Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

တက်တိုး - တစ်နှစ်သား

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

တစ်

          လယ်တဲကလေး မီးဖိုခေါင်းတိုင်မှ မီးခိုးလုံးတစ်လုံးသည် အပြာ ရောင်ရှိသော နွေကာလကောင်းကင်ပြင်သို့ တက်၍ ပျောက်သွားလေ သည်။ သူငယ်ကလေး ဂျော်ဒီမှာ ထိုမီးခိုးလုံးကို ငေးကြည့်ရင်း တွေး နေလေသည်။ မီးဖိုမှ မီးကလေး တဖြည်းဖြည်း ငြိမ်းအေးလာလေပြီ။ သူ့မိခင်လည်း နံနက်စာ စားပြီးပြီဖြစ်သဖြင့် အိုးခွက်တို့ကို ဆေးကြော မှောက်ချိတ်နေလေသည်။ ထိုနေ့သည်ကား သောကြာနေ့ဖြစ်၏။ သူ့ မိခင်သည် ကြမ်းကို တံမြက်စည်းလှည်းပြီးလျှင် ကောက်ရိုးနှင့် တိုက်ပေ လိမ့်မည်။ သူ့အမေ ကြမ်းတိုက်နေစဉ် သူလည်း တောင်ကြားလမ်းဘက် သို့ လစ်ထွက်သွားနိုင်၏။ သူသည် သူ့မိခင်၏အပြုအမူကို ထယ်ထိုး ရပ်ကာ လှမ်း၍ကြည့်နေသည်။

          ကွင်းပြင်လည်း ပြောင်လျက်ရှိနေသည်။ ထယ်မထိုးရသေး သော အကွက်၌သာ ရိုးပြတ်များ ကွက်၍ ကျန်ခဲ့သည်။ လယ်ထဲ ဝင်း တံခါးထိပ်၌ရှိသော သစ်ပင်ကြီးတွင် ပျားနားသန်းများ အုံလျက်ရှိသည်။ ယင်းတို့သည် လာဗင်ဒါပန်းများကို လောဘတကြီးအုံ၍ စုပ်နေကြလေသည်။ မတ်လက သူတို့စုပ်ခဲ့သော တောစံပယ်ပန်းကိုမူကား မေ့သွား ကြလေပြီ။ ရှေ့လတွင် ငှားစွင့်စွင့် ပွင့်ကြမည့် မဂ္ဂနိုလီယာပန်းများ ကိုလည်း သတိမရကြချေ။ ဆောင်းတွင်းက စုပ်ယူခဲ့သော ပန်းများကို ယခု မေ့ပျောက်သွားကြလေပြီ။ ဂျော်ဒီသည် ထယ်ထိုးရင်း အကြံတစ်ခု ရလေသည်။

          “ငါ အခုလို ထယ်ထိုးနေမယ့်အစား ပျားအုံလိုက်ရှာတာကမှ ကောင်းလိမ့်ဦးမယ်”

          ဟု တွေးမိသည်။ ထယ်ထိုးခြင်းကား ယနေ့မလုပ်လျှင် နက်ဖြန် လုပ်နိုင်သည်။ ပျားအုံရှာဖွေမှုမှာမူ နှောင့်နှေးလျှင် အခွင့်အရေးလွတ်ဖွယ် ရာ အကြောင်းရှိသည်။ နေလည်း ချစ်စဖွယ် သာလျက်ရှိသည်။ မွန်းလွဲ ချိန်မှာ သာသောင့်သာယာရှိရကား ဂျော်ဒီအဖို့ စိတ်လှုပ်ရှားသည့် အချိန် ကာလပင်ဖြစ်ပေသည်။ သာယာသော လောကဓာတ်၏အရှိန်သည် သူ့ အား လာ၍ ရိုက်လေသည်။ သူ့ခမျာမှာ တကုပ်ကုပ်ထယ်ထိုး၍ နေလို စိတ်မရှိတော့ဘဲ ထယ်ကိုပစ်ကာ ကွင်းကြီးကိုကျော်၍ ထင်းရှူးတောကို ဖြတ်ကာ စမ်းချောင်းကလေးရှိရာသို့ သွားလိုသောဆန္ဒ ပြင်းပြလျက်ရှိ လေသည်။

          " ရေဘေးနားမှာ ပျားအုံရှိတဲ့သစ်ပင်တော့ တွေ့မှာပဲ”

          ဟု သူ့ကိုယ်သူ ဆင်ခြေပေးလေသည်။

          ဂျော်ဒီသည် ထယ်ကို လက်လွှတ်လိုက်ပြီးလျှင် လယ်ကွင်းကို ဖြတ်၍ လျှောက်သွားလေသည်။ သူ့မိခင် ကြမ်းတိုက်၍ ကျန်ရစ်ခဲ့သော လယ်တဲကလေးမှာ သူနှင့် တဖြည်းဖြည်း ဝေးသွားလေတော့သည်။ ဝင်းတိုင်ကိုလွှားခုန်၍ ထင်းရှူးတောဘက်သို့ ထွက်သွားလေသည်။ အမဲ လိုက်ခွေးကြီး ဂျူလီယာမှာ သူ့ဖခင်နောက်သို့ လိုက်သွားသဖြင့် မရှိချေ။ သူ့ဖခင်မှာ ဂရေဟင်ရွာသို့ လှည်းနှင့် သွားလေသည်။ ခွေးကြီးမရှိသော်လည်း ခွေးဘီလူး ရစ်နှင့် နောက်မှရောက်လာသော ခွေးသမင် ပါ့ တို့ သည် သူ ဝင်းတိုင်ကို လွှားသွားသည်ကိုမြင်သဖြင့် သူ့နောက်သို့ ပြေး၍ လိုက်လာကြသည်။ သူက ခွေးများ နောက်မှလိုက်လာသည်ကို မလိုလား သဖြင့် လယ်တဲဘက်သို့ ပြန်မောင်းလွှတ်လိုက်လေသည်။ သူသည် ခွေးများကို မချစ်ခင်လှ။ ခွေးများကလည် သူ့ကို အစာကျွေးသည့်အချိန် မှအပ ဂရုမစိုက်လှချေ။ ခွေးများကို အမဲလိုက်ရာသာ ခေါ်သွားဖို့ကောင်း သည်။ ယခုကဲ့သို့ တောင်ကြားလမ်းဆီသို့ အလည်သွားရာတွင်ကား သင်းတို့သည် ဘာမျှ အသုံးမဝင်။ ဂျူလီယာခွေးမကြီးကား လူကို ခင်မင် တတ်၏။ သို့သော် သူခင်မင်သည်မှာ ဂျော်ဒီဖခင် ပဲနီဗက်စတာမျှသာ ဖြစ်သည်။ ဂျော်ဒီလည်း သူ့အား ခင်မင်သည့် ခွေးတစ်ကောင်လိုချင် လှ၏။ စင်စစ်သော်ကား သူသည် ခွေးကိုသာ လိုသည်မဟုတ်။ သူပိုင် ပစ္စည်းဆိုလျှင် မည်သည့်ပစ္စည်းကိုပင်မဆို လိုချင်လှသည်။ အကယ်၍ သူ့ဖခင်နောက် တကောက်ကောက်လိုက်နေသော ဂျူလီယာကဲ့သို့ ခွေး ကြီးတစ်ကောင် သူ့အဖို့ရှိလျှင် ကောင်းမှာပဲ တွေးထင်မိလေသည်။ သူ သည် လမ်းပေါ်က သဲမြေကို ခြေမနှင့်ထိုး၍ စမ်းကြည့်နေရာမှ ရှေ့ဘက် ဆီသို့ ပြေးသွားလေသည်။ သူ့လယ်တဲနှင့် တောင်ကြားမှာ နှစ်မိုင်မျှ ဝေးကွာသည်။ ထိုနေ့ကား သာယာလှသဖြင့် ဂျော်ဒီသည် ထိုအတိုင်းသာ ဆိုလျှင် တစ်သက်လုံး မရပ်မနားဘဲ ပြေးနိုင်လိမ့်မည်ဟု မျှော်လင့်မိ၏။ ထယ်ထိုးနေစဉ်က ခြေထောက်များ ညောင်းကိုက်နာကျင်သော်လည်း ယခု ပြေးလိုက်သဖြင့် ထိုဝေဒနာမှာ ပျောက်သွားလေပြီ။

          သူသည် သဲထူထပ်သော ငွေတောင်ကြားလမ်းသို့ ရောက်လေ ပြီ။ တောပန်းများလည်း ဝေဝေဆာဆာ ပွင့်လျက်ရှိသည်။ သူလည်း သစ်ပင်များ၊ ချုံပုတ်များကို တစ်ခုပြီးတစ်ခု စိစစ်ကြည့်ရှုရင်း တဖြည်း ဖြည်း လျှောက်သွားလေသည်။ ယင်းသို့ စိစစ်ကြည့်ရှုသော်လည်း စင်စစ်အားဖြင့် မလိုချေ။ ထိုသစ်ပင်များ၊ ချုံပုတ်များမှာ သူသိပြီး ကျွမ်းပြီးများ သာဖြစ်သည်။ မကြာခဏ ဤနေရာသို့ ရောက်နေကျဖြစ်သဖြင့် အထူး စိစစ်ကြည့်ရှုရန် မလိုချေ။ သို့ရာတွင် ထိုနေ့၌ သူ့စိတ်မှာ လှုပ်ရှားနေ သဖြင့် ထိုသစ်ပင်များ၊ ချုံပုတ်များမှာ သူ့အဖို့ သာမန်အရာဝတ္ထုများ မဟုတ်တော့ဘဲ ထူးခြားသစ်လွင်နေလေတော့သည်။ မဂ္ဂနိုလီယာပင်ကြီးအောက်သို့ ရောက်သောအခါ သူသည် ပင်စည်တွင် တောကြောင်အရုပ် တစ်ရုပ် နှင့်ကွင်း၍ ခြစ်လိုက်လေသည်။ ယင်းသို့ ကြောင်ရုပ်ထွင်း နေစဉ် စဉ်းစားမိသည်မှာ မဂ္ဂနိုလီယာပင်ရှိလျှင် အနီးအနား၌ စမ်းပေါက် ရှိရမည်ဟူသော အတွေးပင်ဖြစ်သည်။ ထိုအတွေးမှ ဆက်လက်၍ မိုး မြေ ရေတို့အကြောင်းကို လျှောက်၍ စဉ်းစားနေလေသည်။ ချောင်းများ၊ အိုင်များရှိရာ၌ မဂ္ဂနိုလီယာပင်များ ထွန်းကားသည့်အချက်ကိုလည်း သူ တွေးမိကာ အံ့သြနေလေသည်။

          သူ လျှောက်သွားသောလမ်းမှာ တဖြည်းဖြည်း နိမ့်သွားပြီးလျှင် စမ်းပေါက်တစ်ခုကို တွေ့ရသည်။ စမ်းပေါက်အနီးအနား၌ကား မဂ္ဂနို လီယာပင်များနှင့် အခြားသစ်ပင်များ၊ ချုံများ ထူထပ်စွာ ပေါက်၍နေ လေသည်။ သူသည် စမ်းချောင်းထဲသို့ ဆင်းသွားလေသည်။ အေးမြ သော စမ်းရေကြောင့် သူ့စိတ်မှာ ထူးထူးခြားခြား ရွှင်ကြည်လာလေ သည်။ ထိုနေရာကလေးကို သူသည် အထူးပင် ချစ်ခင်မိတော့သည်။ အတွင်းရေတမျှ ကြည်လင်လှသော စမ်းရေသည် ဘယ်က ထွက် လာသည်မသိ၊ သဲထဲမှ တပွက်ပွက် ပွက်၍ ထွက်လာလေသည်။ စမ်း ပေါက်မှ မြေပြင်သို့ အတက်တွင် ရေသည် ဝဲထလျက်ရှိသည်။ သဲပွင့် ကလေးများလည်း ဝဲထဲတွင် လှိုက်၍ လှိုက်၍ တက်လာကြလေသည်။ ထိုစမ်းပေါက်မှ ကျော်လွန်၍သွားသောအခါ စမ်းချောင်းကြီးသည် ဖြူဖွေး နေသော ထုံးခြေတစ်လျှောက် တသွင်သွင်စီးဆင်းကာ ဂျော့ ကန်တော်ကြီးသို့ စီးဝင်သွားလေသည်။

          ဂျော့ ကန်တော်ကြီးမှာ စိန်ဂျွန်းမြစ်၏ တစ်စိတ်တစ်ဒေသဖြစ် သည်။ စိန်ဂျွန်းမြစ်သည်ကား မြောက်စူးစူးသို့ စီးဆင်းကာ ပင်လယ် တွင်းသို့ စီးဝင်သွားသော မြစ်ကြီးပင်ဖြစ်သည်။ ဂျော်ဒီသည် ထိုအချက် ကို တွေးမိသဖြင့် သဘောကျနေလေသည်။ ပင်လယ်ထဲသို့ စီးဝင်မည့် ရေများကိုကြည့်၍ စိတ်လှုပ်ရှားလျက်ရှိသည်။ စင်စစ်သော်ကား ထို စမ်းချောင်းကြီးမှာ ပင်လယ်၏အစပင်ဖြစ်ရာ ထိုနေရာသို့ လူသူအရောက် အပေါက် နည်းလေသည်။ ဂျော်ဒီက သူ့အပြင် ရေသောက်လာသောတောရိုင်းတိရစ္ဆာန်များသာလျှင် ဤနေရာသို့ ရောက်လာလေ့ရှိသည်ဟု တွေးထင်ကာ ကျေနပ်၍နေလေသည်။

          တောင်ကြားမှာ အေးချမ်းလှ၏။ ဂျော်ဒီသည် ဘောင်းဘီစကို လိပ်၍ ရေတိမ်ဘက်ဆီသို့ ဆင်းလျှောက်သွားလေသည်။ လေပြည်ကလေး သည် သူ့ခေါင်းပေါ်၌ မိုးအုပ်၍နေသော သစ်ကိုင်းများကို လှုပ်ရှားစေ လေသည်။ သစ်ကိုင်းများ လှုပ်သဖြင့် ယှက်နေသော သစ်ကိုင်းများ ဟသွားကာ နေရောင်ခြည်သည် ဦးခေါင်းပေါ်သို့ ကျရောက်လာလေသည်။ ခေါင်းကပူ၍ ခြေထောက်အေးသည့်အဖြစ်ကို ဂျော်ဒီ နှစ်သက်လေသည်။ လေပြည်ကလေးလည်း တိတ်သွားလေသည်။ ဟနေသော သစ်ကိုင်းများ လည်း ပြန်၍ စေ့သွားကြလေသည်။ သူလည်း ကမ်းတစ်ဖက်သို့ ရေထဲ မှ ဖြတ်ကူး၍ သွားလေသည်။ ကမ်းစပ်၌ပေါက်နေသော ကျူပင်တို့ကို သူသည် တိုးဝှေ့သွားစဉ် သူ့ဘောင်းဘီအိတ်ထဲ၌ ဓားပါလာသည်ကို သတိရမိလေသည်။ သူသည် လွန်ခဲ့သည့် ခရစ္စမတ်ပွဲတော်အချိန် ကတည်းက တစ်နေ့နေ့တွင် ရေရဟတ်ကလေးတစ်ခုလုပ်ရန် ရည်မှန်း ထား၏။ ထို့ကြောင့်လည်း သူ့၌ ဓားတစ်စင်း ပါလာလေသည်။

          ရေရဟတ်ကို သူကိုယ်တိုင် မလုပ်ဖူးချေ။ သူ့အဖို့ အဘွားဟပ်တို၏သား အော်လီဗာက အမြဲပင် လုပ်ပေးလေ့ရှိသည်။ ဦးလေးအော်လီဗာမှာ ပင်လယ်သင်္ဘောသားတစ်ဦးဖြစ်ရာ ပင်လယ်သို့ မကြာ ခဏ ထွက်သွားတတ်လေသည်။ သူ ပင်လယ်မှ ပြန်အလာတွင် ဂျော်ဒီ ဖို့ ရေရဟတ်ကလေးတစ်ခု အမြဲတမ်း လုပ်ပေးလေ့ရှိသည်။ ယခု၌ကားဂျော်ဒီသည် အော်လီဗာကို အားမကိုးတော့ဘဲ သူကိုယ်တိုင် ရေရဟတ် လုပ်ရန် ကြိုးစားလေတော့သည်။ အော်လီဗာ ရေရဟတ်လုပ်ပုံမှာ သူ့ မျက်စိထဲတွင် မပျောက်နိုင်ပေ။ မျက်နှာထား တည်တည်ကြီးနှင့် “ရဟတ် ဘီးကို ထောင့်ညီအောင် ချ၍လုပ်မှ အလည်မှန်သည်” ဟု အော်လီဗာ က ပြောဖူးလေသည်။

          ရေမှာ အတော်ပင် တိမ်၏။ သို့သော် ရေစီးသန်လှသည်။ သူ့ရေရဟတ်ကလေးမှာ ရေစီးထဲတွင် ကောင်းစွာ လည်၍နေလေသည်။ သူလည်း ရဟတ်ကလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက် ရှူလိုက်လေ သည်။ ထို့နောက် ကျူပင်အနီးရှိ သဲပေါ်တွင် သူ့ကိုယ်ကို ပစ်လှဲ၍ ရဟတ်ကလေး လည်နေသည်ကို စိုက်၍ ကြည့်နေလေသည်။ ရဟတ် ဒလက်ကလေးများလည်း တစ်ခုပေါ်တစ်ခု ကျော်၍ ကျော်၍ လှည့်ပတ် နေလေသည်။ ရဟတ်ကလေးကိုကြည့်ရသည်မှာ အထူးပင် စိတ်ဝင် စားဖွယ်ရာ ဖြစ်ပေတော့သည်။

          သူ့အပေါ်သို့ ကျရောက်လျက်ရှိသော နေရောင်ခြည်မှာ စောင် သဖွယ် သူ့ကို လွှမ်းခြုံလျက်ရှိလေသည်။ သူလည်း လှဲနေရာမှ ရဟတ် ကလေး လည်နေသည်ကို ကသိုဏ်းရှုသလို ကြည့်နေလေသည်။ ရဟတ် ကလေး၏ လည်ပုံမှာ သူ့အား စိတ်ညှို့သကဲ့သို့ ဖြစ်လေသည်။ ဒလက် ကလေးများ ရေအလျဉ်တွင် ပေါ်တုံ မြုပ်တုံ ဖြစ်နေစဉ် သူ့ မျက်တောင် လည်း တဖြည်းဖြည်း စင်း၍ စင်း၍ လာလေတော့သည်။ ရဟတ် ကလေးလည်သဖြင့် နောက်မှ တသီတတန်းကြီး လိုက်လာသော