ လူတွေမှာဖြစ်လာပြီဆိုလို့ရှိရင် အဓိကတော့ ကြက်နာကျတဲ့ခြံ ကြက်တွေအသေများ တဲ့နေရာမှာ နေထိုင်ဖူးတဲ့သူတွေမှာ ဆက်စပ်ပြီးတော့ရှိနေတာတွေ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ အခြားတုပ်ကွေးနဲ့ အများကြီးဆင်တူပါတယ်။ ပထမကတော့ လူမှာဖျားလာပါ တယ်။ အပြင်းအထန်ဖျားမယ်၊ ချောင်းဆိုးမယ်၊ ချောင်းဆိုးရာကနေပြီးတော့ အသက်ရူမဝဘဲ ဖြစ်မယ်၊ နောက်တော့အသက်ရှုခက်လာမယ်၊ ပြင်းထန်စွာဖျားပြီးတော့ အဆုတ်ယောင်တဲ့ လက္ခဏာ နမိုးနီးယားဖြစ်ပြီးတော့ သေဆုံးကြပါတယ်။ လူမှာဒီလက္ခဏာတွေအပြင် ဝမ်းလျှော တာကိုလည်းတွေ့ရတယ်လို့ ကြက်တုပ်ကွေးကုသနေတဲ့ ဆရာဝန်အချို့ကပြောကြားပါတယ်။

          ကြက်ငှက်ဆိုတာ လည်ပင်းရှည်တဲ့သတ္တဝါတွေဖြစ်လို့ လည်ချောင်းထဲမှာ ချွဲဆို့ပြီ ဆိုရင် ချောင်းဆိုးပြီး ချွဲထုတ်လို့မရနိုင်ပါဘူး။ ချွဲတွေဆိုတာများလာတာနဲ့ လည်လိမ်သွားတော့ တာပါပဲ။ ကြက်တွေလည်လိမ်ပြီး ရောဂါရနေတာတွေ့ရင် ကြက်လည်လိမ်ရောဂါနဲ့မှားပြီး ပေါ့ဆသွားမှာစိုးရပါတယ်။

          အရှေ့တောင်အာရှမှာ တိုက်ကြက်မွေးတာ၊ ကြက်တိုက်တာ ယဉ်ကျေးမှုဓလေ့ထုံး စံလိုဖြစ်နေပါတယ်။ တိုက်ကြက်တွေကို ပွဲသွင်းပြီးခွပ်ခိုင်းတဲ့အခါမှာ ခြေတုင် ရေကုန် ရေခမ်းခွပ်ကြရပါတယ်။ ချွဲဆို့လာရင် အမောမလုံတော့ဘဲ ရှုံးနိုင်တာမို့ တိုက်ကြက်ရှင်ဟာ သူ့ကြက်ရဲ့လည်ချောင်းထဲကချွဲကို စုတ်ထုတ်လေ့ရှိပါတယ်။ ကြက်ပါးစပ်ထဲကတဆင့်//နှာခေါင်း၊ နှုတ်သီးထဲကတဆင့် လူရဲ့ပါးစပ်ထဲကိုရောက်သွားအောင် ချွဲတွေကိုစုတ်ထုတ်ရပါ တယ်။ ကြက်တုပ်ကွေးရောဂါဖြစ်စ တိုက်ကြက်ကို ဒီလိုလုပ်မိရင်တော့ ကြက်တုပ်ကွေးကူးပြီး သေမှာပါပဲ။ ပညာရှင်တွေက ဒီဓလေ့ကိုပြင်သင့်တယ်လို့ထောက်ပြကြပေမယ့် လူတွေမှာ ပြင်ဖို့ခက်နေကြပါတယ်။ ဒီလိုအပြုအမူကြောင့် ထိုင်းနိုင်ငံမှာ ကြက်တုပ်ကွေးနဲ့ လူတစ်ဦး သေခဲ့ရတဲ့အထောက်အထားရှိပါတယ်။

          များသောအားဖြင့် ကြက်တုပ်ကွေးကြောင့် ကြက်နာကျတဲ့အခါမှာ ရောဂါအဆင့် ဆင့်တွေကို ထင်ရှားမတွေ့ရ၊ သတိမထားမိဘဲ တစ်ကောင်စ, နှစ်ကောင်စသေရာက ရုတ်တ ရက် တစ်ခြံလုံးပြောင်အောင် သေကုန်ကြတာများပါတယ်။ (၄၈) နာရီအတွင်း တစ်ခြံလုံးပြောင်အောင်သေသွားနိုင်ပါတယ်။ ကြက်ခြံတွေမှာ ဒါမျိုးဖြစ်တာ သိသာထင်ရှားလို့ သတိထားမိ၊ စစ်ဆေးမိရင် ကာကွယ်နိုင်ပါတယ်။ အိမ်မွေးကြက်တွေနဲ့ ကြက်ခြံငယ်တွေမှာတော့ သတိ မထားမိဘဲရှိတတ်ပါတယ်။ ခြံရှင်တွေအနေနဲ့နှမြောလို့ ချက်စားလိုက်ကြတာရှိသလို ကြက်နာစဉ်၊ မသေခင်မြန်မြန်သတ်ပြီး ရောင်းချလိုက်ကြတာလည်းရှိပါတယ်။ ဗီယက်နမ်၊ ထိုင်း၊ တူရကီနိုင်ငံတို့မှာကူးစက်ပုံဟာ ဒီနည်းနဲ့ဖြစ်တာများပါတယ်။ ထိုင်းနိုင်ငံမှ ကျားတွေ ကြက်သားစိမ်းစားပြီးသေသွားတာ၊ ရောဂါပြန့်မှုမဖြစ်အောင် အကောင်တစ်ရာကျော် သတ်ပစ် လိုက်ရတာဟာလည်း ရောဂါပိုးပါတဲ့ကြက်သားတွေကို အစိမ်းရောင်းချလိုက်ရာမှ ဖြစ်ရတဲ့ ပြဿနာဖြစ်ပါတယ်။

          ခိုတို့၊ ကျီးတို့ တစ်ကောင်စ, နှစ်ကောင်စ သေတာမျိုးကျတော့ ခန့်မှန်းရခက်ပါတယ်။ ဒါမျိုးတွေ့လာရင် ပေါ့ဆနေလို့မရသလို အစိုးရိမ်ကြီးစရာလည်းမလိုပါဘူး။ သက်ဆိုင်ရာကျန်းမာရေး (သို့မဟုတ်) မွေးမြူရေးနဲ့ ကုသရေးဌာနတွေကို အကြောင်းကြားရင်ကောင်း ပါတယ်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)