တာရာမင်းဝေ - ယန္တရားအရေခွံ့နဲ့လူ
နိဒါန်း (က)
လှေကားထစ်အတိုင်း တစ်လှမ်းချင်း တက်လာသော ခြေသံကို နားစွင့်ရင်း အခန်းထဲမှာ တငွေ့ငွေ့ တိတ်ဆိတ်လာသည်။ အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေကြသော လူသုံးယောက် ရှိ၏။ ခြေသံက တစစ နီးကပ်လာသောအခါ ယှဉ်တွဲထိုင်နေသူ တစ်ဦးက တစ်ဖက်တွင် ထိုင်နေသော သူတို့၏ အလုပ်ရှင် ပုဂ္ဂိုလ်ကြီးကို ခိုးကြည့်ရင်း သက်ပြင်းဖျော့ဖျော့ကို မသိမသာ ချမိကြသည်။
“ ဖျတ် ... ဖျတ် ... ဖျတ် .. ဖျတ် ”
သူတို့နှစ်ယောက်က ခြေသံကို ဆက်တက်မလာရန် စိတ်ထဲမှ | လှမ်းတားနေမိ၏။ သို့သော် ..... လက်တွေ့တွင် ဖြစ်မလာပါ။ ထို့ကြောင့် ....
“ဖျတ် "
နောက်ဆုံး လှေကားထစ်ကို နင်းအဝယ် ခြေသံရှင်က အခန်းဝသို့ ရောက်လာသည်။ မပွင့်တစ်ပွင့် တံခါးချပ်လေး၏ မှောင်ရိပ်ကွယ်မှာ မပီပြင်သော လူရိပ်တစ်ခုကို မြင်ရ၏။ လူရိပ်က ခေတ္တတုန့်ဆိုင်းနေပြီးနောက် အခန်းထဲသို့ဝင်ရန် ကိုယ်ဟန်ကို တစ်ချက်ပြင်သည်။ ခြေလှမ်းကို အကြွ..
“ မဝင်နဲ့ ”
မာကျောအေးစက်သော ထိုတားမြစ်သံက စားပွဲ တစ်ဖက်ရှိ ပုဂ္ဂိုလ်ကြီး ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးက သူ့ရှေ့မှ မလှုပ်မယှက် ထိုင်နေသူ နှစ်ယောက်ကို သံပြတ်ဖြင့် ထပ်ဆင့်ပြောကြားလိုက်သည်။
“ စာရွက်ထဲမှာ ရေးထားတာတွေ သူ့ကို ဖတ်ပြလိုက် ”
ထို့နောက် တံခါးဝသို့ စူးရှစွာ ကြည့်ပြီး ...
“အဲဒါ သတင်းစာတွေမှာ ပါလာမယ့် ငါ့ ရဲ့ တရားဝင် ကြေညာချက်ပဲ”
သူ့စကားအဆုံးဝယ် စားပွဲရှေ့မှာ ထိုင်နေသူတစ်ယောက်က စာရွက်တစ်ရွက်ကို ဖတ်၏။ သူ့ အသံက ပီပြင်သော်လည်း ခြောက်ကပ်ကပ် ဖြစ်နေလေသည်။
စုံစမ်းမေးမြန်းခြင်း လုံးဝ သည်းခံပါ
ကျွန်တော့၏ သား လင်းဆက် (S-/-OKA 082 ...)
အား သားအဖြစ်မှ စွန့်လွှတ်လိုက်ပါသည်။
အောင်မြင် (WKA - 027..)
စာဖတ်သံအဆုံးမှာ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွား၏။ တံခါးဝ မှာမည်သည့် တုံ့ပြန်သံကိုမှ မကြားရ။ အတန်ကြာမှ ဦးအောင်မြင်၏ ။ စကားသံ ထပ်ပေါ်လာသည်။
“ အခု မင်း လက်လှမ်းမီတဲ့ စားပွဲလေးပေါ်မှာ ငါ့အခန်းကို ရောက်နေတဲ့ မင်းရဲ့ စာအုပ်တစ်အုပ်ရယ်၊ ငါ လက်မှတ်ထိုးထားတဲ့ ချက်လက်မှတ် စာရွက်တစ်ရွက်ရယ်ကို ထားထားတယ်၊ ချက်လက်မှတ်မှာ မင်းလိုချင်တဲ့ ငွေကို မင်းဘာသာရေးပြီး ထုတ်ယူနိုင်တယ်၊ နောက်ပြီး မင်းဆီမှာ အတွဲလိုက်ရှိနေတဲ့ အိမ်ရဲ့ သော့တွေကို စားပွဲပေါ်မှာ ထားသွား၊ ပြီးရင် မင်းခရီးကို မင်းဆက်နိုင်ပြီ၊ ဒါပဲ "
အသက်ရှူသံကပင် လှိုဏ်သံပါနေသယောင် ထင်ရသည်။ ထိုအခိုက်မှာ ပင် တံခါးဝ မှောင်ရိပ်ထဲမှ လက်တစ်ဖက်က စားပွဲပေါ် ရောက်လာသည်။
သော့တွဲ တစ်ခုကို စားပွဲပေါ်သို့ အသံမထွက်အောင် နူးညံ့သိမ်မွေ့စွာ တင်ပေးလိုက်ခြင်း ဖြစ်၏။
ထို့နောက် ချက်လက်မှတ်စာရွက်ကို အခန်းထဲမှ လူများလက်သို့ လက်ဖြင့် ဖြည်းဖြည်းချင်း ပြန်တွန်းပေး၏။ သူ မယူချေ။ စားပွဲပေါ်မှ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ကမ္ဘာကျော် ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး၏ အတ္ထုပ္ပတ္တိစာအုပ်ကိုပဲ ကောက်ယူလိုက်၏။
ထို့နောက် ထိုလက်က တံခါးပြင်ပြန်ရောက်၍ပျောက်ကွယ်သွားသည်။
“ ဖျတ် .... ဖျတ် ... ဖျတ် .... ဖျတ် ”
လှေကားထစ်အတိုင်း မှန်မှန် ပြန်ဆင်းသွားသော ခြေသံကို ကြားရ၏ ။ ခြေသံက တဖြည်းဖြည်း ဝေးသွားပြီး နောက်ဆုံးမှာ လုံးဝ ပျောက်ကွယ် သွားသည်။
ထိုခြေထောက်တို့ ဘယ်ဆီ ဆက်လျှောက်ကြမည်နည်း။
အခန်းလေး၏ ပြတင်းပေါက်မှ တစ်ဆင့် မိုးကောင်းကင်ကြီးဆီ လှမ်းကြည့်မိသောအခါ တိမ်ဖြူတစ်ပွင့် မျောလွင့်သွားတာကို တွေ့ကြရ လေသည်။
နိဒါန်း (၈)
ဤညကို ငါ ဖြတ်ကူးအံ့
အိပ်မက်ဦး၌
ဘီလူးကြမ်းတို့ စောင့်လိုက စောင့်စေ ..။
(လင်းဆက်)
( ၁ )
ပထမအကြိမ် ကြည့်လိုက်မိတုန်းက လမ်းရဲ့ တစ်ဖက် တစ်ချက်မှာ ညီညာနွယ်ယှက်နေတဲ့ အလေ့ကျ သစ်ပင်တွေကိုသာ တွေ့လိုက်မိတယ်။ အဲဒီ သစ်ပင်တို့ရဲ့ လက်တံတွေမှာ မီးလောင်နေတဲ့ ပန်းတစ်ပွင့်စီကို ဆုပ်ကိုင် ထားကြတယ်။
ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြီး ဒုတိယအကြိမ်မြောက် ကိုယ်ပြန်ကြည့်တဲ့အခါကျမှ မီးသီးတပ်ထားတဲ့ ဓာတ်တိုင်တွေပါလားဆိုတာ အမှန်အတိုင်း မြင်ရတော့တယ်။ ကိုယ်ကတော့ သက်ပြင်းကိုချ၊ လက်နဲ့ ယူမထားတဲ့ အရက်ခွက်ကိုမသောက်ဖြစ်ဘဲ စားပွဲပေါ် ပြန်ချလိုက်တယ်။
ကိုယ့်အာရုံထဲက အမြင်မှာတော့ လမ်းကလေးဟာ တသွင်သွင် စီးနေတယ်။ မဆုံးနိုင်သော လမ်းကလေးပေါ့။ ကိုယ် စိန်ခေါ်ပြီး ပြုံးမိချိန်မှာပဲ ခန္ဓာကိုယ်ထဲက သွေးတွေဟာ တဝုန်းဝုန်း ဆူပွက်စ ပြုလာတယ်။ ကိုယ် မကြောက်ပါဘူး။ ရင်ထဲက လမ်းလောက် ဘယ်လမ်းကမှ မရှည်ပါဘူးကွယ်။
လမ်းကလေးဟာ နေရာများစွာကို ဖြတ်သွားလိမ့်မယ်။ လမ်းလျှောက်ကြတဲ့ လူတွေဟာ သူတို့ရဲ့ ဆိုင်ရာနေရာတွေမှာ ရပ် အိမ်ပေါ်တက်လို့ ဒီညကို အိပ်မက် မက်ကြဦးမယ်။ ကိုယ်ကတော့ အိမ်ရာမဲ့သူ ပေါ့။ လမ်းကလေးမဆုံးသရွေ့ ဒီခြေထောက်တွေနဲ့ ရွေ့နေရဦးမယ်။
ကျောက်စရစ်တို့ရဲ့ ကျောပြင်မှာ အိပ်မက်နဲ့ မောင်းတဲ့ ယာဉ်ကလေးလို ကြယ်စင်တွေကိုကြည့်ပြီး ခရီးသွားရဦးမယ်။
ဘာပဲ ဖြစ်ဖြစ်ကွယ်၊ ဗင်းဆင့်ဗန်ဂိုးရဲ့ စကားအတိုင်းပေါ့။ သစ်ပင် မဟုတ်ဘူး။ ဒါပေမဲ့ စိမ်းလန်း ရှင်သန်နေမယ်၊ ပန်းပွင့် မဟုတ်ဘူး၊ ဒါပေမဲ့ ဖူးပွင့်ဝေဆာနေမယ် ရပါတယ်။
ဆိုင်ထဲမှာတော့ ပုလင်းသံ၊ ဖန်ခွက်သံနဲ့ စကားသဲ့သဲ့ ပြောသံတွေ ဆူ ဝေနေတယ်။ တိုင်ကပ်နာရီကြီးက ပျင်းရိပျင်းတွဲ လည်ပတ်ပြီး ကျပ်ခိုးတော် ကလည်း ခပ်ညီညီ၊ နံနေတယ်။ နံရံမှာ ချိတ်ထားတဲ့ နတ်သမီ၊ ပြက္ခဒိန်မှာ ကိုယ့်ရဲ့ နေထွက်ချိန်ကိုတောင် သွားကြည့်ချင်သေးရဲ့။ ဒါပေမဲ့ .. ၊
ကိုယ်နဲ့ တစ်စားပွဲတည်း သောက်နေတဲ့ လူရှေ့ကို ကိုယ့်ပုလင်း တွန်းပေးလိုက်တယ်။
“ ဒါတွေကို အစ်ကိုကြီးပဲ ရှင်းပစ်လိုက်ပါဗျာ ” “ ဟင် ဘာလဲ ” | သူ အံ့သြသွားတယ်။ သူနဲ့ ကိုယ်နဲ့ မသိပါဘူး။ ကိုယ့်ပုလင်းကလည်း တစ်စက်မှ မသောက်ရသေးဘူး။ ကိုယ်က ထိုင်ရာက ထလိုက်ပြီး ဘာမှ မထူးဆန်းသလို သူ့ကို ပြောလိုက်တယ်။
“ ကျွန်တော် သောက်ချင်စိတ် မရှိတော့လို့ပါ”
ဪ .. အင်း "
သူက အားနာတတ်ပုံ ရတယ်။ ကိုယ့်ဆီ စားပွဲထိုးကလေးက ငွေယူဖို့ ရောက်လာတော့ ကပျာကယာ ဝင်ပြောတယ်။
" ထားသွားလိုက်လေ၊ ညီလေးလည်း သောက်တာမဟုတ်ဘဲနဲ့၊ အစ်ကိုပဲ ရှင်းလိုက်ပါ့မယ် ”
ကိုယ်က ခေါင်းခါပြီး ‘ရပါတယ်” လို့ ပြောလိုက်တယ်။ ပိုက်ဆံရှင်းပြီး ဆိုင်ထဲကထွက်တော့ လေပြည်အေးစက်စက်က ရင်ခွင်ကို ဖျန်းခနဲ လာပက်တယ်။
အချိန်ကာလက ညဉ့်တစ်ဝက်ကျိုးစာ ပြုတော့မယ်။ လမ်းပေါ်မှာ လူသွားလူလာ ကြပါးပြီး မီးလုံးတွေရဲ့ ဝါဖန့်ဖန့် အလင်းရောင်ဟာ ကဗျာမဆန်လှဘူး။ အဟင် .. ကိုယ့် ဒိုင်ယာရီထဲမှာတော့ ကိုယ်ပဲ သူရဲကောင်းကြီး ပြန်ဖြစ်ခဲ့သူလေ။ ဂျာကင်အိတ်ထဲ လက်နှစ်ဖက်ထည့်ပြီး ခရီးဆောင်လွယ်အိတ်တစ်လုံးနဲ့ လမ်းလျှောက်နေတယ်။
ဓာတ်တိုင်အောက်မှာ ရပ်လိုက်တယ်။ လမ်းဘေး မြက်တောထဲက ပုဇဉ်းရင်ကွဲတစ်ကောင်က စူးစူးဝါးဝါး ထိုးအော်တယ်။ မိုးပေါ်ကို ကိုယ် မော့ကြည့်နေမိတယ်။ ကြယ်တွေကို ကိုယ်က မြင်ပေမယ့် ကြယ်တွေကတော့ ကိုယ့်ကို မြင်မှာ မဟုတ်ဘူး။ စိတ်တွေဟာလည်း ကတိမ်းကပါး၊ ဆံဖျားမှာလည်း မြူနှင်းတွေ ထိုင်းမှိုင်း စွတ်စိုနေတယ်။ ကိုယ် ဘယ်သွားမလဲ။ စိတ်ဟာ ဝေခွဲရင်းက လွင့်ပျံ့နေတယ်။
တိတ်ဆိတ်တဲ့ညမှာ ကြာမြင့်စွာ ကိုယ် ရပ်နေမိရဲ့ ၊ မြူးကြွေကျသံကို တောင် နားထဲမှာ တဖွားဖွား ကြားနေရတယ်။ အဲဒီလိုနဲ့ မြက်ပင်ရှည်တို့ ညဉ့်၌လေမှာ ယိမ်းခတ်လွန်းထိုးနေကြဆဲ ..
“ ညီလေး ”
ဆိုက်ကားတစ်စီးက ကိုယ့်ရှေ့ရောက်နေပြီး ဆိုက်ကားစီး လာတဲ့သူက ကိုယ့်ကို ခေါ်တယ်။ ဆိုက်ကားသမားကိုလည်း သူကရပ်ခိုင်းနေတယ်။ တစ်ချက်စိုက်ကြည့်ပြီးမှ ကိုယ် မှတ်မိလိုက်တယ်။ အရက်ဆိုင်မှာ ကိုယ်နဲ့ တစ်စားပွဲတည်း ထိုင်ခဲ့တဲ့လူပဲ။
သူက ကိုယ့်ကို ထပ်ခေါ်တယ်။
“ ညီလေး”
“ ဟင် "
“ ဘယ်သွားမှာလဲ၊ ဒီမှာ ဘာလုပ်နေတာလဲ ”
“ဪ ... လမ်းလျှောက်ရင်း ညောင်းလို့ နားနေတာပါ "
“ လာလေ ဆိုက်ကားပေါ်တက်၊ ညီလေး သွားမယ့်ဆီလိုက်ခဲ့ပေါ့ ရပါတယ် ညီလေးရ ”
“ ဟင့်အင်း နေပါစေ၊ ကျွန်တော် လမ်းပဲ ဆက်လျှောက်ပါ့ မယ် "
သူက ကိုယ့်ကို ကြည့်ရင်း ပြုံးတယ်။
“လမ်းလျှောက်ဖို့က အချိန်မရှိတော့ဘူး ညီလေးရဲ့ "
ကိုယ်က ပေကပ်ကပ်နဲ့ ခေါင်းခါပြလိုက်တယ်။
“လမ်းလျှောက်တာပဲ၊ လမ်းနဲ့ခြေထောက်ရှိရင် ပြီးတာပဲ၊ အချိန်ရှိစရာ မလိုပါဘူး"
သူ့အပြုံးက ပိုပြီး ကြည်လင်လာတယ်။ နူးညံ့သိမ်မွေ့တဲ့ လေယူလေသိမ်း တစ်ခုနဲ့ “ဟက်” ခနဲ ရယ်လိုက်ရင်း ..... ။
“ လာပါ ညီလေးရဲ့၊ ဆိုက်ကားပေါ်တက်၊ ကိုယ့်အိမ်မှာ လိုက်တည်လိုက်၊ အစ်ကို ရိပ်မိပါတယ်၊ ဆိုင်ထဲမှာ ကတည်းက မင်းကို အစ်ကို အကဲခတ်နေတာ ” ၊
ကိုယ်က မျက်မှောင်ကြုတ်လိုက်မိသေးတယ်။ ဘာ ရိပ်မိတာလဲ။ ဒါပေမဲ့ မမေးတော့ပါဘူး။ သူ့မျက်နှာက ရိုးသားကြည်လင်တာကို ကိုယ် ခံစားရတယ်။ အဲဒါနဲ့ပဲ ကိုယ် ဆိုက်ကားပေါ်တက်လိုက်တယ်။
ဆိုက်ကားပေါ် စီးမျော လိုက်ပါသွားရင်း “ ညရဲ့ အလင်း” ဆိုတဲ့ ပန်းချီကားတစ်ချပ်ကို စိတ်နဲ့ ဆွဲကြည့်နေလိုက်တယ်။ ကျန်တာတွေ၊ အားလုံးကို ကိုယ် မေ့ထားလိုက်ပြီကွယ်။
( ၂ )
သူက ကိုယ့်ကို အထူးအဆန်းတစ်ခုပမာ ငေးရီ မင်သက်စွာ ကြည့်နေတယ်။ ကိုယ်က မသိချင်ယောင်ဆောင်ပြီး ငြိမ်ငြိမ်ကလေး နေလိုက်တယ်။ အတော်လေးကြာမှ ရှည်လျားတဲ့ သက်ပြင်းတစ်ချက်ကို ချပြီး သူ့လက်ထဲက ကိုယ့်ရဲ့ ပုံဆွဲစက္ကူကို ပြန်ပေးတယ်။ ကိုယ်ကလည်း ဘာမှ အရေးမပါသလို စာအုပ်တွေကြားမှာ ပြန်ညှပ်ထားလိုက်တာပေါ့ ။
“ ပုံရဲ့ နာမည်က Virgin (ဗားဂျင်း) နော် ”
“ ဟုတ်ကဲ့ "
သူက တဆတ်ဆတ် ခေါင်းညိတ်ပြီး ကောင်းတယ်” လို့ ပြောတယ်။
“ ဒီ မိန်းကလေးက အပြင်မှာ တကယ် ရှိသလား ”
ကိုယ်က တုံ့ဆိုင်းဆိုင်း ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်ကဲ့ "
" ဪ "
သူက ကိုယ့်ကို နားလည်သွားသလို တစ်ချက်ကြည့်တယ်။ ဘာမှတော့ ဆက်မမေးတော့ပါဘူး၊ ဖဲထုပ်အဟောင်းတစ်ခုကို ဆွဲယူပြီး ကုလားဖန် ထိုးနေတယ်။
ဒီနေ့မနက်မှာတော့ သူနဲ့ ကိုယ်ဟာ သူ့ရဲ့ ပျဉ်ထောင်အိမ်ပုကလေး ထဲမှာ ရှိနေတယ်။ အိမ်ကလေးဟာ ညစ်ပတ်လို့ ကပိုကရှိ။ ဆေးလိပ်တိုတွေ ပြန့်ပြန့်ကျဲကျဲ။ စာအုပ်တွေလည်း ဟိုလန်သည်လန်၊ ပင့်ကူတွေက ထုပ်တန်းမှာ ကောင်းကင်ဘာ ကစားရင်း လွန်းပြန်တွယ်ကပ်၊ ကြမ်းပြင်မှာလည်း ပြာမှုန့်တွေ ထုတက်နေတယ်။
“ ဖျန်း ... ဖုန်း ”
သူက သူ့ရှေ့ကိုရော၊ ကိုယ့်ရှေ့ကိုရော မှောက်ဖဲ တစ်ချပ်စီ ပစ်ချလိုက်တယ်၊ ပြီးတော့မှ ..
“ မင်းလေး အစ်ကို့ကို အထိုက်အလျောက် ခန့်မှန်းမိရောပေါ့ " “ ဟုတ်ကဲ့ " “ ပြောစမ်းပါဦးကွာ၊ မင်း အစ်ကို့ ကို ဘယ်လိုမြင်သလဲ "
လက်ထဲက ဖဲထုပ်ကို ပုံသဏ္ဍာန်မျိုးစုံနဲ့ ကုလားဖန်ထိုးရင်း ကိုယ့်စကားကို သူ နားစွင့်နေတယ်။ ကိုယ်က ခပ်တိုးတိုးပဲ ပြောလိုက်တယ်။ ပြီး
“ အစ်ကိုကြီးဟာ စာရေးဆရာတစ်ယောက် ဖြစ်မယ်လို့ ထင်တယ် "
သူက ကျေနပ်သလို ပြုံးတယ်။
“ ဘယ်သူဖြစ်မလဲ ”
ကိုယ်က နှုတ်က မဖြေဘဲ စာအုပ်တစ်အုပ်ရဲ့ အနှောင့်ကို လက်ညှိုးထိုးပြလိုက်တယ်။ အဲဒီမှာ ကိုမော်” ဆိုတဲ့ နာမည်ကို ရေးထားတယ်လေ။ သူ့ရဲ့ အပြုံးက ပိုပြီး ပီပြင်သွားတယ်။
“ ဟုတ်တယ်၊ အစ်ကိုက စာရေးဆရာ ကိုမော်ပဲ "
ပြောပြောဆိုဆို သူ့ရှေ့က မှောက်ဖဲကို ဖျန်းခနဲ ဆွဲလှန်လိုက်တယ်။ ကင်း (King).
“ မင်းကို အစ်ကို ခန့်မှန်းမိသလို ပြောမယ် ”
“ ဟုတ်ကဲ့ "
" မင်းဟာ အထက်တန်းလွှာ မိသားစုတစ်ခုထဲက ခွဲလာတဲ့ လူငယ် တစ်ယောက်ဖြစ်တယ်၊ စီးပွားရေးကိုသာ တန်ဖိုးထားတဲ့ အသိုက်ဝန်းထဲမှာ ပန်းချီပညာကို ဖက်တွယ်ရင်း မင်းလွင့်ထွက်လာတာလို့ အစ်ကို ထင်တယ် "
ကြမ်းပြင်ကို ငေးစိုက်ကြည့်နေရင်းက ကိုယ် လေးတိလေးကန် ခေါင်းညိတ်ပြလိုက်တယ်။
“ ဟုတ်ပါတယ် ”