Skip to product information
1 of 3

Other Websites

တက္ကသိုလ်ဘုန်းနိုင် - မိုးတွေရွာမှဖြင့်လျင်ကွယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          မိုးညိုညိုအောက် လမ်းလျှောက်ခြင်း။

          ဒေါက်တာမျိုးမွန်က ပြုံးမိသည်။ အဘယ်မည်သော အပြုံးဟူ၍မူ မိမိအပြုံးကို မိမိမသိ။ ရင်မှာ လွမ်းမြမြလေး ခံစားရသည်။ နာကြည်းမူကလည်း မကင်း။ မာနနှင့် ဒေါသတို့ကလည်း ငွေ့ငွေ့ ရှိသည်။ သည်ကြားထဲက လွမ်းမြမြ။ ရင်မှာ လွမ်းမြမြ။

          မိုးညိုညို။ စိန်ပန်းနီနီ။ ချစ်သော။ အင်း ... ချစ်သော ဝါဝါ။ 

          ဒေါက်တာမျိုးမွန်က ခြေလှမ်းခြင်းကို ရပ်လိုက်သည်။ ချစ်သော ဝါဝါ။ ချစ်သော ဝါဝါဟူသည် ရှိပါသေးသလော။

          ဪ ... ဝါဝါတော့ ရှိမည်ပေါ့။ ရှိနေဦးမည်ပေါ့။ ချစ်သော ဝါဝါ သို့မဟုတ် ချစ်လှစွာသော ဝါဝါ။ ဤသို့ ခေါ်နိုင်သော ဝါဝါ။ ချစ်သော ဝါဝါ။ သူရှိပါသေးသလော။

         ဪ ... ချစ်သော ဝါဝါ ရှိသည်။

         လောကမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မိမိ၏ အသည်းနှလုံးတွင်းမှာ ရှိသည်။

          ဤအသိကြောင့် ရင်မှာ လွမ်းမြမြ ဖြစ်ရသည်။ ဤအသိကြောင့်ပင် ရင်မှာ နာကြည်းရသည်။ ဤအသိကြောင့်ပင် မာနနှင့် ဒေါသတို့ ငွေ့ငွေ့ ရင်မှာ ပေါ် ရသည်။

          ကြာခဲ့ပြီ။ သည်တော့ သည်ခံစားမှုတွေ ရင်မှာ ရှိထိုက်ပါသေး၏လော။ သည်လို မိုးညိုညိုအောက်မှာ လမ်းလျှောက် ထိုက်ပါသေး၏လော။

          အထူးသဖြင့် သည်နေရာမှာ။ သည်မြို့မှာ။ အပြစ်မဲ့သည့် ဇာတိမြေဖြစ်သော ဤမြို့ဆီသို့ပင် မိမိ မပြန်ခဲ့သည်မှာ ကြာပြီ။ ယခုတော့ လုံလောက်သော အကြောင်းကြောင့် ခေတ္တပြန်ရောက်ခဲ့သည်။

          ဤနေရာ ဤအချိန် ဤမိုးညိုညိုအောက်၌ လမ်းလျှောက်မိခြင်း အတွက်ကား လုံလောက်သော အကြောင်းမရှိ။ မရှိဟု ထင်သည်။

          မိုးညိုညိုတွင် ဤနေရာရောက်က ပတ္တမြားပွင့်တွေ ဆင်သည့် စိန်ပန်းပင်ကြီးကို မြင်ပြန်လျှင် တစ်ချိန်တုန်းက ချစ်သော ဝါဝါကို ပြန်သတိရလေဦးမည်ကိုလည်း မိမိသိသည်။ သိလျက်နှင့် မိမိက ဘာကြောင့် ဤနေရာဆီ လျှောက်ဖြစ်အောင် လျှောက်ခဲ့ရသနည်း။

          ဒေါက်တာမျိုးမွန်က ပြုံးမိပြန်သည်။

          တစ်ချိန်တုန်းက ချစ်သော ဝါဝါ။ ဤစကားကလည်း မှန်ပါ၏လော။ တစ်ချိန်တုန်းက ချစ်သော ဝါဝါဆိုတော့ ယခုအခါ မချစ်တော့သော ဝါဝါ ဖြစ်နေခဲ့ပြီလော။

          ဤအကြိမ်တွင်မူ မိမိ၏အပြုံးကို မိမိသိလိုက်သည်။ ဝမ်းနည်း၍ ပြုံးသည်၊ နာကြည်း၍ ပြုံးသည်။

          ဪ ... ခုအခါမျိုးမှာ ဤအပြုံးမျိုးကလွဲ၍ အခြား ဘယ်အပြုံးမျိုး မိမိက ပြုံးနိုင်ပါမည်နည်း။ ဒေါက်တာမျိုးမွန်က ဆက်လျှောက်သည်။

          မိမိကိုယ်ကို မလှည့်စားလိုပါ။ သည်နေရာကို လျှောက်လာခဲ့ပြီး ဖြစ်သဖြင့် လျှောက်ချင်၍ လျှောက်ခဲ့ခြင်း ဖြစ်သည်။ ဘာကြောင့် လျှောက်ချင်၍ လျှောက်ရသနည်း။ ဤမေးခွန်းကိုတော့ မိမိ အဖြေရှာရန်မလိုဟု ထင်သည်။လျှောက်ချင်၍ လျှောက်သည်။ နှလုံးသားက စေခိုင်း၍ လျှောက်သည်။ နှလုံးသားဟူသည်မျိုးက အကြောင်းအကျိုး ပြတတ်သည် မဟုတ်။ သည်တော့ လျှောက်။

          ဪ ... မျိုးမွန်ရယ် လျှောက်လေဦး။

          မြေလမ်းဝါဝါလေးအတိုင်း ဒေါက်တာမျိုးမွန်က လျှောက်လာသည်။ မသိမသာနှင့် မြေက မြင့်လာ၏။ သက်ရင်း အမှူးပြုသော ချုံစုတို့ကလည်း တဖြည်းဖြည်း ထူလာ၏။ ထီးထီးမားမားရပ်နေသော စိန်ပန်းပင်ကြီးကို လှမ်းတွေ့ရသည်။ မိုးညိုညိုကို နောက်ခံပြုလျက် ပတ္တမြားပွင့်တို့ စွေးစွေးနီနေကြသည်။ ။မြေဝါလမ်းလေးက စိန်ပန်းပင်ကြီးကို လွန်လျက် ရှေ့ဘက်သို့ ဆက်သွားသော်လည်း ဒေါက်တာမျိုးမွန်က မလိုက် တော့ဘဲ စိန်ပန်းပင်ကြီးအောက်တွင် ရပ်လိုက်သည်။ဒေါက်တာမျိုးမွန်က ပတ္တမြားထီးကြီး မိုးထားသည်နှင့်တူသော စိန်ပန်းပင်ကြီးကို မော့ကြည့်သည်။ ရွက်စိမ်းနုနုတို့ ပါးပါးရှိနေပြီ။ သို့ရာတွင် ရဲရဲနီသော ပွင့်ခိုင်ပွင့်ဆုပ်တို့ကသာ ပင်လုံးကို ကြီးစိုး ထား သည်။စိန်ပန်းပွင့်ပုံက တစ်ခဲနက်နှင့် ပြည့်ပြည့်သိပ်သိပ်နိုင်သည်။

          ဪ ... ရင်မှာလည်း ခံစားမျှတို့ တစ်ခဲနက်နှင့် ပြည့်ပြည့်သိပ်သိပ်နိုင်လှသည်တကား။ ချောမွတ်သော ပင်စည်ကို လက်တစ်ဘက်ဖြင့်ကိုင်လျက် ဒေါက်တာမျိုးမွန်က ရှေ့ဘက်သို့ ကြည့်၏။

          တောင်ဝိုင်း တောင်တန်းကြီးက ခန့်ညားတည်ငြိမ်လှသည်။ ဤတောင်တန်းကြီးက ဘာမျှမပြောင်းလဲ။ ဟိုးတုန်း ကလည်း ခန့်ညားတည်ငြိမ်သည်။ ယခုလည်း ခန့်ညားတည်ငြိမ်သည်။ လောကနှင့် ဘဝကို ဤတောင်တန်းကြီးကဲ့သို့ ခန့်ညား တည်ငြိမ်စွာ ရှာကြည့်နေနိုင်လျှင် ကောင်းလေစွ။

          ဒေါက်တာမျိုးမွန်က စီးကရက်တစ်လိပ်ကို ထုတ်ယူဖွာရှိုက်ပြီး တောင်တန်းကြီးကို ကျောခိုင်းလိုက်သည်။ စိန်ပန်း ပင်ကြီး၏ ပင်စည်ကို မှီရပ်လျက် အနောက်ဘက်သို့ ကြည့်သည်။

          မိမိလျှောက်လာခဲ့ရာ မြေလမ်းဝါဝါလေး။ ပေါ်လွင်နေသော ကုန်းမြေသည် အနောက်ဘက်သို့ လျှောနိမ့်ဆင်းသွား၏။ မြင်ကွင်း၏ လက်ယာဘက်ဆီ၌ စိမ်းမှောင်သော သစ်ပင်အုပ်စုများကြားမှ ပေါ်ထွက်နေသော ဖြူဖွေးသည့် မော်လမြိုင်ကောလိပ်အဆောက်အအုံကြီးကို လှမ်းမြင်ရသည်။ လက်ဝဲဘက်ဆီ၌ကား ရွှေနတ်တောင်နှင့် ဘုရား စေတီ။ မျက်နှာမူရာ အနောက်တည့်တည့်၌ ဒူးရင်းနှင့် မင်းကွတ်ခြံကြီးများ။ ထိုမှလွန်သော် မျက်စိတစ်ဆုံး၌ ဖြောင့်နေသော တောတန်း။ ဤအထက်၌မူ တိမ်လိပ်တို့ ရိပ်ရိပ်ညိုညို လွှမ်းတက်လာနေသော ကောင်းကင်။

          အဝေးဆီမှ မျက်လုံးကိုရုပ်လျက် ဒေါက်တာမျိုးမွန်က ကုန်းမြေလျှောလျှောကို ပြန်ကြည့်သည်။

          ခြေသွားလမ်း ဝါဝါလေးသည် ကုန်းမြေ၏ အနိမ့်ဆုံးအပိုင်းတွင် နှစ်ခွဖြစ်လျက် ခွဲထွက်သွားသည်။ လမ်းတစ်သွယ်က ကောလိပ်နယ်မြေဆီ သွားသည်။ လမ်းတစ်သွယ်က ဒူးရင်းခြံများဆီ သွား၏။

          ဒူးရင်း ခြံကြီးများဆီ သွားသောလမ်းလေးဆီ ဒေါက်တာမျိုးမွန်က မျှော်ကြည့်သည်။ သော် ... ဟိုအခါတုန်းဆီ ကလည်း ဤလမ်းလေးဆီ မျှော်ကြည့်ခဲ့ရသည်။ ချစ်သူလာရာလမ်းဆိုတော့ မျှော်ကြည့်ရသည်ပေါ့။ ချစ်သူလာရာလမ်းဆီ မျှော်မကြည့်သောသူဟူ၍ လောကမှာ ရှိပါ၏လော။

          ယခုတော့ ရင်မခုန်။ လွမ်းမြမြသာ ရှိသည်။ ဟိုတုန်းကတော့ ရင်ခုန်သည်။ ချစ်သူလာရာလမ်းဆီ မျှော်ရင်း ရင်ခုန်ခဲ့ရသည်။ ။

          ဝါဝါ။ နာမည်လေးနှင့်လိုက်အောင် အသားလေးက ဝါသည်။ ဝါသော အဝတ်အစားလေးများကိုမှ ရွေးချယ် ဝတ်တတ်သည်။ သည်တော့ မိမိကလည်း မှတ်ထားလိုက်သည်။ ချစ်သူလာလျှင် ဝင်းဝါသည်။ တစ်လောကလုံး ဝင်းဝါသည်။ မိမိရင်တွင်းမှာတော့ လမင်းသာသည်။ဒေါက်တာမျိုးမွန်က မျက်လုံးများကို ပိတ်ထားလိုက်သည်။

          မျက်လုံးကို ပိတ်လိုက်ခါမှ အတိတ်ပန်းချီကားတို့က ပိုမို ပီသထင်ရှားလာသည်။ မြေလမ်းဝါဝါလေးအတိုင်း ချစ်သော ဝါဝါက ကြော့ကြော့ယဉ်ယဉ်လာသည်။ စိန်ပန်းပင်ကြီးနားအရောက် တောချုံလေးများ အကာအကွယ်ရသောအခါ၊ အပြေးလေးလာသည်။ မုတ်သုန်လေတိုးသော နေ့မျိုးတွင် ပြေးလာသော ဝါဝါ၏ခေါင်းမှ ဆံပင်ဆံနွယ်တို့က လှပစွာ လေမှာ ဝဲပျံလှုပ်ရှားသည်။

          စိန်ပန်းပင်အောက်မှ မိမိက ဆီးကြိုသည်။ ရင်ခွင်တွင်း ခုန်ဆင်းလာသော လမင်းကြီးကို ဆီးယူပွေ့သည့်နှယ် ယုယုယယ ဆီးကြိုပွေ့ယူရသည်။

          ကောင်းကင်မှာ မိုးညိုနေမည်။ စိန်ပန်းပင်ကြီးက ရဲရဲနီနေမည်။ သို့ရာတွင် မြေပြင်မှာတော့ လသာနေသည်။ ဝင်းဝင်းဝါဝါကြီး သာနေသည်။ ဒေါက်တာမျိုး မွန်က မျက်လုံးများကို ဖွင့်လိုက်သည်။ ပင်ပန်းလှစွာဖြင့် ချစ်သူလာရာလမ်းဆီ မျှော်ကြည့်မိပြန်သည်။

          ဒေါက်တာမျိုး မွန်တစ်ကိုယ်လုံး တုန်လှုပ်သွား သည်။ ခေတ္တ ကြောင်နေရာမှ မယုံနိုင်ဘဲ မိမိ၏ မျက်လုံးများကို မိမိ ပွတ်ကြည့်မိသည်။

          ကိုယ်ဟန်က ကြော့ပါသည်။ လည်တိုင်သွယ်က ရှင်းပါသည်။ တစ်ကိုယ်လုံးက ဝါဝင်းပါသည်။ ချစ်သော ဝါဝါ။ သည်နေရာ သည်လမ်းမှာ သည်အသွင်နှင့် သည်တစ်ယောက်သာ ရှိမည်။ ချစ်သော သို့မဟုတ် ချစ်ခဲ့ရဖူးသော ဝါဝါ။

          ဪ ... ယခုအကြိမ်မူ ဝါဝါ့ကို ဘယ်ပုံ မိမိ ဆီးကြိုရပါ့။ ဝါဝါက တဖြည်းဖြည်း အနီးသို့ ရောက်လာသည်။

          ဟိုယခင် အခါများကမူ ဤနေရာသို့အရောက်တွင် ဝါဝါသည် မိခင်တွေ့သော သမင်မငယ်သို့ အပြေးလေး လာမြဲဖြစ်၏။

          ယခုမူ ဝါဝါ၏ အမူအရာက တည်ကြည်လှသည်။ တည်ကြည်လွန်းသည်ဟုပင် ဒေါက်တာမျိုးမွန် ထင်သည်။

          ဝါဝါ၏ ခေါင်း လေးကမော့ပြီး မျက်နှာလေးက ချီကာ မျက်လုံးများက ရှေ့တည့်တည့်ဆီသာ ကြည့်သည်။ စိန်ပန်း ပင်ကြီးနှင့် မိမိရှိရာသို့ တစ်ချက်လေးမျှပင် မကြည့်။

          ရုတ်တရက် ဖမ်းစား သော အံ့ဩစိတ်အပြေတွင် ရှက်စိတ်နှင့် နာကျည်းစိတ်တို့က ဒေါက်တာမျိုးမွန်၏ ရင်တွင် ပေါ်လာသည်။

          ဝါဝါသည် မိမိကို မမြင်မဟုတ်၊ မြင်ရမည်ပင်။ ထီးထီးမားမားရှိသော စိန်ပန်းပင်အောက်တွင် ထူးထူးခြားခြား ရပ်နေသော လူတစ်ယောက်ကို မမြင်ဘူးဆိုသည်မှာ မဖြစ်နိုင်။ မြင်ရသော လူတစ်ယောက်ကို တစ်ချက်တော့ အနည်းဆုံး ကြည့်မည်မှာ သဘာဝပင်ဖြစ်သည်။ ယခုတော့ မကြည့်။ ဪ .... မြင်လျက်အားနှင့် မကြည့်သည်မှာ အဓိပ္ပါယ် ရှင်းလှသည်။ မကြည့်ချင်၍ ပါ။

          သူက မကြည့်ချင်တော့ ကိုယ်ကလည်း မျက်နှာလွှဲရမည်။

          ဒေါက်တာမျိုးမွန် မျက်နှာလွှဲမည်အပြုတွင် ဝါဝါ၏ မျက်နှာလေးက မိမိရှိရာဘက် တည့်တည့်လှည့်လာသည်။ တမင် လှည့်သည်တော့ မဟုတ်။ လမ်းက အနည်းငယ် မိမိဘက် ကွေ့လာသောကြောင့် မျက်နှာချင်းဆိုင်မိခြင်းသာ ဖြစ်သည်။

          ဒေါက်တာမျိုးမွန် မျက်နှာ မလွှဲဖြစ်။ မလွှဲသည့်အပြင် မျက်မှောင်ကြုတ်၍ ဝါဝါ၏ မျက်နှာလေးကို စူးစူးစိုက်စိုက်ပင် ကြည့်မိသည်။

          ဝါဝါ၏ မျက်နှာလေးက ထူးခြားသည်။ မျက်လုံးများက ပိုထူးခြား၏။ မျက်နှာလေးက ထူးခြားသည်မှာ မည်သို့သော ခံစားမျှ၏ အရိပ်အရောင်ကိုမျှ မပြသောကြောင့် ဖြစ်သည်။ မျက်လုံးများက ထူးခြားသည်မှာ ဝန်းဝန်းစိုက်စိုက် စူးစူးစိုက်စိုက် အနေအထားတွင် လှုပ်ရှားမှု တစ်စုံတစ်ရာ မပြသောကြောင့် ဖြစ်၏။

          လေက တိုက်နေသဖြင့် ဝါဝါ၏ ဆံနွယ်များက နောက်သို့ ပျံ့လွင့်နေသည်။ အသက်မဲ့သယောင်ရှိသော မျက်နှာ။ အသိရိပ် ကင်းသယောင်ရှိသော မျက်လုံးများနှင့် ဝါဝါသည် ဒေါက်တာမျိုးမွန်နှင့် တစ်လံအကွာအထိ ချဉ်းကပ်လာသည်။

          လမ်းသည် ကွေ့သွားပြန်ရာ ဒေါက်တာမျိုးမွန် အနီးမှကပ်၍ ဝါဝါက ဖြတ်လျှောက်သွားသည်။

          ခေါင်းလေးက မော့လျက်။ မျက်နှာလေးက ချီလျက်။ မျက်လုံးများက ငြိမ်လျက်။ ဒေါက်တာမျိုးမွန်ကို မြင်သည်ဟု အရိပ်အရောင် တစ်ချက်မျှပင် မပြဘဲ ဝါဝါက အနီးမှ ဖြတ်လျှောက်သွားသည်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)