Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

တက္ကသိုလ်ရွှေရီဝင်း - မှော်ဆရာကြီး၏လက်ဆောင်များ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

မှော်ဆရာကြီး၏ လက်ဆောင်များ

          ရှေးရှေးတုန်းက ဖင်လန်နိုင်ငံတွင် လူငယ်တစ်ယောက်သည် မိမိ၏ ဘဝရှေ့ရေးအတွက် မိမိဘာသာ ရပ်တည်နိုင်ရန်အတွက် လေးနှင့်မြား ကိုယူကာ အိမ်မှထွက်လာသည်။ သူသည် ထင်းရှူးပင်များ ထူထပ်သော တောင်စောင်းတစ်လျှောက် လှည့်လည်၍ သွားနေသည်။ သူ့ စိတ်ထဲတွင် ယခုလို တောတွင်းသွားရင်းနှင့် ငွေကြေးများရမည်ဟု ယုံကြည်နေသည်။

          သူ၏ ယုံကြည်ချက်သည် နေ့အလင်းရောင် ကုန်ဆုံး၍ ည အမှောင်သို့ ရောက်လာသောအခါ ပြောင်းရတော့မလို ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် သစ်တောထူထပ်သော ဤအမြဲစိမ်းသစ်တော ထဲတွင် ဝံပုလွေများ၏ အူသံများသည် ညအချိန်တွင် ဆူညံနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် အိမ်ပြန်ပြီး နောက်တစ်ရက် မှပင် ထွက်၍အလုပ်ရှာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုကဲ့သို့ ၊ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည့်အချိန်တွင် သူသည် အိမ်ပြန်ရန်လမ်း ကို မမှတ်မိတော့ချေ။

          ညမိုးချုပ်လာလေ ကြောက်ရွံ့ လာလေ ဖြစ်နေသည်။ ဘေး ပတ်ဝန်းကျင်တစ်လျှောက်မှာလည်း သားကောင်များ၏ အသံများမှာ ဆူညံနေလေသည်။ ထိုစဉ်တွင် မှော်ဆရာကြီးတစ်ဦးသည် နောက်မှ ဝံပုလွေတစ်အုပ် ဝိုင်းရံလျက် ထွက်ပြေးလာသည်ကို တွေ့ရသည်။

          ထိုအဖြစ်ကို မြင်ရသော လုလင်ငယ်သည် ကြောက်စိတ်များ ပျောက်သွားပြီး သတ္တိများ အလိုလို ပြန်လည်ရောက်ရှိလာလေသည်။ ထို့ကြောင့် လေးကိုအသင့်ပြင်ကာ မြားတစ်စင်းထည့်ပြီး ရှေ့ဆုံးမှ လိုက်လာသော ဝံပုလွေ၏ အသည်းနှလုံးဆီသို့ ပစ်သွင်းလိုက်သည်။ ပထမဝံပုလွေကို မြားထိမှန်ပြီးသည့်နောက် မြားတစ်စင်းကို ဆက်တိုက် ပစ်လွှတ်ပြန်သည်။ သို့နှင့် ဝံပုလွေသုံးကောင် မြေပေါ်တွင် လဲကျ သေဆုံးသည်ကို မြင်ရသော အခြား ဝံပုလွေတို့သည် လှည့်ပြီး ပြေး ကြလေသည်။

          မှော်ဆရာကြီးက “ကျေးဇူးကြီးလှပါတယ် ကလေးရယ်၊ မင်း ဟာ ငါ့ရဲ့ အသက်ကို ကယ်လိုက်တာပါပဲ၊ ဦးရဲ့ အိမ်ကို အခု လိုက်ခဲ့ ပါ၊ နောက်တစ်နေ့ကျရင် မင်းလိုချင်တဲ့အရာကို ဦးပေးပါ့မယ်” ဟု ဝမ်းသာအားရ ပြောဆိုလေသည်။

          လုလင်ကလည်း “ကျွန်တော် ဒီတစ်ညတည်း ခိုခွင့်ရရင် တော်ပါပြီ၊ ကျွန်တော် ဘာမှ မလိုချင်ပါဘူး” ဟု ပြန်ဖြေသည်။ လုလင်ငယ်သည် မှော်ဆရာကြီးခေါ်ရာနောက်သို့ ပျော်ရွှင်စွာ လိုက် သွားလေသည်။ မှော်ဆရာ၏ အိမ်သို့ ရောက်သောအခါ ညစာကို အားရပါးရစားပြီး မှော်ဆရာကြီးပေးသော အိပ်ရာထက်တွင် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

          နောက်တစ်နေ့နံနက်တွင် မှော်ဆရာအိမ်တွင် အလုပ်လုပ်သော မိန်းကလေးက လာရောက်၍ နှိုးလေသည်။ ပြီးလျှင် “ရှင်ဟာ ကျွန်မအရှင်ရဲ့ အသက်ကို ကယ်လိုက်တဲ့အတွက် ရှင့်ကို လျှို့ဝှက် ချက်တစ်ခုကို ပြောပြမယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ရှင့်ကို ဆရာကြီးက တစ်ခုခုတောင်းဖို့ ခွင့်ပြုရင် တတိယမြင်းဇောင်းမှာ ရှိတဲ့မြင်းကို ရှင့်အတွက် ဆုအဖြစ် တောင်းပေတော့” ဟု ပြောလေ သည်။

          လုလင်ငယ်သည် မိန်းကလေး၏ အကြံပေးချက်အတိုင်းမှော်ဆရာကြီးက ဆုလာဘ်အဖြစ် လိုချင်သည်ကို တောင်းခိုင်းသော အခါ တတိယမြင်းဇောင်းမှ မြင်းတစ်ကောင်ကို တောင်းလေသည်။ မှော်ဆရာကြီးက “ကောင်းပြီလေ ယူပေါ့၊ မင်းက ငါ့အသက်သခင်ကျေးဇူးရှင်ပဲ။ မင်းတောင်းတာ ပေးရမှာပေါ့။ နောက်ပြီး ဟောဒီ တယောနဲ့ တယောထိုးတံကို ယူသွားဦး၊ မင်း တကယ်လို့ အသက် အန္တရာယ်နဲ့ တွေ့လို့ရှိရင် သူ့ကို တီးပေတော့” ဟု ပြောကာ ပေး လိုက်သည်။

          လုလင်ငယ်သည် မှော်ဆရာကြီးအား ကျေးဇူးတင်စကား ပြောကြားကာ မြင်းပေါ်ခုန်တက်ပြီး သူ့အိမ်ရှိရာဆီသို့ ခရီးဆက် လာခဲ့လေသည်။ မြင်းစီး၍ ခရီးသိပ်မရောက်ခင် မြင်း၏ပါးစပ်မှ ပြောလိုက်သော စကားကြောင့် လုလင်ငယ်သည် အလန့်တကြား ဖြစ်ရလေသည်။

           “ငါကတော့ မင်းကို အခုချက်ချင်း အိမ်ပြန်တာကို မထောက်ခံချင်ဘူး၊ မင်းအိမ်က မင်းထွက်ပြေးလို့ မင်းအဖေက မင်းကိုစိတ်ဆိုးပြီး ရိုက်မှာသေချာတယ်၊ ဒီတော့ မင်းရဲ့ ဘဝရှေ့ရေး အတွက် ပိုက်ဆံရှာတာကို အရင်လုပ်ပါ။ ပြီးတော့မှ မင်းအိမ်ပြန်ချင် သေးတယ်ဆိုရင် ပြန်ပေါ့၊ ငါအကြံပေးချင်တာတော့ ဘုရင့်နန်းတော် ဘက်ကို သွားပြီး ငါတို့အတွက် ဘာများ ကံစီမံတာရှိသလဲဆိုတာ သွားကြည့်ချင်သေးတယ်”

          ဟု မြင်းက လူစကားပြောလာသည်။

          လူငယ်ကလည်း မြင်းအကြံပေးသည့်အတိုင်း လိုက်နာရန် အဆင်သင့်ပင် ဖြစ်သည်။ ဘုရင့်နန်းရင်ပြင်သို့ ရောက်သောအခါ ဘုရင်ကြီးသည် မြင်းကိုအလွန်သဘောကျသဖြင့် ထိုမြင်းကိုရောင်းရန် ပြောသည်။ မြင်းတန်ဖိုးအတွက်လည်း လူငယ်ကြိုက်သလောက် တောင်းရန် ပြောလေသည်။

           မြင်းက တစ်ဖန် လူငယ်လေးကြားရုံ တိုးတိုးလေးဖြင့် “ငါ့ကို မရောင်းပါနဲ့၊ ဘုရင်ကို ဘုရင့်မြင်းဇောင်းမှာ တည်းခိုခွင့်တောင်း၊ နောက်ပြီး ဘုရင်ကြီးကသာ မြင်းဇောင်းမှာ နေခွင့်ပြုမယ်ဆိုရင် ဘုရင့်မြင်းဇောင်းက မြင်းတွေအားလုံးဟာ ငါ့လိုပဲ လှသွားလိမ့်မယ်လို့ ပြော” ဟု သင်ပေးလေသည်။

          ဘုရင်ကြီးလည်း လူငယ်က အထက်ပါအတိုင်း ရှင်းပြသော အခါ သဘောတူလိုက်သည်။ ရက်အနည်းငယ်အတွင်းမှာပင် ဘုရင့် မြင်းဇောင်းရှိ မြင်းအိုကြီးများမှာ နုပျိုလာကာ လှပြီး ချောပြီးသော မြင်းများမှာ ပိုမို ချောလာကြသည်။ ဘုရင်ကြီးလည်း အလွန်သဘော ကျကာ လူငယ်အား ဆုတော်ငွေများစွာ ပေးလေသည်။

          နန်းတော်ထဲတွင် လုလင်ငယ်အား သဘောမကျသူတစ်ယောက် တော့ ရှိလေသည်။ ထိုသူမှာ မြင်းများကို ကြည့်ရှုထိန်းသိမ်းရသော မြင်းထိန်းဖြစ်သည်။ ဘုရင့်မြင်းထိန်းမှာ လူငယ်ကို လုံးဝ မနာလို ဖြစ်နေသည်။ ထို့ကြောင့် ဘုရင်ကြီးအား ဤလူငယ်သည် ဘုရင့်အား လှည့်စားနေကြောင်း၊ လိမ်လည်နေကြောင်း လျှောက်တင်သည်။ ဘုရင်ကြီးကလည်း “ဒီကောင်သာ တကယ်လို့ ငါ့ကိုလိမ် တာဆိုရင် ငါ ပေါ်အောင်လုပ်ရမှာပဲ” ဟု ကြိမ်းဝါးကာ လူငယ်အား ခေါ်၍ “မင်းဟာ သိပ်ကိုတော်ပါပေတယ်၊ ဒါ့ကြောင့် မင်း တော ထဲကိုသွားပြီး ငါ့ ရဲ့ မိဖုရားကြီးကို ရအောင်ရှာပေးပါ၊ ငါ့မိဖုရားကြီး

ဟာ ငါနဲ့အတူ တောလည်သွားရင်း ပျောက်သွားတာ ခုနစ်နှစ်လောက် ရှိပြီ” ဟု ပြောလေသည်။

          လူငယ်လေးသည် ဘုရင်၏မိန့်ကြားချက်ကို ကြားသောအခါ အလွန်စိတ်ပျက်သွားလေသည်။ သို့သော် ဟန်မပျက် ခေါင်းငုံ့ အရို - အသေပေးကာ မှော်ဆရာပေးလိုက်သော မြင်းကို ကုန်းနှီးကြိုး တပ် ဆင်ပြီး ထွက်ခဲ့သည်။ ပြီးတော့မှ သက်ပြင်းချကာ “ငါ ဘာလုပ်ရမလဲ” ဟု မေးလိုက်သည်။ ။

          ထိုအခါ မြင်းက “အလွယ်လေးပါကွာ၊ ဖြစ်ပုံကတော့ကွာ၊ ငါဟာ ဘုရင်ကြီးရဲ့ ပျောက်ဆုံးနေတဲ့ မိဖုရားကြီးပဲ၊ မှော်ဆရာကြီးက ငါ့ကို အခုလိုဖြစ်အောင် ပြုစားထားတာ၊ ငါ့ကို ပင်လယ်ထဲကို စီးသွားပါ၊ ဟိုကျရင် ဘာဖြစ်မယ်ဆိုတာ တွေ့ရမယ်” ဟု ပြောပြသည်။

          လူငယ်သည် သူ့ကိုပြောသည့်အတိုင်း မြင်းကို ပင်လယ်ဆီသို့ မောင်းနှင်သွားသည်။ ပင်လယ်ရေကို မြင်းထိသည်နှင့် မြင်းသည် ကမ္ဘာပေါ်တွင် အလွန်လှပချောမောသော မိဖုရားကြီးအဖြစ် ပြောင်းလဲ သွားသည်။

          ဘုရင်သည် မိဖုရားကြီးကို ပြန်ရသော်လည်း မကျေနပ်သေး ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင့်မြင်းထိန်းက လူငယ်သည် ဘုရင်ကြီး၏ အသက်ကို သတ်ရန်အတွက် ကြံစည်နေကြောင်း ကုန်း တိုက် ပြောဆိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူငယ်အား ကြိုးဆွဲချသတ်ပစ်ရန် အမိန့်ပေးလေသည်။ လူသတ်ကုန်းသို့ ရောက်သောအခါ လူငယ်က “ကျွန်တော့်ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ ခွင့်ပြုပါ၊ ကျွန်တော် မသေခင် ကျွန်တော့်ရဲ့ တယောကို တီးခွင့်ပေး ပါ” ဟူ၍ ဖြစ်သည်။

          လူငယ်၏ နောက်ဆုံးဆန္ဒကို ဘုရင်ကြီးက သဘောတူ ခွင့်ပြု လိုက်သည်။ သို့သော် လူရွယ်စတင်၍ တယောတီးသည်နှင့် ဘုရင် အပါအဝင် လူတိုင်းသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ကကြလေ သည်။ လူတိုင်းသည် ကကြရာမှာ ပင်ပန်းလွန်းသဖြင့် လူရွယ်ကို ကြိုးကွင်းစွပ်ရန်ပင် အားမရှိတော့ချေ။

          နောက်တစ်နေ့တွင် သူတို့သည် လူရွယ်အား ကြိုးကွင်းစွပ်ပြီး သတ်ရန် လုပ်ကြပြန်သည်။ လူရွယ်က တစ်ဖန် “ကျွန်တော့်ကို နောက်ဆုံးတစ်ခု တောင်းဆိုခွင့်ပြုပါ၊ ကျွန်တော် တယောထိုးတာနဲ့ သီချင်းတီးခွင့် ပေးပါ” ဟု ပြောလေသည်။

          ဘုရင်ကြီးမှာ မကျေမနပ်ဖြင့် ခွင့်ပြုရလေသည်။ သို့သော် သီချင်းမတီးခင် ဘုရင်ကြီးက သူ့ကို သစ်ပင်တစ်ပင်တွင် ကြိုးနှင့် ချည်နှောင်ထားရန် တောင်းဆိုသည်။ ပါးစပ်မှလည်း “ဘာပဲဖြစ်ဖြစ် ငါ မကဘဲနေမယ်” ဟု အော်၍ ပြောလေသည်။

          ဘုရင်ကြီးအား သစ်ပင်တွင် ချည်နှောင်ပြီးသည်နှင့် လူငယ် သည် စတင်၍ တီးလေသည်။ ချက်ချင်းပင် ဘုရင်ကြီးကို ချည်နှောင် ထားသော သစ်ပင်သည် စ၍ ကလေသည်။ ထိုသစ်ပင်သည် ကရင်း - ကရင်း အမြစ်မှ ကျွတ်ထွက်ကာ လူများနှင့် ဝေးရာဆီသို့ ပျောက် ကွယ်သွားသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်သည်။

          သို့နှင့် လူငယ်သည် မိဖုရားကြီးကို လက်ထပ်ကာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်လေသည်။ ပြီးလျှင် ပျော်ရွှင်စွာဖြင့် အသက်ထက်ဆုံး နေထိုင်လေသည်။