Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - စာလုံး၊ဆေးစက်၊စောင်းကြိုးနှင့်ကတ္တီပါကားလိပ်

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

          ဝေဖန်ရေးဆောင်းပါးများ စုထုတ်လိုက်သဖြင့် အခြေအနေ များအရ မလွှဲမရှောင်သာသုံးခဲ့ရသော အခြား ကလောင်ဝှက်များလည်း ပေါ်လာရသည်။ ဟန်ပန် လေသံ ကွဲပြားသော်လည်း ကျွန်တော်၏ အခြေခံ အယူအဆကား မပြောင်းပေ။

          ချစ်စွာသော စာပေမွေ့သူတို့သည် အနှစ် ၂၀ ကျော် ဖြတ်သန်း လာခဲ့သော စာပေဝေဖန်ရေးသမားတစ်ဦး၏ ဝေဖန်ရေးအသံအနိမ့် အမြင့် စီးဆင်းပုံကို ထိတွေ့ ခံစားစေသတည်း။

ဒဂုန်တာရာ

(၁) အနုပညာနှင့် စာပေသဘောတရား

၁။ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၏ အဓိပ္ပာယ်

          “အခု ကျွန်တော်တို့သုံးနှုန်းနေတဲ့ စကားလုံးတွေရှိတယ်။ စာပေရယ်၊ အနုပညာ ရယ်၊ ယဉ်ကျေးမှုရယ်၊ ဟုတ်တယ် ဟုတ်လား။ အဲဒါစာပေဟာလည်း အနုပညာထဲ မပါဘူးလား။ တစ်ခါ ယဉ်ကျေးမှု ဆိုတာကကော။ စာပေတို့၊ ဘာတို့ ကိုပဲ ပြောတာပဲ မဟုတ်လား။ ဒါ မေးရတာ အခြားကြောင့် မဟုတ်ဘူး။ ပဒေသရာဇ်စာပေတို့ အရင်းရှင် ယဉ်ကျေးမှုတို့၊ ဆိုရှယ်လစ် အနုပညာတို့ ဘာညာဆိုတာတွေကို စိတ်ဝင်စားတယ်လေ”ဟု ကျွန်တော်၏ မိတ်ဆွေက မေးလိုက်သည်။

          “ဒီလိုဆိုရင် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး အဓိပ္ပာယ်၊ ဝေါဟာရ ဆိုပါတော့။ အဲဒီ ဝေါဟာရသဘော သိချင်နေတာလား။ ဒါမှမဟုတ် အဲဒီ ခင်ဗျားပြောတဲ့ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု စသည်တို့ရဲ့ သဘောတရားကို သိချင်တာလား”

          “ဟော...ထပ်ဆင့် မေးနေပြန်ပြီ။ ခင်ဗျား မေးလိုက်တော့မှ နည်းနည်းတောင် ကိုယ့်ကိုယ်ကိုယ် ရှင်းအောင် လုပ်ရမလိုဖြစ်နေပြီ။ မပြုံးနဲ့လေ။ သိချင်တာကတော့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ ဝေါဟာရသက်သက်အကြောင်းတော့ မဟုတ်ဘူး။ နေပါဦး၊ ဒီစာပေ တို့ ၊ အနုပညာတို့မှာသဘောတရားဆိုတာ ရှိသေးလို့လား”

          “ဘယ့်နှယ် မရှိရမှာလဲ၊ ရှိတာပေါ့။ ခင်ဗျားက နိုင်ငံရေးမှာသာ သဘောတရား ရှိတယ် အောက်မေ့လို့လား၊ နိုင်ငံရေးသဘောတရားလို့ရှိသလို စာပေသဘောတရားလည်း ရှိတာပေါ့။ ဝေါဟာရဆိုတာလည်း အရေးတော့ကြီးတယ်။ ဝေါဟာရဗေဒရယ်လို့ ပညာရပ် တစ်ရပ်တောင် ရှိတဲ့ဟာပဲ။ ဒါပေမဲ့ ဝေါဟာရအကြောင်းတော့ နည်းနည်းပဲ ပြောမှာ၊ လွယ်လွယ်ပဲ အသုံးအနှုန်းဆိုပါတော့။ အသုံးအနှုန်းတိကျမှ ပီသမှ သဘောတရားကိုဆက်ပြောလို့ရမှာ။ အဲဒီလောက်သာ ဝေါဟာရသဘောကို နားလည်ထားဖို့ လိုတာပါ”

         “ဟုတ်ပါတယ်။ ကျွန်တော်က ဝေါဟာရ ဗေဒတွေ၊ ဘာတွေ စိတ်မဝင်စားပါဘူး”

          “ဟုတ်ပြီ၊ ကျွန်တော်လည်း ဝေါဟာရဗေဒတွေ၊ ဘာတွေ နားလည်တဲ့ကောင် မဟုတ်ပါဘူး။ စာပေအကြောင်းလေး၊ ဘာလေးသာ ခင်ဗျားနဲ့ နားလည်မှုချင်း ညှိကြည့် ချင်တာပါ။ တကယ်က ခင်ဗျားမေးတာ ဟုတ်တယ်။ အနုပညာထဲမှာ စာပေလည်း တစ်ခုအဖြစ် ပါတယ်။ အနုပညာဆိုတာက ခြုံပြီး ခေါ်လိုက်တာကို။ အနုပညာဆိုတဲ့ ပညာရပ်ထဲမှာ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ အက စသည်တို့ ပါကြတယ်။ ဒါပေမဲ့ သုံးနှုန်းတဲ့နေရာမှာကတော့ စာပေနှင့် အနုပညာ စသည်ဖြင့် ခွဲသုံးလေ့ရှိကြတယ်။ ဒါက စာပေရဲ့ အခန်းကဏ္ဍကို ဖော်ချင်တဲ့သဘောနဲ့ တူတယ်။ ဒီပြင် နိုင်ငံတွေမှာလည်း ဒီလိုပဲ ခွဲသုံးတာ တွေ့ရတယ်။ အနုပညာလို့ သုံးရင် ပန်းချီလို့တောင် အဓိပ္ပာယ်ထွက်တာရှိတယ်”

          “တစ်ခါ စာပေနဲ့ အနုပညာ တွဲဖက်ပြီး စာပေအနုပညာလို့ သုံးတာ ကျွန်တော် တွေ့ ဖူးတာလားလို့”

          “ဟုတ်တယ်၊ အဲဒီလို စာပေအနုပညာလို့သုံးတာ ရှိပါတယ်။ ဒါက စာပေ ရေးသားရာမှာ ဖွဲ့နွဲ့ သီကုံးမှု အတတ်ပညာ သဘောအဓိပ္ပာယ်ကို စာပေအနုပညာ ရယ်လို့ သုံးနှုန်းလိုက်တာပါ။ အဓိပ္ပာယ်ကတော့ အတတ်ပညာသဘောကို ပြောလိုတာပါ။ စကား လုံး ရွေးချယ်ပုံတွေ၊ အသံစီးဆင်းပုံ၊ ကာရန်ယူပုံ၊ စာကြောင်းအထားအသို စသည်တို့ကို ဆိုလိုတာပါ။ ဂီတ အနုပညာ၊ ပန်းချီအနုပညာ၊ အကအနုပညာ စသည်ဖြင့် သုံးသလို စာပေအနုပညာလို့ သုံးခြင်းမျိုးပါပဲ။ ဒါတွေက အသုံးအနှုန်းကို ပြောတာနော်”

          “ဟုတ်ပြီ၊ ယဉ်ကျေးမှုဆိုတာကကော”

          “ဒါကတော့ ခြုံပြီး ယေဘုယျခေါ်တဲ့ ဝေါဟာရ၊ ကျယ်ကျယ်ပြန့်ပြန့်သုံးတဲ့ ဝေါဟာရ၊ ယဉ်ကျေးမှုထဲမှာက စာပေတို့ ၊ အနုပညာတို့အပြင် ဓလေ့၊ ထုံးစံ၊ ပြောဟန် ဆိုဟန်၊ အမူအရာ စသည်တွေလည်း ပါတယ်ဗျ။ စာပေ၊ အနုပညာအကြောင်း တိတိ ကျကျပြောရင် ယဉ်ကျေးမှုဆိုတဲ့စကားလုံး သိပ်မပါတတ်ဘူး။ ဥပမာ ယဉ်ကျေးမှု အခြေ အနေလို့သုံးရင် စာဖတ်တတ်သူ ဘယ်လောက်ရှိတယ်။ အမှသုံးလုံး စာသင်ကျောင်းက ဘယ်လောက်ရှိတယ်။ ရုပ်ရှင်ရုံက ဘယ်လောက် စသည် စသည်တို့ တောင်ပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းတယ်”

          “ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပာယ်က”

          “စကားအဓိပ္ပာယ်ရင်းက ပြုစုပျိုးထောင်ခြင်းလို့ ရတယ်၊ ယဉ်ကျေးတယ်ဆိုတာရိုင်းရာက အရိုင်းအကြမ်းက ယဉ်လာအောင် လုပ်တဲ့သဘော၊ ပြုစုပျိုးထောင်မှုနဲ့ အရိုင်းအကြမ်းကနေ ယဉ်လာအောင်၊ နုလာအောင်လုပ်တဲ့သဘော၊ စကားလုံးရဲ့ အဓိပ္ပာယ် ကို ခဏထားလိုက်ဦး။ သုံးနှုန်းပုံမှာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ နားလည်ကြရင် အဓိပ္ပာယ် ဖွင့်တာတို့၊ သဘောတရားတို့ကို ဆက်ဆွေးနွေးနိုင်တာပေါ့ ”

(ရှုဒေါင့်ဂျာနယ် ၁-၂-၇၁)

၂။ စာပေသဘောတရား ရှိသလား

          “စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု စတဲ့ ဝေါဟာရသုံးနှုန်းမှုကိုတော့ ကွဲကွဲပြားပြား သိစပြုလာပြီ ဆိုပါတော့။ ဒါပေမဲ့ ခင်ဗျားပြောသလို စာပေသဘောတရားကိုတော့ သိချင် လာတယ်။ အထူးသဖြင့် စာပေဆိုပါတော့။ သည့်ပြင် အနုပညာတွေလည်း မသိချင်ဘူးတော့ မဟုတ်ဘူး။ သိချင်တယ်။ ဒါပေမဲ့ စာပေဆိုတာကတော့ အမြဲတမ်း ထိတွေ့နေရ ဖတ်နေရတော့ စိတ်အဝင်စားဆုံးလို့ ဆိုနိုင်ပါတယ်။ စကားလုံးနောက်မှာ အဘိဓမ္မာ ရှိသလား” ဟု ကျွန်တော့်မိတ်ဆွေက မေးလိုက်သည်။

          “စကားလုံးနောက်မှာ အဘိဓမ္မာရှိသလားဆိုတာ တယ်ကောင်းတဲ့ မေးခွန်း လေးဗျ”

          “ကျွန်တော် သူများပြောတာ ကြားဖူးတာနဲ့ ကောက်မေးလိုက်တာပါ။ ကြီးကျယ် တယ်လို့တော့ မအောက်မေ့ပါနဲ့နော်”

          “မအောက်မေ့ပါဘူး၊ သဘောတရား အကြောင်းပြောရင် သူနဲ့ဆိုင်တဲ့ဝေါဟာရ စကားလုံးတွေလည်း ပါလာတတ်တာပေါ့။ ဘာသာစကားဆိုတာကိုက လူအချင်းချင်း ဆက်သွယ်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ အမှတ်အသားကိုး။ သူ့ ရင်ထဲမှာရှိတာကို ဖွင့်ဟပြောပြဖို့ရာ စကားပေါ်လာရတာ မဟုတ်လား။ ဒါ့ကြောင့် လူ့ဘဝအကြောင်း ပါလာမယ်။ အဲဒီတော့ စကားလုံးနောက်ကလည်း အဘိဓမ္မာ ပါလာရ မှာပေါ့။ အဘိဓမ္မာဆိုတာ လူ့ဘဝက ပေါက်ဖွားလာရတာကိုးဗျ”

          “ဒါဖြင့် ဘဝနဲ့ စာပေက ဆက်နေတာပေါ့ ဟုတ်လား”

          “သိပ်ဆက်တာပေါ့ ။ ဘယ်ခွဲလို့ရပါ့မလဲ၊ စာပေဆိုတာ စကားလုံးနဲ့ ဖွဲ့စည်း ထားတာ မဟုတ်ဘူးလား။ ခုနက ကျွန်တော်ပြောသလို စကားလုံးဆိုတာ လူအချင်းချင်း ဆက်ဆံဖို့ရာအတွက် ဖြစ်ပေါ်လာရတာကိုးဗျ။ အဲဒီတော့ စကားလုံးဟာ လူမှုဆက်ဆံရေး တစ်ခုလုံးနဲ့ ဆိုင်နေတယ်။ တစ်နည်းပြောရရင် စကားလုံးဟာ ဘာသာစကားသုံးစွဲမှု၊ရေးသားမှုတွေဟာ လူမှုဆက်ဆံရေးလုပ်ငန်းတစ်ခုလို့တောင် ဆိုနိုင်တယ်”

          “ ဒါကြောင့် စာပေသဘောတရားရယ်လို့ ရှိလာရတာလား”

          “ပညာရပ် တစ်ခုရယ်လို့ ဖြစ်လာရင် သူ့ရဲ့ ဖွဲ့စည်းထားတဲ့စနစ်ဟာတော့ ရှိရမှာ ပေါ့ ။ စာပေ၊ အနုပညာဆိုတာ သေးငယ်တဲ့ပညာရပ်မှ မဟုတ်ဘဲ၊ လူ့ယဉ်ကျေးမှု စတင် ကတည်းက အတူပါလာတဲ့ ပညာရပ်တွေပဲဟာ။ သူ့သဘောတရားနဲ့သူ ရှိရမှာပေါ့”

          “စာပေ သဘောတရားသက်သက်လို့ ဆိုနိုင်ပါ့မလား”

          “ခုနက ပြောသလို စကားသုံးစွဲမှု၊ ရေးသားမှုကိုက လူမှုဆက်ဆံရေးလုပ်ငန်း တစ်ရပ်ဖြစ်နေတယ်ဆိုတော့ လူ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ သဘောတရားထဲမှာ အကျုံးဝင် နေတယ်လို့ ဆိုရလိမ့်မယ် ထင်တယ်။ ဥပမာဗျာ၊ ပင်စည်ပင်မကနေပြီး အကိုင်းအခက်တွေ ဖြာထွက်တယ်ဆိုရင် အကိုင်းအခက်က သတ်သတ်၊ ပင်စည်ပင်မက သတ်သတ် ခွဲခြားပြီး ထားလို့ မရသလိုပေါ့။ အဲဒီပင်မနဲ့ သူ့အကိုင်းအခက် သဘောတရားအရ စာပေ၊ အနု ပညာ စသည်တို့ကို မြင်ဖို့ လိုလိမ့်မယ် ထင်တယ်” ။

          “ဘယ်ဟာက ပင်မ၊ ဘယ်ဟာက အကိုင်းအခက်လဲ။ နည်းနည်းတော့ ရှုပ်လာပြီ

          “ခုရှုပ်မှ နောင်ရှင်းတယ် မဟုတ်လား၊ ရှုပ်လာတာတွေကို ရှင်းရဖို့လည်း သဘော တရားတို့၊ အဘိဓမ္မာတို့ဆိုတာ ပေါ်လာရတာ။ ပင်မ အခြေခံကတော့ လူ့စားဝတ်နေရေး ဖြစ်တဲ့ စီးပွားရေးပဲဗျ။ အကိုင်းအခက်ကတော့ စာပေတို့၊ အနုပညာတို့ပေါ့။ အကိုင်း အခက်ထဲမှာ ဒီပြင်ဟာတွေလည်း ပါတာပေါ့။ ဥပဒေရေး၊ အဘိဓမ္မာရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ လူ့ကျင့်ဝတ်ရေး စသည်တွေလည်း ပါတာပေါ့။ ဒါတွေကတော့ ထားလိုက်။ ကျွန်တော်တို့ မဆွေးနွေးကြဘူး။ စာပေ၊ အနုပညာနဲ့ ပတ်သက်တဲ့ သဘောတရားပဲ ပြောကြမှာ၊ အထူးသဖြင့် စာပေသဘောတရားပေါ့ ဗျာ၊ ဟုတ်ပြီလား”

          “အဲဒီလိုဆိုတော့ ရှင်းတယ်လေ။ ပင်စည်၊ ပင်မ အခြေခံနဲ့ သူက ဖြာထွက်တဲ့ အကိုင်းအခက် သဘောတရားကို ရှင်းပြီ။ ရှုပ်လာရင်တော့ ထပ်မေးရဦးမှာပေါ့ ”

(ရှုဒေါင့်ဂျာနယ် ၁-၂-၇၁)

၃။ ပင်စည်ပင်မ အခြေခံဟူသော စီးပွားရေး

          “ပင်စည်ပင်မ အခြေခံနဲ့ သူကဖြာထွက်တဲ့ အကိုင်းအခက် သဘောတရား အကြောင်းတော့ ကြားရပြီ။ သဘောပေါက်ပြီလို့တော့ မပြောချင်သေးဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ပင်စည်ပင်မ အခြေခံဆိုတာက စီးပွားရေး၊ သူက ဖြာထွက်တဲ့ အကိုင်းအခက်ဆိုတာက နိုင်ငံရေး၊ အဘိဓမ္မာရေး၊ ဘာညာပေါ့ဗျာ။ အဲဒီထဲမှာ စာပေ၊ အနုပညာဆိုတဲ့ ယဉ်ကျေးမှု။ အဲဒီလို မှတ်သားထားမိရုံပဲ။ ဒီလို စကားလုံးအတိုင်း ပြန်ပြောတတ်ရုံနဲ့ သဘောပေါက်ပြီလို့ မဆိုနိုင်သေးဘူးဗျ။ ဟုတ်တယ် မဟုတ်လား။ အဲဒီတော့ ဘယ်လို ဘယ်ပုံ ပင်စည်ပင်မ အခြေခံက အကိုင်းအခက်တွေ ဖြာထွက်လာတယ်ဆိုတာတော့ သိချင်နေသေးတယ်ဗျာ။ ကတ်တယ်လို့ မထင်ပါနဲ့” ဟု ကျွန်တော်၏ မိတ်ဆွေက မေး လိုက်သည်။

          “ကတ်တယ်လို့ မယူဆပါဘူး။ ခင်ဗျား မေးပုံ၊ စူးစမ်းပုံ သဘာဝကျပါတယ်။ သဘောတရား စာအုပ်တွေထဲမှာပါတဲ့ စကားလုံးအတိုင်း ပြန်ရွတ်ပြတတ်တာက တကယ့် အသိမှမဟုတ်ဘဲ။ မှတ်သိ၊ ကျက်သိ၊ သညာသိပဲဟာ။ တကယ် ကိုယ်တိုင်လက်တွေ့ကို ကျင့်သုံးတွေ့ကြုံပြီး သိရတာကမှ အသိလို့ ခေါ်ရမှာကိုးဗျ။ အဲဒီတော့ ခင်ဗျား သဘော ပေါက်ချင်နေတာ ကောင်းပါတယ်။ အဲဒီ ပင်စည်ပင်မ အခြေခံက နေပြီး သူ့အကိုင်း၊ အခက်တွေ ဖြာကျလာတယ်ဆိုတဲ့ သဘောတရားမှာက..”

          “နေဦးဗျ၊ အဲဒီ အကိုင်း၊ အခက်တွေမှာ အဘိဓမ္မာရေး၊ နိုင်ငံရေးတွေပါတယ် မဟုတ်လား။ အဲဒီအထဲမှာ နိုင်ငံရေးဆိုတာကကော...”

          “နေဦးဗျ၊ နိုင်ငံရေးအကြောင်း မမေးနဲ့။ ကျွန်တော် သိပ်မပြောချင်ဘူး”

          “ဒါဖြင့် စာပေဆိုတာက သတ်သတ်လား၊ နိုင်ငံရေးမပါတဲ့ စာပေသဘော တရားလား”

          “နေဦးလေဗျာ၊ လောမကြီးပါနဲ့ဦးလေ။ ကျွန်တော် နိုင်ငံရေးအကြောင်း မပြောချင်သေးဘူး။ စာပေဆိုတာ သတ်သတ်လား၊ နိုင်ငံရေးမပါတဲ့ စာပေသဘော တရားလားဆိုတာလည်း မမေးနဲ့ဦး။ သို့သော်လည်း နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ရှင်းပြထားရလိမ့်မယ်။ နိုင်ငံရေးအကြောင်း မဟုတ်ဘူးနော်။ နိုင်ငံရေးဆိုတဲ့ “ဝေါဟာရ” ရဲ့ အဓိပ္ပာယ်။ နိုင်ငံရေးဆိုတာက လူစုလူဝေးနဲ့ စီးပွားရေး တောင်းဆိုလှုပ်ရှားတဲ့ လူထုလှုပ်ရှားမှုလို့ အဓိပ္ပာယ်ရတယ်”

          “ဒါဖြင့် လူထုလှုပ်ရှားမှုမရှိရင် နိုင်ငံရေး မရှိဘူးလို့ ဆိုရမှာလား”

          “ကဲ...နိုင်ငံရေးအကြောင်း မပြောကြပါနဲ့ဆိုမှ၊ ဒါတွေ ထားလိုက်ပါလေ။ ကျွန်တော်တို့ ဆွေးနွေးကြမှာက ပင်စည်ပင်မ အခြေခံအကြောင်း မဟုတ်လား”

          “ဟုတ်ပါတယ်။ ပင်စည်ပင်မအကြောင်း သိမှ သူက ဖြာထွက်တဲ့ အကိုင်းအခက်အကြောင်း ရိပ်မိမှာ မဟုတ်လား”

          “ဟုတ်ပါတယ်။ ခင်ဗျား စဉ်းစားပုံ သဘာဝကျပါတယ်။ ပင်စည်ပင်မ အခြေခံ အကြောင်းဆိုတော့ စီးပွားရေးအကြောင်းပေါ့။ စီးပွားရေးဆိုလို့ ဝေါဟာရတစ်ခုတော့ ထည့်ပြောဦးမှဗျ။ စီးပွားရေးကို ပညာရပ်တစ်ရပ်အနေနဲ့ ဘောဂဗေဒလို့ ခေါ်ထားတာ ရှိတယ်။ အဲဒီမှာ လူမှုရေးသိပ္ပံပညာရပ် တစ်ရပ်အနေနဲ့က နိုင်ငံရေး ဘောဂဗေဒပညာ ဆိုတာ ရှိတယ်” ။

          “ခင်ဗျားဟာ နိုင်ငံရေး ပါလာပြန်ပြီ။ ခုနက မပြောဘူးဆိုပြီး ဟား.. ဟား”

          “ဝေါဟာရအနေနဲ့ သာ သုံးတာပါဗျာ၊ သဘောတရားအကြောင်း ပြောကြမယ် ဆိုတော့ ပါသွားတာပေါ့ ။ သည်းခံပါ။ အဲဒီတော့ စီးပွားရေးအကြောင်း ပြောကြရင် ခုန ကပြောတဲ့ နိုင်ငံရေး ဘောဂဗေဒ သဘောတရားတော့ နည်းနည်းပါးပါး ပါချင်ပါမယ်။ စီးပွားရေးဆိုတာကတော့ လူရဲ့ စားဝတ်နေရေးပဲဗျ”

          “ဒါဖြင့် ရှင်းသားပဲ”

          “ရှင်းပါတယ်။ လူဟာ စားဝတ်နေရေးကို လုပ်နေရတယ်။ ဒါကို စီးပွားရေး ဘဝလို့ ခေါ်ရင်လည်း ရပါတယ်။ တစ်နည်းအားဖြင့် စီးပွားရေးဆိုတာ လူ့အလို ဖြည့်ရေး လို့လည်း ဆိုနိုင်တယ်။ စားဖို့၊ ဝတ်ဖို့၊ နေဖို့ဆိုတာ လူ့အလိုတွေပဲ။ ရုပ် အလိုတွေပေါ့”

          “ဟာ.. ရုပ်အလို၊ ရုပ်၊ ဘာညာဆိုတာ၊ အဘိဓမ္မာစကားလုံးတွေ ပါလာပြန်ပြီ ဗျာ”

          “သဘောတရားရေး ပြောရင်တော့ နည်းနည်းတော့ သည်းခံရလိမ့်မယ်။ အဲဒါကို နိုင်ငံရေး ဘောဂဗေဒ ဝေါဟာရနဲ့ကတော့ ရုပ်ပစ္စည်း ကုန်ထုတ်လုပ်ရေးလို့ ခေါ်ကြတယ်

          “ဟာ... ကုန်ထုတ်လုပ်ရေးတို့ ဘာတို့ပါလာပြန်ပြီလား”

          “ဒါက စစ်မဖြစ်ခင် နဂါးနီခေတ်ကတည်းက သုံးလာတဲ့ဝေါဟာရပဲ။ ခုမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ စီးပွားရေးအကြောင်းပြောရင်တော့ ကုန်ထုတ်လုပ်ရေး အကြောင်းပြောမှဖြစ်မှာ”

(ရှုဒေါင့်ဂျာနယ် ၁-၃-၇၁)

၄။ ကုန်ထုတ်လုပ်ရေးနှင့် အနုပညာ

          “နေစမ်းပါဦးဗျ။ ကျွန်တော် သိချင်နေတာက စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်

          အခု ခင်ဗျားပြောနေတာက ကုန်ထုတ်လုပ်ရေးတို့၊ နိုင်ငံရေး ဘောဂဗေဒတို့ ဝေးမနေ ဘူးလား။ ကျွန်တော်က စာပေနဲ့ နိုင်ငံရေး မဆိုင်ဘူးလို့ ပြောချင်တာ မဟုက်ပါဘူး။ စာပေသက်သက်၊ အနုပညာသက်သက်ကို ပြောချင်တာလည်း မဟုတ်သေးပါဘူး။ စာပေဟာ နိုင်ငံရေးရဲ့ ထင်ဟပ်ချက်ဆိုတာကို အကြမ်းအားဖြင့်တော့ လက်ခံထားချင်ပါတယ်။ ဒါပေမဲ့ တကယ်ဆိုတော့ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဆိုတာကို ဂဃနဏ မသိသေးတော့ အခုနကပြောတဲ့ ကုန်ထုတ်လုပ်ရေးတို့၊ ဘာတို့ ပါလာတော့ ရုပ်ပစ္စည်း ထုတ်လုပ်ရေး လို့တောင် ပြောသေးတယ်။ နည်းနည်း အနုပညာနဲ့ ဝေးသွားမှာ၊ ဘေးရောက်သွားမှာ စိုးရိမ်လို့ပါ” ဟု ကျွန်တော်၏မိတ်ဆွေက ပြောလိုက်သည်။

          “ကျွန်တော် ပြောပါပကော၊ အကိုင်းအခက်ဟာ အခြေခံ ပင်စည်ပင်မက ဖြာထွက် လာတော့ ပင်စည်ပင်မ သဘောပေါက်ရင် အကိုင်းအခက် သဘောပေါက်ဖို့ မခက်တော့ဘူး မဟုတ်လား။ ဒါကြောင့် အခြေခံတွေအကြောင်း ဆွေးနွေးနေကြရတာ။ သိပ်လည်း အလျင် မလိုပါနဲ့ ဦးလေ။ ကျွန်တော်တို့တစ်တွေဟာ အတွေးအခေါ်ရင့်သန်အောင် လေ့ကျင့်တဲ့ အခါမှာ အခြေခံကို သိပ်မကိုင်ချင်ကြဘူးဗျ။ ကျွန်တော့်သဘောက အခြေခံက အရေးအကြီး ဆုံးလို့ ထင်တယ်။ အခြေခံမှာ ခိုင်မှ၊ ပိုင်ပိုင်နိုင်နိုင် တကယ်သိမှ နားလည်မှာ၊ ဟုတ်တယ် မဟုတ်လား။ ခြေခြေမြစ်မြစ်လိုက်ကြရင် မကောင်းဘူးလား”

          “ဒါဖြင့် ကုန်ထုတ်လုပ်ရေးနဲ့ စာပေနဲ့ ဘယ်လိုဆိုင်တာလဲ”

          “စောစောက ကျွန်တော်တို့က ပင်စည်ပင်မ အခြေခံ စီးပွားရေးစနစ်လို့ ပြောခဲ့ကြ တယ် မဟုတ်လား။ စားဝတ်နေရေးဟာ စီးပွားရေးလို့ ပြောခဲ့ကြတယ် မဟုတ်လား။ ကုန်ထုတ်လုပ်ရေးဆိုတာ အဲဒီ စားဝတ်နေရေးအတွက် ထုတ်လုပ်ရတာကို နိုင်ငံရေးဘောဂဗေဒဆိုင်ရာ ဝေါဟာရအနေနဲ့ ရုပ်ပစ္စည်းထုတ်လုပ်ရေးတစ်နည်း အတိုကတော့ ကုန်ထုတ်လုပ်ရေးလို့ ခေါ်ကြတာကိုး။ ရုပ်အလိုကျ ထုတ်လုပ်ကြတယ်ပေါ့ ဗျာ။ စားဖို့၊ ဝတ်ဖို့၊ နေဖို့ဆိုတာတွေဟာ ရုပ်အလိုတွေပဲပေါ့။ ထမင်း၊ အဝတ်၊ အိမ်ပေါ့ဗျာ။ လောကမှာ အဲဒါတွေနဲ့ ကင်းတာရှိလို့လား”

          “နေဦးဗျ၊ ခင်ဗျားက ရုပ်အလို၊ ရုပ်ပစ္စည်းအကြောင်း တယ်ပြောတာပဲ။ ရုပ်ပစ္စည်း ထုတ်လုပ်ရေး ဘာညာနဲ့ ၊ နေပါဦး။ ရုပ်အလိုဆိုတာရှိရင် စိတ်အလိုဆိုတာကော ရှိသေး လို့လား”

          “ခင်ဗျား မေးပုံတော့ သိပ်ကြိုက်သွားပြီါ။ စိတ်အလိုအကြောင်း ပြောချင်လို့ ရုပ်အလိုအကြောင်း၊ ရုပ်ပစ္စည်းအကြောင်း အစချီနေရတာ။ ခင်ဗျားက မေးလိုက်တော့