Skip to product information
1 of 9

Other Websites

တက္ကသိုလ်နန္ဒမိတ် - စာရေးချင်သောသူများသို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ယခုခေတ်တွင် စာဖတ်သူဦးရေ တိုး၍လာသလောက် စာရေးချင် သောသူများလည်း တစ်နေ့တခြား များပြားလာလေသည်။ လစဉ် ထုတ် မဂ္ဂဇင်းတိုက်ကြီးများမှ နေ့စဉ်ထုတ် သတင်းစာတိုက်များ နှင့် တစ်ကျပ်နှစ်ဆယ့်ငါးပြားတန်၊ တစ်ကျပ်တန်၊ ခုနစ်ဆယ့်ငါး ပြားတန်၊ ပြားငါးဆယ်တန် စာစောင်မဂ္ဂဇင်းတိုက်များသို့ နေ့စဉ်နှင့် အမျှ ရောက်ရှိလာသော ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ စာညွန့် စသော စာမူများမှာ သက်ဆိုင်ရာ စာနယ်ဇင်းတိုက်များမှ အယ်ဒီတာများ ဖတ်၍ မကုန်နိုင်လောက်အောင်ပင် ရှိလေသည်။

 

          ဤကဲ့သို့ ... စာဖတ်ချင်သောစိတ်၊ စာရေးချင်သောစိတ် တိုးတက်လာသည်မှာ တိုင်းပြည်အတွက် အားတက်ဖွယ်ကောင်းသောအချက် ဖြစ်ပေသည်။ သို့သော် .... စာဖတ်ချင်သောစိတ် ရှိသူများက ဝယ်၍သော်လည်းကောင်း၊ ငှား၍သော်လည်းကောင်း မိမိတို့ဖတ်လိုရာ စာနယ်ဇင်းများကို ဖတ်ရှုခွင့်ရနိုင်သည့်တိုင်အောင် စာရေးချင်သောသူများမှာကား မိမိတို့ရေးလေသမျှ မည်သည့် စာနယ်ဇင်းတွင်မျှ ရှာ၍မတွေ့နိုင်အောင် အခက်ကြုံကြရသည်။ (ဝါ) မိမိတို့ ရေးသားပေးပို့လိုက်သမျှသည် သက်ဆိုင်ရာ အယ်ဒီတာ အမှိုက်ခြင်းထဲသို့သာ ရောက်ရှိသွားခြင်းနှင့် ကြုံကြရသည်။ အနယ် နယ် အရပ်ရပ်မှ ပေးပို့ကြသော စာမူများအနက် (နာမည်ရ စာရေး ဆရာများ၏ စာမူများမပါ) စာမူပေါင်း ၁၆၀ လျှင် အယ်ဒီတာ အဖွဲ့က ကြိုက်သော စာမူတစ်စောင်ရနိုင်ရန် အတော်ပင် ခဲယဉ်းလေသည်။

 

          ဤသို့ဆိုလိုက်သဖြင့် အနယ်နယ်အရပ်ရပ်မှ စာရေးချင်စိတ် ရှိ၍ ရေးသားပေးပို့လိုက်သူများသည် ပညာမတတ်၊ စာမတတ်ဟု ဆိုလိုခြင်းမဟုတ်။ သက်ဆိုင်ရာ စာနယ်ဇင်း အယ်ဒီတာအဖွဲ့က ကြိုက်သော စာမူတိုင်းသည် ကောင်းသော စာမူ မဖြစ်သကဲ့သို့ မကြိုက်သော စာမူတိုင်းသည်လည်း မကောင်းသောစာမူ မဟုတ် နိုင်ပါပေ။ သို့သော် အနယ်နယ်အရပ်ရပ်မှ စာရေးချင်စိတ်ရှိ၍ ရေးသားပေးပို့လိုက်သော စာမူများမှာ အများအားဖြင့် ညံ့တတ်ကြ သည်။ ဤသို့ “ညံ့” ခြင်းမှာလည်း ပညာမတတ်၍လည်း မဟုတ်။ စာမတတ်၍လည်း မဟုတ်၊ မိမိတို့ တွေ့မြင် ကြားသိနေသော အကြောင်းအရာများကို ဖော်ပြရာ၌ “ဖော်စပ်ပုံ နည်းမှားနေသောကြောင့်သာ ဖြစ်သည်။

 

         “ဖော်စပ်ပုံ” ဟု ဆိုလိုက်သောကြောင့် စာရေးရာ၌ လှေနံ ဓားထစ်၊ တရားသေ “ဖော်နည်းကား ရှိပြီဟု မထင်မှတ်သင့်။ စာပေဆိုသည်မှာ အလွန်နူးညံ့သိမ်မွေ့သော အနုပညာတွင် ပါဝင် သည်ဖြစ်ရာ စာရေးကောင်းသူတစ်ယောက်ဖြစ်ရန် မလွယ်ကူပေ။ စာရေးကောင်းသူတစ်ယောက် ဖြစ်နိုင်ရန်လည်း မည်သည့် “ဖော်နည်းကား” ကိုမျှ ပုံသေကားကျ မှတ်ထား၍ မရနိုင်ပေ။ “ကွီနိုင်သည် အဖျားရောဂါကို ပျောက်စေ၏”ဟူသော “ဖော်နည်းကား” ကို ပုံသေ ကားကျမှတ်ထားကာ တိုက်ဖွိုက်ခေါ် အူရောင်ဖျား ဖျားနေသူအား ကွီနိုင်တိုက်ချေက လူနာမှာ မသက်သာသည့်ပြင် ပို၍ ဝေဒနာ ခံစားရမည်ဖြစ်၏။ ထို့အတူ ဆေးကျမ်းဆရာက “ချိုဆိမ့်သော အရသာသည် သည်းခြေကို နိုင်၏။ သြဇာအရှိဆုံး ဖြစ်၏။ နှစ်သက် စေတတ်၏။ အသက်ကို ရှည်စေတတ်၏။ အရုပ်အဆင်းကို ကောင်း စေတတ်၏။ ဣန္ဒြေကို ကြည်လင်စေတတ်၏ဟု ဆိုတိုင်း ချိုဆိမ့် သောအရာကို များစွာစားပါက သလိပ်ပျက်ခြင်း၊ ဆီးအကြိမ်များစွာ သွားခြင်း စသောဝေဒနာကို ခံရမည် ဖြစ်လေသည်။

 

          ထိုနည်းကဲ့သို့ပင် “အချဉ်သည် အစာကို ကြေစေတတ် ၏၊ နှုတ်ကိုမြိန်စေ၏၊ လေကိုနိုင်၏” ဟု ဆိုသဖြင့် အချဉ်ကို ပို၍စားခဲ့လျှင် စိတ်ပျံ့လွင့်ခြင်း၊ ရေငတ်ခြင်း၊ သည်းခြေပျက်ခြင်း စသော ဘေးဥပဒ်ကို တွေ့တတ်လေသည်။သို့ဖြစ်၍ စာရေးချင်သူများသည် “ဖော်နည်းကား” နောက်သို့ မလိုက်ဘဲ “ဖော်စပ်ပုံ” ကိုသာ ဂရုပြုသင့်သည်။“ဖော်စပ်ပုံ” ကို ဂရုပြုသင့်သည် ဆိုသည်မှာ တစ်ဦး တစ်ယောက်သော စာရေးဆရာက အကြောင်းအရာတစ်ခုခုကို ဝါကျ တိုတိုဖြင့် ရေးသားဖော်စပ်ထားသဖြင့် စာကောင်း ပေကောင်း တစ်ပုဒ် ဖြစ်နေသည်ကို အားကျကာ သူ့ပုံကိုလိုက်၍ လုပ်ရန်မဟုတ်၊ မိမိက အကြောင်းအရာတစ်ခုခုကို ထိုစာရေးဆရာကဲ့သို့ လိုက်ရေးလျှင် ထိုစာရေးဆရာ ရေးသလောက်ကောင်းမည်မဟုတ်၊ အကယ်၍

ကောင်းသည့်တိုင် ထိုစာရေးဆရာ၏ ဖော်စပ်ပုံနှင့် မိမိဖော်စပ်ပုံမှာ ထပ်တူထပ်မျှလို ဖြစ်နေသဖြင့် မိမိမှာ သူများနောက်လိုက်သာ ဖြစ်ဖို့ရှိလေသည်။

 

          'စာပေ” ဆိုသည်မှာ မိမိ တွေ့၊ မြင်၊ ကြား၊ သိသော အကြောင်းခြင်းရာတို့ကို မိမိဦးနှောက်နှင့်ပေါင်း၍ “ဖော်စပ်” ထားသော စာလုံးကလေးများပင် ဖြစ်သည်။ ဤသို့သော စာလုံးကလေးများ ဖော်စပ်ရန်အတွက် စာရေးချင်သူတစ်ယောက်တွင် မည်သည့်အရာများ ရှိရပါမည်နည်း။ စာရေးချင်သူတစ်ယောက်သည် လောကကို ရှုမြင်နိုင်ရ မည်၊ တွေ့ထိနိုင်ရမည်၊ လောက၏ အရိပ်လောက်ကိုသာ မြင်ခြင်း၊တွေ့ခြင်းသည် စာရေးချင်သူတစ်ယောက်အတွက် စာရေးနိုင်ရန် အထောက်အကူရမည်မဟုတ်။ လောက၏အရိပ်နှင့် လောကသည် ခြားနားသည်။ အရိပ်ကို အကောင်မထင်သင့်ပေ။

 

          စာပေဆိုသည်မှာ... လောက(ဝါ)ဘဝမှရသည့် ကုန်ကြမ်း နှင့် စာရေးဆရာ၏ ဦးနှောက်တို့ ပေါင်းစပ်ထားသော စကားလုံး ကလေးများ၊ စာလုံးကလေးများပင် ဖြစ်သည်။ သို့ဖြစ်၍ စာရေး ချင်သူများသည် လောက၏ အကြောင်းအရာတို့ကို မိမိဦးနှောက်၏ ကွန့်မြူးချက်ဖြင့် အချောကိုင်ကာ ဖော်ပြတတ်ရပေမည်။ ဖော်ပြ တတ်အောင် ကြိုးစားရပေမည်။ ဤတွင် “ဖော်စပ်ပုံ” ၌ အမြဲတမ်း လိုက်နာမှတ်သားသင့်သော ဥပဒေသတစ်ခုရှိ၏။ ထိုဥပဒေသကား“လောက (ဝါ) ဘဝမှ တွေ့မြင်ကြားသိရသော ကုန်ကြမ်း များကို မိမိဦးနှောက်ဖြင့် ပေါင်းစပ်၍ ကွန့်မြူးရေးသားပါ” ဟူ၏။ “ကွန့်မြူးရေးသားပါ”ဆိုသဖြင့် ဆင်ကိုဆိတ်၊ ဆိတ်ကို ဆင်ဖြစ်အောင် ရေးနည်းမျိုးကို ဆိုလိုခြင်းမဟုတ်၊ ပုံတူကူး၍ ရေးခြင်းမျိုးကိုလည်း ဆိုလိုခြင်းမဟုတ်၊ မည်သည့်စာရေးဆရာမျှ လည်း ဆင်ကို ဆိတ်၊ ဆိတ်ကို ဆင်ဖြစ်အောင် မရေးကြ၊ ပုံတူ ရေးကူးခြင်းလည်း မလုပ်ကြ။ ဆင်ကိုဆိတ်၊ ဆိတ်ကိုဆင်ဖြစ်အောင်ရေးလျှင် ထိုစာရေး ဆရာ၏ရေးသားချက်သည် မှန်ကန်နိုင်ပါဦးမည်လား။ သို့မဟုတ် ပုံတူကူး၍ ရေးသည်ဆိုလျှင်လည်း ထိုစာရေးဆရာ၏ ရေးသား ချက်သည် အသက်ရှိသော အနုပညာမဟုတ်ဘဲ အသက်မဲ့သော စက်ရုပ်ဖြစ်နေမည် မဟုတ်ပါလား။

          သို့ဖြစ်ရာ စာရေးချင်သူများသည် လောက (ဝါ) ဘဝမှ တွေ့မြင်ကြားသိရသော ကုန်ကြမ်းကို မိမိဦးနှောက်ဖြင့် ပေါင်းစပ်၍ ကွန့်မြူးသည့်သဘော (ဝါ) ဖော်စပ်သည့်သဘော (ဝါ) တီထွင် ဆန်းသစ်သော သဘောပါအောင် ရေးတတ်ရန်လိုလေသည်။ ဤ ကဲ့သို့ စာကောင်းပေကောင်းရေးတတ်ရန်အကြောင်းနှင့် ပတ်သက်၍ ဆရာကြီးပီမိုးနင်းက... ။“စာကောင်းဆိုသည်မှာ ရာဇဝင်နှင့်လည်းမဆိုင်၊ အဘိဓမ္မာ တတ်ခြင်းနှင့်လည်းမဆိုင်၊ ဖတ်၍ကောင်းအောင် သစ်လွင်ကွာခြား သော စိတ်ကူးဉာဏ်ကူးကို ပြသောစာများကိုသာ စာကောင်းဟု ခေါ်၍ ထိုကဲ့သို့စာများကို ရေးသားသူများကို စာရေးကောင်းဟု ခေါ်ရလေသည်” ဟု သြဝါဒစကား ရေးသားခဲ့၏။

 

          ရာဇဝင်တတ်သောကြောင့် စာရေးကောင်းဟု မဆိုနိုင်။ စာရေးကောင်းသူ တစ်စုံတစ်ယောက်မှာ ရာဇဝင်ကို တတ်ခြင်း ကြောင့် စာမှာ ပို၍မကောင်း၊ စာပို၍ ညံ့မှာကိုပင် စိုးရလေသည်။အဘိဓမ္မာတတ်သောကြောင့် စာရေးမကောင်း၊ စာရေး ကောင်းသူတစ်ယောက်မှာ အဘိဓမ္မာ များအားကြီးသဖြင့် ၎င်း၏စာ မှာ ငါးသိုင်းများ ဟင်းဟုံ၍ပင် နေတတ်လေသည်။ အနှစ်ချုပ်မှာ စာကိုရေးရာ၌ မိမိတတ်ကြောင်းကိုပြလိုသော မာနစိတ်ဝင်၍ လာ သည်နှင့်တစ်ပြိုင်နက်တည်း စာကိုထိခိုက်တတ်လေသည်။

 

          ထို့အပြင် မိမိသင်၍ တတ်သောပညာတွေကို မိမိရေးသားသော စာထဲသို့ ဆွဲ၍ သွင်းလိုသောစိတ်က လွှမ်းမိုးအားကြီးသောကြောင့် ပင်ကိုဉာဏ် ထွက်ခွင့်မရ၊ ပင်ကိုသံအစား ပဲ့တင်သံတွေများ၍ နေတတ်လေသည်။ ။“မိမိရေးသောစာ၌ သင်ဖူး ကျက်ဖူးသော ပညာဂုဏ်ကို မပြလိုဘဲ ဖတ်သူ ပျော်ပါစေ၊ ဖတ်သူ ကြေကွဲပါစေ၊ ဖတ်သူ ထိတ်လန့်ပါစေ၊ ဖတ်သူ ဝမ်းနည်းပါစေ၊ ဖတ်သူ ပြုံးရွှင်ပါစေ၊ ဖတ်သူ မှတ်ပါစေ၊ ဖတ်သူ သတိသံဝေရပါစေဟူသော စိတ်ဖြင့် အကြောင်းအရာတစ်ခုခုကို ရေးတတ်သော ဆရာမှသာ စာရေးကောင်းဖြစ်၍ ၎င်း၏ စာကို စာကောင်းဟု ခေါ်ရလေသည်” ဟူ၍ လည်း စာရေးချင်သူများအတွက် အခြေခံအချက်များ ညွှန်ပြခဲ့ လေသည်။ စာရေးချင်သူတစ်ယောက်တွင် ကုန်ကြမ်းပစ္စည်းဖြစ်သော လောက (ဝါ) ဘဝမှ အကြောင်းအရာတစ်ခုခုကို တွေ့မြင်ကြားသိ ခံယူပြီးဖြစ်ပြီ၊ ဉာဏ်ကွန့်မြူးမှုလည်းရှိပြီဟု ဆိုကြပါစို့၊ ထိုသူသည် မည်သည့် “ဟန်”ဖြင့် ရေးချပါမည်နည်း။

 

          စာရေးရာတွင် အကြမ်းဖျင်းအားဖြင့် Content အကြောင်း အရာနှင့် Form ဟန်ဟူ၍ရှိရာ အချို့သော စာရေးဆရာများက ဟန် (ရေးပုံရေးနည်းစတိုင်)ထက် အကြောင်းအရာကို ပို၍ အရေးကြီး သည်ဟု ယူဆ၏။ ကျွန်ုပ်အတွက်မူကား Content အကြောင်း အရာသည် စာရေးရာ၌ အရေးကြီးသည့်နည်းတူ Form ဟန်သည် လည်း အကြောင်းအရာကဲ့သို့ပင် ထပ်တူထပ်မျှ အရေးကြီးသည်ဟု ယူဆ၏။ ထို့ကြောင့် ဤဆောင်းပါးတွင် “ဟန်” အကြောင်းကို အကျဉ်းမျှ ထည့်၍ရေးလိုပေသည်။ ။ မိမိမြင်တွေ့ ကြားသိ ခံယူထားသော ကုန်ကြမ်းပစ္စည်း ဖြစ်သည့် အကြောင်းအရာသည် မည်မျှပင် စိတ်ဝင်စားဖွယ်၊ လွမ်းဆွတ်ဖွယ်၊ ရယ်ရွှင်ဖွယ်၊ ထိတ်လန့်ဖွယ် ဖြစ်နေစေကာမူ ရေးပုံ ရေးနည်း ဟန်မကောင်းက နတ်သုဒ္ဓါအဆီခဲတွင် ရွှေမစင်တစ်ပဲသား ကျသကဲ့သို့ စားရမည်လည်းခက်၊ လွှင့်ပစ်ရမည်လည်း နှမြောဖြစ်ကာ နောက်ဆုံးတွင် သက်ဆိုင်ရာ အယ်ဒီတာ၏ အမှိုက်ခြင်းထဲသို့ ရောက်သွားတတ်လေသည်။

 

          ကျွန်ုပ်အနေအားဖြင့် အနယ်နယ် အရပ်ရပ်မှပေးပို့ကြသော စာရေးချင်သူများ၏ စာမူများမှာ များသော အားဖြင့် အကြောင်းအရာတွင် မဆိုးလှသော်လည်း ဟန်တွင်ကား တော်ပါသည်ဟု ဆိုလောက်သော စာမူများ အလွန်ပင် ရှားသည်ကို တွေ့ရလေသည်။ဥစ္စာစီးပွားရှာမှီးရေး၊ကြီးပွားတိုးတက်ရေးနှင့်ပတ်သက်၍ကန်တော်မင်းကျောင်းဆရာတော်က“ဥစ္စာကိုလိုသော်၊ အမှီကောင်းကိုရှာ၊ ကိုယ်အနာလည်း ကင်းလှစေ၊ မပျင်း, ဝီရိယ အားထုတ်ကြ၊ မာနဟူသည့် မှန်ကင်း ထွတ်ကိုကျ၊ ပုညရှေးလည်းကူမစေ၊ သုံးထွေစရိုက်မျှ၊ ယစ်သမျှ ဆင်ခြင်လေ၊ သဘင်ကြည့်ရှု နည်းလှစေ၊ လောင်းထွေကစားမှု၊ ပျော်မှုဆင်ခြင်လေ” ဟူ၍ ရေးသားခဲ့သည်။

 

          ဤအကြောင်းအရာကိုပင် ဆရာပီမိုးနင်းက အများအားဖြင့် ယခုအခါ ညည်းညူပြောဆိုကြသည်ကား ဘာမျှလုပ်၍မဖြစ်၊ လုပ်လျှင်ပျက်၊ ငွေကုန်အရင်းရှုံး၊ ကြွေးတင် ဒေဝါလီဖြစ်ဖို့ရှိတာပဲ။ ဤစကားသည် အမြဲလိုလိုကြားရသော စကားဖြစ်လေသည်။ ဤကဲ့သို့ ပြောသူများသည် အဘယ်ပုံ လုပ်ရမည်ဟူသော အချက်ကို သတိမရ၊ ဘာကို လုပ်ရမည် ဟူသောအချက်ကိုသာ တွေးတောကြသူများ ဖြစ်သည်။”“ဘယ်ပုံဟူသော စကားသည် စနစ်ကို ဆိုလို၏။ စနစ် မရှိက ဘာကိုလုပ်လို့မျှ မဖြစ်မြောက်နိုင်ပေ။

 

          သို့ဖြစ်သောကြောင့် ဘာကိုထက် ဘယ်လိုဟူသောအချက်က ပိုမို၍ အရေးကြီးလေ သည်။”“ဘယ်လိုဟူသောစနစ်ကို မထွင်က ဘာကိုလုပ်လို့မှ မဖြစ် မမြောက် မအောင်မြင်နိုင်ဟု ပုံသေမှတ်ရမည်။ ဘာကိုလုပ်ရ မည်ဟု လေးလံခက်ခဲစွာ ရှာကြံဖို့မရှိ။ လူတို့အတွက် အသုံးဝင် ၍ အကျိုးရှိသဖြင့် အများကြိုက်နှစ်သက်သော အရာတစ်ခုခုကို လုပ်လျှင် ဘယ်လိုဟူသော နည်းစနစ်ကောင်းချေက ဧကန် တွင်ကျယ်ရမည်သာတည်း' ဟူ၍ ရေးသားခဲ့ပြီးလျှင် ဆရာ မြို့မမောင်ကမူ “ဆယ်သန်း” ဂျာနယ်တွင်...'နန်းရင်းဝန်ဖြစ်ရန် ဘီအေအောင်ဖို့မလို၊ ဘီအေအောင် သော်လည်း အသုံးမချတတ်လျှင် အလကား...” စသည်ဖြင့် မိမိတို့ဟန်၊ မိမိတို့ရှုထောင့်မှနေ၍ မိမိတို့ နိုင်နင်း သလို ရေးသားခဲ့ကြလေသည်။ဤအရေးအသား သုံးခုတွင် ဆရာမြို့မမောင်က ဆရာ ပီမိုးနင်း၏ ဟန်အတိုင်းလိုက်၍ ရေးလျှင်သော်လည်းကောင်း၊ ဆရာ ပီမိုးနင်းက ကန်တော်မင်းကျောင်းဆရာတော်၏ ဟန်အတိုင်း တု၍ရေးလျှင်သော်လည်းကောင်း မှတ်သားစရာ စာကောင်းတစ်ပုဒ် ဖြစ်လာနိုင်ရန် မရှိချေ။ အဘယ်ကြောင့်ဆိုသော် အကြောင်းအရာ ချင်း တူကြပါလျက် မိမိတို့မြင်သော ရှုထောင့်က ကွဲပြားနေသော ကြောင့်ပင်တည်း။

 

          ထို့ကြောင့် “စာရေးချင်သောသူများ သည် မိမိတို့ အမြင်၊ မိမိတို့အသိ၊ မိမိတို့ဟန်၊ မိမိတို့ရှုထောင့်မှနေ၍ အယ်ဒီတာကြိုက်သော စာလည်းဖြစ်လေအောင်၊ ပရိသတ်အတွက် ကောင်းသော ပစ္စည်းကို ဉာဏ်ဖြင့် ကွန့်မြူးဖော်စပ်၍ စာကောင်းပေကောင်းတည်း ဟူသော ကုန်ချောဖြစ်လာရန် အညွှန်းမျှ ရေးသားအကြံပေးအပ် ပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)