Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - တာရာမဂ္ဂဇင်း၏နိဂုံး

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out
တာရာမဂ္ဂဇင်း၏နိဂုံး (၁)
(၁)

           ၁၉၅၀။ နွေဦးသည် ရွှေရောင်တစ်ဝက် မြရောင် တစ်ဝက် စပ်၍ ဆင်ယင်ထားသည်။ နှင်းငွေ့ပါးသွား သည်ဖြစ်၍ ကောင်းကင်အပြာသည် ဖန်သားထင်ကာ ကြည်လင်နေပေသည်။ တန်ခူးလေသည် သစ်ရွက် ရော်ရီများနှင့် ကစားမြူးထူးနေဆဲ။

           ကျွန်တော်သည် စာရေးစားပွဲ အကန့်များထဲမှ ဘလောက်တုံးများကို စက္ကူအကြမ်းပေါ်၌တင်ကာ အထားအသို လျာထားကြည့်နေသည်။ မေလထုတ် တာရာမဂ္ဂဇင်းအတွက် ပုံစံလုပ်နေခြင်းဖြစ်သည်။ စာစီ ဘက်မှ ကိုသောင်းသည် ကျွန်တော်ပြင်ရန် စီပြီးသားစာရွက်ကြမ်းရှည်ရှည်များ စားပွဲပေါ်လာတင်သည်။ ကိုသောင်းမှာ ၁၉၄၈ ကျွန်တော် ပုံနှိပ်စက်ဝယ်ပြီး မကြာမီရောက်လာသည်။ ကျွန်တော့်လက်ရေးဆိုးကို ဖတ်နိုင်သည်မှာ အံ့သြဖွယ်ရာဖြစ်သည်။ ကျွန်တော်က အတွန့် အကောက်ကလေး ခြစ်ပြလိုက်သည်ပင် ကိုသောင်းသည် ဖတ်နိုင်သူဖြစ်သည်။ ယခုမူ ပုံနှိပ် စက်ကို ကျောချင်းကပ်လျက်ရှိ (၆) လမ်း သူ့အိမ်တွင် ထားသည်။ ပုံနှိပ်စက် ဝယ်ပြီးကတည်းက ကိုင်းတန်း တွင် အိမ်ခန်းငှားထားခဲ့သည်။ ပုံနှိပ်စက်မှာ ပထမ ကိုင်းတန်းမှ ရှုမဝသို့ပြောင်း၊ နောက် ၅၁ လမ်းရှိ ရန်ကျော်ဂျာနယ်တိုက်သို့ပြောင်းသည်။ ယခု ကိုင်းတန်း သို့ တစ်ဖန် ပြန်ရောက်နေပေပြီ။

           ကိုင်းတန်းမှာ ကျွန်တော်ငယ်စဉ် အသက် ၃၊ ၄ နှစ်အရွယ်ကနေခဲ့သော လမ်းဖြစ်သည်။ စစ်အတွင်းက ဗုံးကျထား၍ တိုက်ပြိုတိုက်ပျက်များ၊ တဲအိမ်များ၊ ပျဉ်ထောင်အိမ်သစ်များဖြင့် ပုံသစ်ဖြစ်နေသော ကိုင်းတန်း။ ယခင် အနှစ် ၂၅ ကျော် ကာလကနှင့် လုံးဝမတူသော ကိုင်းတန်း။ ရှေးက မြစ်ဝကျွန်းပေါ်ထွက်ကုန်များနှင့် ဆက်စပ်သော ကုန်သည်ပွဲစားများနေရာ၊ ယခုကား မြို့နေဆင်းရဲသား၊ စာရေးစာချီ၊ အလုပ်သမားများနေ ရာ၊ ရှေးအင်္ဂလိပ်ခေတ်က ချောမွေ့ သော ကတ္တရားတာရာမဂ္ဂဇင်း၏နိဂုံး လမ်း၊ ယခုကား စစ်ဒဏ်ရာမကျက်သေးသော ကျောက် ပေါက်ရာဗရပျစ်၊ ရေဝပ်ချိုင့်ပေါသော လမ်းဆိုးကြီး၊ နောက်ဖေးလမ်းကြားမှာလည်း ညစ်ပတ်နံစော်နေလေ ပြီ။ ယခင်က “ဝီလီယံလမ်း”ဟု အင်္ဂလိပ်ဘာသာဖြင့် ခေါ်သောလမ်း။ ၁၉၂၆ လောက်က ကျွန်တော်၏ ဖခင်မှာ ဘလုပ်ဘရားသားကုမ္ပဏီ၌ ပွဲစားလုပ်ရာ ဤ ကိုင်းတန်းကမ်းနားလမ်းနှင့် တစ်တိုက်ခြား၌ ငှားနေဖူး သည်။ ကုမ္ပဏီက အိမ်လခ တစ်လ တစ်ရာပေးသည်။ ယခုကား စစ်အတွင်းက တောမှ လာသော အိမ် ထောင်စုတဲကလေး ရောက်နေပေပြီ။

           ကမ်းနားလမ်းဘက်မှ ပြေးလာသော နွေဦးလေ သည် စားပွဲပေါ်ရှိ စာရွက်များကို ကစဉ့်ကလျား လွင့် ပါးစေ၏။

           ယခုမေလထုတ် တာရာမဂ္ဂဇင်းကို နောက်ဆုံး ထုတ်အဖြစ်ထုတ်ဝေရန် ကျွန်တော်ဆုံးဖြတ်ခဲ့ပြီ။ ၁၉၄၆ ဒီဇင်ဘာလထုတ် တာရာမဂ္ဂဇင်းသည် အမှတ် ၁ ဖြစ်သည်။ ယခု ၁၉၅ဝ မေလထုတ် မဂ္ဂဇင်းသည် နောက်ဆုံးထုတ်ဖြစ်သည်။

           ကျွန်တော်သည် စားပွဲပေါ်မှ လွင့်ပါးသွားသော စက္ကူဖြူဖြူများကို ငေးကြည့်နေသည်။ ကျွန်တော်၏ အတွေးသည် ၁၉၄၆ ဆီသို့ လွင့်ပါးသွားနေပေသည်။

           ၁၉၄၆။ ဗမာ့တပ်မတော် စစ်ထွက်အခမ်းအနား ကျင်းပသည့်နေ့က ကျွန်တော် ရန်ကုန်တွင် ရှိနေ သည်။ ၁၉၄၅ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ဖြစ်သည်။ ယခု တော်လှန်ရေးပန်းခြံလုပ်ထားသော ကွင်းကြီး၌ ဖြစ်သည်။ နံနက်ခင်းနေရောင်၌ ရွှေတိဂုံစေတီ၏ ရွှေရောင်သည် ထွန်းစည်ပဝင်းနေပေသည်။ စိမ်းသော ကွင်းထဲ၌ကား ဓားရောင်တို့သည် တလက်လက်ဖွေး နေသည်။ ဗိုလ်မှူးတစ်ယောက်က ဓားကို ဝင့်လိုက် တိုင်း လက်ခနဲ နေ၏။

           ကျွန်တော်မှာ ခပ်လှမ်းလှမ်း လမ်းဘေးရှိ ပွဲကြည့် ပရိသတ်ကြား၌ ရောက်နေသည်။ အတန်းလိုက် စစ် အခမ်းအနားဟန်နေရှိသော ဗမာ့တပ်မတော်သားများ ကို ကြည့်ရင်း ရင်ထဲ၌ လှုပ်ရှားနေမိ၏။

           လှံစွပ်ရောင်၊ ဓားရောင်များ လက်သွား၏။ စစ် သေနာပတိကို အလေးပြုကြ၏။ ဗိုလ်မှူးတစ်ဦးမှာ မြင်းပေါ်တက်ရင်း မြင်းကခုန်ပေါက်ပြီး လိမ့်ကျကာ နောက်ပြန်တက်သည်။ ပရိသတ်မှာ ဟယ်ခနဲ ဖြစ်သွား ၏။

           ထို့နောက် ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ် ချုပ်အောင်ဆန်း မိန့်ခွန်းပြောသည်။ သူ၏ မိန့်ခွန်းမှာတိုတိုနှင့် လေးနက်၏။

          ရဲဘော်တို့ အောင်မြေနင်းပြီး စစ်မြေပြင်ထွက်ရ မယ်။ ဆင်းရဲမယ်၊ ငတ်မယ်...။ အနီးဆုံးရန်သူကို တိုက်ရမယ်” ။

           လူထုကြီးက ဗိုလ်ချုပ်အောင်ဆန်း ပြောသော ရန် သူဘယ်သူဆိုသည်ကို သိနေကြပြီး ဖြစ်သည်။ ထို့ နောက် ဗမာ့တပ်မတော်သည် မြို့တွင်းသို့ လှည့်လည် ချီတက်သွားသောအခါ အမျိုးသမီးများက အောင် သပြေပန်းတို့ဖြင့် ကြိုဆိုကြသည်။ ကျွန်တော်သည် " ခြေလျင်လျှောက်၍ ရွှေတောင်ကြားသို့ ပြန်လာသည်။ ကောင်းကင်၌ကား လေယာဉ်ပျံများသည် အနိမ့်ပျံ၊ ကျွမ်းထိုးပျံကာ တပ်မတော်ကို အလေးပြုလျက်ရှိကြ သည်။ သစ်ပင်ထိပ်ဖျား၌ တဝေါဝေါ အသံတို့ဖြင့် ပဲ့တင်ထပ်ကာ ဆူညံနေ၏။

           ထိုည၌ စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း၏ စစ်ကြောင်းဖြန့် အမိန့်ပြန်တမ်းကို ဖတ်လျက်ရှိသည်။ ဗိုလ်ဇေယျအိမ်၌ မီးပျက်နေသဖြင့် ရေနံဆီမီးခွက်၌ ဖတ်ရသည်။

           ကျွန်တော်မှာ “စစ်ဝန်ကြီးအား အမြန်ဆုံးလာတွေ့ ပါ”ဟူသော သံကြိုးရသဖြင့် ကျိုက်လတ်မှ ရန်ကုန် လာရခြင်းဖြစ်သည်။ ဗမာ့တပ်မတော် ပြည်သူ့ဆက်ဆံ