ဒဂုန်တာရာ - လက်ရာစုံ
ငါ၏စိတ်ကူးယဉ်သမိုင်းဗေဒ ပဉ္စလက်ပြုံးပြက်
(က)
ဘာလဲ
ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ
ဘာမှမသိ၊ မသိမသိ
ဒါပေမဲ့လေ၊ သမိုင်းစေရာ
ငါလုပ်နေတာပါပဲ။
(ခ)
ခင် ဆိတ်ဖလူးပွင့်
ရနံ့သင်းမြ၊ လရောင်နှင်း ခ
ပဲဟင်းချိုလှ၊ ဂွမ်းစောင်နီစွ
ပိတောက်မွမွ၊ ပေးသူရှိပါ့
ငါအံ့သြရ၊ နှုတ်ခမ်းမွေးက
သတိတရ၊ ငါဖတ်ဖို့က
“ရှေ့သို့” စာစောင်တစ်အုပ်တည်း။
နောက်မှသိရ
စန္ဒရားသံ၊ သူချစ်ရာတဲ့
သည်အင်အားဟာ၊ အနုပညာပါ
ငါလျှင်ယုံကြည်မိပေ၏။
( ဂ )
ဘဝသည်ကား
ဝမ်းရေးမဟုတ်၊ အချစ်ရေးပင်
ရန်သူမရှိ၊ မိတ်ဆွေရှိလျှင်
ပကတိငြိမ်းချမ်းရေးပေတည်း။
၆၃ က ဆိတ်ဖလူးနံ့၊ မွှေးမြနေရာ
ငါ့တက္ကသိုလ်၊ ဘဝပါပဲ
ညအိပ်ရာဝင်၊ ခြင်ထောင်ခါ
အိပ်ရာစောစော၊ ဝင်ခဲ့ရာမှ
တွေးစရာတွေ၊ လွမ်းစရာတွေ
နှင်းဆီထုံသောည၊ ကဗျာဖွဲ့မိ
မုန်းမြစ်ဘေးက၊ မိတ်ဆွေကကျက်
နံနက်လမ်းလျှောက်၊
တစ်ယောက်တစ်လှည့်
ကဗျာပိုဒ်များရွတ်ဆိုကြ။
ငါရှိရာတွင်
ကဗျာရှိမည် ဝတ္ထုရှိမည်
နံရံထုများ မတားဆီးနိုင်
ယနေ့တွင်ကား၊ စကားသံများ
လှိုင်းကြားဖြတ်သန်းယိုစီးလျက်။
ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း၊
မေ၊ ၂၀၀၇။
ထိုင်ကူမှ ကရင်မလင်သို့
ငါ့မွေးရပ်ကား
ကျိုက်လတ်အနီး၊ ဒေးဒရဲပိုင်
ထိုင်ကူဆိုသော မွန်ရွာကလေး။
အရှေ့မှာလျှင်
ဧရာဝတီ၊ ရေစီးခက်မွှာ
အိမ်နောက်မှာလျှင်၊ စပါးပင်ယိမ်း
စိမ်းစိမ်းမြမြ၊ ကြယ်ရောင်လရောင်
နေရောင်ကြို မျှဝေလျက်။
ဝါဆိုဦးတွင်
လယ်တစ်ခွင်လုံး၊ မိုးရေဖုံးစဉ်
ဝါးလုံးများနှင့်၊ လှေကိုထိုးသွား
ကစားကွင်းသစ်၊ ပျော်ကြဘိခြင်း
ရေပင်လယ်တွင်း၊ ကန်းသင်းမှာတင်
အောက်သို့ဆင်းကာ ထွန်းလာရ၏
ငါပေါင်မှာတော့၊ ကျွဲပျော့နက်တစ်ကောင်
လျော့ဆင်းရင်ကား၊ တဟားဟား။
ညနေဆည်းဆာ
ရွှေရောင်၊ ပန်းနုရောင်၊ ဖြန်းပက်လိမ်းကျံ
မျက်နှာနီနီ၊ ရွှေရည်အင်္ကျီ
စပါးပုန်းဝါရွှေ၊ ကောက်လှိုင်းဝါရွှေ
နေညိုမှိန်မြ၊ လရောင်ငွေစက်
နေ့ညရောယှက်၊ တိမ်တောက်ပြီးပြက်
ပြောက်ကျားရောင်တင်၊ တလင်းပြာမှာ
စပါးပေလေ့ရာ၊ ကောက်ရနံ့မွှေးမြ
ကစားကြသည်၊ ကောက်သစ်ပေါ်ချိန်တေးဂီတ။
ကျောင်းစာသင်စ
သမိုင်းခံစား၊ လူထုကြားမှာ
ငါလျှင်တွေးဆ၊ သမိုင်းဘဝ
ပီကင်းမှသည်၊ မော်စကိုသို့
လေယာဉ်ခရီး၊ ဆိုက်ဘေးရီးယာ
ကုလားဖော်မှာ၊ မာရိယာတဲ့ ၊
ဗီတာဗာမှ၊ ကချေသည်လှ
သူမထံမှ ရုရှားစကားသင်ကြားရ၏။
လေယာဉ်ပေါ်တွင်၊ မှိန်းငိုက်နေစဉ်
ကရင်မလင်သံကြား၊ ငါနိုးထ၏
ပတ္တမြား၊ ကြယ်နီဖြိုးပြက်။
ငါတည်းခိုစဉ်
ရင်ပြင်နီရှေ့၊ နေရှင်နယ်ဟိုတယ်
အနီးဝယ်မှာ၊ တက္ကသိုလ်ဟောင်းဝယ်
လူငယ်ပေါင်းစုံ၊ တွေ့ဆုံပွဲတွင်
ဆိုဗီယက်ပြည်ထောင်စုသည်
ငြိမ်းချမ်းရေး၏ခံတပ်ကြီးဟု
ငါပြောခဲ့ရာ၊ ခမ်းမဆောင်မှာ
တုန်ခါသိမ့်မှု၊ လက်ခုပ်သံများ။
သုံးနှစ်အကြာ
ဟန်ဂေရီမှာ၊ ဘူဒါပက်တွင်
ဝင်ရောက်လာသည်၊ ဆိုဗီယက်တပ်များ
ထွက်ခွာသွားရမည်ဟု၊ ကန့်ကွက်အဆို
တင်ခဲ့ရာတွင်၊ ဘာမျှမဖြစ်ရှုံးခဲ့၏။
သည်ကစ၍
ငါ၏အတွေးအခေါ် ဒဿနဗေဒ
ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မုန်းသူမရှိ၊ ချစ်သူသာရှိ
သည်အတွေးဖြင့်၊ လေးလေးနက်နက်
လွတ်လပ်ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးရမည်ဟု
ယုံကြည်မိပေသည်။
ကျောင်းသားဘဝ
ငါငယ်စဉ်က၊ ရည်မှန်းခဲ့ရ
စိတ်ကူးခဲ့ရ၊ စာအုပ်ထဲမှ
လှပမွန်မြတ်၊ ထင်မှတ်ဖူးသော
စိတ်ကူးယဉ်နန်းတော်၊ သော်မှော်ပွင့်လျှံ
နိုင်ငံရေးယဉ်ကျေးမှု၊ ကြေးမုံမှန်စကို ရှပေပြီကော။
ထမင်းစားပွဲ
ချိုဝှချဉ်ဖန်၊ ရှန်ပိန်အရက်
ဖန်ခွက်ခြင်းထိ၊ ချွင်ချွင်သံမြည်ပ
ယူကရိန်းမှာ၊ ငြိမ်းချမ်းရေးကထာ
ငါလျှင်ပြောကြား၊ လက်ခုပ်သံများ
ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။ ။
၃-၅-ဝ၇
ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၇။