တက္ကသိုလ်နန္ဒမိတ် - တောင်တကာတော စကောနဲ့ကျားထောင်
[၁]
ဝင်ပေါက်ထွက်ပေါက်တွင် ဒေါင်လိုက်ချကာ ချည်ထားသော ဖျဉ် ရွက် တံခါးမှ ကြိုးကို ဖြည်လိုက်ပြီးနောက် အမျိုးသမီးသည် ရွက်ဖျဉ်တဲ ထဲသို့ ဝင်လာခဲ့၏။
တဲထဲရှိ အမျိုးသားသည် အဖော်တစ်ဦးရောက်လာသည်ကို မသိသေး ဘဲ မီးလင်းဖိုမှမီးကိုသာ ကုန်း၍ပွတ်နေ၏။ ။
အမျိုးသမီးက ချောင်းဟန့်လိုက်သောအခါ အမျိုးသားသည် မီးခိုးသင့် သဖြင့် နီနေသည့်မျက်လုံးအစုံဖြင့် အမျိုးသမီးကို မော့ကြည့်လိုက်ကာ...
“ ဖြစ်ပါတယ်၊ ဖျဉ်ရွက်တံခါးကို ချည်ထားလိုက်ပြီး ကြိုက်သလိုသာ နေပေတော့”
အမျိုးသားသည် အရေးမစိုက်သလို ပြောလိုက်ပြီးနောက် လုပ်လက်စ မီးမှုတ်သည့် ငြီးငွေ့စရာအလုပ်ကိုသာ ဆက်၍လုပ်နေလေသည်။
“ ဘယ်လိုပဲဆိုဆို ဖော်တော့ဖော်ရွေသားပဲ ”
အမျိုးသမီးသည် တစ်ကိုယ်တည်း မှတ်ချက်ချလိုက်ကာ အမျိုးသား ကို အမိန့်ပေးသည့်အတိုင်း ဖျဉ်ရွက်တံခါးမှကြိုးကို ပြန်ချည်ထားခဲ့ပြီးနောက် မီးလင်းဖိုရှိရာသို့ လာခဲ့၏။
မီးဖိုတစ်ဖက်တွင် ဆယ့်နှစ်ရာသီစိမ်း ထင်းရှူးပင်ပုမျိုးမှ ခွေထားသည့် ထင်းတစ်ပုံရှိနေ၏။ ထင်းများကို မီးထိုး၍ကောင်းရုံ အနေတော် ဖြတ်ထား ၏။ သို့သော် အမြစ်ဆုံများသည့် ထင်းများသာဖြစ်နေပြီး စိုထိုင်းနေ၏။
အမျိုးသမီးသည် မုန့်ပေါင်းဖိုကို ကြည့်လိုက်သည်။ ဖိုထဲတွင် ဘာမှ မရှိ။ သို့ဖြစ်၍ စိုထိုင်းနေသော ထင်းများကိုယူကာ မုန့်ပေါင်းဖိုတွင် ထည့်လိုက်၏။
အဆုတ်ထဲသို့ရောက်သွားသည့် မီးခိုးကြောင့် ချောင်းတဟွတ်ဟွတ် ဆိုးရင်း အမျိုးသားသည် မတ်တတ်ရပ်လိုက်ကာ အမျိုးသမီး လုပ်ကိုင် နေပုံကို သဘောကျသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အမျိုးသားသည် ချောင်းဆိုးရပ်သွားပြီးနောက်...
“ ထိုင်လေ၊ မင့် စကတ်တွေလည်း ခြောက်အောင်လုပ်လေ၊ ကျပ် ညလယ်စာ ပြင်လိုက်ဦးမယ်”
ပြောပြောဆိုဆိုနှင့်ပင် အမျိုးသားသည် ကော်ဖီအိုးကို မီးလင်းဖိုအဖုံး ရှေ့ဘက်တွင် တင်ထားလိုက်ကာ ရေပုံးထဲမှရေကို ကော်ဖီအိုးထဲသို့ လောင်း ထည့်လိုက်သည်။ ပြီးမှ ရွက်ဖျဉ်တဲအပြင်ဘက်သို့ ရေခပ်ရန် ထွက်သွားလေသည်။
အမျိုးသားက တဲအပြင်ဘက်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးသည် မိမိလက်ဆွဲအိတ်ကို အလျင်စလို ကောက်ယူလိုက်သည်။ ခဏအကြာတွင် အမျိုးသားပြန်ဝင်လာသောအခါ ခြောက်သွေ့သော စကတ် တစ်ထည်သည် အမျိုးသမီးကိုယ်ပေါ်သို့ ရောက်နေပြီး စိုနေသည့် တစ် ထည်ကို ရေညှစ်နေသည်ကို တွေ့ရတော့၏။
ပန်းကန်ပြားများနှင့် ဇွန်းခက်ရင်းများကို ရိက္ခာသေတ္တာထဲတွင် အမျိုး သားက လှန်လှောရှာဖွေနေစဉ် အမျိုးသမီးက ကြိုးအပိုတစ်ပိုင်းကို ရွက်ဖျဉ် တ် တိုင် ၂ တိုင်တွင် တန်းချည်လိုက်ပြီး စိုနေသည့်စကတ်ကို လှန်းထားလိုက်သည်။
ပန်းကန်ခွက်ယောက်များမှာ ညစ်ပတ်ပေရေနေ၏။
အမျိုးသားက ပန်းကန်ခွက်ယောက်များကို ကုန်း၍ ဆေးကြောနေစဉ် | အမျိုးသမီးသည် အမျိုးသားကို ကျောခိုင်းလိုက်ကာ မိမိ၏ ခြေအိတ်ရှည်နှစ်ဖက်ကို အခြောက်နှစ်ဖက်ဖြင့် ကျွမ်းကျင်စွာ လဲပစ်လိုက်သည်။ ပြီးမှ စိုနေသည့်ဖိနပ်ကို မီးဖိုနောက်ဘက်ရှိ ထင်းပုံပေါ်တွင် တင်ထားလိုက်ကာ အိမ်အတွင်းတွင်သာ စီးလေ့ရှိသည့် သမင်ရေဖြင့်လုပ်ထားသော ဖိနပ်ကို စီးလိုက်၏။
မီးလင်းဖိုမှမီးမှာ ယခုအချိန်တွင် ကောင်းစွာအရှိန်ရနေပြီဖြစ်ရာ အမျိုးသမီးသည် မိမိကိုယ်ပေါ်မှ အတွင်းခံအဝတ်အစားများကို မိမိကိုယ်ပေါ် တွင်ပင် မီးအရှိန်ဖြင့် ခြောက်သွေ့သွားမည်ကို ကျေနပ်နေမိလေသည်။
ဤအချိန်အတောအတွင်း အမျိုးသားရော အမျိုးသမီးပါ မည်သူမျှ စကားမပြောကြ။
အမျိုးသားသည် တုကိုဘာဝေ တိတ်ဆိတ်နေရုံသာမက လုပ်စရာရှိ သည့် အလုပ်ကိုသာ သဲကြီးမဲကြီးလုပ်နေသည်ဖြစ်ရာ အမျိုးသမီးက မိမိ ရှင်းလင်းပြောပြလိုသည့် စကားကို အမျိုးသားက မကြားချင်ဟန်ဆောင်နေ မည်ဟု ထင်နေမိသည်။
အမျိုးသား၏ ပြုမူလုပ်ကိုင်နေပုံမှာ ကမ္ဘာတွင် ရှိရှိသမျှ နုနယ်ပျိုမြစ် သော အမျိုးသမီးမှန်သမျှ ညအမှောင်နှင့် မုန်တိုင်းကြားမှ ဘွားခနဲ ပေါ်ပေါက်ရောက်ရှိလာကာ သူ(အမျိုးသား)၏ ဖော်ရွှေဧည့်ခံမှုကို ရယူ လိုလားနေခြင်းသည် ဖြစ်နေကျအဖြစ်မျိုးသာဖြစ်သည်ဟု မှတ်ယူထားပုံ ရသည်။
ဤသို့မှတ်ယူထားပုံမျိုးကို အမျိုးသမီးက တစ်နည်းအားဖြင့် ကြိုက် သည်။ သို့သော် ဘာကြောင့် ဤသို့မှတ်ယူထားပုံကိုမူ အမျိုးသမီးကနားမလည်နိုင်။ သို့ဖြစ်၍လည်း အမျိုးသမီးအဖို့ မသက်မသာ ပင့်သက် စရာ ဖြစ်နေသည်။ မိမိက ဉာဏ်ဖြင့် နားမလည်နိုင်သည့်အချက်ကို စိတ်ဖြင့် ခံစားသိမြင်နေသည့်အချက် အမှန်အကန်ရှိနေပြီဟု ထင်နေမိ၏။
အမျိုးသမီးသည် စကားပြောရန်အတွက် မိမိနှုတ်ခမ်းအစုံကို လျှာ များဖြင့် တစ်ခါနှစ်ခါ ပွတ်လိုက်သည်။ သို့ရာတွင် အမျိုးသားက မိမိ (အမျိုးသမီး) တဲအတွင်းရှိနေမှန်း ထင်ထင်ရှားရှားကြီး သိနေပုံရနေသော အခါ စကားမစဘဲ နေလိုက်၏။
အမျိုးသားသည် အမဲသားဘူးကို ရဲဒင်းဖြင့် ဖွင့်လိုက်သည်။ ထို့ နောက် ဝက်နံကင်တုတ်တုတ် ဒါဇင်ဝက်ကို ကြော်သည်။ ပြီးလျှင် ကြော် ပြားကို နေရာတကျ ပြန်ထားသည်။ ကော်ဖီကျိုသည်။ သူသည် ရိက္ခာ သေတ္တာထဲတွင် နှုတ်၍ ရှာလိုက်သောအခါ ကိတ်မုန့်ကြီးတစ်ခြမ်း ထွက် လာ၏။ ကိတ်မုန့်မှာ အေးစက် စိုထိုင်းနေလေသည်။
အမျိုးသားသည် ကိတ်မုန့်ကြီးတစ်ခြမ်းကို မယုံသင်္ကာအကြည့်ဖြင့် ကြည့်လိုက်ပြီး အမျိုးသမီးကိုလည်း ဖျတ်ခနဲ လှမ်းကြည့်သည်။ ထို့နောက် စိုထိုင်းနေသော ကိတ်မုန့်ကြီးကို တဲအပြင်သို့ လွှင့်ပစ်လိုက်၏။ တစ်ဖန် ရွက်ဖျဉ်တဲအတွင်းရှိ စားပွဲခင်းပေါ်တွင် သင်္ဘောသားများ စားလေ့ရှိသည့် ဘီစကွတ်မုန့်များကို အိတ်အတွင်းမှ သွန်မှောက်၍ချလိုက်သည်။
ဘီစကွတ်များမှာ ကြွေမွရုံမျှမက အစ,အနကလေးများအဖြစ်သို့ ရောက်နေကြ၏။ မိုးရေများစိုနေသောကြောင့် ထိုအစအနကလေးများသည် လုံးခဲညစ်ပေကာ ပျော့ဖတ်ကဲ့သို့ ဖြစ်နေလေသည်။ ။
“ပေါင်မုန့်အနေနဲ့ ကျုပ်မှာရှိတာကတော့ ဒါအကုန်ပဲ။ ဘာပဲဖြစ်ဖြစ် ထိုင်လေ၊ မရှိတာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့”
အမျိုးသားက ညည်းညည်းညူသူပြောလိုက်၏။ “ခဏကလေးနော်”
အမျိုးသားက မကန့်ကွက်နိုင်မီ အမျိုးသမီးသည် သင်္ဘောဘီစကွတ် ပျော့ဖတ်များကို ကော်ပြားထဲသို့ လောင်းထည့်လိုက်၏။ ကော်ပြားထဲတွင် ကြော်ထားသော ဝက်နံကင်နှင့် ဆီများရှိနေလေသည်။
ဝက်နံကင်နှင့် ဆီများပေါ်တွင် အမျိုးသမီးသည် သင်္ဘောဘီစကွတ် ပျော့ဖတ်များကို လောင်းထည့်လိုက်ပြီးနောက် ရေနှစ်ခွက်ခပ်၍ ထည့်လိုက် ကာ ခပ်သုတ်သုတ်မွှေပေးလိုက်သည်။
ကော်ပြားထဲမှ ဟင်းနှင့် ဘီစကွတ်သည် မီးဖိုပေါ်တွင် မိနစ်အနည်း ငယ်အကြာ၌ ဖောင်းပွရာမှ ပြားချပ်လာသည်။ အမျိုးသမီးသည် ဖွင့်ပြီးသား အမဲသားဘူးထဲမှ အမဲသားများကို အချပ်လိုက် အလွှာလိုက်နေအောင် လှီးပြီးနောက် ကော်ပြားထဲသို့ ထည့်လိုက်၏။
ထို့နောက် ဆားနှင့် ငရုတ်ကောင်း ခပ်များများထည့်ကာ အဆီပြန် သည်အထိ မီးဖိုပေါ်တွင်ထားလိုက်၏။ ကော်ပြားတွင် စုပေါင်းရောမွှေ ထားသော ဟင်းမှ အငွေ့ထွက်လာသည်။ ထွက်လာသည့်အနံ့ကလည်း သွားရည်ကျစရာ။
အမျိုးသားသည် အမျိုးသမီးချက်သည့် ဟင်းလျာကို ပန်းကန်ပြား ထဲတွင်ထည့်ကာ ထိုပန်းကန်ပြားကို ဒူးတစ်ဖက်ပေါ်တွင်တင်လျက် ဟင်းကို မြီးကြည့်ရင်း
“ဒါ တော်တော်ကလေး ကောင်းတယ်လို့ ဆိုရမယ်"ဟု ဝေဖန်ချက် ပေးလိုက်ပြီးနောက်
“မင်းတို့က ဒါကို ဘယ်လိုများခေါ်သလဲကွဲ ”ဟု မေးလိုက်၏။ “ဆယ့်နှစ်မျိုးကြော်” အမျိုးသမီးက တိုတိုတောင်းတောင်းပင် အဖြေပေးသည်။
သည့်နောက် မည်သူမျှ စကားမပြောကြဘဲ တိတ်ဆိတ်စွာ ဆက်၍ . စားနေကြ၏။
စားနေဆဲတွင်ပင် အမျိုးသမီးက အမျိုးသားအတွက်ပါ ကော်ဖီဖျော် ပေးသည်။ ဤသို့ဖျော်ပေးနေရင်းက အမျိုးသမီးသည် အမျိုးသားကို စူးစူးစိုက်စိုက် အကဲခတ်နေ၏။
“ သူ့မျက်နှာက မနှစ်သက်စရာ မကောင်းရုံသာမဟုတ်ဘူး၊ တည် ကြည် ထက်မြက်တယ်။ ထက်မြက်တယ်ဆိုပေမယ့် ပေါ်ပေါ်ထင်ထင် ထက်မြက်ပုံမျိုး မဟုတ်ဘူး။ အဲလေ၊ အရေးရှိမှ ထက်မြက်တဲ့ပုံမျိုး။ ငုပ်နေတဲ့ ထက်မြက်ပုံမျိုး။ ။
" အင်း...ကျောင်းတော်သားကြီး တစ်ယောက်တော့ ဖြစ်နိုင်တယ်" အမျိုးသမီးက ညဉ့်နက်အောင် စာကြည့်လေ့ရှိသော ကောလိပ် ကျောင်းတော်သားကြီးများ၏ မျက်လုံးများကို မြင်တွေ့ဖူးသူဖြစ်သည့် အတိုင်း ဆက်၍ ဝေဖန်နေမိသည်။
“ အင်း...သူ့မျက်လုံးတွေက ညဉ့်နက်သန်းခေါင်အထိ အိပ်ပျက်ခံပြီး စာကျက်လေ့ရှိတဲ့ မျက်လုံးမျိုး။ အညိုရောင် ခန့်ချောချောတဲ့ အမျိုးသား တွေမှာ ရှိတတ်တဲ့ လှတဲ့မျက်လုံးမျိုး”
အမျိုးသမီးသည် အမျိုးသား၏ ပန်းကန်ပြားတွင် ဆယ့်နှစ်မျိုးကြော် ကို ထပ်၍ ဖြည့်ပေးလိုက်၏။ ဤတွင် အံ့သြစရာတစ်ချက်ကို တွေ့ရသည်။
“ သူ့မျက်လုံးတွေဟာ ရိုးရိုးအညိုရောင်မဟုတ်ဘူး၊ သစ်အယ်သီးလို နီညိုရောင်၊ ဇော်ဂျီရောင်။ နေ့ခင်းမှာ၊ နို့ပြီး ကျန်းမာရေး သိပ်ကောင်းနေတဲ့ အချိန်မှာ သူ့မျက်လုံးတွေဟာ ခဲရောင်တောက်နေမှာ သေချာတယ်။ အပြာရောင်ဘက်ကို လှနေတဲ့ ခဲရောင်လုံးဝဖြစ်နိုင်တယ်”
ဤအချက်ကို အမျိုးသမီးက ကောင်းစွာသိနေ၏။ အဘယ်ကြောင့် ဆိုသော် အမျိုးသမီး၏ အချစ်ဆုံးသူငယ်ချင်း မိန်းကလေးတွင် ဤသို့သော အပြာဘက်သို့လှနေသည့် ခဲရောင်မျက်လုံးရှိသောကြောင့်။ ။
“ အင်း..သူ့ဆံပင်ကလည်း နီညိုရောင်၊ ထွန်းထားတဲ့ ဖယောင်းတိုင်မီးရောင်ကြောင့် ရွှေရောင်တောက်နေတယ်။ သူ့ဆံပင်က လှိုင်းတွန်ရိပ် ကလေးတွေ သမ်းနေပုံထောက်တော့ သူ့နှုတ်ခမ်းမွေးကလည်း ဝါညိုရောင်တောက်နေလိမ့်မယ်။ နားသယ်နှစ်ဖက်ဆီကို လျှောဆင်းသွားတဲ့ ဆံခွေ လိပ်ကလေးတွေဟာ သူ့နှုတ်ခမ်းမွေး ဝါညိုရောင်နဲ့ ရောယှက်နေလိမ့်မယ်။
“ အင်း...သူ့မျက်နှာတစ်ခုလုံးဟာ ဒီနှုတ်ခမ်းမွေးကလွဲရင် သန့်သန့် ရှင်းရှင်း စင်စင်ကြယ်ကြယ်ရှိတယ်။ ယောက်ျားပီသတယ်”
အမျိုးသား၏ ပါးရိုးနှစ်ဖက်အောက်တွင်ရှိသည့် ပါးခွက်မှာ လိုအပ် သည်ထက် ပို၍ခွက်နေသည်ဟု အမျိုးသမီးက အစပထမတွင် အပြစ်မြင် နေမိသည်။ သို့သော် အမျိုးသား၏ သွယ်သော်လည်း ကြွက်သား အမြောင်း အမြှောင်းထနေသည့် ကိုယ်ကာယ အချိုးအစားကျသည့် အနေအထား၊
ဖောင်းကားသောရင်အုပ်နှင့် ကျယ်သောပခုံးတို့ကို နှိုင်းယှဉ်၍ ကြည့် လိုက်သောအခါ အမျိုးသား၏ လိုသည်ထက်ပို၍ ခွက်နေသည့် ပါးခွက် ကိုပင် အမျိုးသမီးက ပို၍သဘောကျလာမိလေသည်။
ပါးများခွက်ဝင်နေခြင်းမှာ အာဟာရချို့တဲ့နေခြင်းကြောင့် မဟုတ် သည်မှာ ထင်ရှားလှသည်။ အမျိုးသား၏ ကိုယ်ခန္ဓာက အာဟာရချို့တဲ့ ခြင်း မရှိကြောင်း ဖော်ပြနေသည်မဟုတ်လား။
“အရပ်ကတော့ ငါးပေ၊ ကိုးလက်မလောက် ရှိလိမ့်မယ်”
အမျိုးသမီးသည် မိမိ၏ ပြေးခုန်ပစ်အတွေ့အကြုံမှ ရရှိထားသည့် ဗဟုသုတဖြင့် ကောက်ချက်ချနေသည်။
“အင်း ... အသက်ကတော့ အစိတ်နဲ့ သုံးဆယ်ကြားလောက်မှား၊ အများဆုံးဖြစ်နိုင်တာက အစိတ်လောက်”
“ စောင်တော့ များများမရှိဘူးနော် "
အမျိုးသားသည် ကော်ဖီပန်းကန်ကို မော့သောက်နေရာမှ ရပ်လိုက် ကာ တိုတိုတောင်းတောင်းပင် စကားဆိုလိုက်သည်။ ဤသို့ဆိုပြီးနောက်ကျန်နေသည့် ကော်ဖီကို မော့သောက်လိုက်၏။ ပြီးလျှင် ကော်ဖီပန်းကန်ကို ရိက္ခာသေတ္တာပေါ်တွင် တင်ထားလိုက်သည်။
“ ကျုပ်ရဲ့ အင်ဒီးယန်းတွေက နက်ဖြန် မနက်ဘက်အထိ ပြန်ရောက် လာကြလိမ့်မယ်လို့ ကျပ် မထင်ဘူး။ ဒီငနဲတွေက ဂျီအိတ်တချို့နဲ့ တဲထဲမှာ လိုတဲ့ပစ္စည်းတွေလောက်တင် ချန်ထားပြီး အားလုံးကို အသင် ထုပ်ပိုးထားခဲ့ကြတယ်။ ဒါပေတဲ့ ကျုပ်မှာ သိပ်နွေတဲ့ ကုတ်အင်္ကျီရှည် နှစ်ထည်တော့ ရှိတယ်။ ဒါတွေကို စောင်လိုအသုံးချရင်လည်း ရတာ"
အမျိုးသားသည် ဤသို့စကားဆိုပြီးနောက် အမျိုးသမီးထံမှ စကာ ပြန်ကို မမျှော်လင့်သည့်အလား ကျောခိုင်းသွားကာ ကြက်ပေါင်စေး အပြာ တစ်ချပ်ဖြင့် အပေါ်မှဖုံး၍ လိပ်ထားသည့် စောင်ထုပ်ကို ဖြည်နေလေသည်။
ဖြည်ပြီးနောက် အမျိုးသားသည် အဝတ်အစားထည့်သည့်အိတ်ထဲမှ ကုတ်အင်္ကျီ အရှည်နှစ်ထည်ကို ဆွဲထုတ်လိုက်ကာ အိပ်ရာလိပ်ပေါ်သို့ ပစ်တင်လိုက်၏။
“ ဘက်စုံ အနုပညာသည်ပဲ ထင်ပါရဲ့နော ”
အမျိုးသားက အမေးပြုလိုက်သည်။ သူမေးပုံမှာ သူ့မေးခွန်းကိုပင် သူ စိတ်ဝင်စားပုံမရ၊ စကားအဆက်ပြတ်စေရန်သာ မေးပြော ပြောလိုက် ရဟန်တူသည်။ အမှန်အားဖြင့်လည်း သည်လိုမေးခွန်းမျိုးမှ ပြန်လည်ပေါ် ထွက်လာမည့် အဖြေမျိုးကို အမျိုးသားက ကြိုတင်သိထားနှင့်ပုံရသည်။
သို့ရာတွင် အမျိုးသမီးအဖို့မှာမူ သည်မေးခွန်းမှာ မျက်နှာကို လက်သီး ဖြင့် အထိုးခံလိုက်ရသကဲ့သို့သော အမေးမျိုး။
အမျိုးသမီးက စကားမဆိုနိုင်မီပင် အမျိုးသားက စကားဆက် ပြန်၏။
“မနေ့က ညကတော့ ကျုပ်မှာ ဘက်စုံအနုပညာ ဒေဝီနှစ်ပါးတောင် အနားက ခစားပြီးရှိတယ်။ တမြန်နေ့ကဆိုရင်တော့ ဒေဝီသုံးပါးတောင်မှဗျ။
အဲဒီအခါတုန်းကတော့ ခုညထက် အိပ်ရာလိပ်တွေက ပိုပြီးရှိနေတယ်ခင်ဗျ။ အဲ အဲဒီ ဘက်စုံအနုပညာသည်တွေမှာ ကိုယ်ယူခဲ့တဲ့ ပစ္စည်းပစ္စယတွေ ကိုယ်နဲ့အတူ ပါမလာဘဲ ပျောက်သွားတယ်ဆိုတာ ကံမကောင်းဘူး မဟုတ် လား။ သူတို့က ဒီလိုပဲ အကြောင်းပြလေ့ရှိကြတာပါပဲ။အင်း.. ခုအချိန်ထိတော့ သူတို့မှာ ပျောက်သွားတယ်ဆိုတဲ့ ပစ္စည်းပစ္စယတွေကို ကျုပ်တော့ တစ်ခုမှ လိုက်ရှာလို့မတွေ့သေးဘူးလေ။ ဒီလိုပစ္စည်းပျောက်ပါတယ်လို့ဆိုတဲ့ အမျိုးသမီးတိုင်းဟာ ဒေဝီတွေပဲ ဖြစ်ပုံရပါတယ်ဗျာ။ အဲဒါနဲ့ မင်းကော ဒေဝီတစ်ပါးပဲမဟုတ်လား။ မင်းကို ကျုပ်က ဒေဝီလို့ပဲထင်တယ် ဟုတ်
အမျိုးသမီး၏မျက်နှာပေါ်တွင် ရှက်သွေးဖျန်းခနဲထသွားသည်။ ဤသို့ ရှက်သွေးဖြန်းခနဲထသွားခြင်းကိုပင် အမျိုးသားပြောလိုက်သော စကား ထက် ပို၍ ဒေါသဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးသည် မိမိ၏စိတ်ကို ထိန်းထိန်းချုပ်ချုပ်လုပ်ထားပါလျက် ထိန်းချုပ်၍မရအောင် ဖြစ်သွားသောကြောင့်။ ။
“မဟုတ်ဘူး၊ ကျပ်က ဘက်စုံအနုပညာသည် မဟုတ်ဘူး” အမျိုးသမီးက ဆေးလေးတည်ငြိမ်စွာ အဖြေပေးလိုက်၏။
အမျိုးသားသည် မည်သို့မျှ စကားမဆိုသေးဘဲ ဂျီအိတ်အချို့ကို မီးလင်းဖို တစ်ဖက်ရှိ ကွက်လပ်သို့ပစ်ချကာ ခုတင်တစ်ခုလို ဖြစ်လာအောင် စီစဉ်လုပ်ကိုင်နေသည်။ ပြီးလျှင် မီးလင်းဖိုအခြားတစ်ဖက်ရှိ ကွက်လပ်တွင် ကျန်ဂျီအိတ်များကို ဆွဲချလျက် အလားတူ ခုတင်တစ်ခုလိုဖြစ်အောင် လုပ်လိုက်၏။
“ ဒါပေမဲ့ မင်းဟာ အနုပညာသည် တစ်မျိုးမျိုးတော့ ဖြစ်ရမှာပဲ ”