Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

တင်မောင်သန်း - သခင်တွေရဲ့နိုင်ငံ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type
သခင်စိတ်ဓာတ်၊ သခင်အကျင့်
သင့်ဘဝစီစဉ်သူထံမှ

          သမိုင်းတစ်ခေတ်မှာ မြန်မာတွေ ကျွန်ဖြစ်တာ မေ့နေကြတယ် လို့ပြောရင် သင့်ဘဝမဂ္ဂဇင်းကို နိုင်ငံရေးစကားပြောတယ်လို့ ပရိသတ် က ထင်ကြလေမလား စိုးရိမ်မိတာကတော့ အမှန်ပါ။ ဘာကြောင့်လဲ ဆိုတော့ သင့်ဘဝမဂ္ဂဇင်းဆိုတာက စိတ်ဓာတ်ရေးရာမဂ္ဂဇင်း၊ အထက် တန်းကျတဲ့စိတ်ဓာတ်၊ အထက်တန်းကျတဲ့ တွေးမြင်ပုံတွေသာပြောတဲ့ မဂ္ဂဇင်းဖြစ်လို့ တိုင်းရေးပြည်ရာကိစ္စတွေကို ဝင်ပြောဖို့ စိတ်ကူးလည်း မရှိခဲ့၊ စိတ်လည်းမကူးခဲ့တာ ပရိသတ်ကလည်း သိပါတယ်။ သင့်ဘဝ ရဲ့ မူကိုက လူ့တန်ဖိုးများနှင့် နိုင်ငံကြီးသားစိတ်ဓာတ် ထွန်းကားရေး မဟုတ်လား။

          ဒါပေမဲ့ အဲဒီလိုစိတ်ဓာတ်ရေးရာ ဆိုင်ရာကိစ္စတွေဟာလည်း သမိုင်းနဲ့ ဆက်စပ်နေတတ်တယ်ဆိုတာ သင့်ဘဝက သတိထားမိပါ တယ်။ သမိုင်းဆိုတာ လွန်လေပြီးသောကိစ္စ ဆိုပေမဲ့လို့ စီးနေတဲ့ရေ အလျဉ်လို ဘယ်နေရာမှာ ပိုင်းဖြတ်မယ်ဆိုပြီး တိခနဲဖြတ်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပေဘူး။ အတိတ်ဟာ ပစ္စုပ္ပန်ရဲ့ သမိုင်းဖြစ်သလို ပစ္စုပ္ပန်ဆိုတာလည်း အနာဂတ်ရဲ့ သမိုင်းပေပဲကိုး။ ပြီးခဲ့တာဆိုပေမဲ့ မမေ့ကောင်း မမေ့အပ်တဲ့ကိစ္စတွေဆိုတာ လူတစ်ဦးချင်းစီရဲ့ဘဝမှာလည်း ရှိတတ်စမြဲပေပဲ။ ဒါထက်ပိုပြီး နေ့စဉ်နှလုံးသွင်းအပ်တဲ့ ကိစ္စ လေးတွေလည်း ရှိတတ်တာပဲမဟုတ်လား။

          အဲဒီလိုနဲ့ ပလက်ဖောင်းပေါ်လျှောက်တဲ့အခါ၊ဘတ်စ်ကားတွေ ထဲမှာ ကျပ်သိပ်ယိမ်း ထိုးစီးသွားတဲ့အခါ၊ ခွေးခြေပုလေးတွေမှာ ထိုင် ရင်း လက်ဖက်ရည်ဆိုင် မုန်တိုင်းထန်တဲ့အခါ၊ ရုံးပြင်ကနားစားပွဲရှေ့မှာ မတ်တတ်ရပ်နေတဲ့အခါ၊ အလျဉ်းသင့်လို့ စားသောက်ဆိုင်မှာ အမြည်း တစ်ဖတ်ဝါးရင်း တေးသီအပျိုမလေးတစ်ဦးကို ငေးကြည့်မိတဲ့အခါ၊ သမိုင်းတစ်ကွက်ထဲကလင်းလက်တောက်ပခဲ့တဲ့ စိတ်ဓာတ်တစ်ရပ်ဟာ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ပေါ်နေခဲ့တာလည်း နှစ်ချီခဲ့ပါပြီ။

          စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချ ငေါင်နေမိတဲ့အခါ ကိုယ့်ခေါင်းကိုရုတ်တရက် ဆွဲမတ်ထူလိုက်တာခံရပြီး မော့ကြည့်လိုက်တော့ 'ငါ... သမိုင်း”လို့ ရင့်ကျူးသံကို ကြားနေခဲ့ရတာလည်း အကြိမ် ကြိမ်ရှိခဲ့ပါပြီ။

          “ခင်ဗျား ဘယ်သူလဲ”လို့ မေးကြည့်တော့ ပုံတစ်ပုံကိုဆွဲပြတာ မျက်လုံးထဲ ထင်းခနဲပါပဲ။ သျှောင်နောက်တွဲ၊ ပုဆိုးခါးတောင်း ကျိုက်ထားတဲ့ မြန်မာအမျိုးသားကြီးတစ်ဦးက မီးတုတ်ကြီးကို ထမ်း လို့။ “မင်းရဲ့ ခေါင်းကို ထူမတ်လိုက်တဲ့သူပေါ့ ကွာ”တဲ့။ အဲဒါ ငါပဲ။ ငါဆိုတာ လူပုဂ္ဂိုလ်မဟုတ်ဘူး။ ငါဆိုတာ အဲဒီမီးတုတ်ကြီးက မီးတောက်ပဲကွ။ ငါ့နာမည် “သခင်စိတ်ဓာတ်၊ သခင်အကျင့်”တဲ့။

          ဒါနဲ့ အဲဒီ သခင်စိတ်ဓာတ်၊ သခင်အကျင့်ကို သိချင်တာနဲ့ သင့်ဘဝမဂ္ဂဇင်းက စာတွေနောက်၊ လူပုဂ္ဂိုလ်တွေနောက် ခြေရာကောက် လိုက်ပါတယ်။ အဲဒီလို ခြေရာခံရာက တွေ့မိသမျှလေးတွေကို သင့် ဘဝက ပြန်ပြောတာပါပဲ။ နိုင်ငံရေးမဟုတ်သလို သမိုင်းလည်း မဟုတ်ပါဘူးရယ်လို့ ကြိုပြောထားပါရစေ။ သင့်ဘဝရဲ့ မူအတိုင်း စိတ်ဓာတ်ရေးရာ အကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျား။

သခင်ဆိုသည်မှာ

          “သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက်လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်း၏ လူတန်းစေ့ နေရေးထိုင်ရေးတို့ကိုကြံစည်အားထုတ်သူတိုင်း သခင်ဟုခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ရန် လိုသည်”

          ဗမာ့စိတ်ထား

          မှတ်မိပါသေးတော့သည်။ လတစ်ခြမ်းပဲ့ကလေးသည် အနောက်ဘက် ကောင်းကင်ပြင်ဝယ် ရှိနေကာ တောင်ကုန်းကလေးများဆီဝယ် လျှပ်စီးရောင် များ ဝင်းခနဲ ဝင်းခနဲလက်နေသည်။ လယ်ကွင်းပြင်များထက်ဝယ် ဘော်သာခွာ ငွေအဆင်းကဲ့သို့ ဖြူဖွေးသောနှင်းမှုန်များက အံ့မှိုင်းလျက်ရှိနေသည်။

          ကျွန်ုပ်တို့နှင့် (ကျွန်ုပ်တို့ဆိုသည်မှာ အင်္ဂလိပ်အရာရှိ စာရေးသူ (HFielding Hallဖြစ်သည်။) ရှေ့တည့်တည့်တွင် ချောင်းငယ်တစ်ခုရှိလျက် ဟိုမှာဘက်ကမ်း တွင်မူ တောင်တန်းကြီးတစ်ခုက ရေနှင့်နီးကပ်စွာ တည်ရှိနေသည်။ ထိုတောင်တန်း ကြီးအနီးတွင် သစ်တောများရှိပြီး တောင်ထိပ်အနီးတစ်ဝိုက်တွင် ကောင်းကင်ပြင်နှင့် ဟပ်၍ ငွေဖြူရောင် တောက်နေလေသည်။

          ထိုနေရာမှာ ကျွန်ုပ်တို့နေရာနှင့် ဝေးကွာ၍ မြန်မာတို့၏ မီးကျိုးမောင်းပျက် သေနတ်တို့ဖြင့် ပစ်ခတ်သော်လည်း မရောက်ရှိနိုင်ချေ။ ကျွန်ုပ်တို့ စခန်းတစ်ဖက် တစ်ချက်တွင် လယ်ကွင်းပြင်များရှိပြီး ထိုလယ်ကွင်းပြင်ကျယ်ကြီး အဆုံးတွင် သစ်တောကြီးများက ညိုညိုမှိုင်းမှိုင်း မြင်နေရလေသည်။

          ကျွန်ုပ်တို့သည် ကောလင်းမြို့စား၏သား (ကျွန်ုပ်တို့ လာခါးရွာသွားစဉ်က လမ်းပြ) နှင့် နောင်ရေးကိစ္စများကို ပြောဆိုတိုင်ပင်နေသည်။ စကားထဲတွင် လာခါးရွာတွင် ရောက်ရှိနေသော ဝန်းသိုမင်းသား (စော်ဘွား) ၏ လှုပ်ရှားပုံများ လည်း ပါဝင်သည်။ ကျွန်ုပ်က ဝန်းသိုစော်ဘွား၏ နောက်လိုက်များက သူ့ (ကောလင်းမြို့စား၏ သား) အား အလွန်မုန်းတီး၍ ဆဲဆိုခဲ့ကြပုံကို ပြန်ပြောပြ နေရာ သူကလည်း ထိုအတိုင်း အမုန်းခံနေရကြောင်း ဝန်ခံလေသည်။

          ကျွန်ုပ်မိတ်ဆွေကလွဲရင် အားလုံးက ကျွန်ုပ်ကို မုန်းကြတာပဲ။ ကျွန်ုပ် ဘာတွေ လုပ်ခဲ့လို့လဲ။ ကျွန်ုပ်က ကျွန်ုပ်အဖေ သူ့ရာထူးသူ ပြန်ရအောင် ကူညီခဲ့တာပဲ။ ကျွန်ုပ်တို့ကို သူတို့ကစပြီး တိုက်တယ်ဆိုတဲ့အကြောင်းတော့ သူတို့မေ့ကုန်ပြီလေဟု သူက ပြောလေသည်။ သူက ဆက်၍ ခင်ဗျားတို့နှင့် ပေါင်းမိတာကြောင့် အသတ်ခံ ရမှာပဲ။ တစ်နေ့တစ်ချိန်တော့ ကျုပ်ကို သူတို့က သတ်တော့မှာပဲဟု ဆိုလေသည်။

          ကျွန်ုပ်တို့သည် ဤသို့ဖြင့် အချိန်ကြာမြင့်စွာ စကားပြောကြသည်။ လဆုတ်ရက်ဖြစ်၍ အနီးရှိမီးဖိုမှ မီးရောင်ဖြင့် ဤသို့ စကားပြော၍ အားရသောအခါ ကျွန်ုပ်တို့သည် အိပ်ရာသို့ဝင်တော့မည်အပြုတွင် ချောင်းတစ်ဖက်ကမ်းမှ ကျွန်ုပ် တို့ဘက်ဆီသို့ လှမ်းအော်သံ ကြားရသည်။ ထိုအသံမှာ

          “ကောင်းကောင်း အိပ်ထားလိုက်ဦးကွယ့်နော်။ ကောင်းကောင်းအိပ်လိုက် ကောင်း... ကောင်း... အိပ်... အိပ်.. ထား... လိုက်..”

          ကျွန်ုပ်တို့ အားလုံး အံ့ဩစွာဖြင့် မတ်တတ်ရပ်လိုက်ကြသည်။ မြန်မာလို နားမလည်သူတို့မှာ ဘာပြောရမှန်းမသိ၍ ထိုစကားအဓိပ္ပာယ်ကို သိရ၍ ပိုမိုအံ့သြ ကြသည်။ စန္ဒရီအစောင့်တို့က အကင်းပါးစွာဖြင့် ခေါင်းပြူကာ နားစွင့်လျက် ရှိနေလေသည်။ နောက်တစ်ခါ အော်ပြန်သည်။ ။ “ကောင်းကောင်းအိပ်ထားလိုက်၊ ထမင်းကောင်းကောင်းစားထားလိုက်ဦး ကွယ့်နော်... သိပ်မကြာတော့ဘူး...”

          ခဏကြာသောအခါ ကောလင်းမြို့စား၏သားအမည်ကို ခေါ်၍ သစ္စာဖောက်၊ သစ္စာဖောက်”ဟု သံကုန်ဟစ်၍ တောင်ကုန်းတစ်ဝိုက်တွင် ပဲ့တင်သံများ ထပ်သွား သည်။ ထိုအော်ဟစ်သော မြန်မာလည်း အဝေးသို့ ထွက်ခွာသွားတော့သည်။

“ဗမာ့စိတ်ထား"

မိုးနတ်သျှင်(မြန်မာပြန်)

 The Soul of A People by H Fielding Hallo

သမိုင်းနောက်ခံအကျဉ်း

           ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှာ သီပေါမင်းကို အလွယ်တကူ ဖမ်းဆီးခေါ် ဆောင်သွားခဲ့တဲ့နောက် မြန်မာတစ်ပြည်လုံး ကျွန်ဖြစ်ခဲ့ကြရတော့တာပါပဲ။

          အဲဒီနောက် ခဏတစ်ဖြုတ် ငြိမ်သက်နေကြပြီး မြန်မာပြည် အနှံ့အပြားမှာ အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင်ရေး ထကြွလှုပ်ရှားမှုတွေ ဖြစ်ကြပါတယ်။ အဲဒီအထဲမှာ ဝန်းသိုစော်ဘွား လည်း အပါအဝင်ပါ။ ဝန်းသိုစော်ဘွားက ကောလင်းမြို့စားကို ဖြုတ်ချခဲ့ဖူးတာမို့ အဲဒီ ကောလင်းမြို့စားရဲ့ သားက မာစတာအသစ် အင်္ဂလိပ်နဲ့ပေါင်းပါတယ်။ သူ့အဆိုအရ သူ့အဖေကို မြို့စားပြန်ဖြစ်အောင် လုပ်တာပါတဲ့။

          ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်ပုံပြင်လေးက အဲဒီကတည်းက စခဲ့တာပါပဲ။ အင်္ဂလိပ်အုပ်ချုပ်သူတွေက သူတို့ထက်နိမ့်ကျတဲ့သူတွေလိုကြည့်၊ ကိုယ့်ကိုယ်ကိုယ်ကျ