Skip to product information
1 of 3

Other Websites

တက္ကသိုလ်ဘုန်းနိုင် - နှင်းငွေ့တစ်ထောင့်မိုးတစ်မှောင့်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း(၁)
(က)

          ဆောင်းက ကောင်းကောင်းသစ်ခဲ့ပြီးပြီ။ ဆောင်းသစ်ခဲ့ပြီးပြီမို့ ညနေမှာ နှင်းငွေ့တို့ ဝှေ့ဝှေ့လေး မှုန်နေသည်။ ပြာပြာရီရီလေးဆိုတော့ မြူနှင့်ပင် တူနေသည်။ သို့ရာတွင် မြူဆိုသည်က နွေ၏ပစ္စည်းပါ။ ဆောင်း၏ တန်ဆာမဟုတ်။ ပြီးတော့မြူမှာက အနံ့မရှိ၊ အနည်းဆုံး အနံ့မရှိဘူးဟု ထင်သည်။ နှင်းမှာတော့ အနံ့ရှိသည်။ သင်းသည် မွှေးသည်ဟုတော့ မဆိုနိုင်။ လန်းဆန်းသော ရနံ့တမျိုးကတော့ အမှန်ရှိသည်။ သည်ရနံ့ရလျှင် ဆောင်းသစ်ပြီဟုသိရသည်။ သို့မဟုတ် နှင်းတို့ ရောက်လာပြီဟု နားလည်ရသည်။

          အမှန်ကတော့ ဆောင်းသစ်ပြီဆိုခြင်းနှင့် နှင်းတို့ ရောက်လာပြီဆိုခြင်းသည် အဓိပ္ပါယ်အတူတူပဲဟု ထင်သည်။ တစ်ခုပဲ ခက်သည်။ ဆောင်းသစ်ပြီဆိုတော့ မိုးကာလ ကြွေစင်သွားပြီဟု ဆိုနိုင်ပါသလော။ ဆိုနိုင်မည်မထင်၊ အဟောင်းနှင့် အသစ်သည် တစ်ပိုင်းတစ်လက်စ ထပ်နေတတ်သည်။

          ညနေကိုကြည့်ပါ၊ အရှေ့ဘက် လောကဓာတ်တစ်ခြမ်းမှာ နှင်းတို့ ပြာပြာရီရီ မှုန်နေသည်။ အနောက်ဘက် ကောင်းကင်မှာတော့ တိမ်တောက်နေသည်။ မိုးကာလ နေဝင်ချိန်ကဲ့သို့ ရောင်မျိုးတွေ စုံနေသည်။ ခရမ်းရမ်၊ မီးခိုးရောင် တိမ်စိုင်တွေလည်း ရှိနေကြသေးသည်။ တစ်ချီတစ်ချီတွင် လေကပြင်းပြင်းလေး လာသည်။ မြောက်ပြန်လေလည်း မဟုတ်။ ဘယ်အချိန်မှာ တိမ်တိုက်တွေ ဆက်ပြီး လွှမ်းသွားဦးမည်နည်း။ အဲသည်လိုဆိုလျှင် တန်ဆောင်မုန်းည ကောင်းကင်မှာနက္ခတ်တွေ စုံအောင် ပေါ်နိုင်ပါဦးမည်လော။ လှတတ်သော တန်းဆောင်ရွှေတိုင် ညတစ်ညမှာ မိုးသားတွေရှိလျှင်တော့ အင်း  ဝမ်းနည်းစရာပေါ့။

          ကထိက ဒေါက်တာဦးမြင့်နွယ်သည် ထနောင်းနှင့် တမာပင်တို့ ရံအပ်သော မန္တလေးတက္ကသိုလ် ဗဟိုရှိ လမ်းငိုက်စိုက် ကလေးအတိုင်း လျှောက်လာရင်း ပြုံးမိသည်။

          စိတ်ပညာ ကထိကဖြစ်သောကြောင့် စိတ်အကြောင်း နားလည်သည်။ အထူးသဖြင့် မိမိစိတ်ကို မိမိ နားလည်သည်။

          မိမိသည် စိတ်ကူးယဉ်တတ်သည်။ စိတ်ကူးယဉ်တတ်ခြင်းကိုလည်း ရှက်ဖွယ်ဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့။ အမှန်မှာ လူ့စိတ်သည် လူ့စိတ်ဖြစ်နေဖို့ သင့်တင့်သော စိတ်ကူးယဉ်မျှက လိုသည်။

          သည်ရာသီက စိတ်ကူးယဉ်၍ အလွန်ကောင်းသည်၊ လှသည်၊ ဆန်းသည်၊ လွမ်းဖွယ်ပင် ညိုညိုလေးရှိနေသည်။

          ဦးမြင့်နွယ်သည် ဘားရှားဟတ်(ထ)ဟု အစိုးရအင်ဂျင်နီယာတွေခေါ်သော လက်ထောက်ကထိကများနေသည့် သစ်သားအိမ်တန်းရှေ့မှ တောင်ဘက်ဆီ ဦးတည်လျှောက်လာနေသည်။

          နီနီညိုညိုနှင့် သစ်သားအိမ်လေးများက လှပသည်။ အိမ်ခြံဝင်းမှ မြေတို့က ပတ်ဝန်းကျင်ရှိ အခြားမြေတို့နှင့်မတူ၊ သူတို့က လွလွဖြူဖြူနိုင်သည်။ ဖို့ထားသောမြေဟု သိရသည်။ မြေက လွလွဖြူဖြူ ဆိုတော့ ပေါက်နေကြသော သစ်ပင်ပန်းပင် တို့၏ အစိမ်းရောင်သည် ပို၍ ကြည်လင်ပေါ်လွင်သည်။

          အင်ဂျင်နီယာတွေ၏ အသုံးအနှုန်းကလည်း အခက်သား။ သစ်သားအိမ် လှလှကလေးများကို ဘာကြောင့် ဘားရှားဟတ်(ထ)ဟု ခေါ်ကြမှန်းမသိ။

          မန္တလေးသည် လှကြောင်း လူတွေသည် မိမိကို ယခင်က ဘာကြောင့် မပြောကြမှန်းလည်း မသိ။

          ကဗျာဆန်သော အလှ သည်စကားကို မကြိုက်သေး။ ကဗျာအသက်ရှိသော အလှ - ဟုတ်ပြီ။ ကဗျာအသက် ရှိသော အလှ။ မန္တလေး၏အလှမှာ ကဗျာအသက်ရှိသည်။

          ဟိုးရှေ့အဝေးမှာ ရှမ်းတောင်မင်း... ဟုတ်သည်၊ တောင်မင်း ... မြင့်သည်၊ ခန့်သည်၊ တည်သည်၊ ငြိမ်သည်။ နှင်းလွှာ အကာသားမို့ ပြာပြာမှောင်နေသေးသည်။ တောင်မင်းနှင့် ရှုသူကြားမှာက လယ်ကွင်းပြင်တွေ။ တောအုပ်က ဟိုတစ်စု သည်တစ်စု။ စေတီဖြူဖြူလေးတွေကလည်း မရှား။ သူတို့ကလည်း တည်ငြိမ်သည်။ သူတို့မရှိလျှင် ရှခင်း ဘာဖြစ်သွားမည်နည်း။ မပြည့်မစုံ မလှမပဖြစ်သွားမည်က သေချာသည်။

          ဦးမြင့်နွယ်သည် အရှေ့ဘက်သို့ ချိုးလိုက်ပြီး တောင်တန်းပြာဆီ မျက်နှာမူ၍ လျှောက်သည်။ နှစ်ထပ်တိုက်ကြီးများကို တစ်လုံးပြီးတစ်လုံး ကျော်လျှောက်လာသည်။ မိမိ၏ တိုက်ခြံအတွင်းသို့ ဝင်ခဲ့ပြီး ဦးမြင့်နွယ်သည် ဟိုဘက်ခြံ သည်ဘက်ခြံကို ကြည့်သည်။

          ဟိုတစ်ဖက်ခြံမှာက မိမိနှင့်ရွယ်တူခန့် ရုက္ခဗေဒပါမောက္ခသည် လသားအရွယ် သားငယ်ကို မြှောက်ချီနှုတ်ဆက် နေသည်။ မိမိကဲ့သို့ပင် ကျောင်းမှ ပြန်ရောက်စဖြစ်မည်။ အင်္ကျီအဝတ်အစား မလဲရသေး။ ပါမောက္ခက သားငယ်ကို မြှောက်ချီချော့မြူနေခိုက် သားအလတ်က သူ့ခါးကို နောက်မှဖက်ကာ ခိုတွဲထားသည်။ ခပ်ကြီးကြီးတစ်ကောင်ကမူ ခြံတွင်း၌ စက်ဘီး ပတ်စီးနေသည်။

          ဦးမြင့်နွယ်က သက်ပြင်း မသိမသာချလိုက်ပြီး တိုက်တွင်း ဝင်လာခဲ့သည်။ မိမိကိုတော့ ဆီးကြိုမည့်သူမရှိ။ မိမိက ကြည်နူးဝမ်းသာစွာ ပွေ့ယူချီမြှောက် ချော့မြူရမည့်သူလည်း မရှိ။

          ဦးမြင့်နွယ်သည် ရင်တွင်း၌ မဟာ့တဟာဖြင့် အိမ်ပေါ်ထပ်တွင် အဝတ်အစားလဲသည်။ အင်္ကျီတွေကို ကြိုးတန်းမှာ ကိုင်းချိတ်နှင့် ချိတ်ထားလိုက်သည်။ ပုဆိုးကိုတော့ ခုတင်ခြေရင်းတွင် ဖြန့်လွှားထားခဲ့သည်။

          အောက်ထပ်ဆင်းလာခဲ့ပြီး ပီယာနိုခုံပေါ်တွင် ထိုင်သည်။ ပီယာနို အံဖုံးကို ဖွင့်ပြီး အသံစမ်းသည်။ ဘာတီးရမည်နည်း။ ဘာတီးရမှန်းမသိ၊ ဘာကိုမှလည်း ဟုတ်တိပတ်တိ တီးချင်စိတ်မရှိ။ ခြေသံကြားရပြီး ကော်ဖီတစ်ပန်းကန်ကိုင်လျက် တပည့်ကျော် သက်ဝေ ပေါ်လာ၏။ သက်ဝေက ကော်ဖီပန်းကန်ကို စားပွဲပုလေးပေါ် တင်ထားသည်။ ဦးမြင့်နွယ် ပီယာနိုတီးခြင်းကို ရပ်လိုက်ပြီး သက်ဝေကို မေး၏။ “ ကော်ဖီက ဒီတစ်ခွက်တည်းလား ” “ ဟုတ်ကဲ့ဆရာ တစ်ခွက်တည်း၊ ဧည့်သည်လာဦးမှာမို့လို့လား ” “ မင်းဘိုးအေ ဧည့်သည်လာရမလား၊ ငါ ကော်ဖီခါးခါး များများသောက်ချင်တယ် ”

          “ ဆောရီး ဆရာ၊ အဲဒါ ကျွန်တော်ပြောမလို့၊ ဟိုနေ့က သတင်းစာထဲမှာ ဆောင်းပါးတစ်ခု ဖတ်ရတယ်။ ကော်ဖီထဲမှာ ကာဖင်းဆိုလား ဘာဖင်းဆိုလား အဲဒီဓာတ်ပါတယ်တဲ့။ အဲဒီဓာတ်ဟာ နှလုံးရောဂါ ဖြစ်တတ်တယ် ဆိုလား၊ နှလုံးတုန်တတ်တယ်ဆိုလား၊ အဲ တစ်ခုခုတော့ ဖြစ်တတ်တယ်လို့ အသေအချာဆိုထားတယ် ”

          “ အဲဒါ ဘာဖြစ်သလဲ ”

          “ ဒါကြောင့် ဆရာ့ကို ကျွန်တော် ကော်ဖီတခွက်ပဲ ပေးတာ ” ဦးမြင့်နွယ်က သက်ဝေကို စေ့စေ့ကြည့်ပြီး မေးသည်။ “ ဒီမှာ ... သက်ဝေ၊ မင်းက ဆရာလား ငါက ဆရာလား ” “ ဟာ ... ဒီကိစ္စက အရှင်းကြီးပဲ၊ ကျွန်တော်က ကျွန်တော်၊ ဆရာက ဆရာ ” “ အေး ... ရှင်းရင်ပြီးရော၊ ကော်ဖီထပ်ဖျော်ခဲ့၊ ကရားနဲ့တစ်လုံး ကြားလား ” “ ဆရာ ကုန်နိုင်ပါ့မလား ” “ ရှည်မနေနဲ့ သက်ဝေ၊ ငါခိုင်းတာလုပ်”

          “ ကျွန်တော်က အလကား ကျန်နေမှာစိုးလို့၊ သကြားက ဈေးကြီးတယ်၊ ပြီးတော့ ဆရာ ဂေါက်ကွင်း သွားတော့မလို့ မဟုတ်လား ”

          “ ငါ... ဒီနေ့ ဂေါက်မရိုက်ဘူး ” * ဪ ... ဒါကြောင့်ကိုး ...” “ ဘာလဲ ဒါကြောင့်ကိုး ” "ဆောင်းတွင်းကြီး မိုးရွာတာ ” ၊ သက်ဝေက သည်မှတ်ချက်ကို ပေးပြီး အခန်းတွင်းမှ ထွက်သွား၏။ မကျေမနပ်နှင့် ဦးမြင့်နွယ်သည် ကော်ဖီ ထိုင်သောက်၏။

          သက်ဝေသည် လေသာရှည်သည်။ ကော်ဖီဖျော်တော့ အကောင်းသား။ ဦးမြင့်နွယ် အကြိုက်အတိုင်း လေးလေး ခါးခါးနှင့် သကြားပေါ့ပေါ့။

          ကော်ဖီသောက်ရင်း ဦးမြင့်နွယ်က ပြုံးမိသည်။ ပညာရှိ သက်ဝေပြောသည်မှာ အမှန်သား။ ကော်ဖီကို များများ သောက်၍ မကောင်း။ ခက်သည်က မိမိသည် နို့မပါသော ကော်ဖီခါးကို အလွန်ကြိုက်သည်။ ဘာမှလုပ်စရာမရှိလျှင် ကော်ဖီခါးကို လက်ဖက်ရည်ကြမ်းလို ထိုင်သောက်နေရမှ ကျေနပ်သည်။

          ယခု ညနေပိုင်း၌ လုပ်စရာမရှိ၊ ဂေါက်ကွင်းသွားဖို့ အချိန်ကလည်း စကောစက။ အင်း ... ကော်ဖီသောက်ပြီးလျှင် ခြံတွင်းဆင်း၍ အက်ပရုတ် (ဂေါက်သီးအနီးကပ်ရိုက်)ကျင့်မည်။ တစ်နာရီမျှ အချိန်လောက်တော့ ချောင်ချောင်ချိချိ ကုန်သွားနိုင်သည်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)