တက္ကသိုလ်နန္ဒမိတ် - ထောင့်ကိုးရာလေးဆယ်နှစ်
( ၁ )
မြန်မာပြည်တိုက်ပွဲစဉ် စတင်ခဲ့သည့် အချိန်၌ မြန်မာပြည်ရှိတပ်များကို အုပ်ချုပ်နေသူမှာ အင်္ဂလိပ် ဗိုလ်ချုပ်ကြီး “မက်လုတ်” ဖြစ်သည်။ သူ၏ လက်အောက် တွင် အမှတ်(၁)တပ်မ နှစ်ခုသာ ရှိနေလေသည်။
အမှုထမ်းသက် စေ့ခါနီးသဖြင့် အငြိမ်းစားယူရန် ပြင်ဆင်လျက်ရှိသော ဗိုလ်ချုပ်ကြီးမက်လုတ်ကို လန်ဒန် ရှိ အင်္ဂလိပ်စစ်ဌာနချုပ်ကသော်လည်းကောင်း၊ အိန္ဒိယရှိ အရှေ့ဖျားဒေသဆိုင်ရာ အင်္ဂလိပ်ဌာနချုပ်ကသော် လည်းကောင်း ဝင်ရောက်တိုက်ခိုက်လာမည့် ရန်သူ ဂျန်ပန်များကို တွန်းလှန်တိုက်ထုတ်နိုင်ရန် စိတ်ဓာတ် အရဖြစ်စေ၊ စစ်လက်နက်ပစ္စည်းများအရဖြစ်စေ... အထောက်အပံ့ပေးရန် နှောင့်နှေးနေခဲ့လေသည်။
ဝင်ရောက်ထိုးစစ်ဆင်မည့် ရန်သူကို တပ်မနှစ်တပ်မျှဖြင့် တွန်းလှန် တိုက်ခိုက်ရန်မှာ ကျိုးပေါက်လာသော ရေကာတာကို သဲအိတ်ကလေး နှစ်အိတ်ဖြင့် တာတမံတုတ်ကာ တားဆီးရန် ကြိုးစားသကဲ့သို့ ဖြစ်နေလေ သည်။
ဗိုလ်ချုပ်ကြီးမက်လုတ်၏ စစ်ရေးအရလှုပ်ရှားမှုကို မြန်မာပြည်ရှိ ဘုရင်ခံကလည်း ဘိလပ်အစိုးရ၏ ညွှန်ကြားချက်အရ တစ်ဖက်တစ်လမ်းမှ ချုပ်ကိုင်ထားပြန်၏။ အောက်မြန်မာပြည်တွင် ဖြန့်ထားသော တပ်များကို တစည်းတလုံးတည်း စုစည်းထားရန် ဗိုလ်ချုပ်ကြီးမက်လုတ်က တောင်းဆို ခဲ့၏။ သို့မှသာ အလုံးအရင်းနှင့်ဝင်လာသော ရန်သူကို အလုံးအရင်းဖြင့် ပြန်၍တိုက်နိုင်မည်ဟု အကြောင်းပြခဲ့၏ ။ သို့ရာတွင် မြန်မာပြည်ဘုရင်ခံက တပ်များကို ခါတိုင်းကဲ့သို့ ဖြန့်ထားရန်သာ တိုက်တွန်းနေလေသည်။
အမှတ်(၁)တပ်မကို မြန်မာပြည် အရှေ့ဘက်နယ်ခြားနှင့် စပ်လျက်ရှိ သော ရှမ်းပြည်တစ်ခုလုံးတွင် ဖြန့်၍ချထားသည်။
အမှတ်(၁၇) တပ်မကို မော်လမြိုင်မှ မြိတ်အထိ ဖြန့်၍ချထားသည်။ ထို့ကြောင့်လည်း အင်္ဂလိပ်တပ်များမှာ စစ်တပ်ကြီးတစ်ခုကဲ့သို့ စုစုစည်း စည်းဖြင့် မရှိတော့ဘဲ မကြာခဏပေါ်ပေါက်တတ်သော သူပုန်သူကန်ရန်ကို နှိမ်နင်းမည့် စစ်ပုလိပ်တပ်ကဲ့သို့ ဖြစ်နေလေတော့သည်။
အကယ်၍သာ ရှိသမျှသော တပ်မနှစ်ခုကို စုစည်းလိုက်ပြီးနောက် ရန်သူဂျပန်များ ခြေကုပ်စခန်းပြုလုပ်ရန် ဟန်ပြင်ထားသော ယိုးဒယားပြည် ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်၍ အခြေအနေကို ထိန်းသိမ်းထားလိုက် ပါက ရန်သူ့ခြေလှမ်းသည် နောက်သို့ဆုတ်သွားစရာရှိသည်။ မြန်မာပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် တကဲကဲဖြစ်နေသော ရန်သူ၏ လက်တစ်ဖက် ကို အင်္ဂလိပ်တို့က ကြိုတင်၍ ရိုက်ချိုးနိုင်ခဲ့မည်ဖြစ်၏
သို့သော် အင်္ဂလိပ်တို့က ကြိုးဒဏ်ခံရမည့်သူသည် သေရမည့် ရက်ကို တထိတ်ထိတ်နှင့် စောင့်နေသကဲ့သို့ မြန်မာပြည်အတွင်း၌သာ စောင့်နေခဲ့ သည် မဟုတ်ပါလား။
အတွေးလွန်ကာ တွန့်ဆုတ်ဆုတ်ဖြစ်တတ်သော လူကြီးများ၏ အပြု အမူကို ကျားဆိုလျှင် ကိုက်မှ ကြိုက်တတ်သော လက်အောက်လူငယ်များက အပြစ်တင် ဝေဖန်တတ်ရုံမက တစ်ခါတစ်ခါတွင် ဇွတ်တိုး၍ စိတ်ထင်သည့် အတိုင်း လုပ်တတ်ကြသည့် အကြောင်းအချက်များကို မြန်မာပြည်တိုက်ပွဲစဉ် ပထမပိုင်းတွင် ကျွန်တော် နားလျှံအောင်ကြားရ၏၊
ဤသို့ကြားခဲ့သောအဖြစ်အပျက်များအနက် အင်္ဂလိပ်တပ်ရင်းမှူး တစ်ဦး ၏ တဇွတ်ထိုးဆောင်ရွက်ချက်မှာ ကျွန်တော်လို သတင်းစာဆရာ တစ်ဦးအနေဖြင့် မှတ်တမ်းတင်ရန် မမေ့ထိုက်ဟု ယူဆမိသည်။
ဂျပန်များက ယိုးဒယားပြည်မြို့တော်ဖြစ်သော ဘန်ကောက်ကို ဝင် ရောက်သိမ်းပိုက်လိုက်သောနေ့တွင်ပင် ထိုတပ်ရင်းမှူးသည် အထက် စစ် အာဏာပိုင်များထံမှ အမိန့်တစ်စုံတစ်ရာ မတောင်းခံဘဲ မိမိထိုးထွင်းသွေး ခေါ်ချက်အရ တပ်ရင်းရှိ တပ်သားအားလုံးကို ခေါင်းဆောင်ကာ အောက် မြန်မာပြည်မှနေ၍ ယိုးဒယားပြည်ဘက်သို့ ထိုးစစ်ဆင်ရန် ချီတက်သွားခဲ့ကြောင်း၊ ထိုတပ်ရင်းမှူးကို အထက်အာဏာပိုင်များက ပြန်၍တပ်ဆုတ်ခဲ့ရန် အမိန့်ပေးခဲ့ကြောင်း၊ ပြန်လည်ရောက်ရှိလာသော ထိုတပ်ရင်းမှူးအား ယခု ချက်ချင်း ထိုးထစ်ဆင်နွှဲခြင်းဖြင့်သာလျှင် ရန်သူကို အနိုင်ရမည်ဟူသော အစွဲ ကို ချွတ်ရန် အထက်အရာရှိများက ပြင်းပြင်းထန်ထန်သတိပေးခဲ့ကြောင်း...
ဤအဖြစ်အပျက်မှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အင်္ဂလိပ်စစ်ဗိုလ် များက မိမိလည်ပင်း မိမိကြိုးတပ်သော အပြုအမူသာဖြစ်သည်ဟု သဘော ထားရှိခဲ့သည်ကိုလည်း ကျွန်တော် ကြားသိခဲ့ရသည်။
အကောင်းဆုံးသောစစ်သည် ထိုးစစ်ပင်ဖြစ်သည်ဟု ယူဆထားသော တပ်မှူးများအဖို့ ယိုးဒယားသို့ ထိုးစစ်ဆင်ရန် ချီတက်သွားခဲ့သော တပ်ရင်းမှူး တစ်ယောက်ကို အထက်အာဏာပိုင်များက ပြင်းပြင်းထန်ထန် အရေးယူလိုက်သည်ကို တွေ့လိုက်ကြသောအခါ စိတ်ဓာတ်ကျဆင်းဖွယ်ရာ ဖြစ်လာ သည်။
ရန်သူရှိရာသို့ ချီတက်သွားရောက်၍ မတိုက်ဘဲ မိမိနေရာမှ ငူငူကြီး ထိုင်စောင့်နေသော ပေါ်လစီကို များစွာသော စစ်အကဲခတ် ပုဂ္ဂိုလ်ကြီးများ က မသိကျိုးကျွန်ပြုကာ ထောက်ခံခြင်း၊ ဝေဖန်ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ် နေခဲ့ကြလေသည်။ မြန်မာပြည်တိုက်ပွဲအခြေအနေကို စစ်ရေးဖြင့် ချုပ်ကိုင် တတ်ရန် နိုင်ငံရေးနည်း၊ သံတမံနည်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေ ကြ၏။
ယိုးဒယားပြည်ထဲသို့ ဂျပန်တပ်များ ရောက်မလာမီ အင်္ဂလိပ်က ထိုး စစ်ဆင်၍ ဝင်ရောက်သိမ်းပိုက်ထားခဲ့လျှင် ဟူသောအဖြေကို ဤနေရာတွင် ပေးနေပါက များစွာအချိန်ကုန်၍နေမည် ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် အရေးကြီးသောပြသနာတစ်ခု.. စစ်ပွဲတစ်ပွဲကို အမျိုးမျိုးသောအကြောင်း တို့ဖြင့် ပိုင်းဝန်းဖြေရှင်းရသောကြောင့်တည်း၊
မည်သို့ပင်ဆိုစေ ၊ ယိုးဒယားပြည်ထဲသို့ ဂျပန်များမဝင်မီ အင်္ဂလိပ်တို့ က ကြို၍ ဝင်ရောက်ကာ ထိုးစစ်ဆင်နွဲလိုက်ပါက မဝင်ဘဲနေခြင်းထက် အခြေအနေကို တစ်မျိုးတစ်ဖုံပြောင်းလဲပေးနိုင်မည်ကား ထင်ရှားနေပေမည်။
ဤကဲ့သို့ ယိုးဒယားကို ထိုးစစ်မချီဘဲနေခြင်းအတွက် မြန်မာပြည် စစ်မျက်နှာရှိ ဗိုလ်ချုပ်ကြီးမက်လုတ်ကို အပြစ်ဆိုသင့်သည်ကား မဟုတ်။ ရန်မူလာသူကို ပြန်လည်၍ ချက်ချင်းလက်ငင်း တုံ့ပြန်ရမည့်အစား တွေဝေငေးမောသောဝါဒကို အားလုံးသော မဟာမိတ်တိုင်းပြည်များက ချထားခဲ့ကြ သည် မဟုတ်ပါလား။ အထူးသဖြင့် အင်္ဂလိပ်တို့က တွေဝေငေးမောသော ဝါဒကို လက်ကိုင်ပြုထားခဲ့လေသည်။
အင်္ဂလိပ်တပ်မှူးများတွင် တွေငေးမောသောဝါဒ စွဲကပ်နေခြင်းမှာ လန်ဒန်၊ ဒေလီနှင့် ဝါရှင်တန်ရှိ ထင်းအာဏာပိုင်များထံမှ ကူးစက်လာခဲ့သော ဝေဒနာပင်ဖြစ်သည်။
အချို့သောအကဲခတ်သမားများက အကယ်၍သာ ထိုးစစ်ဆင်လိုသော အမေရိကန်တပ် တစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ ရှိနေခဲ့လျှင် ဂျပန်တို့သည် မြန်မာ ပြည်တိုက်ပွဲစဉ် အစ၌ပင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်ဟု ထင်မြင်ချက်ပေးကြ၏။ ဤကဲ့သို့သောထင်မြင်ချက်ကို ဇာဘုရင်၏ ဗိုလ်ချုပ်ကြီးများက လည်း ပေးခဲ့ကြ၏။ အကယ်၍သာ သစ္စာတော်ခံ တပ်ရင်းတစ်ရင်း ရှိနေခဲ့ လျှင် မိမိတို့သည် ဇာဘုရင်ကိုဆန့်ကျင်သော တော်လှန်ရေးသမားများကို ချေမှုန်းနိုင်ခဲ့ကြလိမ့်မည် ။
ဇာဘုရင်၏ ဗိုလ်ချုပ်ကြီးများက ဤသို့ထင်မြင်ချက်ပေးရာတွင် သူတို့ သည် အလွန်အရေးကြီးသောအချက်တစ်ချက်ကို မေ့နေခဲ့ကြလေသည်။
ထိုအချက်ကား ဘုရင့်တပ်များက သစ္စာဖောက်သွားခဲ့ကြသည်မှာ တကယ့် အဓိကအကြောင်းခံမဟုတ်ဘဲ တော်လှန်ရေးကြီး၏အဟုန်က ဒီရေတက်သကဲ့သို့ တက်လာခြင်းပင်တည်း။
ဤအချိန်၌ မြန်မာပြည်တွင် အမေရိကန်တပ်ဟူ၍လည်းမရှိ၊ ရှိနိုင်ရန် လည်း အကြောင်းက မဖန်တီး ။ အမေရိကန်၏ ပေါ်လစီကပင် ရှိသမျှ တပ်များကို ဥရောပ၌သာ အလုံးအရင်းဖြင့် စုစည်းထားရမည်ဟူသော ပေါ်လစီ ဖြစ်နေလေသည်။ ဤသို့ဖြင့် အာရှတိုက်တစ်ဝှမ်းလုံး၌ စစ်ကြီးမှာ မကြာသင့်ဘဲ ကြာညောင်းခဲ့ရုံမျှမက မဟာမိတ်တပ်သားမှန်သမျှကိုလည်း စိတ်ဓာတ်ကျဆင်းစေခဲ့တော့၏။
ဂျပန်သည် “အာရှတိုက် သာတူညီမျှဝါဒကို ကြွေးကြော်ရင်း ပစိဖိတ် ဒေသရှိ အင်္ဂလိပ်နှင့် အမေရိကန် နယ်ခြားစောင့်တပ်များကို အင်ကြီး အားကြီးဖြင့် သုတ်သင်ချေမှုန်းရန် အစီအစဉ်ရှိနေသည်။
ဤရည်ရွယ်ချက်ဖြင့် ဂျပန်သည် လွန်ခဲ့သော နှစ်အတန်ကြာကပင် တိုင်းပြည်နှင့်ချီ၍ စစ်သားများ စုဆောင်းသိမ်းသွင်းထားခဲ့သည်။ နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအားလုံးကို စစ်ပုံသို့ ပြောင်းလဲ ထားခဲ့ပြီးဖြစ်သည်။ သို့ဖြင့် ၁၉၄၁ ခုနှစ်သို့ ရောက်လာသောအခါ ဂျပန် သည် ပစိဖိတ်ဒေသရှိ မဟာမိတ်တပ်မှန်သမျှကို မောင်းထုတ်ရန် အဆင် သင့် ဖြစ်နေပေသည်။
လူပေါင်း ၃၀၀၀၀၀၀ ပါဝင်သော တပ်မတော်ကြီးကို ဖွဲ့စည်းနိုင်ပေပြီ။
၁၉၄၂ ခု၊ ဇန်နဝါရီလ (၁၁) ရက်နေ့...။ စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များက “မဲဆောက်တွင် ရန်သူ့တပ်သား ၅၀၀၀ ခန့် ရောက်ရှိနေကြောင်း သတင်းပို့သည်။ “
မဲဆောက်မှာ အင်္ဂလိပ် စစ်တပ်တစ်တပ် အစောင့်ချထားသော ကော့ကရိတ်နှင့် မိုင် ၂၀ ခန့်သာ ကွာသည်။ မော်လမြိုင်နှင့်ဆိုလျှင် မျဉ်းဖြောင့် အတိုင်းဆိုပါက မိုင် ၇ဝ သာ ကွာသည်။ ကော့ကရိတ်တွင်ရှိသော အင်္ဂလိပ်တပ်မှာ အမှတ်(၁၇)တပ်မဟာ ဖြစ်၏ ။ တပ်မှူးမှာ ဝိတိုရိယကရော့စ် သူရဲကောင်းဘွဲ့ တံဆိပ်ကို ရထားသော ဂျက်ကီဖြစ်၏ ။ ဝိတိုရိယကရော့စ်ရထားသော သူရဲကောင်းတစ်ဦး ဖြစ်လင့်ကစား ရင်ဆိုင်လာရသောအခြေအနေက အင်နှင့် အား မမျှအောင် ဖြစ်လာသောအခါ တပ်မှူးဂျက်ကီအဖို့ မည်သို့မျှ မလှုပ်သာမရှားသာ ရှိနေခဲ့ရ၏။
ထောက်လှမ်းရေးအဖွဲ့ဝင်များကလည်း မဲဆောက်တွင် ရန်သူအင်အား ၅၀၀၀ ခန့် ရောက်ရှိနေကြောင်း ဇန်နဝါရီ ၁၁ ရက်နေ့တွင် သတင်းပို့သည်။ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လေကြောင်းမှ ကင်းဆောက်ရန် စေလွှတ် လိုက်သောအခါ မဲဆောက်တွင် ရန်သူ တစ်ယောက်မျှမတွေ့ရပါ...ဟု ဆိုပြန်သည်။
စိတ်မကျေနပ်၍ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထပ်မံကင်းထောက် ၀၏ ။ ရန်သူတစ်ယောက်မျှမတွေ့ရပါ....ဟု သတင်းပို့ပြန်သည်။
သို့ရာတွင် ဇန်နဝါရီလ ၁၅ ရက်မှ ၁၆ ရက်သို့ အကူးတွင် ရန်သူ အထူး တပ်ဖွဲ့ဝင် ၂၅၀ နှင့် ခြေလျင်တပ်သား ၁၀၀၀ ပါသော ရန်သူတပ်တစ်တပ် က ယိုးဒယား-မြန်မာနယ်စပ်အနီးရှိ မေတ္တာရွာကို စတင်ဝင်ရောက်တိုက် ခိုက်ကြလေသည်။
ရန်သူတပ်များသည် အင်္ဂလိပ်နယ်ခြားစောင့်တပ်များရှိသော မေတ္တာ ရွာကို သိမ်းပိုက်လိုက်ပြီးနောက် တနင်္သာရီမြစ်သို့ ရောက်လာကြ၏။ ထိုမှ တစ်ဖန် ထားဝယ်မြို့ဆီသို့ ဦးတည်၍ ချီတက်လာကြလေသည်။
ဤအချိန်တွင်ပင် ၅၀၀ မှ ၁၀၀၀ အထိ အင်အားရှိသော ရန်သူတပ် တစ်တပ် မြိတ်မြို့သို့ ချီတက်လာပြီဟူသော သတင်းကို ကြားရပြန်၏ ။