Skip to product information
1 of 3

Other Websites

တက္ကသိုလ်နန္ဒမိတ် - သန်းခေါင်ယံခုနှစ်မိနစ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အဖွင့်
၁၉၄၄ ခု၊ မတ်လ

          ရေညှိရောင် စစ်ဂျစ်ကားလေးတစ်စီးက လစ်စဒတ်မြို့ဆီသို့ ခရီးပြင်း နှင်လျက်။ကားမောင်းနေသူက ဒုတပ်ကြပ်မိုက်။ ဘေးတွင်ထိုင်၍လိုက်ပါလာသူက ဗိုလ်မှူးဂျက်။ကားနောက်ဘက် ထိုင်ခုံပေါ်တွင် အမ်ပီ ၃၈ မရှင်ပစ္စတိုကို ရင်ခွင်တွင်ပိုက် ကာ သီချင်းညည်းလျက် ဝဲယာ တစ်ဖက်တစ်ချက် မျက်စိကစားရင်း လိုက်ပါ လာသူက တပ်ကြပ်ကြီးဖူးလား။

          သူတို့သုံးယောက်သည် အမှတ်(၁) ဗြိတိသျှကွန်မန်ဒို တပ်မဟာမှ ထောက် လှမ်းရေးများဖြစ်ကြသော်လည်း သူတို့ကိုယ်ပေါ်တွင် ဆင်မြန်းထားကြသည်ကတော့ ဂျာမန်ကြည်းတပ် စစ်ဝတ်စုံများ ။ ဝတ်စုံများပေါ်တွင် တပ်ဆင်ထားကြသည်ကလည်း ကြည်းတပ် ရာထူး တံဆိပ်များ။သူတို့စစ်အင်္ကျီအိတ်ထဲတွင်လည်း ကြည်းတပ်ရာထူးအဆင့်များ၊ အမည် များကို ဖော်ပြထားသည့် စာရွက်စာတမ်းများ။

          လစ်စဒတ်သည် လစ်ပီမြစ်ကမ်းပေါ်ရှိ မြို့ငယ်တစ်မြို့မျှသာ။

          သို့သော် မြို့ငယ်ကလေးမျှသာဖြစ်သော လစ်စဒတ်သည် စစ်ကြီးအတွင်း လတ်တလောပေါ်ပေါက်နေသည့် စစ်အခြေအနေအရ အရေးပါသောဒေသတစ်ခု။

          ဆည်းဆာအချိန်သို့ရောက်ရန် နှစ်နာရီလောက်လိုနေသည့်တိုင် အနောက် တောင်ဘက် ကောင်းကင်တွင် တဝင်းဝင်းတလက်လက် ထိုးတက်နေသည့် ကျည်ရောင်များကို မြင်နေရ၏။ဗုံးသံ အမြောက်သံကျလည်း မိုးထစ်ချုန်းနေသလို။ဂျာမန်စစ်သူကြီး မိုဒယ်တပ်မတော်တပ်ဖွဲ့ အမှတ်ဘီသည် ရူဟာ စစ် နယ်မြေကို ဝိုင်းရံတိုက်ခိုက်လာသော အမေရိကန်တပ်များအလယ်တွင် ညှပ်ပူး ညှပ်ပိတ် အမိခံရစေရန် ပြင်းပြင်းထန်ထန်ခုခံရင်း ခွာစစ်ဆင်နေသည်။

          သို့ဖြစ်၍လည်း အနောက်တောင်ဘက် ကောင်းကင်တွင် လေယာဉ်ပစ် အမြောက်ကြီးများ၊ အဝေးပစ်အမြောက်ကြီးများမှ ပေါ်ထွက်လာသည့်အရောင် များက ပြောင်ပြောင်ဝင်းဝင်း ထွန်းလက်နေခြင်း။

          ကားနောက်ဘက်ထိုင်ခုံတွင် အမြင့်ကြီးများ၊ အပုကလေးများ၊ အရှည် ကြီးများ စစ်ဇာတ်ကားမှ သီချင်းတစ်ပုဒ်ကိုညည်းရင်း လိုက်ပါလာသော တပ် ကြပ်ကြီးဖူးလားက ရှေ့ထိုင်ခုံမှ ဗိုလ်မှူးဂျက်အား လှမ်းမေးလိုက်သည်။

          “ဘယ်လောက်လိုသေးသလဲ ဗိုလ်မှူး”

          သုံးယောက်လုံးပင် ဂျာမန်စကားကို ဂျာမန်အမျိုးသားများနှင့်မခြား ပြောတတ်သူများ။

သို့ဖြစ်၍လည်း ဖူးလားက ဂျာမန်စကားဖြင့်ပင် မေးလိုက်ခြင်း။ “ငါးမိုင်လောက်ပဲ လိုတော့တယ်”

          မြေပုံစာရွက်ကိုလည်းမကြည့်၊ ခရီးသွားပြီးသည့် မိုင်ကိုဖော်ပြသည့် ဒိုင်ခွက် ကိုလည်းမကြည့်ဘဲ ရှေ့ ကိုသာ လှမ်းမျှော်ကြည့်နေသည့် ဗိုလ်မှူးဂျက်က အဖြေ ပေးလိုက်ရင်း...၊

          “လမ်းမှာ မီးနီတွေနဲ့တိုးမနေရင်တော့ ဆယ်မိနစ် ဆယ့်ငါးမိနစ်အတွင်း ရောက်မှာပါ”

          "ကျွန်တော်တော့ ယန့်တွေရဲ့ ခရီးဝေး ဖောက်ထွင်းထောက်လှမ်းရေး တွေနဲ့ ရင်ဆိုင်တိုးမိမှာပဲစိုးတယ်"" “ဟုတ်တယ်၊ ဒါပဲစိုးရိမ်စရာရှိတယ်”

          ယန့်ဆိုသည်မှာ အမေရိကန်များအား ဗန်းစကားဖြင့် ယန်ကီဟုခေါ်ရာမှ အတိုချုံးလိုက်သည့် ဝေါဟာရ။ 

          ဗြိတိသျှတို့၏ အမှတ်(၁) ကွန်မန်ဒိုတပ်မဟာက မတ်လ ၂၃ ရက်နေ့တွင် ရိုင်းမြစ်ကို ဝီဆယ်ဆိုသောနေရာမှ ဖြတ်ကူးလာခဲ့ရာ၌ ဗိုလ်မှူးချက်နှင့် အဖွဲ့သား နှစ်ယောက်က မိမိတို့တပ်နှင့်အတူ ပါလာခဲ့သည်။

          ခုတော့ သူတို့သုံးယောက်က ဂျာမန်ကြည်းတပ် စစ်ဝတ်စုံကိုဆင်မြန်းကာ ဂျာမနီ စစ်ဂျစ်ကားတစ်စီးဖြင့် ဆွီဇာလန်နယ်စပ်မှ မိုင်တစ်ရာခန့်အကွာ ဂျာမနီနိုင်ငံအတွင်း၌ လှုပ်ရှားနေခြင်း။

          လစ်စဒတ်မြို့ထဲတွင် ဗြိတိသျှ အမျိုးသမီးသူလျှိုအဖြစ် လျှို့ဝှက်သတင်းပို့ နေခဲ့သော ဟယ်လင်အား ဂျာမနီနိုင်ငံမှ ပြန်ခေါ်ရန်။လစ်စဒတ်မြို့ရှိ ဂျာမန်ခဲယမ်းမီးကျောက်တိုက်ကြီးကို ဖောက်ခွဲဖျက်ဆီးရန်။

          ဤတာဝန်နှစ်ရပ်ကို ထမ်းဆောင်ရေးအတွက် ဗိုလ်မှူးချက်အား တာဝန်ပေးခဲ့သည်။

          သို့ဖြင့် သူတို့သည် ရည်မှန်းချက်ရှိရာ လစ်စဒတ်မြို့ငယ်သို့ ပုံမှားရိုက်၍ ချီတက်လာခဲ့ခြင်း။လစ်စဒတ်မြို့ ကလေးသည် ဂျာမန်စစ်ကြောင်း နောက်တန်းနှင့် မိုင်များစွာ မကွာ။ သို့တိုင်အောင် အမေရိကန် ခရီးဝေးဖောက်ထွင်းထောက်လှမ်းရေး တပ်သားများက ဤကဲ့သို့သော နေရာမျိုးအထိ ရောက်လာတတ်သည်။

          သည်အကြောင်းကို သူတို့သုံးယောက်လုံး နားလည်ပြီးသား။သူတို့သုံးယောက်စလုံးပင် ဂျာမန်စကားကို မွတ်နေအောင်တတ်သည်။ ဂျာမန်ကြည်းတပ်ဝတ်စုံနှင့် ရာထူးတံဆိပ်များ တပ်ဆင်ထားသဖြင့် ဂျာမန်တပ် များနှင့် ရင်ဆိုင်တိုးရမည်ကို မစိုးရိမ်။သို့သော် ခရီးဝေးဖောက်ထွင်းထောက်လှမ်းရေး အမေရိကန်တပ်မှ တပ်ဖွဲ့ သားများနှင့် တွေ့ရလျှင် ... ။သည်အတွေးက သူတို့သုံးယောက်အား စိုးရိမ်စိတ်ပွားနေစေ၏။

          ဂျာမန်စစ်ကား၊ ဂျာမန်စစ်ဝတ်စုံဖြင့် မှာရိုက်လာသော သူတို့သုံးယောက် အား အမေရိကန် ထောက်လှမ်းရေးသမားများက လက်ဦးအောင် ဖျောင်ပစ်ကြ မည်မှာ မုချ။

          သို့ဖြစ်၍လည်း ဂျစ်ကားနောက်ဘက်တွင် လိုက်ပါလာသည့် တပ်ကြပ်ကြီး ဖူးလားက သီချင်းအညည်းရပ်ကာ စိုးရိမ်မှုကို ဖော်ထုတ်ခဲ့ခြင်း။

          မည်သို့ပင်ဖြစ်စေ၊ ရည်မှန်းချက်နှစ်ရပ်ဆီသို့ ချဉ်းကပ်ကာ အောင်မြင်မှု ရအောင် ဆောင်ရွက်ရမည်က ဗိုလ်မှူးဂျက်၏ တာဝန်။

          ဗြိတိသျှအမျိုးသမီးသူလျှို ဟယ်လင်သည် ဇန်နဝါရီလကပင် လစ်စဒတ် ၏ မြို့ငယ်သို့ စစ်ပြေးဒုက္ခသည်တစ်ယောက်အဖြစ် အခြားသူများနှင့် ရောနှော လျက် ရောက်ရှိလာခဲ့၏။

          ဟယ်လင်နေထိုင်သည့်လမ်းမှ လူများက သူမအား ဂါဝါစတိန် အမည်ဖြင့်သိနေကြသည်။

          ရုဟာစစ်နယ်မြေမှ စစ်သတင်းများကို ဟယ်လင်က ဗြိတိသျှဆောက်လှမ်း ရေးအဖွဲ့ထံ ပေးပို့နိုင်ခဲ့သည်။

          ဂျာမန်စစ်သူကြီးမိုဒယ်၏ နောက်တန်းခဲယမ်းမီးကျောက်တိုက်ကြီး မည် သည့်နေရာတွင်ရှိနေသည်ကိုလည်း ဟယ်လင်က အတိအကျသိထားပြီဆိုသည့် သတင်းကိုလည်း ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့က ရရှိခဲ့သည်။

          မိုဒယ် နောက်တန်းခဲယမ်းမီးကျောက် သိုလှောင်ရေးတိုက်ကြီးကို ဗြိတိသျှ လေတပ်က လေကြောင်းမှ တိုက်ခိုက်ရမည်ကလည်း ခက်နေပြန်သည်။

          ဂျာမန်တို့က သိုလှောင်ရေးတပ်များအဖြစ် ထင်မှတ်စေနိုင်မည့် တိုက်ခေါင်မိုး များပေါ်တွင် ကြက်ခြေနီအမှတ်အသားများကို ထင်ထင်ရှားရှားကြီး ရေးခြယ်ထားသည်။

          အပြစ်မဲမြို့နေလူထုကို မထိခိုက်စေချင်သည့် ဗြိတိသျှစစ်အာဏာပိုင်များက စစ်နှင့်မသက်ဆိုင်သည့်နေရာကို လေကြောင်းမှတိုက်ခိုက်ခြင်းမပြုရဟု တားမြစ် ထားခဲ့၏။

          ဟယ်လင်ကိုလည်း ဂျာမန်ထောက်လှမ်းရေးက မသင်္ကာဖြစ်လာပြီး အမြဲ မပြတ် စောင့်ကြည့်နေခဲ့ရာ လက်ရှိနေရာတွင် ဆက်နေ၍မဖြစ်တော့ဟု သတင်း ရထားခဲ့သည်။

          ထို့ကြောင့် ဟယ်လင်အားတွေ့ရန် အရေးအကြီးဆုံး။ ဟယ်လင်အား မတွေ့ရလျှင် ဒုတိယရည်မှန်းချက်ကိုလည်း ဆက်လက် ဆောင်ရွက်နိုင်တော့မည်မဟုတ်။

          သို့ဖြစ်၍ ဗိုလ်မှူးဂျက်ခေါင်းဆောင်လျက် တာဝန်နှစ်ရပ်ကို ထမ်းဆောင်ရန် ချီတက်လာခဲ့ခြင်း။

          ရိုင်းမြစ်ကို တပ်မဟာနှင့်အတူ ဖြတ်ကူးလာပြီးနောက် ဂျက်က မန်းစတား မြို့ဘက်သို့ ခြေလျင်ခရီးပြင်းနှင်ခဲ့ရသည်။သူတို့အဖို့ လိုနေသည်မှာ ဂျာမန်စစ်တပ်သုံး ကားတစ်စီး။ခြေလျင်နှင်နေခြင်းဖြင့် ခရီးမတွင်ရုံမက ဂျာမန်ထောက်လှမ်းရေးက မယုံ မကြည်ဖြစ်လာမည်ကိုပင် ကြောက်နေရသေးသည်။

          မန်းစတားမြို့ဘက်သို့ ချီတက်ရာ လမ်းတစ်လျှောက်တွင် ရံဖန်ရံခါ စီတန်းရပ်ထားသည့် ဂျာမန်စစ်ကားများကို တွေ့ရပါ၏။သို့သော် ကားအရေအတွက်နှင့် တပ်သားအရေအတွက်က များများ။ ဂျက်အဖို့ အခွင့်မသာ။

          သန်းခေါင်အချိန်မှ ချီတက်လာခဲ့သော ဂျက်နှင့်အဖွဲ့သည် နံနက် အရုဏ် တက်လုနီးသို့ ရောက်လာတော့မှ ချက်ကောင်းကိုတွေ့ရတော့၏။ စက်ပျက်၍ လမ်းတွင် ရပ်ထားရသည့် စစ်တပ်ဂျစ်ကားတစ်စီး။

          ကားဒရိုင်ဘာက ဂျစ်ကားအဖုံးကိုဖွင့်ကာ ခေါင်းငုံ့လျက် အလုပ်ရှုပ်နေ၏။ အဖော်ဖြစ်သူက ဂျစ်ကားခြေနင်းခုံပေါ်တွင် မှေးထိုင်ရင်း စီးကရက်ဖွာနေ၏။ဗိုလ်မှူးဂျက်က ၅ မိနစ်ခန့်ကြာအောင် အခြေအနေကို စောင့်ကြည့် ခိုက်သည်။အနီးအနားတွင် အနားယူနေသည့် အခြားစစ်သားများမရှိ ဂျစ်ကားတစ်စီးနှင့် ဂျာမန်တပ်သား နှစ်ယောက်တည်း။

          တပ်ကြပ်ကြီးဖူးလားအား အရေးရှိက ကာပစ် ပစ်ပေးနိုင်ရန် ရေရာယူ ခိုင်းလိုက်ပြီးနောက် ဗိုလ်မှူးဂျက်က ဒုတပ်ကြပ်မိုက်အား ကားခြေနင်းခုံပေါ်မှ ဂျာမန်အား သုတ်သင်ပစ်ရန် တာဝန်ပေးလိုက်၏။

          သူကမူ ခေါင်းငုံ့၍ အလုပ်ရှုပ်နေသည့် ဒရိုင်ဘာကို..။ စက္ကန့် ၆၀ ကြာအသွားတွင်ပင် လုပ်ရမည့်အလုပ်က ပြီးသွားသည်။တစ်ဖက်တစ်ချက်တွင် သစ်သားလက်ကိုင်တပ်ထားသည့် ဝါယာကြိုးဖြင့် ဗိုက်က ခြေနင်းခုံပေါ်မှ ဂျာမန်လင်ပင်းကို ဆွဲညှစ် သုတ်သင်ပစ်လိုက်သလို...

          ဗိုလ်မှူးဂျက်ကလည်း ငုံ့နေသော ဂျာမန်ဒရိုင်ဘာ၏ နောက်ကျောကို ဂျာမန်စစ်ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်သည်။

          ခြောက်ပေတွင် တစ်လက်မသာလျော့သော ဒုတပ်ကြပ်မိုက်က အသက် ၂၃ နှစ်အရွယ်၌ ကျွဲပေါက်တစ်ကောင်လို သန်သည်။

          မိခင်ဖြစ်သူက ဂျာမန်အမျိုးသမီးဖြစ်သောကြောင့်လည်း ဂျာမန်စကားကို မွတ်နေ၏။ မိုက်က ဂျစ်ကားခြေနင်းခုံပေါ်မှ ဂျာမန်ကို ပြောပြောဆိုဆိုဖြင့် လည်ပင်းညှစ်၍ သတ်နိုင်ခဲ့၏။

          မိုက်၏ မိခင်သည် မြူးနစ်မြို့တွင် ဟစ်တလာ၏ ရှပ်ညိုတပ်သားများ အရိုက်အနှက်ခံရကာ ကွယ်လွန်ခဲ့ရ၏။ သို့ဖြစ်၍လည်း မိုက်က ဟစ်တလာ တပ်သားများအပေါ်တွင် ကမ္ဘာမကြေ။

          ဖောက်ခွဲဖျက်ဆီးရေးတွင်လည်း မိုက်က စွမ်းသည့် ဒုတပ်ကြပ်တစ်ယောက်။စက်ဘက်တွင် အချက်ကျကျနားလည်သည့် တပ်ကြပ်ကြီးဖူးလားက ပျက် နေသည့် ဂျစ်ကားကို ပြင်ရာ၌ ဘာမှမကြာလိုက်။

          အရှေ့ဘက်မှ လင်းရောင်ခြည်ဖြာထွက်လာသည့်အချိန်တွင် သူတို့သုံး ယောက်က ဂျစ်ကားကိုမောင်း၍ ချီတက်လာခဲ့ကြပေပြီ။

          မန်းတောမြို့အား တောင်ဘက်တွင်ချန်ထားခဲ့သော သူတို့သည် ကွေ့ လျက် ဝိုက်လျက် အရှေ့ဘက်သို့ ဦးတည်လာခဲ့ကြသည်။

          မိုင် ၄၀ ခန့်မောင်းလိုက်သောအခါ ဂတ်တာဆလော့မြို့သို့ ရောက်လာ၏။ ဂတ်တာဆလော့သည် ရူဟာနှင့် ဟင်နိုဗာသွား လမ်းမကြီးပေါ်တွင် အလယ် လောက်၌ တည်ရှိနေသဖြင့် ဂျာမန်တပ်သားများ ခြေချင်းရှုပ်နေကြသည့်မြို့။

          တပ်သားများမှာ အများအားဖြင့် ဂျာမန် အမြဲတမ်းတပ်မတော်မှ တပ်သား များ။ သို့သော် ဟစ်တလာ ကိုယ်ရံတော်တပ်ဖွဲ့မှ အက်စ်အက်စ်တပ်သားအချို့ လည်း ပါဝင်နေ၏။

          တမြန်တစ်နေ့ညက ဗုံးကြဲခံလိုက်ရသဖြင့် လမ်းတွင် တိုက်ပြို တိုက်ဖျက် များ၊ ကားပျက်များဖြင့် အသွား အလာရ နှောင့်နှေးနေသည်။

          အထူးသဖြင့် လစ်စဒတ်မြို့ရှိရာ တောင်ဘက်သို့သွားလမ်းမှာ ကား ကားပျက်များဖြင့် လောလောဆယ် ပိတ်ဆို့လျက်။

          စစ်တပ်ထုံးစံအတိုင်း ခရီးသွားခွင့်အမိန့်များ ပါမလာသည့်တိုင် ဗိုလ်မှူးဂျက်၊ က မစိုးရိမ်။သူတို့သုံးယောက်ကိုလည်း မည်သူကမှ စစ်လား ဆေးလား လုပ်ခြင်းမရှိ ဂတ်တာဆလော့တွင် သောင်တင်နေကြခြင်းဖြစ်ရာ တစ်တပ်နှင့်တစ်တပ်၊ တစ်ယောက်နှင့်တစ်ယောက် မေးနေမြန်းနေနိုင်ခြင်း မရှိတော့။  မတ်လ ၃၀ ရက်နေ့၊ နေ့လယ်သို့ရောက်မှပင် ဗိုလ်မှူးချက်နှင့် အဖွဲ့က လစ်စဒတ်မြို့ ရှိရာ တောင်ဘက်သို့ ခရီးဆက်နိုင်ခဲ့ကြ၏။

          ဂျက်တို့အဖို့ ဂတ်တာဆလော့တွင် သောင်တင်နေခဲ့ရခြင်းအတွက် ရလိုက် သည့် အမြတ်ကား အခြား စစ်လော်ရီကားကြီးများထံမှ ဓာတ်ဆီပုံး ခိုးယူနိုင် ခဲ့ခြင်းပင်။

          မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီတွင် ဂျက်နှင့် အဖွဲ့က လစ်စဒတ်မြို့ ဆင်ခြေဖုံးသို့ ချဉ်းကပ်နိုင်ကြလေပြီ။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)