Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - သဇင်သင်းပြန်တော့

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
၁။ ယနေ့ မြန်မာရုပ်ရှင် ဘယ်လဲ
၁။ နိဒါန်း
( ၁ )

          မြန်မာရုပ်ရှင်သက်တမ်း (၅၀) ပြည့်ပေပြီ။ ရွှေရတုသဘင်နှစ်သို့ပင် ရောက်ပေ ပြီ။ အမျိုးသားနေ့ ရွှေရတုသဘင်သည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၏ အမှတ်အသားကို ထင်လင်းအောင် ပြသည်။ တက္ကသိုလ် ရွှေရတုသဘင်သည် ပညာ ရေးအလင်းရောင်ကို တင်စားလိုက်သည်။

          မြန်မာရုပ်ရှင် ရွှေရတုသည် မည်သည့် ယဉ်ကျေးမှုတံခွန်ကို လွှင့်ထူမည်နည်း။ အမှန်အားဖြင့် မြန်မာရုပ်ရှင်သည် အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲအတွင်းက မွေးဖွားခဲ့သည်။ ဦးထွန်းရှိန် ဈာပန သတင်းကားဖြင့် ရုပ်ရှင်ကော်ပြားသည် စတင် လူးလွန့်ခဲ့သည်။ ထို့နောက် ပီမိုးနင်း၏ “မေတ္တာနှင့်သူရာ”ဝတ္ထုဇာတ်လမ်းကို မူတည်၍ ရိုက်ကူးသည်။ ကောင်းမြတ်သော အစဉ်အလာပင်။

          “မှုန်ခြင်း တုန်ခြင်းကို သည်းခံပါ” ဟူသော စာတန်းကို ရှေးဦးမြန်မာရုပ်ရှင် ပရိသတ်သည် တုန်တုန်မှုန်မှုန် ပိတ်ကားပေါ်တွင် ဖတ်ကာ ကြည့်ခဲ့ကြရသည်။ နယ်ချဲ့ လက်အောက်ခံခေတ်၊ ကိုလိုနီခေတ်မို့ စက်မှုဘက်က ချို့ယွင်းခဲ့ရသည်။ နှစ်ပေါင်း (၃၀) ကျော် အသံတိတ်ကားများ ရိုက်ကူးခဲ့ရသည်အထိ ရှိခဲ့သည်။

          ယခု လွတ်လပ်ရေး ကြေညာပြီးသည်မှာ အနှစ်-၂၃ နှစ် ရှိပေပြီ။ အင်္ဂလိပ် ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ် စသော ရာဇဝင်ခေတ်များကို ဖြတ်သန်း ခဲ့ပြီ။ မြန်မာရုပ်ရှင်သည် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသလော။

( ၂ )

          မြန်မာရုပ်ရှင်သည် ခေတ်များကို ဖြတ်သန်းခဲ့ရသည်။ မြန်မာရုပ်ရှင်နှစ်ဦး ကာလကား မြန်မာနိုင်ငံ၏ မြေရှင်ပဒေသရာဇ်တစ်ပိုင်း၊ လက်အောက်ခံ ကိုလိုနီ ဖြစ်ရာ အတွေးအခေါ်၌ ပဒေသရာဇ်ယဉ်ကျေးမှုသဘောရှိကာ စက်မှုဘက်၌ တုန်မှုန် ခဲ့ရသည်။ ဗိုလ်ဟိန်း၊ ဗိုလ်ဝစသော ဗိုလ်ကားများခေတ်စားခဲ့သည်။ ရှေးပဒေသရာဇ် ခေတ်က တစ်ယောက်ကောင်း၊ သူရဲကောင်းဝါဒ၊ ဗိုလ်မင်းဝါဒ၏ ထင်ဟပ်ချက် ဖြစ်သည်။ ဗိုလ်ကားများပြိုင်ကြရာ တစ်ယောက်က “ဗိုလ်တကူဘုရင်”ဟု ထလုပ် လိုက်မှ ဗိုလ်ခေတ်စဲသွားတော့သည်။ မြတဘက်၊ မြအေးယဉ် စသော မြေလျှိုး မိုးပျံများ၊ သိုက်သမိုင်းကားများခေတ်စားခဲ့သည်။ ထို့နောက် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဒီရေကမြင့်မားလာသော ၁၉၃၉ ပတ်ဝန်းကျင်၌ကား ဘဝကို သရုပ်ဖော်သော၊ ခေတ်ကို ပြုပြင်သော၊ နိုးကြားအောင် လှုံ့ဆော်သော ကားများ ထွက်စပြုလာသည်။ ယင်းသည် ကား ကိုလိုနီခေတ် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၏ ထင်ဟပ်ချက်ဖြစ်ပေ သည်။ ယဉ်ကျေးမှုသည် နိုင်ငံရေး၏ထင်ဟပ်ချက် မဟုတ်ပေလော။

          ၁၉၄၈ ၌ လွတ်လပ်ရေးရသည်။ သို့သော် အာဏာရသူတို့သည် အမှီခိုကင်းမဲ့ သော စီးပွားရေးစနစ်ကို မထူထောင်ဘဲ အရင်းရှင်စနစ်ကို ဖာထေးပြုပြင်ထားသော နယ်ချဲ့သမားကို အားကိုးသော၊ ဒီမိုကရက်တစ် ဆိုရှယ်လစ်စီးပွားရေးစနစ် (ဝါ) အရင်းရှင်ပြုပြင်ရေးစနစ်ကိုသာ ထူထောင်လိုက်ရာ မြန်မာနိုင်ငံသည် ကိုလိုနီ အမွေ အနှစ် မကင်းစင်ဘဲ ဖြစ်ရသည်။ အမျိုးသားလွတ်မြောက်ရေးအခန်း ကုန်ဆုံးအောင် တိုက်ပွဲမဝင်ရခြင်း၏လက္ခဏာဖြစ်သည်။ ယင်းခေတ်၌ တစ်ဖက်က အရင်းရှင်ပေါက်စ များက အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားလာကြသည်။ အရင်း အနှီးအချို့သည် ရုပ်ရှင်လုပ်ငန်းသို့ စီးဝင်လာကြသည်။ ရုပ်ရှင်ထုတ်လုပ်သူများ မှိုပေါက်လာသည်။ ရုပ်ရှင်ညွှန်ကြားရေးဆရာအသစ်၊ မင်းသား-မင်းသမီးအသစ်၊ ဇာတ်ဆောင်သစ်များလည်း ပေါ်ထွက်လာကြသည်။ နာမည်ကျော်စာရေးဆရာများ၏ ဝတ္ထုများဝယ်ယူ၍ ရိုက်ကူးသောအစဉ်အလာများ စည်ပင်ထွန်းကားလာသည်။

         အရင်းရှင်သည် သူ၏လုပ်ငန်းတိုးတက်လာအောင် လုပ်သင့်သလောက်လုပ်သည်။ သူ၏ ထုတ်ကုန်များ လူနှစ်သက်မှ သူ၏လုပ်ငန်း လည်း တွင်ကျယ်မည်မဟုတ်လော။ သို့သော် ရှေ့အလားအလာကို မျှော်၍သာ လုပ်ငန်းတိုးတက်မှုကို စိတ်ဝင်စားခြင်း ရှိပေမည်။

( ၃ )

          ယနေ့ခေတ်၌ ရုပ်ရှင်လုပ်ငန်းမှာ အခြေခံအားဖြင့် အရင်းရှင်စီးပွားရေးစနစ် အငယ်စားပင်ဖြစ်နေပေသေးသည်။ သို့သော် ဇာတ်လမ်းစိစစ်ရေး၊ ကော်ပြားနှင့် ရုပ်ရှင် ပစ္စည်းများ ဝယ်ယူရေး၊ ရုံများပြည်သူပိုင်လုပ်ရေး၊ ကားများယူပြသရေး စသော အနုပညာပိုင်းနှင့် ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးအပိုင်းကို နိုင်ငံတော် အစိုးရက ကွပ်ကဲ ထိန်းသိမ်းထားသည်။ ကွပ်ကဲကန့်သတ်ထားသော အရင်းရှင်လုပ်ငန်း ဖြစ်နေပေသည်။ ရုပ်ရှင်ကောင်စီမှာ ထုတ်လုပ်သူ၊ အနုပညာရှင်၊ အတတ်ပညာရှင်နှင့် ရုပ်ရှင်အလုပ် သမားများ ပူးတွဲထားသော အဖွဲ့ အစည်းဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် ရုပ်ရှင် လုပ်ငန်း ဆက်သွယ်ထားသော ဆက်သွယ်ရေးအဖွဲ့ အစည်းလည်း ဖြစ်သည်။

          သို့ဖြစ်ရာ ယနေ့မြန်မာရုပ်ရှင် တိုးတက်ရေးသည် ထုတ်လုပ်သူနှင့် နိုင်ငံတော် အစိုးရတို့အပေါ်၌ ပူးတွဲတာဝန်ကျရောက်နေသည်ဟု ဆိုရပေမည်။

          ကားများကိုလည်း ကိုလိုနီခေတ်က ဓာတ်ပုံရိုက်စက်ဟောင်းများဖြင့်ပင် ရိုက် နေရဆဲ။ အသံဖမ်းဓာတ်ခွက် အရိပ်မလွတ်၊ ကျီးငှက်သံများ ပါနေသည် စသည်ဖြင့် ဝေဖန်နေရဆဲပင် ရှိသည်။ အနုပညာဘက်၌လည်း ညွှန်ကြားရေးဆရာများက အမူ အရာကို စနစ်တကျ သင်ကြားညွှန်ပြခြင်းများ အားလျော့နေသေးသည်။ ခေတ်ကို သရုပ်ဖော်သော ဇာတ်လမ်းများ နည်းနေသေးသည်။

          ခေတ်မီစက်မှု၊ ခေတ်မီရုပ်ရှင်ပညာသင်ကျောင်းများ၊ တက်ကြွသော ရုပ်ရှင် ဝေဖန်ရေးများ ပေါ်ထွက်ရေးကို ရုပ်ရှင်ရွှေရတု၌ ဆွေးနွေးသင့်သည်။

          ယခုကား ကားငှားပြသရေးမူကြောင့် ထုတ်လုပ်သူများ နောက်ထပ်ကားထုတ် လုပ်ရေးအတွက် တွေဝေငေးငိုင်နေကြဆဲ။

          ယနေ့ရုပ်ရှင်လုပ်ငန်းမှ ပွဲခွန်တော် ၂၀-ရာခိုင်နှုန်း၊ ထုတ်လုပ်သူနှင့် အနုပညာရှင် များထံမှ အမြတ်တော်ကြေး၊ ရုံခ၊ ကားငှားခစသော ဝင်ငွေများ နိုင်ငံတော်အစိုးရက ရရှိနေသည်။ ရုပ်ရှင်လုပ်ငန်းကို ကွပ်ကဲရာ၌ ထုတ်လုပ်သူများ မက်လုံး မရှိက ကားထွက်လျော့သွားမည်။ သို့မဟုတ် ရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတော်အစိုးရက ထုတ်လုပ် မည်လော။

          မည်သည့်လမ်းသည် ရုပ်ရှင်အနုပညာ၊ အတတ်ပညာ တိုးတက်ရေးသို့ ရှေ့ရှု ပေမည်နည်း။