Skip to product information
1 of 3

Other Websites

တင်မောင်မြင့် - မမရေချယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဒက်ဖနီ၊ ဒူမောရီးယား(Daphne du Maurier)

          ဒက်ဖနီ၊ ဒူမောရီးယားသည် အင်္ဂလန်နိုင်ငံ စာပေနှင့် ယဉ်ကျေးမှု အထက် တန်းလွှာ အသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ အဘိုးဖြစ်သူက နိုင်ငံကျော်စာရေးဆရာကြီးဖြစ်ပြီး ဖခင် ဗိုလ်ချုပ်ကြီး ဒူမောရီးယားမှာ သူ့ခေတ်နှင့်သူ တွင်ကျယ်ခဲ့သည့် စစ်သားကြီးတစ်ဦးဖြစ်၏။

          မစ္စဒူမောရီးယားသည် အသက် နှစ်ဆယ်အရွယ်တွင် The Loving Spirit ဟူသည့် ပထမဦးဆုံးဝတ္ထုကို ၁၉၃၁ ခုနှစ်၌ ထုတ်ဝေခဲ့သည်။

          နောက်ထပ် ဝတ္ထုရှည် ၁၁ ပုဒ် ထွက်သည်။ ကမ္ဘာကျော်ဖြစ်သွားသည့် နှစ်အုပ်မှာ My Cousin Rachel နှင့် Rebeccaတို့ ဖြစ်သည်။ Rebecca ကို ဆရာအထောက်တော်လှအောင်က 'ရဘက်ကာ” အမည်ဖြင့် ဘာသာပြန်ခဲ့ပြီး My Cousin Rachel ကို ဆရာတင့်တယ်က မှီငြမ်းပြီး 'မမထား” အဖြစ် ဖန်ဆင်းခဲ့သည်။

          သည်ဝတ္ထုနှစ်ပုဒ်စလုံးတွင် ဇာတ်အိမ်တည်သည့် အိမ်ကြီးများမှာ သူကိုယ်တိုင်နေသည့် ကွန်းဝေါလ်နယ်မှ Menabilly စံအိမ်ကြီးဖြစ်သည်။

          My Cousin Rachel of :39: Richard Burton sê:38: Olivia Haviland တို့နှင့် ရုပ်ရှင်ရိုက်ကူးရာ ကမ္ဘာကျော်ကားတစ်ကား ဖြစ်သွားသည်။

          နန်းဆန်ဆန်လှသည့် ရွှေရောင်ဆံပင်များပိုင်ရှင် စာရေးဆရာမသည် ပိတ်ကြမ်းစများကို ဝတ်လေ့ရှိပြီး အိမ့်အပြင်တွင် ပျော်မွေ့တတ်သူဖြစ်သည်။ အဲလိဇဘက်ဘုရင်မကြီး၏ အိမ်တော်အရာရှိ ဒုတိယဗိုလ်မှူးကြီး ဆာ၊ ဖရက် ဒရစ်ဘရောင်းနှင့်လက်ထပ်ပြီး သားသမီးသုံးယောက် ထွန်းကားခဲ့သည်။

          ခင်ပွန်းသည် အလုပ်တာဝန်ဖြင့် အိမ်တွင်မရှိသည့်အချိန်တိုင်း စာရေး ဆရာမသည် လှပသည့် Menabilly သစ်တောထဲမှ အိမ်ကလေးတစ်လုံးတွင် နေ့စဉ် အချိန်မှန်မှန် စာရေးလေ့ရှိသည်။

အခန်း (၁)

          ဟိုးအရင် ကျွန်တော်တို့ငယ်ငယ်တုန်းက လူတွေကို လမ်းလေးခွဆုံတွင် ကြိုးပေးသတ်သည်။ သည်ဘက်ခေတ်မှာတော့ သည်လိုမလုပ်ကြတော့ပါ။ သည်အလှေပျောက်သွားပြီ။ တရားခံတစ်ယောက်သည် တရားရုံးတွင် စစ်ဆေးခံရပြီး၊ ပြစ်မှုထင်ရှားလျှင် 'ဘော့ဒ်မင်”မြို့၏ကြိုးစင်တွင် မသေမချင်း လည်ပင်းကို ကြိုးကွင်းစွပ်၍ သတ်စေသည်။ မထင်မရှား သုသာန်တစ်ခုတွင် ဖြစ်ချင်ဖြစ်မည်။ ထုံးတမ်းစဉ်လာနှင့်အညီတော့ သင်္ဂြိုဟ်ပေးကြသည်။

          ကျွန်တော့်ကလေးဘဝကို ပြန်လည်မြင်ယောင်ကြည့်မိသည်။ ချာတိတ်ကလေးတစ်ယောက်သည် လမ်းလေးခွဆုံတွင် ကြိုးတန်းလန်းနှင့် တွဲလောင်းကျနေသည့် ခပ်ညှက်ညှက်လူတစ်ယောက်ကိုကြည့်နေသည်။ ထိုလူ၏ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးအကြား၊ ကြိုးစင်တွင် တွဲလောင်းကျနေ၏။

          ကျွန်တော့်အစ်ကို အင်းဘရော့စ်”က သည်မြင်ကွင်းကို ငရဲနှင့် နိဗ္ဗာန် အကြားမှာ ဟိုမရောက်သည်မရောက်ဖြစ်နေတာဟု ရှင်းပြသည်။ ကျွန်တော် မျက်စိထဲတွင်တော့ စာခြောက်ရုပ်တစ်ခုနှင့် တူနေသည်ထင်၏။ ဤစဉ်ကကျွန်တော် ခုနှစ်နှစ်သားပဲရှိသေးသည်။ အစ်ကိုလုပ်သူက သည်ထိတ်လန့်စရာ မြင်ကွင်းကို ကျွန်တော့်အားခေါ်ပြီး သတ္တိစမ်းခြင်း ဖြစ်နိုင်ပါသည်။

          အစ်ကိုလုပ်သူ အင်းဘရော့စ်မှာ အစ်ကိုဝမ်းကွဲဖြစ်သော်လည်း ကျွန်တော်ကို မိဘသဖွယ်အုပ်ထိန်းသူဖြစ်၏။ ညီအစ်ကိုအရင်းတစ်ယောက်လို ချစ်သူဖြစ်၏။ ကျွန်တော်ကလည်း သူ့အပေါ် အလားတူပင်။ စင်စစ် အစ်ကို သည် ကျွန်တော့်ကမ္ဘာ ဖြစ်ပါသည်။ ကျွန်တော်၏ အားထားရာဖြစ်ပါသည်။ အစ်ကိုက ကျွန်တော့်ကို အဖေလိုအုပ်ချုပ်ပြီး ကျွန်တော့်အရည်အသွေးကို အမြဲတမ်း စမ်းသပ်နေတတ်သည်။ အမြဲတမ်း လမ်းညွှန်သွန်သင်နေတတ်သည်။

          “ဒီမယ် ညီလေး ဖီးလစ်၊ လောကကြီးဟာ နောက်ဆုံးတော့ ဒါပဲကွ။ လူတွေအားလုံး တစ်မျိုးမျိုးနဲ့ သေကြရတာချည်းပဲ။ တချို့ စစ်ပွဲမှာ သေကြတယ်။ တချို့ အိပ်ရာထဲမှာ သေကြတယ်။ တချို့ ပန်းတိုင်ရောက်မှ သေကြတယ်။ တချို့ လမ်းခုလတ်မှာတင် ဘဝဇာတ်သိမ်းသွားကြတယ်။

          “ဒါတွေသိဖို့ ညီလေး ငယ်လွန်းပါသေးတယ်လေ။ တစ်ခုတော့ မှတ်ထားပေါ့ကွာ၊ လူဆိုတာ သေမျိုးတွေချည်းပဲ။ တစ်နေရာမှာ တစ်မျိုးမျိုးနဲ့သေကြရတာချည်းပဲ။ ဒါပေမဲ့ ရာဇဝတ်ဘေးနဲ့သေရရင်တော့ မင်းမြင်တဲ့ အတိုင်းပဲ။ အဲဒီနည်းနဲ့ သေကြရမှာချည်းပဲ။ ဒါဟာ မင်းတို့ ငါတို့အတွက် ဘဝလမ်းကြောင်းကို ရိုးရိုးဖြောင့်ဖြောင့် လျှောက်လှမ်းဖို့ သင်ခန်းစာပဲ ညီလေး”

          လေထဲတွင်လှုပ်ရှားနေသည့်အလောင်းကို ကျွန်တော်တို့ညီအစ်ကို နှစ်ယောက် ကြည့်နေကြသည်။ အစ်ကိုက ဆက်ရှင်းပြသည်။ အဘိုးကြီး ဆယ်လီ၏ အလောင်းကိုကြည့်ပြီး မှတ်ချက်ချသည်။

          “တဒင်္ဂ စိတ်လှုပ်ရှားမှုကလေးကို မထိန်းနိုင်လို့ ရာဇဝတ်မှု ကျူးလွန် ခဲ့တာလေ”တဲ့။

          ပြီးတော့ အလောင်းတစ်လောင်းကို ညွှန်ပြပြီး ဆက်ပြောသည်။

          “သူက တွမ်ဂျွန်ကင်း တဲ့။ သူက မူးတာကလွဲပြီး လူအေးတစ်ယောက် ပါကွာ။ ရိုးရိုးသားသား ထုံထုံထိုင်းထိုင်းအစားထဲကပါ။ အဲ မိန်းမက ဆိုးတယ်။ ဒါပေမဲ့ သတ်ပစ်ရလောက်အောင်တော့ မဟုတ်ပါဘူး။ နားပူနားဆာလုပ်တဲ့ မိန်းမတွေကို သတ်ရမယ်ဆိုရင် ယောက်ျားအားလုံး လူသတ်သမားတွေ ဖြစ်ကုန်မှာပေါ့”

          အင်း ဒါတွေကို ကျွန်တော် ပြန်မစဉ်းစားမိတာ ကြာပါပြီ။ ဆယ့်ရှစ် နှစ်တောင် ကြာခဲ့ပြီပဲ။ ခုရက်ပိုင်းတွင်မှ ကျွန်တော့်ခေါင်းထဲ ပြန်ပေါ်လာသည့် မြင်ကွင်းများ ဖြစ်ပါသည်။ ထူးတော့ ထူးဆန်းသည်။ စိတ်အာရုံမှာ အပြင်း အထန် လှုပ်ရှားလာတာတွေကြောင့် ငယ်ဘဝပုံရိပ်များ ရုတ်ခြည်း ပြန်ပေါ် ထင်ဟပ်လာတာများလား။

          ဘယ်လိုကြောင့် တွမ်အကြောင်း ကျွန်တော် စဉ်းစားနေမိသည်မသိ။ သူ တွဲလောင်းကျနေသည့်ပုံစံကြီးကို ကျွန်တော် ပြန်မြင်နေမိသည်။ သူ့ဇာတ်လမ်းကို ကျွန်တော် မေ့နေပါပြီ။ ခုအချိန်လောက်ဆို သတိရမည့်သူ မရှိသလောက် ဖြစ်နေပါပြီး သေလွန်ပြီးနောက်ပိုင်းတွင် ဘဝတစ်ခုရှိသည် ဆိုလျှင်တော့ တွမ်ကို ကျွန်တော် ရှာပြီး မေးချင်သည်။ သူနှင့် ကျွန်တော် အတူတူ အိပ်မက် မက်လို့ရမလားလို့လေ။ နောက်ဘဝတစ်ခုကို မကူးမီမှာ အပြစ်ငယ်များကို ဆေးကြောသုတ်သင်လို့ ရ မရ ဆိုသည့် အိပ်မက်မျိုးတွေလေ။

          လောလောဆယ်တွင်တော့ ကြိတ်မှိတ်သည်းခံပြီး ဘဝကို ဆက်နေ ရဦးမည်ပင်။ သို့သော် ကျွန်တော်ကြုံနေရသည့် ပြဿနာမျိုးထဲတွင် မည်သို့ ဆက်နေရမည်လဲ။ နေ့စဉ် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရင်း အချိန်တွေ ကုန်လွန်သွားစေဖို့ကတော့ မခက်ပါ။ အစ်ကို့လိုပင် အေးအေးဆေးဆေးနေပြီး၊ သစ်တောနှင့် ပိုင်စားမြေတွေပေါ်တွင် ဆက်လက် စီမံခန့်ခွဲရုံပင်။ ပြီးတော့ ပါလီမန်တွင် အမတ်တစ်နေရာယူပြီး မင်းစိုးရာဇာပိုင်းကို ဝင်ရုံပင်။

          ကျွန်တော့် ဘိုးအေများလိုပင် လူရိုသေ ရှင်ရိုသေ ဘဝကို ဆက်လက် လျှောက်လှမ်းသွားဖို့သာ ရှိပါသည်။ ပိုင်စားတွေပေါ်မှ သစ်တောတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနှင့် အလုပ်သမားများ၏ သာရေးနာရေး ကိစ္စတွေအားလုံး ကျွန်တော့်တာဝန်လုံးလုံးဖြစ်လာပြီပေါ့။ သို့သော် ကျွန်တော့် ပခုံးပေါ်တွင် မရှူနိုင်မကယ်နိုင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ရောက်နေကြောင်း ကိုကား ဘယ်သူမှ မရိပ်မိကြပေ။ ဘယ်သူမှလည်း ဖြေရှင်းပေးနိုင်ကြလိမ့်မည် မဟုတ်။ ကျွန်တော့်ကိုယ်ကျွန်တော် နေ့တိုင်း ပြန်မေးနေသည်။ ကျွန်တော် ကိုယ်တိုင် မဖြေရှင်းနိုင်သော မေးခွန်းကိုလည်း ဘယ်သူမျှ သိနိုင်ကြမည် မဟုတ်။ မမရေချယ်သည် ပြစ်မှုကျူးလွန်ထားသည့် ရာဇဝတ်သမလား။ ပြစ်မျိုးမှဲ့မထင် နတ်ရုပ်သွင်လား။

          ဘယ်လောက် နန်းဆန်သည့် အမည်ပါလဲ။ ရေချယ်တဲ့။ ကျွန်တော် တိုးတိုးကလေး ခေါ်ကြည့်သည်။ ချိုမြိန်သိမ်မွေ့လှပါ၏။ လျှာပေါ်တွင် အရသာတစ်မျိုးမျိုးရောက်လာသလို ခံစားရ၏။ ဘယ်လို အရသာမျိုးပါလိမ့်။ တဖြည်းဖြည်း စူးရှခါးသက်လာမည့် အဆိပ်၏ အရသာမျိုးများလား။ ထိုအရသာသည် လျှာပေါ်မှတစ်ဆင့် တင်းတင်းစေ့သော နှုတ်ခမ်းပေါ်သို့ ရောက်သွား၏။ နှုတ်ခမ်းများဆီမှ နှလုံးသားဆီသို့ ပြန်ဝင်သွားသည်။ သည် ဝေဒနာမှ ကျွန်တော် ရုန်းထွက်နိုင်ပါတော့မည်လား။ ရုန်းထွက်နိုင်သည် ဆိုလျှင် အသက် လေးဆယ်ရွယ်ရောက်မှလား၊ ငါးဆယ်တွင်း ဝင်မလား။

          ကျွန်တော့်တွင် အမြတ်တနိုး စောင့်ရှောက်ရမည့် မဟာသုခရိပ်မြိုင်" အိမ်ကြီးက ရှိသေးသည်။ အစ်ကိုက မမှာခဲ့ပေမဲ့ သူ သည်အတိုင်း ကျွန်တော့်ကို လုပ်ဆောင်စေချင်မှာ သေချာပါသည်။ သည် စံအိမ်ကြီးကို အလှမယွင်းအောင် ထိန်းသိမ်းပြင်ဆင်ဖို့ ကျွန်တော် လုပ်နိုင်ပါသည်။ ကျွန်တော် မရှိတော့လျှင်လည်း သည် မဟာသုခရိပ်မြိုင်၏အလှအပအမွေတွေ ကျန်ရစ်စေချင်ပါသည်။ ကျန်ရစ်အောင် ကျွန်တော် လုပ်ရပါမည်။ သို့သော်တစ်ကိုယ်တော် အထီးကျန်ဘဝသည် ရိုးရိုးလူတစ်ယောက်ကို လူထူးလူဆန်း တစ်ယောက်ဖြစ်သွားစေပြီး မကြာခင်အတွင်း ရှုပ်ရှုပ်ထွေးထွေး၊ တိမ်းတိမ်း ပွေပွေ ဖြစ်သွားစေတတ်ပါသည်။ တစ်ဖန် ထိုမှတစ်ဆင့် သူသည် စိတ်ကူးယဉ် သမားတစ်ယောက် ဖြစ်သွားတတ်၏။ သူ၏နောက်တစ်ဆင့်ကတော့ ရူးသွပ် ခြင်းမှတစ်ပါး အခြားမရှိပြီ။ တောင်တွေးမြောက်တွေးနှင့် တွမ်ဂျွန်ကင်းကို သတိရလာပြန်၏။ သူလည်း သည်လိုလူစား ဖြစ်နေမလား မသိ။

           လွန်ခဲ့သည့် ဆယ့်ရှစ်နှစ်က ပုံရိပ်များ အာရုံတွင် ပြန်လည်ထင်ရှား လာပြန်၏။ ကြိုးစင်နားမှ အစ်ကို ပြန်လှည့်ထွက်လာသည်။ ကျွန်တော်က အိပ်မက်ထဲတွင် လျှောက်သည့် ခြေလှမ်းများဖြင့် သူ့နောက်မှ လိုက်လာခဲ့၏။ သည်တုန်းက သူဝတ်ထားသည့်အင်္ကျီမှာ ကျွန်တော် ခုဝတ်ထားသည့် အမဲလိုက်ဂျာကင်မျိုးဟု ထင်သည်။ တံတောင်ဆစ်တွင် သားရေ ကပ်ချုပ် ထားသည့်အင်္ကျီမျိုး။ .

           ကျွန်တော်သည် တစ်နေ့တခြား သူနှင့် တူတူလာသည်။ ကျွန်တော့် ကိုယ်တွင် သူ့ဝိညာဉ် ပူးကပ်နေလေပြီတကား။ ကျွန်တော့် မျက်လုံးများက သူ့မျက်လုံးများနှင့် တစ်ထေရာတည်း၊ ကိုယ်လုံးကိုယ်ပေါက်လည်း အလားတူ။ တဖြည်းဖြည်း ကျွန်တော် သံသယဖြစ်လာသည်။ သူ မသေခင် ကျွန်တော် ချက်ချင်းလိုက်မသွားနိုင်သည့် အီတလီမည်သော တိုင်းပြည် အစုတ်ပလုတ်တွင် သံသယတွေ၊ ထိတ်လန့်စရာတွေကြောင့် သူ ဘဝကူး သည့်အခါ ဝိညာဉ်က ကျွန်တော့်ဆီရောက်လာပြီး ပူးကပ်နေခြင်းများလား။ သူ့ဝေဒနာမျိုး ကျွန်တော် ခံစားရပြီး၊ သူ့အမှားမျိုး ကျွန်တော် ကျူးလွန်မိဦး မှာလား။ ကျွန်တော့် သံသယသည် အလွန်ဖြစ်နိုင်သော သံသယဖြစ်၏။

           မည်သို့ရှိစေ ကျွန်တော့်အစ်ကိုနှင့် ကျွန်တော် တူနေခြင်းအတွက် တော့ ကျွန်တော် ဂုဏ်ယူသည်။ ဤသည်ကပင် ကျွန်တော် ပျက်စီးရာ ပျက်စီးကြောင်းများ ဖြစ်နေမည်လားမသိ။

           ကျွန်တော်သည် မူလကကျွန်တော် ဟုတ်သေးရဲ့လား မသိ။ ထက်မြက်သော၊ စကားနည်းသော၊ လုပ်ငန်းကျွမ်းကျင်သော ကျွန်တော် ဘယ်ရောက်သွားပြီလဲ။ လွန်ခဲ့သည့် တစ်နှစ်သည် ဘာမျှအဓိပ္ပာယ်မရှိသည့် ဆယ့်နှစ်လအဖြစ် အဟောသိကံ ကုန်ဆုံးခဲ့ရသည်။

           ကျွန်တော်က သည်လိုလူစားမျိုးမှမဟုတ်ပဲ။ ကျွန်တော့်အစ်ကိုလည်း ကျွန်တော့်လိုပဲလေ။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်က ဧရာမစီမံကိန်း ကြီးတွေနှင့် ရည်ရွယ်ချက် ကြီးမားသူများ ဖြစ်ပါသည်။ အကောင်အထည် မဖော်နိုင်တာကတော့ တစ်ပိုင်းပေါ့ လေ။ ညီအစ်ကိုနှစ်ယောက်စလုံး စိတ်ကူးယဉ် အိပ်မက်တွေ မက်တတ်ကြသူများဖြစ်၏။ အိပ်မက်ကမ္ဘာတွင် လမ်းလျှောက်တတ်ကြသူများဖြစ်၏။

           ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် အချစ်ငတ်သူများလည်း ဖြစ်၏။ သို့သော် နှစ်ယောက်စလုံး အရှက်အကြောက်ကြီး၍ မျိုသိပ်စိတ်၏ လွှမ်းမိုးမှုကို ခံကြရသည်။ ဤသို့ဖြင့် နှလုံးသားကို ထိပါးလာသည့်တိုင် ကြိတ်မှိတ်ခံတတ်သူများ ဖြစ်လာကြ၏ ။ ကျွန်တော်တို့နေရာတွင် အခြား နှစ်ယောက်ဆိုလျှင် ပြဿနာအရပ်ရပ်ကို ကျော်ဖြတ်နိုင်ကြလိမ့်မည် ထင်၏။

           ရေချယ်ရောက်လာလို့လည်း ဘာမှ ထူးထူးခြားခြား ဖြစ်လာမည် မဟုတ်ပေ။ တစ်ရက် နှစ်ရက် နေပြီး ပြန်သွားလိမ့်မည်။ ပြောစရာ ဆိုစရာ သိပ်များများရှိမည်မဟုတ်။ စားပွဲဝိုင်းတွင် ရှေ့နေတွေနှင့် ဝိုင်းဖွဲ့ကာ ဥပဒေ စကားတွေ ပြောကြလိမ့်မည်။ သူ့ရပိုင်ခွင့်များကို ကျွန်တော်က တစ်ချက်လောက် ဝေ့ကြည့်ပြီး လက်မှတ်ထိုးပေးလိုက်ရုံပင်။ ဒါပြီးလျှင် ပြီးပြီ။ သူနှင့် နောက် ပတ်သက်စရာအကြောင်းမရှိတော့။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)