Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

တိုက်စိုး - ဧရာ၀တီ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

၁။ ဧရာဝတီ အစ

          ကချင်ရိုးရာပုံပြင်တွင် စကြဝဠာ တည်ဆောက်ပုံအကြောင်းအရာ ပါလေသည်။

          ပါပုံမှာ ပထမ၌ စကြဝဠာကြီးသည် လဟာပြင်အတိသာ ဖြစ်လေသည်။ ထိုလဟာပြင်တွင် အဖိုဓာတ် အမဓာတ်နှစ်မျိုး ပေါ်ပေါက်လာခဲ့ပေ၏။ ထိုဓာတ်နှစ်ခုသည်လည်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်ရောနှောမိပြီးလျှင် အင်ဂေါင် ဝမဂ်နတ်မင်းကြီးဟူ၍ ဖြစ်ပေါ်လာတော့သည်။

          တစ်ဖန် ထိုနတ်မင်းကြီး၏ ခန္ဓာကိုယ်မှ မောဒလန၊ မောဒလွတ်၊ လင်ယူလဝဟူသော နတ်ညီနောင်သုံးဦး ပေါက်ဖွားလာကြပြန်၏။ ထိုနတ် ညီနောင်တို့သည်လည်း မိုးကောင်းကင်၊ နေလနက္ခတ်၊ အဏ္ဏဝါရေပြင်၊ ပထဝီမြေကြီးတို့ကိုလည်းကောင်း၊ သက်မဲ့သစ်ပင် ဝါးပင် ပန်းမန်၊ သက်ရှိ လူသတ္တဝါ အခြားသတ္တဝါတို့ကိုလည်းကောင်း ဖန်းဆင်းခဲ့ကြလေသည်။

          ကာလအတန် ကြာသွားလေသည်။ ထို့နောက် အင်ဂေါင်ဝမဂမ် နတ်မင်းကြီးသည် ညာလက်ဖြင့် ရွှေခွက်ကိုကိုင်ကာ၊ ဘယ်လက်ဖြင့် ငွေခွက်ကို ကိုင်ကာ မဟာအဏ္ဏဝါအတွင်းမှ ရေတစ်ခွက်စီ ခပ်ယူလေသည်။ ပြီးသော် ထိုရေများဖြင့် မြောက်ဘက်ရှိ တောင်ထိပ်များပေါ်သို့ လောင်းချလိုက်ရာ ညာဘက်မှ မေခမြစ် ဘယ်ဘက်မှ မလိခမြစ်ဟူ၍ ပေါ်ပေါက်လာလေသည်။ ထိုမြစ်နှစ်သွယ်သည် အစဉ်အတိုင်း စီးဆင်းသွားကြ၍ ချင်ခရန်ဂါဒေသအနီး တွင် ပေါင်းဆုံမိကာ ဧရာဝတီမြစ်ဟူ၍ ဖြစ်လာခဲ့လေသည်။ ဧရာဝတီမြစ်သည် အရပ်ဒေသပေါင်းစုံ ဖြတ်သန်း၍ ပင်လယ်ထဲသို့ စီးဝင်လေသည်။

          နတ်မင်းကြီးသည် ရွှေခွက် ငွေခွက်တို့ဖြင့် အဏ္ဏဝါရေကို ခပ်ယူ၍ မြေကြီးပေါ်သို့ အကြိမ်ကြိမ်လောင်းပြန်၏။ ထိုအခါ ကမ္ဘာမြေပြင်ပေါ်တွင်မြစ်ကြီးမြစ်ငယ်များ၊ အင်းကြီးအိုင်ငယ်များ ဖြစ်လာကြသည်။

          ဧရာဝတီကား၊ ကမ္ဘာလောက၏ အစအဦးဆုံးမြစ်ပေတည်း။ ထို့ကြောင့် အခြားဒေသရှိ မြစ်များထက် ထူးခြားသော အခြင်းအရာများကို တွေ့နိုင်လေ သည်။

          ထူးခြားချက်များမှာ အခြားမဟုတ်၊ ထိုမြစ်တွင်းမှ ရွှေမှုန့်များနှင့် ငါးအမျိုးမျိုး ရနိုင်ရုံမက ဧရာဝတီ စီးဆင်းရာဒေသ ဝဲယာ၌လည်း သစ်ပင်ဝါး ပင်များ စည်ပင်လျက်လည်းကောင်း၊ ကောက်ပဲသီးနှံများ ဖွံ့ဖြိုးပွားများလျက် လည်းကောင်း ရှိနေခြင်းပင်။ ထို့ပြင် မြစ်တစ်လျှောက် ဝဲယာကမ်းခြေတွင် အဖိုးတန် ရေနံလည်း အမြောက်အမြား ရှိနေခြင်းပင်။ (၁) -

ဤသည် ကချင်ရိုးရာပုံပြင်အရ ဧရာဝတီမြစ် ပေါ်ထွန်းလာပုံအကြောင်း ဖြစ်လေသည်။

၂။ ပထမမြစ်ကျဉ်းသို့

          မျက်မြင်ကိုယ်တွေ့ ဧရာဝတီမြစ်ကြောင်း ခရီးစဉ်သည်လည်း ကချင်ပြည်နယ် မှပင် စရပေလိမ့်မည်။ ။

          ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုံးတောင်များမှ မေခဟူသော မြစ်ငယ်သည် လည်းကောင်း၊ မလိခဟူသော မြစ်ငယ်သည်လည်းကောင်း မြစ်ဖျားခံကြလေ သည်။ ထိုမြစ်နှစ်သွယ်သည် တောင်ဘက်သို့ စီးဆင်းလာခဲ့ရာ မြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်လောက် အရောက်တွင် ပေါင်းဆုံမိကြသည်။

          မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပေတည်း။

          ရေသည် အေးစိမ့်လှ၏။ တိမ်လည်း တိမ်၊ ကြည်လည်းကြည်လင်၏။ ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ် သွားလာနေကြသည်ကို မြင်ရ လောက်အောင် ကြည်လင်ပါပေသည်။

          မြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့် ပေ၏။ ကမ်းခြေတစ်လျှောက်မှာကား ဆေးကြိတ်ကျောက်လုံးတွေ ပြန့်ကျဲလျက် ရှိနေကြသည်။ ရွှေကျင်နေကြသော ကချင်ရွာသားတွေလည်း ပြုံးပြီးပြောက် ပြောက် ရှိတတ်ကြသည်။

          ဤတွင် ကမ်းပါးသည် အတန်မတ်စောက်လေသည်။ ထိုအပေါ်တွင် သစ်တောကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်နေလေသည်။ အဝေးတွင် တောင်တန်းပြာများကို မြင်နိုင်လေသည်။

          လှေသင်္ဘောသည် မြစ်ကြောင်းအတိုင်း စုန်ခဲ့၍ မြစ်ကြီးနားမှ လေးဆယ့် ခြောက်မိုင်အကွာ တာဟိုနားရွာကို ဖြတ်ကျော်လိုက်ပြီဆိုအံ့။ ကျောက်စိမ်းနှင့်//

          ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ်တောင်တန်းမှ တသွင် သွင်စီးဆင်း၍ ဧရာဝတီနှင့် လာပေါင်းသော ချောင်းကလေးကို ဆုံတွေ့ရပေ လိမ့်မည်။ မြစ်ကမ်းတစ်လျှောက်တွင် ရှမ်းတံငါများ လှေငယ်နှင့် ငါးရှာနေသည် ကို တွေ့ရပေလိမ့်မည်။

          မြစ်သည် အကွေ့အကောက်တွေ များလာ၏။ မန်စွာရွာအနီး၌ ကျောက်တောင်ကြီးများသည် မြစ်လယ်တွင် ပေါ်နေ၏။ ဝဲဇလုတ်တွေကလည်း မရှား။

          ဆင်ဘိုရွာလွန်သော်ကား ရေစီးသည် သန်လာတော့သည်။ မြစ်ကြောင်း ကျဉ်းမြောင်းလာသည်။ ကျဉ်းမြောင်းလာလေလေ ရေများသည် စုစု၍ လာလေလေဖြစ်သည်။ ကမ်းနှစ်ဖက် အကွာအဝေးသည် ကိုက်ငါးဆယ်ခန့်သာ ရှိတော့သည်။ ထိုအခါ တရကြမ်းထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီး လျက်ရှိသော ကျောက်ဆောင်ကြီးများကို အဟုန်ပြင်းပြင်းနှင့် တိုက်ခိုက်သဖြင့် ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ တဝေါဝေါ မြည်သံများကိုလည်း တစ်မိုင်လောက်အထိ ကြားနိုင်ကောင်းသည်။ ။

          ကမ်းတစ်ဖက်တစ်ချက်ရှိ ကျောက်တောင်နံရံများသည် ဇွတ်အတင်းထိုး ဆင်းသော မြစ်ရေလုံးကို ဟိုမှာဆီး သည်မှာတားနေသည့်နှယ်ရှိလေသည်။ တစ်ခါတစ်ရံ ရှေ့တည့်တည့်တွင် တောင်ကြီးကာဆီးနေသည်ကို မြင်လိုက်ရ သည်။ မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်လိုက်ရသည်။ စုန်ဆင်း လာသော လှေသင်္ဘောသည် တောင်ကို ဆောင့်မည်ဆဲဆဲ ရှိနေရာမှ လက်ယာ ဘက်ကသော်လည်းကောင်း၊ လက်ဝဲဘက်ကသော်လည်းကောင်း ရေကြောင်း ကလေးပေါ်လာ၍ ထိုဘက်သို့ ဆတ်ခနဲလှည့်ကာ ကွေ့ချိုးလိုက်ရလေသည်။

          သမိုင်းကြီးရွာသည် ဧရာဝတီ၏ အရှေ့ဘက်ကမ်းထိပ်တွင် တည်ရှိ၏။ ထိုရွာနားအရောက်တွင် မြစ်ကျဉ်းသည် ကိုက်ရှစ်ရာခန့်အထိ ကျယ်ပြန့်လာ ခဲ့လေသည်။ ရှုခင်းကား မြူတွေအကြား ရေးရေးပေါ်နေသော ရှမ်း၊ ပလောင် တောင်တန်းတွေ ဖြစ်လေသည်။

          ဤသည် မိုင်သုံးဆယ့်ခြောက်မိုင်ခန့် ရှည်လျှားလာခဲ့သော ပထမမြစ် ကျဉ်း အဆုံးပေတည်း။ ဗန်းမော်အနီးသို့ ဧရာဝတီ ရောက်သောအခါ မြေနု ချိုင့်ဝှမ်းကို ဖြတ်သန်းလာတော့သည်။ မြစ်ပြင်သည် နှစ်မိုင်နီးပါး ကျယ်လေသည်။