Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

တင့်တယ် - ဘကြီးမွှန်းပြောသောပုံပြင်များ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ဘကြီးမွန်းပြောသော ပုံပြင်များ

          “ဒါက ကျွန်တော်တို့ရုံးက စာရေးကြီး ကိုထင်ပေါ်ပါတဲ့ ဘကြီးမွန်း ရဲ့၊ သူနေဖို့ အိမ်ခန်းလိုချင်တယ်ဆိုလို့ ဒီတန်းလျားက အခန်းကို လာပြီးတော့ ပြရတာဗျ”

          မောင်စိုးတင်က ကျွန်တော်၏ အမည်နှင့် အလုပ်အကိုင်ကို မိတ်ဆက် ပေးသောအားဖြင့် ဘကြီးမွှန်းကို ပြောပြလိုက်ပါသည်။ ဘကြီးမွန်းက ကျွန်တော့်ကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် “ဪ ... ဟုတ်လား၊ ကျုပ်နဲ့ အဖော်ရသွားတာပေါ့လေ၊ တန်းလျားက အခန်းသုံးခန်း ရှိပေမယ့် နှစ်ခန်းက အားနေတာကိုး၊ ဘယ်အခန်းကို ယူမယ်လို့ စိတ်ကူး သလဲ” ဟု ကူညီလိုသော လေသံမျိုးဖြင့် မေးလိုက်ပါသည်။

          “ကျွန်တော်ကတော့ အလယ်ခန်းကို ယူမယ်လို့ စိတ်ကူးမိတယ်ခင်ဗျာ၊ အလယ်ခန်းက အစွန်ကအခန်းထက် ပိုပြီးတော့ ကျယ်ဝန်းပုံရပါတယ်”

          ကျွန်တော်က ကျွန်တော်၏ စိတ်ကူးအတိုင်းပင် ဘကြီးမွှန်းကို ပြန်၍ ပြောလိုက်မိပါသည်။ ။

          “ဪ ... စာရေးကြီးက အိမ်ထောင်သည်နဲ့ တူလေရဲ့၊ သားသမီး ရှိတယ် ထင်တယ်”

          ကျွန်တော်က ပြုံး၍ နေရစဉ် မောင်စိုးတင်က တစ်ချက်ရယ်လိုက်ပြီး နောက် ဒီတစ်ခါတော့ ဘကြီးမွန်း လူကဲခတ် မှားသွားပြီပျို့၊ ကိုထင်ပေါ်က ဘကြီးမွှန်းလိုပဲ တစ်ကိုယ်တော် ခင်ဗျာ၊ ရည်းစားတောင် မရှိသေးဘူးတဲ့။ ဟား ဟား” ဟု ရယ်ရင်း မောရင်း ပြောလိုက်ပါ၏။

          ဤတွင် ဘကြီးမွန်းက တဖြည်းဖြည်း ပြုံးလာရင်း “ဪ ... ကျုပ် ကတော့ ကိုထင်ပေါ် အခန်းကျယ်ကျယ်ကို ရွေးတာကို ထောက်ပြီးတော့ပြောလိုက်မိပေတာကိုးဗျာ။ အင်း ... မှားတဲ့အခါလည် မှားပေမပေါ့။ ဟဲဟဲ” ဟု ဟာသနှောကာ ပြောလိုက်ပါသည်။ ဤနည်းဖြင့် ဘကြီးမွှန်းသည် ပေါင်းသင်းဆက်ဆံရန် လွယ်ကူသော သူတစ်ဦးဖြစ်ကြောင်းကို သိရပါ သည်။ ထိုမျှသာ မကသေးပါ။ ဘကြီးမွန်းသည်လည်း ကျွန်တော့်လိုပင် တစ်ကိုယ်တော်သမားဖြစ်သည်ကို နားလည်လိုက်ရပါသေး၏။ လူပျိုကြီး ပေလော၊ မုဆိုးဖို တစ်ခုလပ်ပေလော ခွဲခြား၍ကား မသိရနိုင်သေးပါ။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်နှင့် အလားတူစွာ တစ်ကိုယ်တော်သမားဖြစ်သော ဘကြီးမွန်းနှင့် တန်းလျားတစ်ခုတည်း နေထိုင်ရတော့မည်ဖြစ်၍ တစ်နည်းအားဖြင့် ကျွန်တော်အဖို့တွင် တွဲဖက်ရတော့မည်ဖြစ်ရာ ကျေနပ် စရာဖြင့် ကောင်း၍နေပါသည်။

          “တစ်ယောက်တည်းသမားဆိုရင်ဖြင့်တော့ မြောက်ဘက်အစွန်းက အခန်းကို ယူပါလား ကိုထင်ပေါ်ရဲ့၊ အလယ်ခန်းဟာ အစွန်နှစ်ဖက်က အခန်းတွေထက် ပိုပြီးတော့ နည်းနည်းပါးပါး ကျယ်ဝန်းတာကတော့ မှန်ပါ တယ်၊ နှစ်ပေလောက်ပိုပြီး ကျယ်ပါလိမ့်မယ်၊ ဒါပေမဲ့ တစ်ယောက်တည်း သမား ဆိုရင်တော့ အစွန်ခန်းကိုသာ ယူပါ၊ တစ်ယောက်တည်းရဲ့ အဖို့မှာ နေရာလုံလောက်ပါသေးတယ်။ တံမြက်စည်းလှည်းရတာတောင် ပိုပြီး သက်သာပါသေးတယ်။ အရေးကြီးတာက အစွန်အခန်းရဲ့ ဘေးမှာ မြေနေရာ ကွက်လပ်က ရှိနေတော့ ညနေခင်းတို့၊ ညဦးတို့မှာ ပူအိုက်ရင် အိမ်ဘေး ဆင်းပြီးတော့ အေးအေးလူလူ ထိုင်နိုင်တာပေါ့လေ၊ ခြင်းကလေး ဘာကလေး ခတ်တတ်ရင်လည်းခတ်၊ ဒါမှမဟုတ်ရင် ပန်းပင်ကလေးအစ ဘူးပင်ကလေး အစ ဝါသနာပါရင်လည်း စိုက်နိုင် ပျိုးနိုင်တာပေါ့။ အဲဒီအပြင် အစွန်ခန်းဆိုတော့ ဘေးဘက်က ပြတင်းပေါက်နှစ်ပေါက်လည်း အပိုရသေးတယ်။ နွေအခါကျရင် ဒီပြတင်းပေါက်တွေက အားကြီး အဖိုးတန်သပေါ့၊ လေလည်း ဝင် အလင်းရောင်လည်းရ”

          ဘကြီးမွန်းက အစွန်ခန်းကို ရွေးချယ်ရန် အကြောင်းမျိုးစုံပြကာ အကြံ ပေး၍နေပါ၏။ ကျွန်တော်လည်း ဘကြီးမွန်းက ရှင်းပြမှပင် နှစ်ပေခန့် ပို၍ ကျယ်ဝန်းသော အလယ်ခန်းထက် အစွန်ခန်းကို ပိုမို စိတ်ဝင်စား၍ လာရပါသည်။

          “ပြီးတော့လည်း ကိုထင်ပေါ် စဉ်းစားကြည့်လေဗျာ၊ အလယ်ခန်းမှာ နေတော့ ဘေးနှစ်ဖက် အခန်းတွေက ပြောသမျှကိုလည်း ကိုယ်က ကြားရ တယ်၊ ကိုယ်ကပြောတဲ့ စကားတွေဆိုရင်လည်း ဘေးနှစ်ဖက်က နှစ်ခန်းစလုံး က ကြားနိုင်တယ်။ စကားဆိုတာမျိုးက ကိုယ်က ကြားချင်တာလည်းရှိ၊ မကြားချင်တာလည်း ရှိ။ ဒါမှမဟုတ်ရင်လည်း ကိုယ့်စကားကို သူများ ကြားစေချင်တာလည်း ရှိ၊ မကြားစေချင်တာလည်း ရှိ။ ဒီတော့ကာ အစွန်ခန်း ကို ယူတာက အဲဒီ ဒုက္ခမျိုးတွေ၊ ယုတ်စွအဆုံး တစ်ဝက်ကတော့ သက်သာသွားတာပေါ့ဗျာ”

          ကျွန်တော်က ခေါင်းတစ်ညိတ်ညိတ်နှင့် စဉ်းစားနေမိပါသည်။ ဘကြီးမွှန်း ပြောစကားမှာ မှန်လှပါသည်။ ထို့ပြင် ကျွန်တော်၏ အသိုင်း အဝိုင်း အခြေအနေကိုလည်း ကျွန်တော် ထည့်သွင်းစဉ်းစားရပါသေးသည်။ ကျွန်တော်တို့ ရုံးစာရေးများတွင် မိမိအလုပ်လုပ်ရာ ရုံးမှ လည်းကောင်း၊ အခြား အဆက်အသွယ်ရှိသော ဌာနများမှလည်းကောင်း လူငယ်စာရေး မိတ်ဆွေများရှိ၍နေကြပေရာ ၎င်းတို့အနက်တွင် အရက်ကလေး ဘာကလေးသောက်တတ်သူတွေလည်း ရှိကြပါသည်။ အချို့ ခပ်ပေပေ မိတ်ဆွေများ သည် တစ်ခါတစ်ခါ၌ ကိုယ့်အိမ်ကိုယ့်ရာကို မကပ်ကြဘဲ လူပျိုစာရေး မိတ်ဆွေ အချင်းချင်းတို့၏ အိမ်၌ ညလုံးပေါက် စတည်းချကာ ပျော်ပျော် ပါးပါး ပလောင်ထင်း၍ သန်းခေါင်ထမင်း ချက်စားတတ် ကြပါသည်။ နံနက်လင်းမှ သက်ဆိုင်ရာ အိမ်များသို့ အမူးပြေကာ ပြန်ကြတတ်ပါသည်။ ကျွန်တော်ကိုယ်တိုင်ပင်လည်း အခြားလူပျိုစာရေး မိတ်ဆွေများ၏ အိမ်များ၌ တစ်ခါတစ်ရံ အလားတူစွာ မိုးလင်းခဲ့ဖူးပါသည်။

          ထို့အပြင် ဘကြီးမွန်း ပြောသည့်အတိုင်းပင် ကျွန်တော်၏ အခန်းဘေး ဘက်၌ မြေကွက်လပ်ကလေး ခပ်ကျယ်ကျယ်ရှိပါသည်။ ထိုကွက်လပ် ကလေးတွင် စင်ဆောက်၍ ဘူးပင်၊ ဖရုံပင်များကို တင်၍ထားလိုက်ပါက အရိပ်ကောင်းကောင်း ရနိုင်မည် ဖြစ်ပါသည်။ ဖရုံအသီးအညွန့်များကိုလည်း ရဦးမည်ဖြစ်ပြီး ရောင်း၍မစားသော်မှ မိတ်ဆွေများကို လက်ဆောင်ပဲ ဖြစ်ဖြစ် ပေးနိုင်ပါဦးမည်။ ဘူးစင်၏ ခြေရင်း၌ ချိုးရေအိုးတစ်လုံးတည်ထားကာ ဘူးပင်ရင်းကို ကောက်ရိုးခွေ၍ ထားကာမျှနှင့် ဘူးပင်၊ ဖရုံပင်စသည်တို့ကို ရေလောင်းပြီးလည်း ဖြစ်နိုင်ပါသေးသည်။ ပတ်ဝန်းကျင်တွင် နေရိပ်အမြဲရနေ ပြီး ဘူးစင်အရိပ်ကလည်း ရှိနေဦးမည် ဖြစ်၍ ဘူးစင်၏ အောက်၌ ကွပ်ပျစ် ကလေးဖြစ်စေ၊ ပက်လက်ကုလားထိုင်ကလေး ဖြစ်စေ ချထားလိုက်ပါလျှင် နွေအခါ၌ အလွန်အေးမြ စိမ်းစိုသော ပတ်ဝန်းကျင်တွင် ကိုယ်ရောစိတ်ပါ ရွှင်လန်းစရာ ဖြစ်နိုင်ပါသေးသည်။ ရုံးပိတ်ရက်များ၌ နေ့လယ်နေ့ခင်းတွင် ဘူးစင်အောက်မှာ အေးအေးလူလူ အနားယူကာ ဝါသနာပါသော စာကလေး ပေကလေးများကိုပင် ရေးနိုင် ဖတ်နိုင်ပါဦးမည်။