Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - စာပေသစ်၏ဆည်းဆာရောင်

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out
စာပေသစ်၏ ဆည်းဆာရောင်
(၁)

          ခဲသားရောင်ရေပြင်သည် လှိုင်းကလေးများ ကြောင့် ငါးအကြေးခွံထနေသည်။ ကမ်းနား၌ ဆိုက် ကပ်ထားသော သင်္ဘော၊ သမ္ဗန်၊ ကတ္တူ၊ လှေ၊ ဆိပ်ခံ တံတား၊ ဂိုဒေါင်၊ တန်းလျား စသော အရာဝတ္ထုများ သည်လည်း ခဲသားရောင်ထနေသည်။ ရန်ကုန်မြစ် လယ်ရှိ ကျောက်ဆူးချထားသော ပင်လယ်ကူးသင်္ဘော ဆီမှ ဝန်ချီစက်၏ ကျလိကျလိမြည်သံမှာ ဆည်းဆာ ၏ တေးသံပင်။ အရာဝတ္ထုတိုင်း၌ တစ်ခြမ်းလင်း၊ တစ်ခြမ်းမှောင် ဆည်းဆာအရောင် ထိုးကျနေ၏။

          အမှောင်ဝယ် လှိုင်မြစ်ဘက်ဆီမှ ခပ်ပျော့ပျော့ ပန်းနုသွေးရောင်မှာ လှဲပြေးနေပေသည်။ ခဲသားရောင်ရေပြင်တွင် ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာများ ကြခင်းထားသဖြင့် တဖိတ်ဖိတ်လက်နေသည်။

          လေသည် လွတ်လပ်စွာ တိုက်ခတ်နေသဖြင့် သန့်ရှင်းနေပေသည်။ မြို့ရနံ့ဖြစ်သော ဓာတ်ဆီညှော်နံ့၊ ကော်ပတ်မျှော်နံ့၊ စီးကရက်နံ့ ၊ အရက်နံ့တို့မှ ကင်း သော၊ ပင်လယ်မှလာသော လေမှာ လတ်ဆတ်နေ သည်။ စင်ရော်ငှက်များသည် မြစ်ကိုဖြတ်ကာ ပျံသန်း နေကြသည်။

          အမှောင်ကျလာသော် ခဲသားရောင်သည် ပို၍ ရင့်လာလေ။

          ယင်းဆည်းဆာရောင်ကြားမှ တီးတိုးသံသည် ထွက်ပေါ်လာသည်။ ဆိပ်ခံအစွန်းရှိ လှေသင်္ဘော မဆိုက်သော၊ လူရှင်းသောနေရာ ကြိုးချည်ဘုတိုင်၌ ထိုင်နေသော ကျွန်တော့်အား ကိုမြသန်း(ယခု မြသန်း တင့်) က တတွတ်တွတ်ပြောနေ၏။

          “ဘာဖြစ်လို့ စာပေသစ်အယ်ဒီတာအဖွဲ့က ထွက်ရမှာလဲ။ မထွက်ပါနဲ့ဗျာ”

          ကျွန်တော့်မှာ သူ့ကိုလှည့်မကြည့်ဘဲ မြစ်ပြင် ကိုသာ စိုက်လျက်ရှိသည်။ သို့သော် သူ၏ပုံပန်းမှာ ဆည်းဆာရောင်ဝယ် ရုပ်တုကဲ့သို့ပေါ်နေသည်။ ကိုယ် တစ်ခြမ်းမှာ ခဲသားရောင်၊ တစ်ခြမ်းမှာ ပန်းနုရောင်။ထူထဲသော သူ၏မျက်မှန်ရောင်မှာ အနီရောင်တောက် နေ၏။ တဖိတ်ဖိတ်လက်နေသော လှိုင်မြစ်ရေမှ အရောင်ဟပ်နေ၏။

          ထိုအခါက ကိုမြသန်းမှာ အသက်၂၀ အရွယ်၊ ကျွန်တော်မှာ ၃ဝ အရွယ်၊ သူသည် ဂျပ်ဆင်ကောလိပ် ဘက်ရှိ ဥတ္တရကျောင်းဆင်း (ယခု ရွှေဘိုဆောင်)၌နေ ကာ ကျောင်းတက်နေဆဲ။ ။

           မြစ်လယ် ပင်လယ်ကူးသင်္ဘောဆီမှ ဝန်ချီစက် ၏ ကျလိကျလိ မြည်သံ၊ အမှောင်ကြားမှ ခုတ်မောင်း နေသော အကောက်ဌာန မော်တော်ဘုတ်စက်၊ သင်္ဘောဥဩသံ၊ လှိုင်းသံ၊ ရေသံများအကြားမှ ကိုမြ သန်း၏ “ဘာဖြစ်လို့ ထွက်ရမှာလဲ၊ မထွက်ပါနဲ့၊ အတူ တူ လုပ်ကြရအောင်ပါ” ဟူသော တီးတိုးသံမှာ တိုး ထွက်ကာ ပေါ်လာ၏။

          “အယ်ဒီတာအဖွဲ့ က ထွက်မယ်လို့ ဆုံးဖြတ် လိုက်ပြီးပြီ”

           “ဆုံးဖြတ်ချက်ဆိုတာ ပြင်လို့ရပါတယ်..၊ အို ဗျာ မထွက်ပါနဲ့”

          ကျွန်တော်က သူ့အား ရယ်မောလိုက်သည်။

          “ဘယ်ဟုတ်မလဲ၊ ခင်ဗျား ကျွန်တော့်အကြောင်း မသိသေးလို့။ ကျွန်တော်က ဆုံးဖြတ်ပြီးရင် ပြင်လေ့ပြင်ထ မရှိဘူးဗျ”

           “အိုဗျာ.. ဘယ်ဟုတ်မှာလဲ၊ ပြင်ရမှာပေါ့ ။ မထွက်ပါနဲ့”

          အမှောင်သည် ထူထပ်သည်ထက် ထူထပ်လာ လေပြီ၊ မနက်ကပင် စာပေသစ်အယ်ဒီတာအဖွဲ့မှ ထွက် မည်ဖြစ်ကြောင်း ဆုံးဖြတ်ကာ အားလုံးအား ပြောပြီးခဲ့ ပြီ။ ညနေဘက်တွင် ကိုမြသန်းသည် ကျောင်းဆောင်မှ ကျွန်တော်ရှိရာ ကိုင်းတန်းသို့ ပေါက်လာသည်။ စကား အေးအေးပြောရန် နှစ်ယောက်သား မြစ်ဆိပ်သို့ ထွက် လာခဲ့ကြခြင်း ဖြစ်ပေသည်။

          တီးတိုးသံများသည် ဆက်လက်ပေါ်လာဆဲ။ လေသည် လွတ်လပ်စွာတိုက်ဆဲ။ ဆည်းဆာရောင် သည် နက်မှောင်လာဆဲ။

( ၂ )

          တာရာမဂ္ဂဇင်းအယ်ဒီတာအဖွဲ့သို့ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများယူလာရင်း သူတို့နှင့်သိကာ၊ နောက် ရင်းနှီးခင်မင်လာသည်။ မောင်ကြည်လင်၊ မြသန်း၊ကျော်အောင်၊ သူတို့နှင့်အတူ တစ်ခါတစ်ရံပါလာ တတ်သည်ကား အောင်လင်း၊ ကိုသန်းတင်။

          ပထမ စာနှင့် သိသည်။ ပခုက္ကူမှ အယ်ဒီတာခင်ဗျား” ဟု ရေးကာပို့လိုက်သည်လည်း ရှိသည်။ ၁၉၄၈ လောက်ကစ၍ သူတို့စာများ တာရာမဂ္ဂဇင်း၌ စတင်ဖော်ပြခဲ့သည်။ ၁၉၄၉-၅ဝ နှစ်တွင်ကား သူတို့ သည် မပြတ်မလပ် ဝင်ရေးကြသည်။ စာနှင့်ပို့ကြပြီး နောက် လူကိုယ်တိုင်ပင်လာကြသည်။ ထိုအခါက တာရာမဂ္ဂဇင်းအယ်ဒီတာဌာနမှာ ၁၄ လမ်းတွင် ဖြစ် သည်။

          အယ်ဒီတာစားပွဲတွင်ဝိုင်းကာ စာပေ၊ အနု ပညာ၊ နိုင်ငံရေးရာအကြောင်း စကားပြောကြပြီး ရွှေတောင်တန်းထိပ်ဘက်ထွက်ကာ လက်ဖက်ရည်ဆိုင် ၌ ဆက်ကြပြန်သည်။ ပုံနှိပ်စက် ကိုင်းတန်းဘက်ပြောင်းသွားသောအခါ၊ လမ်းထိပ် တရုတ်လက်ဖက် ရည်ဆိုင်မှာ စကားဝိုင်းဖွဲ့ ရာ ဖြစ်လာတော့သည်။ တစ် ခါတစ်ရံ ရုပ်ရှင်အတူသွားကြည့်လိုက်ကြသည်။ တစ် ခါတစ်ရံလည်း စန္ဒရားဘေးတွင် ဝိုင်းကြသည်။ သူတို့ မှာ ကျောင်းတက်နေကြသော်လည်း ကျောင်းပိတ်ရက် နေ့အားမှ မဟုတ်ဘဲ ကျွန်တော့်ထံ မကြာခဏ ရောက် လာတတ်ကြသည်။

          ကိုကြည်လင်နှင့် ကိုမြသန်းမှာ မျက်မှန်နှင့်ဖြစ် ကြသည်။ ကိုကြည်လင်၏မျက်မှန်မှာ ကိုမြသန်း လောက် မထူ။ သူတို့နှစ်ယောက်မှာ အသက်လည်း