Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

တက်တိုး - စပ်မိစပ်ရာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အညတရအတ္ထုပ္ပတ္တိ

          “ဆရာကြီးဆီ မရောက်တာကြာပါပြီ။ အခု ကျွန်တော်တို့ တက္ကသိုလ် ကျောင်း နွေရာသီအတွက် တစ်လပိတ်လိုက်လို့ ဆရာကြီးဆီ လာပါတယ်”

          “အေးကွယ်၊ လာပါ။ ကြိုဆိုပါတယ်။ လူကြီးတချို့က လူငယ်တွေ နဲ့ မတွေ့ချင်ကြဘူး။ တချို့ကတော့ လူငယ်တွေနဲ့ တွေ့ချင်တယ်။ လူကြီးချင်းချင်းတော့ သိပ်မတွေ့ချင်ကြဘူး။ ငယ်သူငယ်ချင်းတွေကိုတော့ တွေ့ချင်တာပေါ့။ ပြောမနာ ဆိုမနာမို့ တွေ့ရတာပျော်တယ်။ ခပ်စိမ်းစိမ်း လူကြီးတွေကိုတော့ တွေ့ရမှာ သိပ်စိတ်မပါချင်ဘူး”

          “မှန်ပါတယ် ဆရာကြီး၊ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ဆရာ ကြီးဆီလာပြီး ပြောဆိုဆွေးနွေးရင်း ပညာယူကြတာပေါ့။ ဒါနဲ့ခင်ဗျာ ကျွန်တော် ဆရာကြီးကို ပြောပြချင်ပါတယ်။ ကျွန်တော်ဟာ စာပေတွေ ထဲမှာ အတ္ထုပ္ပတ္တိစာပေကို မလွတ်တမ်းဖတ်ပါတယ်။ ရှေးခေတ်က ကမ္ဘာကျော်ကြီးတွေ အတ္ထုပ္ပတ္တိတွေကို အတော်များများ ဖတ်ဖူးပါပြီ။ အခု မနေ့တစ်နေ့တုန်းက အင်္ဂလိပ် အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ဖတ်မိပါတယ်။ စာအုပ်နာမည်က An Ordinary Lifeတဲ့”

          “ဟာ ... ဆရာလည်း အဲဒီစာအုပ်ကို ငယ်ငယ်က ဖတ်ဖူးပါတယ်။ အညတရတစ်ဦးရဲ့ သာမန်ဘဝအကြောင်းပဲလေ။ အဲဒီစာအုပ်ပဲလား”

          “ဟုတ်ပါတယ်ခင်ဗျာ”

          “စာအုပ်ထဲမှာ ဘာတွေရေးထားတယ်ဆိုတာတော့ ဆရာ မမှတ်မိ တော့ဘူး။ ဦးတည်ချက်က မထင်မရှား လူတစ်ယောက်ရဲ့ ဘဝဟာ လည်း သူ့အလျောက် သူ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘဝ အကြောင်းခြင်းရာတွေ ပါတယ်။ အညတရဘဝမှာ ဘယ်လောက်ရုန်းကန် ရတယ်၊ ဘယ်လိုပြဿနာမျိုးတွေ တွေ့တယ်။ အညတရတွေရဲ့ အခန်း ကဏ္ဍဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ အရေးကြီးတွေမှာ ဘယ်လောက် ကျယ်ပြန့်ထိရောက်တယ်ဆိုတာတွေကို အညတရတစ်ယောက် အနေနဲ့ ရိုးရိုးအေးအေးကလေး ရေးထားတာပဲ။ ဖတ်လို့ကောင်းတယ်။ ပညာရတယ်”

          “ဆရာကြီးပြောတဲ့ စာအုပ်ပါပဲ”

          “အညတရဆိုတဲ့ သာမန်လူသားတွေဟာ လူ့လောကမှာ အများစု ဖြစ်တယ်။ ခေါင်းဆောင်လုပ်တဲ့လူတွေဟာလည်း အညတရတွေထဲက ထူးချွန်ပြီး ထွက်လာကြတယ်။ တချို့ကတော့ ထူးချွန်လှတယ်လို့တော့ မဟုတ်ပါဘူး။ အကြောင်းအလှည့်သင့်လို့ ခေါင်းဆောင်ပိုင်း ရောက်သွား ကြတယ်။ ခေါင်းဆောင်တိုင်း တော်လို့တော့ မဟုတ်ဘူး။ တော်တဲ့လူ တိုင်းလည်း ခေါင်းဆောင် မဖြစ်ဘူးကွယ့်။ တော်လည်းတော် ကံလည်း ကောင်းလို့ ခေါင်းဆောင်ဖြစ်မှ တကယ် ခေါင်းဆောင်ကောင်း ဖြစ်တာပေါ့။”

          “သဘောပေါက်ပါတယ် ဆရာကြီး။ တကယ်တော့ တကယ်တော် တာက လူထုထဲက ထွက်လာတာ။ လူထုရဲ့ ပင်ကိုပညာဟာ အင်မတန် ကြီးမားတယ်။ ဓလေ့ထုံးစံတွေ၊ ဆိုရိုးစကားတွေ၊ နီတိတွေဟာ လူထု ထဲက ထွက်လာတာ။ အဲဒါတွေကို စာရေးဆရာတွေ၊ သုတေသီတွေကစာရေးပြီး မှတ်တမ်းတင်ကြတယ်။ အညတရဟာ အင်မတန် စိတ်ဝင်စား စရာ ပုဂ္ဂိုလ်ပါပဲ။ ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေ၊ နာမည်ကျော် နာမည်ကြီးတွေ က လူတိုင်း ဂရုစိုက်ပြီး လေ့လာနေကြလို့ တကယ်တော့ သိပ် မထူး ပါဘူး။ သူတို့အကြောင်းကို သမိုင်းသုတေသနဌာနတွေ၊ မော်ကွန်းတိုက် တွေမှာ ရှိပြီးသားပဲ”

          “ဟုတ်တာပေါ့ မောင်မြင့်တင်။ အဓိကရ ပုဂ္ဂိုလ်ကြီးတွေ အတ္ထုပ္ပတ္တိ တွေဟာ အများပိုင်ပစ္စည်းတွေပေါ့။ အညတရတစ်ယောက်ရဲ့ ဘဝရုန်း ကန်မှု၊ သူ့ပြဿနာတွေ၊ သူ့ဒုက္ခ သုခတွေကို မသိကြဘူး။ သိလည်း မသိချင်ကြဘူး စိတ်မဝင်စားဘူး။ ဒါပေမဲ့ အညတရတစ်ယောက်အကြောင်း အတ္ထုပ္ပတ္တိကို ရေးတတ်သူတွေက ရေးပြလိုက်ရင် သိပ်ပြီး ဖတ်လို့ကောင်းတယ်။ ဘဝသင်ခန်းစာတွေ ယူတတ်ရင် ရတယ်။ တကယ်တော့ ဝတ္ထုတွေဟာ အညတရတွေရဲ့ အတ္ထုပ္ပတ္တိတွေပေါ့။ တချို့ ဟာ တကယ့်အဖြစ်အပျက်ကို အရင်းတည်ပြီး ဝတ္ထုဖြစ်အောင် ရေး လိုက်တော့ ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုကြီးတွေ ဖြစ်သွားတာပေါ့”

          “ဟုတ်ပါတယ် ဆရာကြီး၊ ဆရာကြီးကတော့ အညတရကို သိပ် ပြီး ခင်မင် လေးစားပါတယ်။ ကျွန်တော်တို့ သိကြပါတယ်။ ဆရာကြီး ရဲ့ ဘဝမှတ်တမ်းဖြစ်တဲ့ အညတရ ဘဝရှုခင်း”စာအုပ်ဟာ အညတရ တစ်ဦးရဲ့ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။ ဒါနဲ့ ပြောရဦးမယ်။ ကျွန်တော့် ဦးလေးတစ်ယောက်ဟာ တပ်မတော်သား အငြိမ်းစားကြီး တစ်ယောက် ပါ။ သူ့မှာ အတွေ့အကြုံတွေ တော်တော်များပါတယ်။ ကျွန်တော်နဲ့ တွေ့တိုင်း သူ့ရှေးဟောင်း နှောင်းဖြစ်တွေ ပြောပြောပြတယ်။ သိပ် စိတ် ဝင်စားစရာ ကောင်းတာပဲ။ ရိုးရိုးသားသားနဲ့ သစ္စာရှိရှိ တာဝန်သိသိ ရဲဘော်တစ်ဦးအဖြစ်နဲ့ ပြည်သူတွေကို ပြည်တွင်းပြည်ပရန်တွေက ကင်းအောင် ကြိုးစားကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော်သားတစ်ယောက်အနေနဲ့ တိုက်ပွဲတွေ အများကြီး ဝင်ခဲ့ပါတယ်။ စည်းကမ်းရဲ့ တန်ဖိုး အကြောင်း ကောင်းကောင်းကြီး သိပေတယ်။ တာဝန်ကို စေတနာအရင်း ခံပြီး ဆောင်ရွက်လို့ ပြီးမြောက်အောင်မြင်တိုင်း ကျေနပ်မှုရတာကိုလည်း သိပါတယ်။ တာဝန်ထမ်းဆောင်နေရင်း ကိုယ်ရေးကိုယ်တာ ကိစ္စကလေး တွေကို ဆောင်ရွက်ရာမှာ အလုပ်တာဝန်အတွက် ကိုယ်ကျိုးကို မနိုင်ဘဲ စီမံလုပ်ဆောင်ရတာတွေဟာ တကယ်တော့ မထူးခြားပါဘူး။ သာမန် ပါပဲ။ ဒါပေမဲ့ဘဝသင်ခန်းစာ ရနိုင်ပါတယ်။ အဲဒါတွေကို သူ့အကြောင်း ပြောပြမှ သိရပါတယ်” ။

          “အဲဒါ အရသာပေါ့။ လူဆိုတာ အတွေ့အကြုံကို စိစစ်ဝေဖန်ပြီး ဘဝပညာ ယူရတာပဲ။ တစ်ယောက်တည်းရဲ့ အတွေ့အကြုံတွေနဲ့ မလုံလောက်ဘူး။ သူတစ်ပါးရဲ့ အတွေ့အကြုံတွေကို နာယူဆည်းပူးနိုင်မှ ကိုယ့်ဘဝ ပြည့်ဝမှာပေါ့။ ကျုပ်တို့တစ်တွေ ဘာကြောင့် စာတွေဖတ် ကြသလဲ။ အဲဒီလို အတွေ့အကြုံတွေကို ဆည်းပူးဖို့ပေါ့။ အတွေ့အကြုံ ဟာ အမျိုးစုံတယ်လေ။ ရွှေကျင်သလိုပေါ့။ သဲတွေကို သဲ့သဲ့ပြီး ကျင်တော့ ရွှေမှုန်ကလေးတွေ ရတယ်မဟုတ်လား။ အဲဒီအတိုင်းပဲဆိုပါတော့။ စာတွေဖတ်တာ လူတွေရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ ပြဿနာတွေ အားလုံးကို သိချင်လို့ပဲပေါ့။ သိရသမျှထဲက ပညာကို ကျင်ယူရမှာ ပဲ။ သဲတွေ အမှိုက်တွေ ဖယ်ပစ်သလို မလိုတဲ့ အကြောင်းခြင်းရာတွေကို မေ့ဖျောက်ပစ်ပြီး အဖိုးတန်တဲ့ ထူးခြားချက်တွေကို စံအဖြစ်ယူရတယ်။ အဲဒါ ဘဝပညာပေါ့”

          “မှန်ပါတယ်ဆရာကြီး။ ကျွန်တော့်ဦးလေးကို ပြောရမယ်။ ဦးလေး ရဲ့ အတ္ထုပ္ပတ္တိကို ရေးစမ်းပါလို့။ ဦးလေးက စာသိပ်ဖတ်တယ်။ စာရေး တာတော့ သိပ်မသွက်ဘူးပေါ့။ စာရေးဆရာမှ မဟုတ်ဘဲကိုး။ ကျွန်တော် ကတော့ သူ့အကြောင်း အတ္ထုပ္ပတ္တိကို ရေးတတ်သလိုရေးပါ၊ စိတ်ထဲရှိသလို ရေးချပါ၊ ဦးလေး အခု ကျွန်တော့်ကို ပြောပြတဲ့အတိုင်း ရေးရင်ပဲတော်ပြီ၊ မနှောင့်နှေးပါနဲ့၊ ပြီးရင် ဦးလေးရဲ့ စာမူကို ကျွန်တော်တို့ဆရာကြီး ပြကြည့်ပါမယ်လို့ ပြောထားတယ်။ သူလည်း အခု ရေးနေပါပြီ”

          “ကောင်းတာပေါ့ ။ အညတရ အတ္ထုပ္ပတ္တိတွေ များများပေါ်စေချင် ပါတယ်။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ကွယ်”