Skip to product information
1 of 5

Other Websites

တက္ကသိုလ်နန္ဒမိတ် - မြန်မာပြည်စစ်မြေပြင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

(၁၉၄၁) ခုနှစ်၊ မတ်လ (၁၃)ရက်နေ့၊

မကွေးမှ ပြည်သို့ လေယာဉ်ဖြင့် လာနေသော အချိန်တွင် မြန်မာ ပြည်၏ မြို့တော်ရန်ကုန်မှာ ရန်သူဂျပန်များ၏ လက်သို့ ရောက်နေပြီ ဖြစ်လျက် ရန်ကုန် မန္တလေးလမ်းမှာလည်း ပြတ်တောက်နေသော အင်္ဂလိပ်တပ်များ ပြင်ဦးလွင်သို့ တဖွဲဖွဲ ရောက်လာနေသော အချိန်တည်း။

ကြည့်လေတိုင်း သဲပွင့်များသာလျှင်မင်းမူနေသော အိုင်ရက် စစ်မျက်နှာမှ ရှစ်ရပ်ခွင်လုံး မင်စိမ်းဖုံးနေသလို စိမ်းစိုသော သစ်တောများ ရှိရာ မြန်မာပြည်စစ်မြေပြင်သို့ ရုတ်တရက် လာရောက်တာဝန်ယူရသော ကျွန်ုပ်မှာ အစသော် ယောင်တောင်တောင် ကြောင်တက်တက် ဖြစ်နေမိ သည်။ မြို့အမည် ရွာအမည်များကို ပြောရခေါ်ရသည်ကပင် တမျိုးဖြစ် နေ၏။ တစ်စုံတစ်ယောက်က မြို့တစ်မြို့ကို ဖော်ထုတ်၍ ပြောလိုက်လျှင်ပင် ထိုမြို့ ထိုဒေသ မည်သည့်အရပ်တွင် ရှိသည်ကို ဒိုးဒိုးဒေါက်ဒေါက် မသိနိုင်ဘဲ နေ၏။ မြန်မာပြည်သည် ကျွန်ုပ်အဖို့ သူစိမ်းပြင်ပြင် ဖြစ်နေလေသည်။

အမှတ် (၁) မြန်မာပြည်တပ်မကြီးအား ပြန်လည်စုစည်းရန် တာဝန်ပေးအပ်ခြင်း ခံရသော ကျွန်ုပ်သည် အိုင်ရက်မှ အိန္ဒိယ၊ အိန္ဒိယမှ မြန်မာပြည်သို့ လေကြောင်းခရီးဖြင့် ရောက်လာခဲ့ခြင်း ဖြစ်၏။ဤအချိန် တွင် ဘုရင့်လေတပ်မတော် အုပ်စုနချုပ်မှာ မင်္ဂလာဒုံကို စွန့်လွှတ်ခဲ့ရ ပြီးနောက် မကွေးတွင် ရောက်နေသည်။ ပြည်တွင် မြန်မာပြည်စစ်မြေပြင် တစ်ခုလုံးအား ကွပ်ကဲလျက်ရှိသော ဗိုလ်ချုပ်ကြီးအလက်ဇန်ဒါသည် စုဆောင်းမိသမျှသော အင်အားဖြင့် ဒီရေတက်သလို တက်လာ ရန်သူအား တတ်နိုင်သမျှ တားဆီးရန် အားထုတ်နေသည်။ ကျွန်ုပ်သည် ဗိုလ်ချုပ်ကြီးထံ သတင်းပို့ရန်နှင့် အမိန့်ကို နာခံရန် ပြည်သို့ လာခဲ့ခြင်း ဖြစ်၏။ဗိုလ်ချုပ်ကြီး၏ ဌာနချုပ်တွင် ပြန်လည်စုစည်းရမည့် အမှတ်(၁) တပ်မကြီး၌ ပါဝင်ရမည်ဖြစ်သော တပ်မနှစ်ခုမှ ဦးစီးနှစ်ယောက်ကို အဆင်သင့်ပင် တွေ့ရသည်။ ကံကောင်းထောက်မနေသည်မှာ ဦးစီးများ ဖြစ်သော ဗိုလ်ချုပ်ကလေး စကော့နှင့် ကိုဝင်သည် ကျွန်ုပ်နှင့် အနှစ်နှစ် ဆယ်တိုင်တိုင် တပ်ရင်းတစ်ရင်းထဲတွင် လက်ပွန်းတတီး နေခဲ့ဖူးသော မိတ်ဟောင်းဆွေဟောင်းများ ဖြစ်နေခြင်းပင်တည်း။

သူစိမ်းပြင်ပြင်ဖြစ်နေသော မြန်မာပြည်တွင် မိမိနှင့် လုပ်ဖော် ကိုင်ဖက် မိတ်ဟောင်းဆွေဟောင်းများကို တွေ့လိုက်ရသဖြင့် ကျွန်ုပ်သည် အားတက်၍ လာမိလေသည်။ "

စတော့ ဦးစီးရသော အမှတ် (၁) မြန်မာတပ်မှာ တောင်ငူအနီး တွင် အခြေစိုက်ထားသော ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းမှ တက်လာ မည့် ရန်သူများကို ချေမှုန်းရန် တာဝန်ယူထားရသည်။ ကိုဝင် ဦးစီးရသော အမှတ် (၁၇) အိန္ဒိယတပ်မမှာမူ စစ်တောင်းတံတားတိုက်ပွဲတွင် များစွာ အထိနာခဲ့ပြီးနောက် ပြည်မြို့ တောင်ဘက် မိုင် (၃၀)အကွာ၌ ပြန်လည် စုစည်းနေရဆဲ ရှိသေးသည်။ ဗိုလ်ချုပ်ကြီးအလက်ဇန်ဒါသည် ကျွန်ုပ်အား အမှတ် (၁)တပ်မ ကြီး ပြန်လည်စုစည်းရန် တာဝန်ပေးအပ်ပြီးနောက် ထိုနေ့တွင်ပင် အိန္ဒိယ သို့ ထွက်ခွာသွားသည်။

မြန်မာပြည်စစ်မြေပြင်ကို ကွပ်ကဲရန် ဗိုလ်ချုပ်ဟူတန်က တာဝန် ယူရသည်။ ကျွန်ုပ်မှာမူ ပြန်လည်စုစည်းရရှိသော အမှတ် (၁) တပ်မတော် ကြီးဖြင့် ပြည်မြို့ မှနေ၍ တက်လာသော ရန်သူကို ခုခံရန်တည်း၊

ယခုအချိန်ထိ စုစည်းရရှိထားသော ကျွန်ုပ်၏တပ်မကြီးကို စစ်ဆေးကြည့်လိုက်သောအခါ မြန်မာပြည်စစ်ဌာနချုပ်မှ ကြွင်းကျန်နေသော အရာရှိ အရာခံနှင့် တပ်သားအချို့ကို တွေ့ရ၏၊ စုစုပေါင်းမှ လူခြောက်ဆယ်ထက် မကျော် ..

ကျွန်ုပ်၏ တပ်မကြီးဌာနချုပ်ကို ပြည်မြို့ရှိ တရားရုံးဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် ညွှန်ကြားခဲ့ပြီးနောက် ကိုဝင်နှင့်အတူ တောင်ဘက် မိုင်သုံးဆယ်အကွာရှိ အမှတ် (၁၇) အိန္ဒိယတပ်မအား စစ်ဆေးရန် ထွက် လာသောအခါ ပွဲတော်ကြီးတမျှ ဖွေးဖွေးလှုပ်နေသော လူအုပ်ကြီးကို တွေ့ ရ၏။ ကုလားစစ်ပြေး ဒုက္ခသည်များတည်း။

(၁၇)တပ်မမှာ စစ်တောင်းတံတားတိုက်ပွဲ၌ အထိနာခဲ့သည် မှန် သော်လည်း စိတ်ဓာတ်ကြံ့ခိုင်လျက် ရှိသည်ကို တွေ့ရ၏။ နောင်အခါ၌ ဝင်းဂိတ်၏ ခြင်းဇစ်အထူးတပ်ဖွဲ့တွင် လူစွမ်းကောင်း တစ်ဦးအဖြစ် နာမည်ကျော်လာသော အသက်ငယ်ငယ်သာ ရှိသေးသည့် ဗိုလ်မှူးမိုက်ကားလ်ဗက်မှာ (၁၇)တပ်မတော်တွင် ပါဝင်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ သူသည် ရန်သူများ သိမ်းယူထားသော ဟင်္သာတမြို့ကို မြစ်ကြောင်းမှနေ၍ ရဲရဲဝံ့ဝံ့တိုက်ခိုက်ကာ ဂျပန်အရာရှိများပါသော မြန်မာ ဘီအိုင်အေတပ်အား အထိအခိုက် အကျအဆုံးများအောင် လုပ်နိုင်ခဲ့၏။ ထိုနည်းတူ (၁၇)တပ်မမှ အခြားတပ် တစ်တပ်ကလည်း လက်ပံတန်းကို ဝင်ရောက် တိုက်ခိုက်ကာ ရန်သူများကို မောင်းထုတ်နိုင်ခဲ့သည်။

မတ်လ (၂၂) ရက်နေ့တွင် ရန်သူက ပြည်မြို့အား လုပ်ကြံမည့် အရိပ်အယောင်များ တွေ့ရသဖြင့် တောင်ငူတွင် ရှိနေသော အမှတ် (၁) မြန်မာတပ်မကို ဒရင်ဒဘို၊ ကျောက်ပန်းတောင်း၊ အောင်လံဒေသသို့ ချီတက်ရန် အမိန့်ပေးလိုက်သည်။ စစ်ကူရောက်လာသော အမှတ် (၅) တရုတ် တပ်မတော်က ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းကို ကာကွယ် စောင့်ရှောက်သည်။ ပြည်မြို့ တောင်ဘက်ရှိ မိုင်သုံးဆယ်အကွာတွင် နေသော အမှတ် (၁၇) အိန္ဒိယတပ်မတော်ကိုလည်း ပြည်သို့ ချီလာစေပြီး တပ်စုစေသည်။ ရန်သူလေယာဉ်များက ပြည်မြို့ ကို ခဏခဏ လာရောက်ဗုံးကြဲတိုက်ခိုက်သော်လည်း အင်အားမများလှ။ ရန်သူ၏ ပဉ္စမံတပ်သားများက အိုးအိမ်များကို ညစဉ်လိုလို မီးတင်ရှို့ကာ ကျွန်ုပ်တို့အား နှောင့်ယှက်ကြ သည်။ ပြည်မြို့သည် ပဉ္စမံတပ်သား အင်အားကောင်းသော မြို့တစ်မြို့တည်း။ ဧရာဝတီမြစ်ကိုဖြတ်၍ တောင်ကုတ်တောင်ကြားလမ်းမှ တစ်ဆင့် အိန္ဒိယသို့သွားရန် ရောက်ရှိနေကြသော ကုလားစစ်ပြေးဒုက္ခသည်များ အရေးကလည်း ဤအထဲတွင် တမှောင့်ဖြစ်နေသည်။ ကျောက်ရောဂါ၊ ဝမ်းရောဂါလည်း ပြန့်ပွားလျက် ရှိနေပါသည်။

ကျွန်ုပ်၏ အမှတ် (၁) တပ်မကြီးတွင် ပါဝင်သော တပ်ဖွဲ့ ကလေး များက ဟင်္သာတတိုက်ပွဲ၊ လက်ပံတန်းတိုက်ပွဲ စသော တိုက်ပွဲကလေးများ ကို အနိုင်တိုက်၍ ကျွန်ုပ်တို့ တပ်သားများ၏ စိတ်ဓာတ်ကို မြှင့်နေစဉ် မကွေးတွင်ရှိသော လေတပ်အုပ်စုကလည်း တတ်နိုင်သမျှ အစွမ်းပြနေ၏။

" မတ်လ (၂၀)ရက်နေ့တွင် လေကြောင်းကင်းထောက်ချက်အရ မင်္ဂလာဒုံ၌ ရန်သူလေယာဉ်အစင်း (၅၀)ခန့် ရှိနေသည်ကို သိရှိရသည်။ ထို့ကြောင့် မကွေးတွင် ရှိသမျှ လေယာဉ်နှင့် စစ်တွေတွင် အစောင့်ချထားသော လေယာဉ်များပူးပေါင်းကာ ရန်သူလေယာဉ်များကို တိုက်ခိုက်သည်။ ကောင်းကင်တိုက်ပွဲတွင် ရန်သူလေယာဉ် (၁)စင်း ပျက်ကျပြီး လေယာဉ် ကွင်းရှိ ရန်သူလေယာဉ် (၁၆)စင်းကို ဖျက်ဆီးနိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့ ဘက်မှ တစ်စင်းသာ ပျက်ကျခဲ့သည်။

“ဤသတင်းကို ကြားရ၍ ဝမ်းသာနေစဉ် မတ်လ (၂၁)ရက်နေ့၌ ရန်သူက အင်အားအများအပြားဖြင့် မကွေးလေယာဉ်ကွင်းကို လာရောက် တိုက်ခိုက်ကြောင်း သတင်းရရှိသည်။ ရန်သူသည် နောက်တစ်ရက် ညနေ အထိ ခြောက်ကြိမ်တိုင်တိုင် လေယာဉ်အစင်း (၂၅၀)ကို အသုံး၍ တိုက် စစ်ဆင်သည်။

ပထမအကြိမ် တိုက်ခိုက်ရန်လာစဉ် မကွေးလေယာဉ်ကွင်းပေါ်၌ အင်္ဂလိပ်လေယာဉ် (၃၂)စင်းသာ ရှိနေသည်။ ဤလေယာဉ်များအနက် အချို့က ကောင်းကင်သို့ အချိန်မီ တက်နိုင်ပြီး ရန်သူလေယာဉ်များကိုတိုက်ခိုက်နိုင်သည်။ ရန်သူ့ဘက်မှ လေးစင်း ပျက်ကျသွားသည်။ သို့သော်

အင်အားချင်းက အဆမတန် ကွာနေရာ ... မတ်လ(၂၂)ရက်နေ့ နံနက် ကိုးနာရီသို့ ရောက်သောအချိန်၌ အင်္ဂလိပ်ဘက်မှ လေယာဉ်ခြောက်စင်း မျှသာ ကျန်နေတော့၏။ ထို ခြောက်စင်းတွင်လည်း သုံးစင်းသာ ပြန်လှန် ခုခံနိုင်သည့်အခြေ ရှိနေသည်။ မတ်လ (၂၃)ရက် နှင့် (၂၇)ရက်နေ့များ

တွင် ရန်သူသည် စစ်တွေလေယာဉ်ကွင်းကိုလည်း အင်ကြီးအားကြီးဖြင့်တိုက်ခိုက်ပြန်ရာ မြန်မာပြည်စစ်မြေပြင်ရှိ ကြွင်းကျန်သမျှ လေယာဉ်များ မှာ အိန္ဒိယသို့ အပြီးအပိုင် ရွှေ့ပြောင်းသွားရတော့သည်။

ဤအချိန်မှ စ၍ ကျွန်ုပ်၏ တပ်မကြီးသည် လေကြောင်းဖြင့် ကင်းထောက်ခြင်းကို လုံးဝ မလုပ်နိုင်တော့ချေ။ ရန်သူ့ဘက်မှ လေကြောင်းအင်အားမှာ ပြိုင်ဘက်ကင်းလာသည်နှင့်အမျှ ပြည်၊ မိတ္ထီလာ၊ သာစည်၊ ပျဉ်းမနား၊ ပြင်ဦးလွင်၊ လားရှိုး၊ တောင်ကြီး၊ မန္တလေး စသော မြို့များမှာ ရန်သူ့ဗုံးဒဏ်ကြောင့် မီးဟုန်းဟုန်းတောက်၍ လာတော့သည်။

ကျွန်ုပ်တို့ တပ်သားများမှာလည်း တိုက်ကြီး အိမ်ကြီးများတွင် စခန်းမချ ရဲတော့ဘဲ တောထဲသို့ ဝင်၍နေကြပြီး ညအချိန်၌သာချီတက်ရတော့၏။ လေကြောင်းမှ ကင်းမထောက်နိုင်သည့်အထဲ မြေပြင်ထောက်လှမ်းရေး အစီအစဉ်ကလည်း ညံ့ဖျင်းလျက်ရှိရာ ကျွန်ုပ်တို့သည် ရန်သူ့အခြေအနေ ကို ကောင်းစွာ သိခွင့်မရတော့ဘဲ အကန်းလမ်းလျှောက်သလိုသာ ချီတက် နေရသည်။

ကျွန်ုပ်တို့သည် လေတပ်အကူအညီ လုံးဝမရဘဲ ဖြစ်သည့်နည်း ဖြင့် ရန်သူကို ခုခံနေကြစဉ်၊ စစ်တောင်းမြစ်ဝှမ်းတွင် ကြံ့ကြံ့ခံနေသော အမှတ် (၂၀၀) တရုတ်တပ်မမှာ ဂျပန်တို့၏ အမှတ် (၅၅)တပ်မ၏ ဖြတ်တောက်ထိုးဖောက်ခြင်းကို ခံနေရပြီဟူသော သတင်းကို ကြားလာရပြန် သည်။ အမှတ် (၅) တရုတ်တပ်မတော်တွင် တပ်မသုံးခု ရှိသည့်အနက် အမှတ် (၂၀၀)တပ်မတော်သည် မတ်လ(၂၄)ရက်နေ့တွင် ဂျပန်တို့၏ ထိုးဖောက်ဖြတ်တောက်ခြင်းကို ခံနေရပြီး၊ အမှတ် (၂၂) တရုတ်တပ်မှ တပ်အချို့မှာ တောင်ငူနှင့် မိုင်ခြောက်ဆယ်အကွာ ပျဉ်းမနားတွင် ရောက် နေလျက် ထိုတပ်မတွင် ပါဝင်သော အခြားတပ်များမှာ လာရှိုးအထိသာ ခရီးပေါက်နိုင်သေးသည်။ တတိယမြောက် တပ်မဖြစ်သော အမှတ် (၆) တပ်မှာ မြန်မာနယ်စပ်အနီး၌သာ ရှိနေသည်။

အမှတ် (၂၀၀) တရုတ်တပ်မသည် ထိုးဖောက်ဝင်ရောက်လာ သော ရန်သူကို ပြင်းပြင်းထန်ထန် ခုခံနေစဉ် ပျဉ်းမနားသို့ ရောက်နေ သော အမှတ် (၂၂)တပ်မမှ အချို့ တပ်များက စစ်ကူပေးနိုင်ရန် အပြင်းချီလာသည်။ အခြေအနေမှာ တထိတ်ထိတ် ခုန်စရာ ဖြစ်နေတော့၏။ မတ်လ(၂၈)ရက်နေ့တွင် ကျွန်ုပ်၏ တပ်မကြီးက ခံစစ်မှ ထိုးစစ်သို့ ပြောင်း လိုက်ရန် အမိန့်ရောက်လာသည်။ ခံစစ်မှ ထိုးစစ်သို့ ပြောင်းလိုက်ခြင်း အားဖြင့် စစ်တောင်းမြစ်ဝှမ်းတွင် ဘတစ်ပြန်ကြားတစ်ပြန် ဖြစ်နေသော တရုတ်တပ်များအား အကူအညီပေးရာ ရောက်မည်ကို ကျွန်ုပ် သိပါ၏။ သို့သော် ကျွန်ုပ်၏တပ်မကြီးမှာ ပြန်လည်စုစည်းနေရသည့် အခြေအနေ တွင် ရှိနေပြီး သတင်းထောက်လှမ်းရေးကလည်း ညံ့ဖျင်းလှလေရာ ခံစစ်မှ ထိုးစစ်သို့ ပြောင်းရမည်ကို စိတ်လေးနေမိသည်။

သို့သော် အထက်မှ ပေးသည့် အမိန့်အတိုင်း လိုက်နာရပေတော့မည်ဖြစ်သည်။

ထို့ကြောင့် ကိုဝင် ဦးစီးသော တပ်မအား ... ။ 

(က) ပြည်မြို့ တောင်ဘက် မိုင်ခြောက်ဆယ်ခန့် ဝေးသော အုတ်ဖိုသို့

ရထားလမ်းအတိုင်း ချီတက်ရန်၊ 

(ခ) အုတ်ဖိုမြို့မြောက်ဘက် ဇီးကုန်းတွင် တပ်တစ်ခုခွဲ၍ အရှေ့

တောင်ဘက် တောင်ပံနှင့် အုတ်ဖိုအကြားရှိ ဒေသကို စောင့်ရှောက်ထားရန်၊ 

(ဂ) ပြည်မြို့တောင်ဘက် (၂၃)မိုင်အကွာ မရာဝတီမြစ်ကမ်းပေါ်ရှိ

ညောင်စာရွာကို အခိုင်အမာပြည် အနောက်ဘက်တောင်ပံကို ကာကွယ်ရန်နှင့် ရန်သူများ ဧရာဝတီကို ဖြတ်ကျော်၍ မလာနိုင်အောင် တားဆီးထားရန်၊ 

(ဃ) အထက်ပါ ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်ရာတွင်

တွေ့သမျှ ရန်သူကို ချေမှုန်းရင်း ဒေသဆိုင်ရာ အောင်ပွဲကလေး များ ရရှိအောင် တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။

ကိုဝင် တပ်မအား ကျွန်ုပ် ပေးလိုက်သော အမိန့်အတိုင်း လုပ် ဆောင်နိုင်စေရန် ကျွန်ုပ်ပေးနိုင်သော အကူအညီမှာ ကမ်းတက်တပ်သား အချို့၊ ကွန်မန်ဒိုခေါ် တိုက်ခိုက်ရေးတပ်သားအချို့နှင့် မြန်မာနယ်စောင့် တပ်သားအချို့ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဧရာဝတီမြစ် အနောက်ဘက် ကမ်းမှနေ၍ ကို၀င်နှင့် တိုင်ပင်ကာ ကိုဝင် ပေးသမျှ တာဝန်ကို ထမ်း ဆောင်ရန်ပင် ဖြစ်၏။

ပြည်မြို့တောင်ဘက် (၂၅)မိုင် အကွာရှိ ထုံးဘိုတွင် ဂျပန်နှင့် ဘီ-အိုင်-အေ တပ်အချို့ ရောက်နေသည်ဟု သတင်းရထားသည်။ ထုံးဘို သည် ရာဝတီ အနောက်ဘက်ကမ်းတွင် ရှိရာ ကိုဝင်ရှိရာ အရှေ့ဘက် ကမ်းသို့ ဖြတ်ကျော်ကာ နောက်မှနေ၍ ဝင်တိုက်မည့် အန္တရာယ်ကို ကာ ကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ မြစ်ကို မဖြတ်ကျော်နိုင်သော်လည်း လက်နက်ကိုင်တပ်သားများပါသော တိုက်ရေယာဉ်တစ်စင်းကို ကင်းလှည့် နေစေသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)