Skip to product information
1 of 2

Other Websites

တာရာမင်း‌ဝေ - လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇ၀င်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

( ၁ )

          မျက်စိဖွင့်ဖွင့်ချင်းမှာ မြင်လိုက်မိတာကတော့ ဆူဖြိုးဝအစ်နေ တဲ့ ခရေပင်ကြီးကိုပါပဲ။ တိုက်နေတဲ့ လေစီးတအီအီမှာ ခရေရွက် တွေကလည်း စိမ်းမြလှိုင်းခတ်နေကြတယ်။ နေခြည်မျှင်တွေက ကျွန် တော့်ကိုယ်ပေါ်ကို ဝါကျင်ကျင် လွင့်ဝဲကျလို့။

           “ကောင်လေး နိုးပြီလား”

          ကျွန်တော် လှည့် ကြည့် လိုက်တော့ မနေ့ကလူ ကို တွေ့ရတယ်။ နှစ်ခါ သုံးခါ ထပ်စဉ်းစားလိုက်မှ သူ့နာမည်ကို ပြန်သတိရလာတယ်။

          “ကိုရွှေဆို”

          “အေး ရင်လာ၊ လက်ဖက်ရည်သွားသောက်ကြမယ်”

          “ဒီနားမှာ လက်ဖက်ရည်ဆိုင် ရှိသလား”

          ရွှေစလွယ်၊ ငွေစလွယ်တွေ ချိတ်ထားတဲ့ ဒီဆိတ်ငြိမ်ရပ်ကွက် ထဲမှာ ကျွန်တော်တို့ ထိုင်စရာ လက်ဖက်ရည်ဆိုင် ရှိနေသလား။ ကျွန် တော်ဝေဝါး အံ့ဩနေချိန်မှာ ကိုရွှေဆုံက မလှမပ ရယ်တယ်။

          “မီးဖိုခန်းမှာ သွားသောက်ရမှာကွ၊ ဒီအိမ်မှာ တို့ အလုပ်သမား တွေကို မနက်တိုင်း လက်ဖက်ရည်တိုက်တယ်။ မင်းအတွက်လည်း ထည့်ဖျော်ထားတယ်၊ လာ.. လာ”

          ကျွန်တော်က သူ့နောက်ကို လိုက်ဖို့ ဝါးကြမ်းအိပ်စင်ပေါ်က ဆင်းလိုက်တယ်။ သူက ကျွန်တော့် တစ်ကိုယ်လုံးကို ခြုံရုံ အကဲခတ်

          “မင်းအဝတ်အစားတွေကို သူတို့ လဲပေးလိမ့်မှာပါ” “မလဲပေးလည်း ကိစ္စ မရှိပါဘူးဗျာ၊ ရပါတယ်”

          “ဟေ့... ဟေ့... မရဘူးကွ”

          သူက မျက်ကလူးဆန်ပြောဆိုတဲ့ သဏ္ဌာန်သရုပ်ကို အမူအရာ နဲ့ လုပ်ပြတယ်။

          “ ဒီအိမ်က အင်မတန် မဟာဆန်တဲ့အိမ်ကွ၊ မင်းက ဒီအိမ်မှာ စုတ်စုတ်ပြတ်ပြတ်နဲ့နေရင် အိမ်ကြီးရှင်တွေ သိက္ခာကျလိမ့်မှာပေါ့။

          မင်း အဝတ် အစားတွေက မင်းအတွက် ကိစ္စမရှိပေမယ့် သူတို့အတွက် ကိစ္စ ရှိတယ်”

          “ဪ... အဲဒီလိုလား၊ လဲပေးတော့လည်း ကောင်းတာ ပေါ့ဗျာ”

          ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ပြီး ဘောင်းဘီက ဖုတ်တွေကို ခါ လိုက်တယ်။ သူက ရှေ့က ဦးဆောင်သွားနေရင်း ကျွန်တော့်ကို မေး တယ်။

          “ညက အိပ်ပျော်ရဲ့လား”

           “ပျော်ပါတယ်ဗျာ”

           “လမ်းပေါ်မှာ အိပ်ရတာထက်တော့ အဆင်ပြေမှာပေါ့”

          “အဟင်း...”

          ကျွန်တော် ဘာမှမပြောလိုက်ပါဘူး။ မွေ့ရာပေါ်မှာ အိပ်မှ မဟုတ်ပါဘူး၊ ကျောက်လမ်းပေါ်မှာ အိပ် သူ ကလည်း နတ်သမီးအိပ် မက် မက်ခွင့်ရှိတယ်။ ဒါတွေကို သူ သိပုံမပေါ်လို့ ကျွန်တော်လည်း ဘာမှ ပြန်ပြောမနေတော့ပါဘူး။

          အိမ်၊ ခြံဝင်းနဲ့ ပန်းပင်အခင်းအကျင်းကို လေ့လာရင်း ဒီအိမ် ဂေဟာကြီးရဲ့ ခံ့ညားထည်ဝါမှုကို ကျွန်တော် အသိအမှတ်ပြုလိုက် တယ်။ လှပသေသပ်တဲ့ ဒီအဝန်းအဝိုင်းထဲမှာ ကျွန်တော်ဟာ ဆောင်းဘယ်နှစ်ခုတိုင်အောင် ခိုရမှာလဲ။ ကိုယ်တိုင်တောင် မဝေခွဲနိုင်ခဲ့ ပါဘူး။

          ရှေ့က သွားနေတဲ့ ကိုရွှေဆုံရဲ့ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွား တယ်။ သူ ရည်ရွယ်တဲ့ မီးဖိုခန်းဆိုတာကို ရောက်ဖို့ လိုပါသေးတယ်။ သူက ကျွန်တော့်ကို မရှင်းမလင်းဖြစ်နေတဲ့ မျက်နှာနဲ့ ကြည့်တယ်။

          “ဘာဖြစ်လို့လဲ ကိုရွှေဆို”

          “ငါ မင်းကို မေးမလို့၊ မင်းက သံလွင်နဲ့ ဘယ်လိုလုပ်သိတာလဲ”

          “ဘယ်က သံလွင်လဲ”

          “ဟင်... မင်းက နာမည်ကိုတောင် မသိသေးဘူးလား၊ သံလွင်ဆိုတာ မင်းကို ဒီအိမ်ခေါ်လာတဲ့ ငါတို့ အရှင်သခင် ကောင် မလေးပေါ့၊ နာမည် အပြည့်အစုံက “သံလွင်ရဲရင့်”တဲ့။

          “ဪ...”

          ကျွန်တော် ရင်ထဲမှာ အပြာရောင်တွေ လင်းခနဲ ဝေသွားတယ်။ စကြဝဠာဆီ ပျံတက်ဖို့ ကမ္ဘာပေါ်မှာရှိသမျှ ငှက်တွေ အားလုံး အတောင်ပံ တဖျန်းဖျန်း ခတ်ကြပြီ။ မိုးကောင်းကင်ကြီးသည် သူတို့ ကို ဖဲကြိုးဖြတ်ပေးဖို့ စောင့်နေပြီတဲ့။

( ၂ )

          ဒီအဖြစ်အပျက်တွေ အားလုံးဟာ ပင့်ကူတစ်ကောင်က စ လိုက်တာပါလို့ ကျွန်တော်ပြောရင် တချို့လူတွေက ယုံကြည်ချင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီစကားဟာ အမှန်တရားပါ။ လဆုတ်ရက် တစ်ရက်မှာ ကျွန်တော်တွေ့ခဲ့ဖူးတဲ့ ပင့်ကူတစ်ကောင်က ဒီဖြစ်စဉ်တွေ ကို ထွေးထုတ် အန်ချသွားတာပါ။

          အဲဒီနေ့ ကျောင်းက ပြန်အလာမှာ တငြိမ့်ငြိမ့် တံခါးခိုစီးနေ တဲ့ ပင့်ကူတစ်ကောင်ကို အလိုမတူဘဲ ကျွန်တော် သတ်ပစ်လိုက် ရပါတယ်။ ပင့်ကူက ကျွန်တော့်မျက်နှာပေါ် ဖျတ်ခနဲ ခုန်ချလာလို့ပါ ပဲ။ အဲဒီပင့်ကူ ကြမ်းပြင်ပေါ်ကျပြီး သေနေတဲ့အချိန်မှာ ကျွန်တော်ဟာ မျက်နှာပေါ်က ပင့်ကူမျှင်တွေကို လက်နဲ့သပ်ချနေတယ်။ ပင့်ကူ တစ်ကောင်ရဲ့ အကျည်းတန်မှုကို အစုလိုက်အပြုံလိုက် မြင်တွေ့ရခဲ့ တဲ့ အချိန်ပဲပေါ့လေ။ အကျည်းတန်မှုဆိုတာ လှပတဲ့ ကြောက်စရာကောင်းမှုတစ်ခု ဖြစ်တတ်မှန်းလည်း တွေ့လိုက်ရတယ်။ အဲဒီပင့်ကူ ဟာ ကျွန်တော့်အမြင်မှာ သေပြီးမှ အစွယ်တွေနဲ့ ပြန်ထလာတဲ့ အနက် ရောင် ခရေပန်းတစ်ပွင့်နဲ့ တူနေပါတယ်။

          နောက်ပိုင်း မကြာမီရက်တွေမှာ ကျွန်တော့်ကို မုန်းသွားတဲ့ အဲဒီပင့်ကူဟာ သူ့ခြေ၊ သူ့လက်က ထွက်လာတဲ့ အဖြူရောင် သွေးစီး ကြောင်းတွေနဲ့ ကျွန်တော့်ကို ပစ်ခတ် ဖမ်းဆီးလာပါတော့တယ်။

          သူဟာ ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စာသင်တန်းကို ကြားလယ်က ဖြတ်တက်တဲ့ ကျောင်းသူသစ်ပါ။ ခေတ်မီသွက်လက်ပြီး ငြင်းမရအောင် လှတဲ့ ရုပ်ရည်ကလေး ရှိပါတယ်။ စာသင်ခန်းထဲမှာ လိုတာ ထက် ပိုတဲ့ ဆက်ဆံရေးတွေ သူ ကျွန်တော့်ကို စနစ်တကျ ပေးလာ ပါတယ်။

          ကိုယ့်နံဘေးမှာ ပင့်ကူမျှင်တွေ ကျလာမှ ကျွန်တော်က အလန့်တကြား မော့ကြည့်လိုက်ရတာပါ။ အဲဒီအခါ ကျွန်တော်ဟာ ပင့်ကူအိမ်ထဲ ရောက်နေခဲ့ပါပြီ။ ဒေါင်လိုက် တွယ်သပ်ထားတဲ့ ပင့်ကူအိမ်ထဲကနေ ပတ်ဝန်းကျင်ကို ကြည့်ရသလို မြင်သမျှအရာရာဟာလည်း ပက်လက်မှောက်ခုံ လဲနေပါတော့တယ်။

          လူတွေက သူနဲ့ကျွန်တော့်ကို ချစ်သူတွေကို ထင်လာကြတာ ပါ။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို သူနဲ့ထားပြီး ထွက်ထွက် သွားကြတယ်။ သူ့ သူငယ်ချင်းတွေကလည်း သူနဲ့ကျွန်တော့် အကြောင်းကို ပန်းနဲ့လိပ်ပြာလို ပေါင်းပြီး ပြောကြတယ်။ အသိနောက်ကျသွားခဲ့လို့ သူ့ပင့်ကူအိမ်ထဲမှာ ကျွန်တော်ဟာ လှုပ်လေ ရှုပ်လေ ဖြစ်နေခဲ့ပါတယ်။

          ဒီနေ့ထိတိုင်ပေါ့လေ။ ယောက်ျားတစ်ယောက်ရဲ့ ဆောက် တည်ရမယ့် ကိုယ်ကျင့်တရားကို ကျွန်တော်အထားအသို မမှားခဲ့ပါ ဘူး။ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို ညှာတာစောင့်စည်းလွန်းခဲ့သူမို့ ကျွန်တော်ဟာ ကျင်းတစ်ခုမှာ မြှုပ်နှံခံရသူလို မွန်းကြပ်လာတယ်။ သူ့ကို ကျွန်တော် မချစ်ဘူး၊ ချစ်တယ်လို့လည်း တစ်ခါမှ မပြောဖူးဘူး။ အဲဒီအချိန်အထိ အချစ်ဆိုတဲ့အရာလည်း ကျွန်တော့်မှာ မရှိဘူး။

          သူ့အကြောင်းလည်း ကျွန်တော် သိပ်မသိဘူး။ သူ ပြောပြပေ မယ့် ကျွန်တော်က စိတ်မဝင်စားခဲ့လို့ မေ့သွားပါတယ်။ ဘာကြောင့် သူ ကျွန်တော့်ကို အခုလို ဆက်ဆံနေမှန်းလည်း ကျွန်တော်မသိဘူး။

          လောကမှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော တွယ်တာစရာ ပုဂ္ဂိုလ်ဖြစ်တဲ့ ဖေဖေက တစ်နေ့မှာ ပြောလာပါတယ်။

          “ဒီပစ္စည်းတွေကို မင်းတို့နှစ်ယောက် လက်ထပ်တဲ့အခါ ဖေဖေလက်ဖွဲ့ မလို့ စိတ်ကူးထားတယ်”

          ဘာပစ္စည်းတွေလည်းဆိုတာ စိတ်မဝင်စားပါဘူး။ ကြောင် ဝေးပြီး ဖေဖေ့မျက်နှာကို ကျွန်တော်စိုက်ကြည့်နေမိတယ်။ ဖေဖေ က ကျွန်တော့်ကို ပြုံးပြပါတယ်။ ကျွန်တော့်ခေါင်းကို တစ်ချက် ပုတ်ပြီး...

          “ကောင်မလေးက မဆိုးပါဘူး သားရဲ့၊ ဖေဖေ မင်းတို့ကို သဘောတူပါတယ်၊ ဟိုတစ်နေ့ကတောင် ကောင်မလေးရဲ့ မိဘတွေ နဲ့ ဖေဖေနဲ့စကား အရိပ်အမြွက် ပြောဖြစ်ကြသေးတယ်၊ သူတို့က လည်း မင်းကို သဘောကျပါတယ်”

          ကျွန်တော် မင်သက်မိနေဆဲ ဖေဖေ ထွက်သွားပါတယ်။ ခဏ ကြာတော့ ကျွန်တော်လည်း ထိုင်ရာက ထထွက်လာခဲ့တယ်။ ကိုယ့် အခန်းဆီ ကိုယ်လျှောက်သွားရင်း စိတ်ထဲမှာ ခါးနေတယ်။

          အခန်းထဲရောက်တော့ တံခါးပိတ်လိုက်တယ်။ ပွင့်နေတဲ့ ပြတင်းပေါက်တွေကိုလည်း ပိတ်လိုက်တယ်။ အခန်းထောင့် ချောင် ကလေး အမှောင်ရိပ်မှာ ဒူးနှစ်ချောင်းကို လက်နဲ့ပိုက်၊ ခေါင်းငိုက်စိုက် ချ ကျွန်တော်ထိုင်နေလိုက်တယ်။ အဲဒီမှာ ကျွန်တော် သတိထားမိတာ ကတော့ ကျွန်တော့်ကို ပင့်ကူကြိုးမျှင်တွေက တစ်ရစ်ချင်း တင်းတင်းနှောင်ပတ်လိုက်တယ်ဆိုတာကိုပဲ။

          စိတ်ပျက်လက်ပျက်နဲ့ ဘယ်လောက်ကြာအောင် ကျွန်တော် နေမိတယ် မသိပါဘူး။ အာရုံဟာ တုန်ခါလွင့်မျောသွားတယ်။ မှုန် တလက်လက် အိပ်မက်ဆန်ဆန် နှင်းစက်ရစ်သမ်တွေ ယှက် ဖောက်လို့။

          မိုးကောင်းကင်ဆီက မိန်းမပျိုတစ်ယောက် တစ်လှမ်းချင်း ဆင်းလာနေတာကို ကျွန်တော်မြင်တယ်။ မိန်းမရဲ့ ဆံနွယ်မျှင်တွေဟာ ကဗျာဆန်စွာ လွင့်မျောနေတယ်။ မြင်ကွင်းက ဝိုးတဝါးပါပဲ။ ဒါပေမယ့် ကျွန်တော့်နှလုံးမှာ ကြယ်တွေ ပွင့်ဝေဖြာထွက်သွားတယ်။ ကျွန်တော့်ရင်ခွင်ထဲကို မီးနဲ့ရေနဲ့ရောပြီး ကြဲပက်လိုက်သလို ပူလောင် အေးစက်သွားတယ်။

           တစ်ကိုယ်လုံး တဆတ်ဆတ်တုန်၊ အာရုံတွေ ပေါက်ကွဲထွက်၊ အိပ်မက်တို့ ဆူပွက်ကော့လန်...

" အို... "

          ကျွန်တော့်လက်တွေ ဒူးကိုပိုက်ထားရာက ဆတ်ခနဲ ပြုတ် ထွက်သွားတယ်။ ငံ့ထားတဲ့ ခေါင်းကလည်း မော့တက်သွားတယ်။ နှုတ်ကနေ မပီမသ ရွတ်ဆိုမိတယ်။

          “ချစ်သူ...”

          အသက်ပြင်းပြင်းရှရင်း မျက်လုံးထဲမှာ ဝင်းလာတယ်။ အရာ ရာကို ပြတ်သားကြည်လင်စွာ မြင်လာတယ်။ ကိုယ်ပေါ်မှာ တုပ်နှောင်ခံထားရတဲ့ ပင့်ကူကြိုးမျှင်တွေ အပိုင်းပိုင်းပြတ်သွားခဲ့ရပြီ။ မတ်တတ် ထ,ရပ်ရင်း ကျွန်တော် ထပ်ရေရွတ်မိတယ်။

          “ချစ်သူ...”

          ဟုတ်တယ်။ ကျွန်တော့်မှာ ခုချိန်ထိ ချစ်သူမရှိခဲ့။ ချစ်ရ ကောင်းမှန်းလည်း မသိခဲ့။ အကျပ်အတည်း ရောက်လာတဲ့ဘဝရဲ့ အခြေအနေတစ်ခုမှာ နှလုံးသားက ချစ်သူကို အလိုအလျောက် တမ်း တလာပါပြီ။ ချစ်သူကို တမ်းတညွတ်နူးမိရုံမျှနဲ့ပဲ ချည်နှောင်ခံခဲ့ရတဲ့ ကြိုးတို့ စင်းစင်းပြေကျခဲ့ပါပြီ။

          အမှန်တကယ် ချစ်ရသူတစ်ယောက်နဲ့သာ ဘဝကို ရုန်းကန် ဖောက်ထွက်ရမယ်ဆိုရင် ပိတ်ထားခံရတဲ့ တံခါး အထပ်ထပ်လည်း ဖျပ်ခနဲပွင့်သွားကြမှာပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ငြိမ်းချမ်းကြည်လင် လာတယ်။ | ပိတ်ထားတဲ့ ပြတင်းတံခါးတွေကို ကျွန်တော်ပြန်ဖွင့်လိုက် တယ်။

          အပြင်လေကို စူးစူးရှရှ လိုက်မိတယ်။ ပြီး အခန်းတံခါးကို ပြန်ဖွင့်တယ်။ ဖေဖေ့စားပွဲမှာ စာကလေးတစ်စောင် ရေးထားခဲ့ပြီး