Skip to product information
1 of 4

Other Websites

တက္ကသိုလ်စိန်တင် - ဧကရီမိဖုရား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

(၁)

 “ ဦးလေး ကျွန်တော်နဲ့ တစ်ကျပ်ကြေး ကျားထိုးမလား”

စာရေးသူသည် အင်္ဂလိပ် ရှစ်ကွက်ကျား ကစားခြင်းကို ငယ်စဉ်က စ၍ ဝါသနာ ကြီးခဲ့သည်။ ကျားထိုးတတ်အောင် သင်ပေးခဲ့သူမှာ အဖေဖြစ်သည်။ အဖေသည် ကျားထိုးခြင်းကို သဲသဲမဲမဲ ဝါသနာကြီးသူ ဖြစ်၏။ သို့နှင့် အဖေတူ သားဖြစ်သော စာရေးသူမှာ ကျားဝိုင်းတစ်ပိုင်း တွေ့လျှင် ခေတ္တ ခဏ ဖြစ်စေ ဝင်၍ ရပ်ကြည့်မိသည်။

မကြာမီက ဖြစ်၏။

ရန်ကုန်မြို့လယ် မော်တော်ကား ပွဲစားတို့၏ ဌာနချုပ် ဖြစ်သော မဟာ ဗန္ဓုလလမ်းနှင့် (၃၈) လမ်းထောင့်ရှိ လွင်လွင်ကဖီးရှေ့တွင် ကျားဝိုင်း တစ်ဝိုင်းကို ဝင်မိသည်။ သည်နေရာမှာ “ကျားဗိုလ်” တွေ စုဝေးရာ ဖြစ်၍ တစ်ပွဲတစ်ကျပ်နှင့် အလောင်းအစား လုပ်ပြီး ကျားထိုးကြမြဲ ဖြစ်သည်။ ထိုနေ့ကလည်း လာသမျှလူကို မိမိဘက်မှ တစ်ကောင်ကျ ပေး၍ ကျားထိုး အနိုင်ယူတတ်သော ကားပွဲစား “ကျားဗိုလ်” ကြီးတစ်ဦးနှင့် ၁၃ နှစ် အရွယ် ကောင်ကလေး တစ်ဦး အထက်ပါ အတိုင်း ဈေးဆို နေကြသည်ကို နားထောင်နေမိ၏။

“ဟ, မင်းကများ ငါ့ကို လာပြိုင်လို့ မလောက်လေး မလောက်စားနဲ့ကွာ' ကျားဗိုလ် လူဝဝကြီးက ပြန်ပြော၏။ “ပညာလိုချင်လို့ပါဦးရဲ့၊ တစ်ပွဲနှစ်ပွဲထဲပါ"

ဇွတ်သမား ကောင်ကလေးက အတင်း နားပူတော့ ကျားဗိုလ်ကြီးလည်း မငြင်းသာတော့၊ သို့နှင့် ကျားဗိုလ်ကြီးသည် မိမိဘက်ရှိ ကျား ၁၂ ကောင်မှ တစ်ကောင်ကို ထုံးစံအတိုင်း ဖယ်ပေးသည်။ တစ်ကောင်ကျ ပေးသပေါ့။ ကောင် ကလေးက သဘော မတူ၊

'ကိစ္စမရှိပါဘူး ဦးရဲ့ ၊ ပညာယူတာပဲဟာ၊ တစ်ကောင်ကျ မပေးပါနဲ့တဲ့။

ပွဲ စပါပြီ။ ကျားဗိုလ်ကြီးသည် အကွက်ကောင်းတွေ ဆင်၍ ထိုး၏။ တစ်ကောင်ကျွေးပြီး နှစ်ကောင်စား၏။ နှစ်ကောင်ကျွေး၍ သုံးကောင်စား၏။ | သုံးကောင်ကျွေးပြီး “ကင်း” ယူ၏။ သည်ပွဲမှာ ကျားဗိုလ်ကြီး နိုင်သွား၏။ ကောင်ကလေး ထံမှ ငွေတစ်ကျပ် ရလိုက်သည်။ ။ 'ကစားဦးမှာလားကွ' ကျားဗိုလ်ကြီးက မေး၏။ “သုံးပွဲပြည့်အောင် ကစားမှာပေါ့ ဦးရဲ့' ကောင်ကလေးက ဖြေ၏။

ထိုနေ့က သုံးပွဲတိတိပင် ကစားကြသည်။ သို့သော် ဒုတိယပွဲတွင်ကား ကောင်ကလေးက ဘယ်လို အကွက်ဆင်လိုက်သည်ကိုပင် နားမလည် လိုက်တော့ ပါ။ ကျားဗိုလ်ကြီးကို နှစ်ကောင်ကျွေးပြီးတော့ ကောင်ကလေးက “ကင်း” တက်ယူ လိုက်၏။ နောက်ထပ် အကွက်ဆင်ပြီး “ကင်း” တစ်ကောင်ထပ်ယူသည်။ ထိုပွဲမှာ ကျားဗိုလ်ကြီး ရှုံးပါလေ၏။ နောက်ပွဲမှာလည်း သည်လိုပင် ကျားဗိုလ်ကြီးခမြား ချွေးတွေပြန်၍ ရသည်။ ကျားဗိုလ်ကြီးကို သုံးပွဲတစ်ပွဲနှင့် အနိုင်ယူသွားပါပြီ။ တော်လည်း တော်တဲ့ ဗိုလ်ကလေးပါပဲ။

ဧကရီစုဖုရားစာအုပ်ကို ရေးနေရင်းက စာရေးသူသည် ကားပွဲစားတို့ ကားဝိုင်းက ကောင်ကလေးနှင့် ကျားဗိုလ်ကြီးတို့ ဖြစ်ရပ်ကို သတိရနေမိသည်။ ရတနာပုံနန်းမှ ဆင်ဖြူမရှင် မိဖုရားနှင့် ကင်းဝန်မင်းကြီးတို့မှာ “ကျားဗိုလ်ကြီး”နှင့် မတူလား။ သီပေါဘုရင်၏မိဖုရား စုဖုရားလတ်မှာ ကျားထိုး တော်သော ကောင်ကလေးနှင့် မတူလား။

ပထမတော့ ဆင်ဖြူမရှင်နှင့် ကင်းဝန်မင်းကြီး တို့သည် နှစ်ကောင်ကျွေး၍ ကင်း တက်ယူရန် စိတ်ကူးယဉ်ခဲ့ကြသည်။ ရတနာပုံ ရွှေနန်းပေါ်တွင် သီပေါဘုရင်

နှင့် စုဖုရားလတ်တို့ကို တင်လိုက်ပြီး နိုင်ငံတော် အာဏာကို ချုပ်ကိုင်ခြယ်လှယ်ကြ ' မည်ပေါ့။ သို့သော် စိတ်ကူးနှင့် လက်တွေ့ သည် တစ်ခါတစ်ရံတွင် ဆန့်ကျင်ဘက်

ဖြစ်တတ်မြဲ မဟုတ်လား ဆင်ဖြူမရှင်နှင့် ဝန်အိုကြီးတို့ အကြံပျက်သွား၏။ မိဖုရား စုဖုရားလတ်သည် နန်းပလ္လင်၏ အာဏာကို ကိုင်စွဲ၍ နိုင်ငံတော်ကို (၇) နှစ် တိုင်တိုင် အုပ်စိုးသွားလေသည်။ ဆင်ဖြူမရှင်နှင့် ကင်းဝန်မင်းကြီးတို့မှာ သုံးပွဲတစ်ပွဲနှင့် အရှုံးပေးရပြီ။ “ကင်း” ကလေး တစ်ကောင်မှ မရလိုက်ပါ။

သည်ဖြစ်ရပ်ကလေးကို ဆက်စပ်၍ စုဖုရားလတ် ဆိုသော မိန်းမ တစ်ယောက် အကြောင်းကို စာရေးသူ၏ ရှုထောင့်မှ တင်ပြလိုသဖြင့် သည်စာအုပ် ကို စာရေးသူက ကြိုးပမ်း ရေးခဲ့ပါ၏။ မိန်းမသည် မိန်းမပဲ မဟုတ်လား။ ထို့ကြောင့် မိဖုရားတွင် ရှိနေသော မိန်းမ စိတ်ဓာတ်၊ မိန်းမတို့ အမူအကျင့်၊ သဘော သဘာဝများနှင့် စုဖုရားလတ်၏ ‘ဟန်” ကို မြင်ကြရအောင် ကြိုးပမ်း ကြည့်ပါ၏။ အကယ်၍ စုဖုရားလတ်၏ ဟန် ပီပီပြင်ပြင် မပေါ်လွင်ပါက စားရေးသူ၏ ညံ့ဖျင်းမှုပင် ဖြစ်ပါလိမ့်မည်။ ။

ဓားထက်ခဲ့သော မိန်းမတစ်ယောက်၏ ရတနာပုံခေတ်ကို ပြန်လည်မျှော် ကြည့်လျှင် သံဝေဂပွားစရာတွေ၊ သင်ခန်းစာ ယူစရာတွေ၊ ဆင်ခြင်စဉ်းစားစရာတွေ က များလှပါဘိ။

အာဏာယစ်မူးမိ၍ မှားခဲ့သော သာဓကတွေ၊ “လောဘ၊ ဒေါသ၊ မောဟ သားကောင်များ ဘဝတွင် မဆင်မခြင် လုပ်ခဲ့သော ဖြစ်ရပ်တွေ၊ အတ္တဆန်သော အပြု အမူတွေ စသည်ဖြင့်။

ဤစာအုပ်ကို ရေးသားရာတွင် စာရေးသူအား အကြံပြု၊ စာအုပ်စာတန်း များ ရှာဖွေကူညီသူ စာပေမိတ်ဆွေများကို ကျေးဇူးစကား ဆိုချင်ပါ၏။ စာအုပ်ဖြစ်မြောက်ရေး အတွက် စာရေးသူအား သမိုင်း အချက်အလက်များကို ရှာဖွေ

ပြောပြသူ ဆရာကြီး ဇေယျနှင့် ဆရာမြင့်ဆွေ၊ သုတေသီ စာရေးဆရာ မြင့်ထွန်း၊ စာအုပ်များ ကူညီ ငှားရမ်းကြသော ပန်းချီ ဦးစံတိုး၊ ချောင်းဆုံအုန်းသွင်၊ စာပေဝါသနာရှင် ဦးဘသော် (၂၃လမ်း)၊ တင်မောင်ဆွေ (ဝံသာနုစာအုပ်တိုက်) တို့ကို အထူး ကျေးဇူးတင်ပါသည်။

( ရာဇဝင်ဘီးသည် တစ်ပတ်လည်မြဲဟု ဆိုကြပါသည်။ မြန်မာရာဇဝင် ဘီးကြီးသည် ဘယ်နှစ်ပတ်ပဲ လည်လည်ပေါ့။ “ရှေးလူ” တို့ မှားခဲ့သည့် ဖြစ်ရပ် မျိုးကို “နောက်လူ” တို့ ထပ်မမှားအောင် ဆင်ခြင်နိုင်ကြမည် ဆိုလျှင်ကား စားရေးသူအဖို့ ဝမ်းသာမဆုံး ရှိရတော့မည်တည်း။

တက္ကသိုလ်စိန်တင်

ကြို့ကုန်းရိပ်သာ အင်းစိန်။ ၁၉၇၆ ခုနှစ်

 

၁။ သွေးစွန်းသောသမိုင်းစာမျက်နှာ

မန္တလေး ရတနာပုံနေပြည်တော်သည် အမင်္ဂလာသတင်းများဖြင့် သိမ့်သိမ့်ခါလျက်ရှိသည်။ နေပြည်တော် တစ်ဝှမ်းရှိ ပြည်သူပြည်သား လက်လုပ်လက်စား၊ ပွဲစား ကုန်သည်တို့သည် ပုံမှန် အခြေအနေမျိုးဖြင့် သွားလာလှုပ်ရှားနေဟန် မတွေ့ရ။

သူတို့၏ မျက်နှာမှာ တစ်စုံတစ်ခုသော အရေးအခင်းအတွက် ထိတ်လန့်နေဟန်၊ စိုးရွံ့နေဟန်၊ ချောက်ချားနေဟန် တွေ့ရသည်။ သူတို့ ဘာကို ထိတ်လန့်နေကြတာလဲ၊ သူတို့ ဘာကို စိုးရွံ့ နေကြတာလဲ၊ သူတို့ ဘာကြောင့် တုန်လှုပ်ချောက်ချား နေကြတာလဲ...။

စင်စစ်ဆိုသော် သည်အချိန်မှာ နေပြည်တော်တွင်း၌ ပွဲတခြိမ့်ခြိမ့်ခံ၍ ပျော်ပွဲတွေ နွှဲနေသင့်ကြသပေါ့။ ခမည်းတော်မင်းတရား၏ အရိုက်အရာကို ခံယူခဲ့သော သီပေါဘုရင်ကလေး နန်းသိမ်းပွဲခံခဲ့သည်မှာ ဘာကြာသေးလို့လဲ။ ပူပူနွေးနွေး နန်းရခဲ့သော ဘုရင်ကလေးသည် သူ့ငယ်ချစ် မိဖုရားကို လက်ဆွဲ၍ နန်းပလ္လင်ပေါ် တက်ခဲ့သည်မှာ လအနည်းငယ်သာ ရှိပါဦးမည်။ ။

မိဖုရားနှင့် နို့စို့ဖက်လည်းဖြစ်၊ ဘုရင်နှင့် ကျောင်းနေဖက်၊ ကစားဖက်၊  ရောင်းရင်းတစ်ဦးလည်း ဖြစ်သော ရနောင်မောင်မောင်တုတ်လို နန်းဆီနန်းသွေးတစ်ပြားသားမှ မပါသူတွေက မင်းသားဘွဲ့ ခံလို့၊ အဆောင်အယောင်တွေနှင့် ဘွဲ့ တွေ ဆုတံဆိပ်တွေနှင့် မောင်းမမိဿံ မိဖုရားငယ်တွေ ခြံရံလို့၊ ကောင်းစား ပြီးရင်း ကောင်းစားနေလို့ပါလား။ ရနောင်မောင်မောင်တုတ်ပင် မင်းသားဘွဲ့ ခံယူရတယ် ဆိုတော့ ဘုရင်နှင့် အဆင်ပြေသူ၊ မိဖုရားသစ်နှင့် အလွမ်းသင့်သူ၊ မိဖုရားမယ်တော် ဆင်ဖြူမရှင် အနားမှာ ခစားသူ အမှုထမ်း အရာထမ်းတွေ ဝန်ကြီးဝန်ငယ်တွေလည်း ရာထူးရာခံ အသီးသီးနှင့် တင့်တယ်နေကြပြီ။ အခွင့်ထူး အမျိုးမျိုးကို ခံယူနေကြပြီ။ ရာထူး ဝေသန္တရာ အလှူပွဲကြီးနှင့် တိုးနေကြပြီ။

ဘုရင်သစ်ကလေးကို နန်းတင်ရန် အားထုတ်စဉ်က ခါးတောင်းကျိုက်၍ ဆောင်ရွက်ခဲ့သူ၊ ကင်းဝန်မင်းကြီးဆိုလျှင် လက်နက်ကိုင် တပ်တွေကို ဦးစီးရသော သေနတ်ဝန်ရာထူးကိုပင် အပိုဆုပေါက်လို့၊ ဝန်ကြီးဝန်ငယ်၊ အရာထမ်း အမှုထမ်း တွေ အားလုံးမှာ ပွဲတော်ထူး ပွဲတော်မြတ်နှင့် တိုးလို့ အပျော်ကြီး ပျော်နေချိန်။

ဘုရင်နှင့် နီးစပ်သူတွေ၊ ရာထူးဂုဏ်ရှိန် တင့်သူတွေ၊ ဝန်ကြီးဝန်ငယ် မင်းမှုထမ်း၊ ဗိုလ်မင်း၊ တပ်မင်းတို့ တစ်တွေ ဝမ်းသာရွှင်မြူး၍ အပျော်ကြီးပျော်နေချိန်မှာ နေပြည်တော်ရှိ ပြည်သူပြည်သား၊ လက်လုပ်လက်စားတွေ၊ “လက်လှုပ်မှ ပါးစပ် လှုပ်ရမည့်” သူတွေက ဘာအတွက် စိုးရိမ်နှောင့်လို့ ကြောင့်ကြ နေသလဲ၊ ဘာအတွက် ထိတ်လန့်နေကြတာလဲ၊ ဘာအတွက် ချောက်ချား နေကြရတာတဲ့လဲ...။ အမေးရှိလျှင် အဖြေရှိရလိမ့်မည်။ “

မကြားကြဘူးလား၊ နတ်ရွာစံ မင်းတုန်း ဘုရင်မင်းမြတ်ရဲ့ သားတော်သမီးတော်၊ ဆွေတော်မျိုးတော်၊ မင်းညီမင်းသား လေးဆယ်ကျော်နဲ့ ၊ သူတို့ သားသမီး အဆက်အနွယ်တွေ စုစုပေါင်း ရှစ်ဆယ်ခန့် ကို ကျူပင်ခုတ်လို့ ကျူငုတ်မှ မကျန်အောင် သုတ်သင်တော့မယ်တဲ့။

စင်စစ်တော့ သည်သတင်းသည် ထိတ်လန့်ဖွယ် ဖြစ်ချင်ဖြစ်မည်၊ ကြောက် ရွံ့ဖွယ် ဖြစ်ချင်လည်း ဖြစ်မည်။ သို့သော် အံ့သြစရာ သတင်း တစ်ပုဒ်တော့ မဟုတ်၊ သည် မင်းသား မင်းသမီးတွေကို မူလပထမ ဆင်ဖြူမရှင် မိဖုရားနှင့် ဝန်ကြီးတွေက ပရိယာယ်ဆင်၍ ဖမ်းဆီး ထောင်သွင်း အကျဉ်း ချခဲ့စဉ်ကပင်၊ ပြည်သူတွေက နားလည်ခဲ့ပြီး ဖြစ်၏။ “မင်းသားကလေးတွေ၊ မင်းသမီးကလေးတွေ ကော့ မပြန်လမ်းကို တန်းတန်းမတ်မတ် သွားရှာကြတော့မှာ ဧကန်ပါပဲ။”

ထို့ကြောင့် အဖမ်းခံ မင်းသားတို့ အကြောင်းသည် စောစောပိုင်းကတော့ ဘာမှ အဆန်းတကြယ် မဖြစ်ခဲ့။ မင်းသားကလေးတို့၏ သတင်းတွေကို ဈေးထဲမှာ အရပ်ထဲမှာ၊ ဥပုသ်ဇရပ်ထဲမှာ၊ ရေတွင်းမှာ၊ အိမ်ကြိုအိမ်ကြားမှာ “တီးတိုးတီးတိုး သဖန်းပိုး” လုပ်ခဲ့ကြသည်။ နှစ်ကိုယ်ကြား သုံးကိုယ်ကြား တိုးတိုးတိတ်တိတ် စိုးတထိတ်ထိတ်နှင့် မေးကြမြန်းကြ ရှိခဲ့ကြသည်။ သို့သော် အရေးတကြီး အလျင်စလို ဖြစ်တော့မည်ဟု မည်သူကမှ အကဲမခတ်မိခဲ့။

ဟိုအရင်တုန်းက သည်သတင်းတွေသည် 'အရပ်သတင်း” မျှသာဖြစ်ခဲ့ သကိုး။ အရပ်ထဲမှာ လူစုမိတိုင်း အရပ်သူ အရပ်သားတွေ ပြောကြလေသော သတင်းများသည် အရပ်သတင်းများပဲ ဖြစ်ပေလိမ့်မည်။ အရပ်သတင်းမို့ မှန်ချင် လည်း မှန်ပေမပေါ့။ မှားချင်လည်း မှားပေလိမ့်မည်။ တစ်ဝက်တစ်ပျက် မှန်ပြီး တစ်ဝက်တစ်ပျက်လည်း မှားတတ်သည်။ ဘယ်သို့သော အာမခံချက်မျှ မရှိ၊ သို့သော်...။ ။

တစ်ခုထူးခြားသည်က ထိုအရပ်သတင်း”သည် ယခုတော့ အဆင့်အတန်း သတ်မှတ်ခြင်းခံရပြီ။ အရပ်ထဲမှာ သာမန်လူတွေ တောင်စဉ်ရေမရ လျှောက်ပြော ကြသော “သတင်းပေါ့၊ သတင်းသွမ်း” မဟုတ်။ သီပေါဘုရင် မင်းတရား၏ အမှုထမ်းတို့ ထံမှ ပေါက်ကြားလာသော တရားဝင် သတင်း... ယုံကြည်အားထား ရသော ဌာနမှ မှောင်ခိုထွက်လာသော သတင်းစစ် သတင်းမှန် ဖြစ်နေပြီ။

'နတ်ရွာစံ မင်းတုန်းဘုရင်မင်းမြတ်၏ ရင်သွေးတော်များကို နန်းမြို့အတွင်း မှာ ညဉ့်အချိန် အဆုံးစီရင်တော့မတဲ့...”

မူလ ပထမတုန်းကတော့ သည်သတင်းသည် ထိပ်တန်း မဟာလျှို့ဝှက် သတင်းကြီးပင် ဖြစ်ခဲ့ပါ၏။ သို့သော် “လျှို့ဝှက်ခြင်းသည် ပေါက်ကြားခြင်း၏ အစ”ဟု ဆိုကြသည် မဟုတ်လား။ မင်းမှုထမ်းတွေ၊ လွှတ်ရုံးမှုထမ်းတွေ၊ အပျိုတော်သား လူပျိုတော်သားတွေ၊ သည်သတင်းကို ဘယ်နှစ်ဦးက လျှို့ဝှက် ပေးနိုင်မှာလဲ။ ဘယ်လို လျှို့ဝှက်စွာ ထိန်းသိမ်းကြမှာလဲ၊ ဘယ်နည်းနှင့် လျှို့ဝှက် လို့ကောရမှာတဲ့လဲ...။

မေးလာလျှင် အဖြေက အသင့်၊ လျှို့ဝှက်ထားသော သတင်းသည် လျှို့ဝှက်၍ပင် ပေါက်ကြားသွားလိမ့်မည်။ “မင်းနားတစ်ထောင်” လို့ ပြောကြသည်။ သို့ဆိုလျှင် 'ပြည်သူ့နားသည် တစ်သောင်းပေါ့။ တစ်သိန်းပေါ့။ ရှင်ဘုရင်ဆိုတာကတစ်ဦးထဲသာ၊ ပြည်သူတွေကတော့ အရာ အထောင် အကောင်း အသိန်း ရှိနေသည်။ ပြည်သူတို့ လုပ်သမျှကို ရှင်ဘုရင်က မသိချင်ရင်သာ နေလိမ့်မည်။ ရှင်ဘုရင်က ကျိတ်ဝိုင်းကလေးလုပ်ပြီး မှူးမတ်တွေနှင့် ဘာပဲ တိုင်ပင်တိုင်ပင်၊ ပြည်သူတွေ တစ်နေ့နေ့ သိမည် ဧကန်။ ။

သည်လိုနှင့်ပင် မင်းသားတွေကို တစ်စုတစ်ဝေးတည်း ကွပ်မျက်တော့မည် ဆိုသော သတင်းသည် ပြည်သူတို့အကြား ပေါက်ကြား လွင့်ပျံသွားရခြင်း ဖြစ်၏။ တစ်ခါဖြင့် ခက်ကြပါပေါ့။ သည်မင်းသားကလေးတွေကို သေတွင်းက မကယ်နိုင်ကြတော့ဘူးလား။ ရေတိမ်မှာနစ်ကြရှာတော့မည်။ ငယ်ငယ်ရွယ်ရွယ် နှင့် ဘဝတုံးကြရှာရတော့မည်။ မဟာဆီမဟာသွေးကလေးတွေ အကျိုးမဲ့ အကြောင်းမဲ့ အသက် ဆုံးရှုံး ကြရရှာတော့မည်။ ။

“အကျိုးမဲ့ အကြောင်းမဲ့” ဆိုတာကတော့ ပြည်သူတွေဘက်က အမြင်ကိုး တကယ်ဆိုတော့ ဘုရင်သစ်ကလေးနှင့် စုဖုရားလတ် မိဖုရားတို့ ဘက်က ကြည့်လျှင်တော့ သည်မင်းသားတွေ အသက်ထင်ရှား ရှိနေမည်ဆိုလျှင် တိုင်းပြည် မငြိမ်မသက် ရှိတော့မည်။ တိုင်းကား မြို့ရွာ မငြိမ်းချမ်း ရှိလေတော့မည်။ မင်းသားတွေက ရရာ လက်နက်ကိုင်ပြီး ထ,ပုန်ကန်လို့၊ ပြည်သူတွေအကြား ပင်ပန်းဆင်းရဲ ဖြစ်ကြတော့မည်။ ။

သည်တော့ အပ်နှင့်ထွင်းရမည့် ကိစ္စကို အပ်နှင့်ပဲ ထွင်းကြစို့ရဲ့။ မင်းသား - တွေ၊ အနွယ်တော်တွေ အချုပ်ထဲမှာ ရှိနေဆဲ၊ မြန်မြန်ကွပ်မျက်လိုက်မှ တော်ရော့ မည်။ သို့မှသာ ပြည်သူဘဝ ငြိမ်းချမ်းသာယာလိမ့်မည်။ နန်းပလ္လင်လည်း သူပုန်ရန် ကင်းတော့မည် မဟုတ်လား။ ။

သီပေါ ဘုရင်သစ်ကလေးနှင့် စုဖုရားလတ်မိဖုရားတို့ဖက်က စိုးရိမ်နှောင့်လို့ ပူပင်ကြောင့်ကြမည် ဆိုကလည်း ပူပင်စရာပဲ။ နတ်ရွာစံ မင်းတုန်းဘုရင် လက်ထက်တော်တုန်းက မြင်ကွန်းစားနှင့် မြင်ခုန်တိုင်စားတို့ ပုန်ကန်ကြလို့ နန်းပြာသာဒ်ထိပ်ဖျား မီးစွဲခဲ့ပါရော့လား။ တစ်တိုင်းပြည်လုံး အုံးအုံးကျွက်ကျွက်နှင့် ` ပွက်လောရိုက်ခဲ့ရသည်။ ဘထွေးတော် ကနောင်မင်းနှင့် အတူ သေလိုက်ကြသည့် လူတွေမနည်း။ နောက်တော့ ပန်းတိမ်းမင်းသားနှင့် အပေါင်းပါတို့ က တစ်ဆက်တည်း ပုန်ကန်ကြပြန်သည်။

တစ်နိုင်ငံလုံးမှာ သူပုန်ရန်ကြောင့် ကျီးလန့်စာစားဖြစ်ရ၊ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ၊ သောက ဗျာပါဒတွေ ဝေခဲ့ရပြီ။ ပြီးတော့ ညောင်အုပ်စားနှင့် ညောင်ရမ်းစား မင်းသားညီနောင်ကလည်း တစ်မှောင့်။ မင်းသား တွေကို ဖမ်းဆီးစဉ်က သူတို့သည် ဗြိတိသျှသံရုံးသို့ ခိုဝင်ကြသည်။ ယခုအခါ ဗြိတိသျှတို့ နယ်ပယ်သို့ ရှောင်ပြေးနေကြပြီ။ သူတို့က ငြိမ်ငြိမ်မနေဘဲ သူပုန်ရန်နှင့် ပုဏ်ခံလာကြလျှင် ဖမ်းထားတဲ့ မင်းသားတွေနှင့် ဆက်မိကြပါက အခက်ပေါ့။

သည်အဖြစ်မျိုး မကြုံ ရအောင် အစွယ်တထောင်ထောင်နှင့် မင်းညီ မင်းသားတွေကို စောစောစီးစီး ဝိညာဉ်ဖြုတ်ထားလိုက်မှ အေးတော့မည်။

 

(၂)

သို့နှင့်ပင် သည်သတင်းတွေ နေပြည်တော်အနှံ့ ပွပြီး ပြည်သူတို့ အကြား ဂိမ်းတိမ်းပွေပွေ ဖြစ်ကြ။ ချောက်ချောက်ချားချား ဖြစ်ကြ၊ ဝမ်းနည်းကြေကွဲ ဖြစ်ကြ။ မခံချင်သူတွေက လက်သီးကို ဆုပ်၏။ အံကို တင်းတင်း ကြိတ်၏။ 'ာက်” ပြင်းပြင်းခေါက်၏။ သို့သော် အားမတန်တော့လည်း မာန်လျှော့နေကြရ ပသည်။

ဘုရင်အရာရှိတွေ၊ မှူးကြီးမတ်ကြီးတွေ။ မှူးငယ်မတ်ငယ်တွေက နေပြည် တော်၏ အခြေအနေကို အတတ်နိုင်ဆုံး ထိန်းရန် ကြိုးပမ်းကြပါ၏။

မင်းညီမင်းသားတွေကို ကွပ်မျက်မည့် ညဉ့်မတိုင်မီကပင် တင်ကြို၍ နေပြည်တော် တစ်ခွင်မှာ ကြည့်ချင်ပွဲတွေ၊ ဇာတ်၊ အငြိမ့်၊ ရုပ်သေးပွဲတွေ ခင်းကျင်း ကပြရန် စီစဉ်သည်။ မြို့အုပ်ခွန်အုပ်တို့က စီစဉ်ပေးကြ၊ သူကြီးတွေကဆောင်ရွက်ကြ၊ ဆယ်အိမ်ခေါင်းတွေက နာခံကြ၊ ရပ်ကွက်တိုင်းမှာ ပွဲခင်းကြ၊ ၊ လမ်းဆုံလမ်းခွ တိုင်းမှာ ဇာတ်ကကြ၊ ဘုရင်မင်းတရားကြီးနှင့် မိဖုရားကြီးတို့၏ ကုန်းကံရှိန်ဝါ ထွန်းတောက်ပုံ၊ ရန်သူတွေအပေါ် အောင်မြင်ပုံ၊ နိုင်ငံတော်ကြီး ချမ်းချမ်းသာယာ ပုံကို သရုပ်ဖော်သော ဇာတ်လမ်းတွေ ရေးကြ၊ သီကြ၊ ဆိုကြ၊ ကကြစေ။ ဘုန်းတော် ကြီးမြတ်တော်မူသော ဘုရင်ထီးဘုရား အမိန့်တော်...။

' အမိန့်ဆိုတော့ နာခံကြဖို့ပဲ။ မြို့အုပ်ခွန်အုပ်တို့ အလုပ်ရှုပ်ကြပြီ။ သူကြီးနှင့် ဆယ်အိမ်ခေါင်းတို့လည်း မနားကြရ၊ ဇာတ်ပွဲရှာရ၊ အငြိမ့်ကိုခေါ်၊ ရုပ်သေးပွဲကို ဆင့်ရနှင့်။ ဇာတ် အငြိမ့် ရုပ်သေးပွဲမှ ရှာမရသူတို့က အရပ်ထဲမှာ ရသမျှ လူစု၍ ခြေမြှောက်လက်မြှောက် လုပ်တတ်လျှင် ပြီးရော၊ စင်ပေါ်တက်ရဲလျှင် ပြီးရော၊ ပွဲကနိုင်လျှင် တော်ပြီ၊ ဖြစ်သည်နည်းဖြင့် စီစဉ်ကြရတော့သည်။

သို့သော် သည်ပွဲကလေး၊ လမ်းကလေး၊ ဇာတ်ကလေး၊ အငြိမ့်ကလေး ကပြရုံ နှင့်တော့ ချောက်ချားနေသော နေပြည်တော်ကို ကယ်တင်ခြင်းငှာ မစွမ်းပြီ။ စိတ်ဓာတ် ကျဆင်းနေသော ပြည်သူတွေကို စည်းရုံး၍ မရနိုင်ပြီ။ လမ်းဆုံ လမ်းခွက ပွဲတွေလမ်းတွေမှာ ပွဲကြည့်လာသူ ဟူ၍ စည်စည်ကားကား မရှိပါ။ မျောက်ပွဲသာသာမျှ လူရှိသောပွဲကို အစည်ကားဆုံးဟု ဆိုရတော့မည်။ ပြည်သူတို့သည် မိမိတို့ ဈေးဆိုင် အိမ်ဆိုင်များကို စောစောစီးစီး ပိတ်လိုက်ကြသည်။ အိမ်ငယ် တဲပုတ်တို့၏ ကဲလား တံခါးတွေကို နေမဝင်မီ ပိတ်ချထားပြီး ဖြစ်နေ သည်။

ခါတိုင်းလို လမ်းမလယ်ကောင်မှာ ဖုတ်တထောင်းထောင်းနှင့် ပြေးလွှား | ဆော့ကစားနေသော ကလေးသူငယ်တို့ကို မတွေ့ရ။ နေဝင်ရီတရော၌ မှောင်ရိပ်

ခို၍ သီချင်းကလေး ညည်းရင်း အိမ်ပြန်တတ်သော ဇိုးသမားတို့၏ အသံပင် တိတ်ဆိတ် နေကြပြီ။ အပျို့ အိမ်နားမှာ လျှောက်ပြန်သံပေးလုပ်ရင်း၊ ထရံခွာသံစူးလုပ်ရင်း အချိန်ဖြုန်းပြီးနောက် အိမ်သို့ သီချင်း တကြော်ကြော်နှင့် ပြန်လာ  တတ်သော ကာလသားတို့ အသံကိုပင် မကြားကြရတော့။ ပွဲတွေ ဇာတ်တွေမှာဆိုင်းသံတွေက အဘီးမပျက် အဆိုမပျက် ရှိပါ၏။ ပြည်သူတို့၏ စိတ်က ပွဲမှာ မရှိ၊ ဇာတ်မှာမရှိ။

ပိတ်ချထားသော ကဲလားတံခါးတွေ၏ နောက်မှာတော့ ပြည်သူတို့ ရှိကြ သည်။ သူတို့သည် အိမ်သားအချင်းချင်း သို့မဟုတ် နောက်ဖေး ပြတင်းများကို  တိတ်တဆိတ် ဖွင့်၍ အိမ်နီးနားချင်း အချင်းချင်း တီးတိုးစကားများကို လေသံဖြင့် ပြောနေကြမည် ဖြစ်သည်။ ။

'ဒီနေ့ညပေါ့၊ နတ်ရွာစံ ဘုရင်မင်းမြတ်ရဲ့ သားတော်တွေကို အဆုံးစီရင် တော့မယ်၊ မင်းသား မင်းသမီးတွေနဲ့ အနွယ်တော်တွေက အများကြီးတဲ့၊ သုံးည ဆက်ပြီး ကွပ်မျက်ရမယ်ဆိုပဲ၊ မင်းသားတွေ သူပုန်ထမှာ စိုးလို့ အပြီးတိုင် စီရင် ရတာလို့ ပြောတာပဲ၊ ဘယ်တတ်နိုင်မလဲလေ၊ သတ္တဝါတစ်ခု ကံတစ်ခုပေါ့”

ဗုဒ္ဓဘာသာဝင်တွေကိုး၊ နောက်ဆုံးတော့ ဘာမှ မတတ်နိုင်လျှင် ကံကို လွှဲချ၍ စိတ်ဖြေရုံသာရှိသည်။ သည်သို့ စိတ်ဖြေနိုင်မှလည်း ရင်ထဲမှ ဝေဒနာတွေ သက်သာရာရတော့မည်။ နှလုံးတုန်တုန် ရင်ခုန်ခုန် ဖြစ်နေသူတွေ စိတ်ဖြေနိုင်ကြမည်။

“အို ဒါက ပြည်သူတွေနှင့် ဘာဆိုင်လို့လဲ၊ ကျုပ်တို့နှင့် ဘာမှ မပတ်သက် ဘူး၊ သူတို့ ရှင်ဘုရင်နဲ့ မိဖုရားတွေ ဘုရင့် အနွယ်တော်တွေ အကြား အာဏာလုပွဲ ကျင်းပတာ မဟုတ်လား...၊ နေတတ်ရင် လေညှာက နေသာသပပေါ့...”

သည်သို့မြင်သူတွေကလည်းရှိသေးသည်။ သူတို့ အပြောကလည်း ငြင်း ၍ မလွယ်။ တကယ်တော့ သည်အရေးအခင်းသည် ပြည်သူတွေနှင့် တိုက်ရိုက် ပတ်သက်သည်ဟုတော့ ပြောရ ခပ်ခက်ခက်။

မင်းတုန်းဘုရင်မင်းမြတ် နတ်ရွာစံခါနီးမှာ သားတော် သမီးတော်တွေ အားလုံးနီးနီးကို ဘုရင့်မိဖုရား ဆင်ဖြူမရှင်၏ အမိန့်ဖြင့် ဖမ်းဆီးခဲ့၏။ သည်လို ဖမ်းရန် ကင်းဝန်မင်းကြီးနှင့် ဝန်ကြီးဝန်ငယ်တွေကလည်း မီးစိမ်းပြခဲ့သည်။ ပြီးတော့ မင်းတုန်းမိဖုရား၊ ဆင်ဖြူမရှင်၏ သမီးတော် စုဖုရားလတ်နှင့် မေတ္တာကူးယှက်နေသူ သီပေါမင်းသားကလေးကို အိမ်ရှေ့စံမင်းသား အဖြစ် ကြေညာ သည်။

မင်းတုန်းမင်းကြီး နတ်ရွာစံသောအခါ သီပေါမင်းသားကလေးက ကုန်းဘောင်နန်းပလ္လင်ကို သိမ်းယူစိုးစံသည်။ ဆင်ဖြူမရှင် မိဖုရားကြီး၏ သမီးတော် စုဖုရားလတ်သည် သီပေါမင်းတရား၏ မိဖုရားဖြစ်လာ၏။ ထို့နောက် နန်းပလ္လင် အန္တရာယ် ပွားမည် စိုးရိမ်၍ သည်မင်းသား မင်းသမီးတွေကို အဆုံး စီရင်ရန် ကြံစည်သည်တဲ့။

ကဲ... ဆင်ခြင်ဉာဏ် အလွှာလွှာပါး၍ စဉ်းစားကြည့်ပါတော့။ တကယ် ဆိုရင် ပြည်သူတွေ၏ အရေးအခင်းနှင့် သည်နန်းတွင်း အာဏာလုပွဲ၊ ဘယ်လိုများ ပတ်သက်လို့ပါတဲ့လဲ...။

မှန်ပါ၏။ တိုက်ရိုက် ပတ်သက်လာသည်တော့ မဟုတ်။ သို့သော် အိမ် ရှေ့ပူလျှင် အိမ်နောက်က ချမ်းသာပါ့မလား။ မတော်တာတွေ မသင့်တာတွေ ကြားနေ မြင်နေရတော့လည်း ဘယ်သူကမှ စိတ်မချမ်းသာနိုင်၊ ပြီးတော့ ဆင်ခြင် စဉ်းစားစရာ ရှိသည်။ နိုင်ငံတော် ပြည်အရေးကလည်း နဂိုရ်ကမှ သိပ်ပြီး တည်ငြိမ်သည်မဟုတ်၊ မြေထဲမြို့ အထိ သိမ်းယူထားသော ဗြိတိသျှနယ်ချဲ့ အစိုးရ ကလည်း အထက်မြန်မာပြည်ကို မျက်စောင်း တထိုးထိုးနှင့် ရှိနေသည်။ နေပြည်တော်မှာ မလျော်တဲ့ အခင်းတွေ ဖြစ်ကြသည်ဆိုလျှင် နယ်ချဲ့ ဝံပုလွေသည် အပြစ် အမျိုးမျိုးရှာ၍ သိုးငယ်ကို လာကိုက်သတ်ပါက မခက်ပါလား။

ပြီးတော့ အရှည်ကို မျှော်ကြည့်။ ဖအေတူ မအေကွဲ ညီအစ်ကိုတော်သူ၊ မောင်နှမတော်သူ၊ တကယ့် ဆွေမျိုးအရင်းကြီးတွေကိုပင် တန်ခိုး အာဏာ ကလေး 'ဇီးရွက်’ လောက်အတွက် ရက်ရက်စက်စက် သတ်ဖြတ် သုတ်သင်ခဲ့သူ ထို “ဘုရင်' သည် ပြည်သူပြည်သား အများအပေါ် ရင်ဝယ်သားကဲ့သို့ သနား ကြင်နာ အုပ်ချုပ် ပါတော့မလား။ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ အုပ်ချုပ် ပါတော့မလား။ ဘုရင်မင်းတရားကမှ ပြည်သူတွေကို သနားညှာတာ မရှိခဲ့လျှင် ဝန်ကြီးဝန်ငယ်တွေ၊ မှူးကြီး မတ်ငယ်တွေက ပြည်သူတွေ အပေါ် ထောက်ထား ပါဦးမလား...။ ။

အကြောင်းကြောင်းကို ထောက်၍ စာနာ မျှော်ကြည့် တတ်သူတို့ကလည်း ဤသို့ ဆင်ခြင်ရုံမှအပ ဘာမျှ မတတ်နိုင်ပြီး နှိုင်းဆရုံမှအပ ဘာမျှ မတတ်နိုင်ပြီ။ ဘုရင်မင်းတရားနှင့် မိဖုရား စုဖုရားလတ်တို့၏ အဆုံးအဖြတ်ကို ဘယ်သူက ဝင်တားနိုင်မှာလဲ။ မင်းတို့စကား မိုးကြိုးသွားတဲ့။ ထွက်ပြီးသော ဆင်စွယ်သည် ဝင်တယ်လို့ မရှိနိုင်ပြီ။ ထို့ကြောင့် မိုးကြိုးပစ်၍ ထန်းလက်ဖြင့် ကာရန် မကြိုးစား လေနှင့်၊ အချည်းနှီးဒုက္ခ တွေ့ကြလိမ့်မည်။

 

(၃)

၁၈၇၉ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကား မင်းတုန်းဘုရင် မင်းတရား၏ ရင်သွေးတော် အနွယ်တော်တို့အတွက် လောကကြီးမှာ အသက်ရှင်နေနိုင်ရန် နောက်ဆုံးနေ့ ဖြစ်၏။ နေလုံးကွယ်သည်နှင့် ပွဲကြည့်ဆောင်တွင် အထူး စီမံထားသော ဇာတ်သဘင်မှ ဆိုင်းသံများ စည်စည်ဝေဝေ တီးမှုတ် နေကြပြီ။ ဘုရင် မင်းတရားနှင့် မိဖုရားကြီးတို့ ကိုယ်တိုင် ရှုစားရမည့် ပွဲသဘင်ဆိုတော့ ဝန်ကြီးမှူးကြီးတို့သည် လည်းကောင်း၊ ဝန်ငယ်မှူးငယ်တို့သည် လည်းကောင်း၊

နန်းတွင်း အမှုထမ်း၊ နန်းပြင် အမှုထမ်းတို့ သည်လည်းကောင်း၊ ကိုယ့်မိသားစုနှင့် ကိုယ့်အဖွဲ့ အသင်းကလေးများနှင့် ပွဲသဘင်သို့ မပျက်မကွက် ရောက်လာ ကြသည်။

ပွဲသဘင်မှာ နေရာထိုင်ချင်းကအစ အဆင့်အတန်းလိုက် ထိုင်ကြရသည် ဆိုတော့ ဝန်ငယ်မှူးငယ်တို့က နောက်က၊ ဝန်ကြီးမှူးကြီးတို့က ရှေ့ကပါပဲ။ ရှေ့နားက ထိုင်ရသော ဝန်ကြီးမှူးကြီးတို့နှင့် ကတော်တွေကတော့ မိမိတို့ သည်ပွဲကို မပျက်မကွက် ရောက်လာကြောင်းကို ဘုရင်နှင့်မိဖုရားတို့ မြင်စေရန်ခေါင်းကလေး တမော်မော်၊ မျက်နှာကလေး တပြပြနှင့်။ နောက်နားက ဝန်ငယ်မှူးငယ်တို့ ခမျာမှာ သည်အခွင့်အရေးမျိုး မရရှာ။ သည်တော့၊ ‘တို့မျက်နှာကို ဘုန်းတော်ကြီးဘုရားနှင့် မိဖုရားကြီးတို့ မြင်အောင် ဒူးထောက်လို့ ပြရရင် ကောင်းမလား၊ အမှတ်တမဲ့ မတ်တတ်ရပ်လို့ ပြရရင် ကောင်းမလား၊ ဘယ်လိုနေရင် မြင်ပါ့မလဲ” တွေးရင်း တောရင်း စိတ်အလုပ်များ နေကြရှာပြီ။

သည်အချိန်မှာပဲ ဘုရင်နှင့် မိဖုရားကြီးတို့ ကြွချီလာကြ၏။

ပွဲကြည့်ပရိသတ် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ဘုရင်မင်းမြတ်နှင့် မိဖုရား ကြီးကို မော်ဖူးခွင့်မရှိ၊ ကိုယ်ကိုကြုံ၍ ခေါင်းကိုနှိမ့်၍ စုံဆယ်ဖြာ ထိပ်မှာမိုး၍ ဦးတိုက်ကြရသည်။ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့သည် မိမိတို့အတွက်  အထူး စီမံထားသော နေရာသို့ ရာဇဣနြေ ဆောင်တော်မူလျက် ခံ့ညား ထည်ဝါစွာဖြင့် လှမ်းကြွလာလေသည်။ •

အရောင်တဖိတ်ဖိတ်တောက်၍ ရွှေငွေကျောက်သံပတ္တမြားတွေ စီခြယ် ထားသော သလွန်တော်၌ နေရာယူပြီးကြသော ဘုရင်မင်းမြတ်နှင့် မိဖုရားကြီး တို့သည် ပွဲခင်းကို မျက်နှာမူ၍ ထိုင်ကြ၏။ ထိုအချိန်တွင် ပွဲခင်းဆီမှ ဆိုင်းတော် မဟာသည် ဘုန်းတော်ဘွဲ့ တစ်ပုဒ်ကို သာယာငြိမ့်ညောင်းစွာဖြင့် စတင် တီးမှုတ်ပါလေပြီ။

မိဖုရားကြီး စုဖုရားလတ်ကမူ ပွဲခင်းသို့ ရောက်ရှိလာသော ပရိသတ်ကို တစ်ချက်မျှ မျက်စိကစားလိုက်၏။ ထို့နောက် ဆေးပေါ့လိပ်ကြီးကို မီးတဖွားဖွား ဖြစ်အောင် ဖွာလိုက်ရင်း ဇာတ်စင်ဘက်သို့ လှည့်လိုက်သည်။ မိဖုရား၏ စိတ်အစဉ် သည် ပွဲသဘင်မှာ ရှိရဲ့လား၊ သို့မဟုတ် ဘာတွေကို စဉ်းစားနေသလဲ၊ ဘာတွေကို တွေးတောနေသလဲ၊ ဘာတွေကို သတိရနေသလဲ...။

မိဖုရားကိုယ်တိုင်မှပင် သိပေလိမ့်မည်။

ညဉ့်နက်လာပါပြီ။ ဆိုင်းသံ၊ ဗုံသံ၊ နှဲသံ လင်းကွင်းသံတွေ စည်စည်ဝေဝေ တီးမှုတ်နေသည့်အခိုက် ဇာတ်ဆောင်တစ်ဦးသည် ဘုရင်မင်းတရား၏ ဘုန်းတော်ဘွဲ့ တေးတစ်ပုဒ်ကို အောင်မြင်လှစွာသော အသံဖြင့် ဆိုလိုက်၏။ သူအသံနှင့်အတူ အခြားအသံတစ်သံက စူးစူးဝါးဝါးပေါ်လာသည်။ နန်းဥယျာဉ်ကွင်းဝယ် ကျင်းပ နေသော လူသတ်ပွဲမှ သေလုဆဲဆဲ မင်းသားတစ်ပါး၏ နောက်ဆုံးအော်သံပင် ဖြစ်ပေလိမ့်မည်။

ထိုတဒင်္ဂဝယ် သီပေါဘုရင်သည် မင်းသား တစ်ပါး၏ အော်သံကို ကြားလိုက်ရသည်။ ဘုရင်မင်းမြတ်သည် ခေါင်းကိုလှည့်၍ အမှတ်မထင် မော့ကြည့် လိုက်သည်။

'မောင်တော်ဘုရား၊ ပွဲသဘင်ကို ရှုစားပါလား”

“အေးဆေးငြင်သာ ပြောလိုက်သော စုဖုရားလတ်၏ အသံ ဖြစ်ပါ၏။ သို့သော် အမိန့်သံလိုလို...။

ဘုရင်မင်းမြတ်သည် အိပ်မက်ဆိုးတစ်ခုကို မက်နေရာမှ လှုပ်နှိုးခံလိုက် ရသလို တုန်လှုပ်သွား၏။ မိဖုရားမျက်နှာကို လှည့်ကြည့်သည်။ ပြီးတော့ ဘာဖြစ် လို့လဲ မသိ၊ မိဖုရားထံမှနေ၍ မျက်နှာလွှဲလိုက်၏။ ဘာကိုမှ မတွေးတာပဲကောင်းတော့မည်။ ဒါမှလည်း တဒင်္ဂခဏ စိတ်ချမ်းသာခွင့် ရတော့မည်။ သည်လိုများ ဘုရင်မင်းတရား တွေးနေသလား၊ စုဖုရားလတ် မိဖုရားကမူ ဆေးပေါ့လိပ်ကြီးကို တစ်ဖွာတည်း ဖွာနေရင်း ပွဲကို ဆက်ကြည့်နေ၏။ သူ့ မျက်နှာမှာ တစ်စုံတစ်ရာကို ကျေနပ်အားရသော ဟန်ဖြင့် အပြုံးရိပ်သန်းနေ လေသည်။

တကယ်တော့ အောင်ပွဲရသူ တစ်ဦးအနေဖြင့် စုဖုရားလတ်မိဖုရားသည် လှလှပပ ပြုံးနိုင်ပေလိမ့်မည်...။ မိမိ၏ နန်းပလ္လင်ကို တစ်နေ့နေ့မှာ ကိုင်လှုပ် လာမည့် သတ္တိကောင်းသည် ဆိုသော မက္ခရာမင်းသား၊ ဗဟုသုတ အကြံဉာဏ် ပညာ ကြွယ်ဝလှသည်ဆိုသော သုံးဆယ်မင်းသား၊ သည်မင်းသားတွေနှင့် အတူ ရန်စွယ် ရန်ငြောင့်တွေကို ဇာတ်သိမ်းနိုင်ခဲ့ပြီ မဟုတ်လား...။ သည်လိုပွဲမှာမှ ဝမ်းမသာလျှင် ဘယ်လိုပွဲကျမှ ကျေနပ်ဝမ်းသာရတော့မှာလဲ။ မိဖုရားသည် အကျေနပ်ကြီး ကျေနပ်ကာပြုံးပါ၏။ အပြုံးကြီးပြုံးကာလည်း ကျေနပ်အားရ လျက် ရှိပေသည်။

သည်အချိန်တွင်...နန်းမြို့အတွင်း တစ်နေရာဝယ်... မင်းတုန်းဘုရင် မင်းမြတ်၏ ရင်သွေးတော် မင်းညီမင်းသားတို့ကို အာဏာပါးကွက်သားတို့က အဆုံး စီရင်လျက်ရှိ၏။ မင်းသားတို့၏ ဆံပင်ကို ဆွဲ၍ ဦးခေါင်းကို မော့စေကာ လည်မျိုကို တုတ်တိုဖြင့် ရိုက်သတ်ရသော အလုပ်မှာ စင်စစ်တော့ ခက်ခဲပင်ပန်း လှသော ကိစ္စမဟုတ်...။ သို့သော် လူနှင့်လူချင်း သွေးအေးအေးနှင့် ရက်စက်စွာ သတ်ဖြတ်ရမည့် အရေးကိစ္စမှာကား မလွယ်လှ။ အလွန်တရာမှ ရက်စက်ကြမ်း ကြုတ်သော အာဏာပါးကွက်သားတို့ အဖို့ပင် ခက်ခဲပင်ပန်းသော လုပ်ငန်း တစ်ရပ်ဖြစ်နေသည်။

သည်တော့ဘာလုပ်မလဲ၊ အာဏာပါးကွက်သားတွေကို အရက်ဖြင့် ရဲဆေး တင်ပေးလိုက်၏။ ဘုရင်မင်းမြတ်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အချိန်ကာလ များကို ကျော်လွန်ရန် အားထုတ်နေရချိန်...။ သည်အချိန်တွင် အာဏာပါးကွက် သားတွေကလည်း ဝါးကျည်တောက်တွင်းမှ သေရည်တို့ကို တစ်ခွက်ပြီးတစ်ခွက် မော့ရင်း မင်းညီမင်းသားတို့၏ လည်မျိုးကို တုတ်တိုဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်နေရလေသည်။ ။

မဟာဆီမဟာသွေးတို့၏ “သွေး” ကို မြေမှာ မကျကောင်းဘူးတဲ့...။ သည်တော့... လည်မျိုးကို တုတ်တိုဖြင့် ရိုက်၍ ကွပ်မျက်ပြီးသမျှ မင်းညီမင်းသား တို့၏ အလောင်းများကို ကတ္တီပါ အနီရောင်အိတ်များဖြင့် ထည့်ရ၏။ ပြီးတော့ | အသင့်တူးထားသော မြေကြီးကျင်းထဲသို့ ပစ်ချကြရသည်။

မင်းညီမင်းသားတို့ကား တုတ်တစ်ချက် နှစ်ချက်ဖြင့် အသက်ပျောက် သည်လည်းရှိ၏။ သုံးချက်လေးချက်မှာပင် အသံတိတ်သွားသူလည်း ရှိ၏။ ငါးချက် ခြောက်ချက် ရိုက်လို့မှ တလူးလူး တလွန့်လွန့် ရုန်းကန်နေသူတွေလည်း ရှိသည်။ ဘာပဲဖြစ်ဖြစ် အားလုံးကို ကျင်းထဲသို့ ပစ်ချလိုက်၏။ ပြီးတော့ အပေါ်မှ နေ၍ မြေကြီးတွေ ဖို့လိုက်သည်။ မြေကြီးတွေ သိပ်သွားအောင် အပေါ်က ဆင်ဖြင့် နှင်းစေရသည်။ ဖိုးသက်ပြင်းတို့ မြေကျင်းထဲမှာ ရုန်းရင်းကန်ရင်း တမလွန်သို့ ခရီးဆက်ကြပေရော့...။

နန်းတွင်း၌ ကပြသော ပွဲသဘင်သည် သုံးညလုံးလုံး အသုံးတော်ခံ ရသည်။ စည်စည်ကားကား ရှိပါသည်။ ထယ်ထယ်ဝါဝါ ရှိပါသည်။ သီပေါဘုရင် မင်းတရားကြီးလည်း... ပွဲခင်းကို တစ်ချက်တစ်ချက် ရှုစားရင်း သုံးညလုံးလုံး အချိန်ဖြုန်းရ၏။ စုဖုရားလတ် မိဖုရားကြီးမှာ ဆေးပေါ့လိပ်ကြီးကို မီးတရဲရဲဖွာရင်း ပွဲခင်းထဲသို့ တစ်ချီတစ်ချီ မျက်စိကစားရင်း၊ သေခါနီး မင်းသားတို့ အသက်လု အော်သံကို ဆောင်းလေက သယ်ယူလာ၍ ကြားနေရင်း၊ အချိန်ကုန်ရတော့သည်။

ဘုရင်မင်းတရားနှင့် မိဖုရားကြီးတို့ကိုယ်တိုင် သုံးညလုံးလုံး မပျက်မကွက် ပွဲကို ရှုစားကြသည်ဆိုတော့ ဝန်ကြီး၊ ဝန်လတ်၊ ဝန်ငယ် အများလည်း ဘယ်လိုများ ပျက်ကွက်ကြမှာလဲ...။ မိသားစုတစ်တွေ စည်စည်ဝေဝေနှင့် သုံးညလုံးလုံး ပွဲကြည့်မှန်ကြရသည်။

ပွဲခင်းဆီမှ ဆိုင်းသံဗုံသံ ကြေးမောင်းသံတို့နှင့်အတူ သဘင်သည်တို့၏ ဆိုသံကသံ တေးသီသံတို့သည် ရွှေနန်းတော်တံခါး အပြင်သို့တိုင် လွင့်ပျံ မြည်ဟည်း လာခဲ့သည်။ သို့သော် မင်းညီမင်းသား အနွယ်တော်များ၏ သေခါနီး အသက်လု၍ အော်သံများကမူ နန်းမြို့ အပြင်သို့တိုင် မလွင့်ပါးနိုင်ပြီ...။ သူတို့၏ အသံတွေသည် ဆူညံသော စည်၊ နှဲ၊ ကြေးနောင်တို့ကို မလွှမ်းမိုးနိုင်...။ မထိုးဖောက်နိုင် ရှာပြီ။ ။

သို့နှင့်...ခရစ် ၁၈၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅-ရက်နေ့မှ စတင်ခဲ့သော နန်းတွင်း လူသတ်ပွဲကြီးသည် သုံးညအကြာတွင် ပြီးဆုံးသွား၏။ သည်လူသတ် ပွဲကြီးဝယ် မင်းညီမင်းသား အနွယ်တော်များ၏ သွေးများ မြေသို့မကျအောင် ‘လည်မျိုး” ကို တုတ်တိုနှင့် ရိုက်၍ ကတ္တီပါ အိတ်ကြီးများမှာထည့်၊ မြေကျင်းကြီး ထဲသို့ မြှုပ်ခဲ့ကြောင်း အထက်တွင် ဖော်ပြခဲ့ပြီ။ ။

သည်မျှ များပြားသောလူတွေကို တမလွန်သို့ ခရီးကြမ်းနှင်၍ ပို့ရသည့် ကိစ္စမှာ မဟာဆီ မဟာသွေးတို့၏ ‘သွေး’ တစ်စက်မျှ မြေသို့ မကျအောင် လုပ်ဆောင်နိုင်ကြရဲ့လား...။ မေးနိုင်ကြသည်။ သည်သို့မေးလာလျှင် ဘယ်လို ဖြေမလဲ...။ စင်စစ်ဆိုလျှင် မှတ်စုမှတ်တမ်း ကျကျနန မရှိတော့လည်း သေသေ ချာချာ မဖြေနိုင်ပါ။

သေချာတာ တစ်ခုတော့ ရှိသည်။ ယခုလို မင်းညီမင်းသား အနွယ်တော် များ စုစုပေါင်း ဦးရေ ရှစ်ဆယ်ခန့်ကို ရက်ရက်စက်စက် ကွပ်မျက်လိုက်ခြင်းဖြင့် “သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာ” ကို ဘယ်သောအခါမှ ချေဖျက်၍ မရတော့ပြီ။