Skip to product information
1 of 4

Other Websites

တက္ကသိုလ်ဘုန်းနိုင် - ညနက်နက်မှာလထွက်ခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          ယုံနိုင်ဖွယ်မရှိ..၊ ဪ...ယုံနိုင်ဖွယ်မရှိလေသည့် အဖြစ်၊ ယုံနိုင်ဖွယ် ရှိလေလင့်ကစား ကိုယ်တွေ့ကြုံနေရသဖြင့် ကိုလှဝေသည် အမှန်တရား၏ သဘောကို မငိုင့်တငိုင် မျက်မှောက်ပြုနေမိ၏။

          အမှန်တရား၏ သဘော...၊ သည်စကားက ရင်တွင်းမှာ ဘယ်သို့ဘယ်ပုံ ပေါ်လာရပါသနည်း၊ ဘယ်သို့ပေါ်ပေါ်...စကားကတော့ အခြေအနေနှင့် ဆီလျော်နေသည်။

          ကြည့်ပါ၊ သင်္ချိုင်းကုန်းတဲ့..၊ အဟင်း...သင်္ချိုင်းကုန်းထက် အမှန် တရားသဘောနှင့် နီးစပ်သောအရာ ဤလောကမှာ ဘာရှိပါ သေးသနည်း...။ 

          အမှန်တရားဟူသည်က သူ့သဘော သူဆောင်သည်။ ပုဂ္ဂိုလ်သတ္တဝါ သူငါ၏ အကြိုက်ကို မလိုက်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဖိတ်ခေါ်သည် ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ သူ့သဘော သူဆောင်၍ သူ့အလုပ်သူ လုပ်သွားရိုး ဖြစ်သည်။ သည်တော့...သေခြင်းတရား ဟူသည်မှာ အမှန်တရား၏ သဘော...။ သင်္ချိုင်းကုန်းဟူသည်က အမှန်တရား သဘော၏ သင်္ကေတ၊နိမိတ်ပုံ...။

          ခက်သည်ကား...သင်္ချိုင်းကုန်းက လှနေခြင်းဖြစ်၏။

          သင်္ချိုင်းကုန်းကို လှနေသည် ထင်မိခြင်းအတွက် ကိုလှဝေ၏ စိတ်တွင်း ၌ တစ်မျိုးချည်းဖြစ်နေသည်။ မည်သို့ဖြစ်စေ...လှသည်ကတော့ အမှန်ပင် လှနေ သည်။

          သင်္ချိုင်းကုန်းသည် သင်္ချိုင်းကုန်းနှင့် မတူသည့်အတွက် လှနေခြင်းပင်ဖြစ်သည်။

          ခဲတစ်ပစ်သာသာမှာက...ကမ်းခြေ၊ ကမ်းခြေမှ သဲသောင်သည် ပြေပြေ ပြစ်ပြစ် ကျယ်ကျယ်ဝန်းပန်း နိမ့်လျောဆင်းသွားသည်။ ဒီရေတက်စသာရှိသေး သဖြင့်ပင်လယ်၏ လှိုင်းလုံးတို့မှာ ဟိုအဝေးမှာသာ ရှိသေးသည်။ လှိုင်းတို့၏ ဒေါမာန်သံကို မကြားရသေး။ ပင်လယ်ပြင်သည် ဒေါမာန်ကို မပြသေး။ ရှစ်ခွင်မှာမြူဆင်းလို့...ငွေနှင်းတဲ့နုစိုဟု စာဆိုရှိသော သည်လို နတ်တော်လမှာ မြန်မာ့ ပင်လယ်ပြင်မှန်သမျှ ဒေါမာန်ကင်းနေသည်။ ပင်လယ်ရေက အဝေးမှာ စိမ်းဖန့်ဖန့် အသွေး ပြေးရုံပြေးနေသည်။ သောင်၏ အဆုံးဆီ၌မူ ပြိုကွဲသောလှိုင်းထုသည် ဖြူဖြူဖွေးနေ၏။

          လခြမ်းပုံ ပင်လယ်ကွေ့ အစွန်းနှစ်ဘက်မှ တောင်ဆင်နှာမောင်းတို့က လည်း လှနေသည်။ လှရပေမပေါ့။ ရှစ်ခွင်မှာ မြူဆင်းသော လမှာကိုလေ။မြူပြာဟုတော့ စာမှာခေါ်သည်။ အမှန်က မပြာပါ လှပသော မီးခိုးရောင်မွဲမွဲလေးသာ ဖြစ်သည်။ ပါးပါးလွှာလွှာလေးလည်း ဖြစ်၏။ သည်လို လှပသော မီးခိုးရောင် မွဲ မြူပါးပါးလွှာလွှာလေးတွေ လွမ်းကာသည့်ကြားမှ လှမ်းမြင်ရသော တောင်ဆင် နှာမောင်းတွေကိုတော့ ပြာသည်ဟု ဆိုနိုင်သည်။ ။

          သင်္ချိုင်းကုန်းအပါအဝင် ကမ်းရိုးတန်းမြေမြင့်ဆီ၌ ဘာသစ်တောမျှ မရှိ။ သို့ရာတွင် ပို၍ကုန်းတွင်းကျသော အပိုင်းတွင်ကား အုန်းတောနှင့် သစ်တောတို့သည် မှောင်မှောင်မြမြ စိမ်းနေကြ၏။

          သင်္ချိုင်းကုန်းသည် အမှန်ပင် ကုန်းကလေးဖြစ်၏။ သင်္ချိုင်းကုန်းနှင့် မြေကြောဆက်လျက်ရှိသည်က ရိုးပြတ်ငုတ်တိုများသာ ကျန်နေသော လယ်ကွက်ကျဉ်းကျဉ်းကလေးများသာ ဖြစ်သည်။ ကုန်းသည် အနောက်မြောက်ဆီသို့ လျှော်နိမ့် ကျသွားရာ ဒီရေဝင်သော ချောင်းလေးတစ်သွယ်က ကြား၌ ဖီလာခြားခံလျက် ရှိသည်။ ချောင်းတစ်ဘက် မြေအတန်နှိမ့်ရာတွင်ကား နေလှမ်းဆားကန်များ ရှိနေသည်။

          သင်္ချိုင်းကုန်းမြေက ဘာမျှမကျယ်၊ ဪ...ဘယ်လောက် ကျယ် သည် ကျဉ်းသည်ကား အပြောရခက်သား၊ အကြောင်းမှာ သင်္ချိုင်းမြေသည် ဘယ်နေရာမှစရွေ့ ဘယ်နေရာ၌ဆုံးသည်ကိုပြသည့် ဘာအမှတ်အသားမျှမရှိ၊ ဂူတို့ မြေပုံတို့လည်း မရှိ၊ သာမန်သဲကျစ်မြေ ကုန်းဝါဝါလေးတစ်ခုသာ ဖြစ်လေသည်။ မြေလမ်းနှင့် လှည်းလမ်း ဖြတ်သန်းသွားသော ဝိသေသထူးမရှိသည့် ကုန်းပြောင် ဝါဝါလေး တစ်ခုသာ ဖြစ်လေသည်။ ရောက်စက ကိုလှဝေသည် သည်ခြေလမ်းနှင့် လှည်းလမ်းအတိုင်းရွာသို့သွားခဲ့သည်။ သည်ခြေလမ်းနှင့် လှည်းလမ်းအတိုင်းပင် မိမိတည်းခိုရာအဏ္ဏဝါဇီဝဗေဒ စခန်းသို့ ပြန်ခဲ့သည်။ အသွားရော အပြန်ရော သည်ကုန်းဝါဝါလေးကိုဘာမှန်းမသိဘဲ ဖြတ်သန်းခဲ့သည်။ ခရီးလမ်း၌ ဖြတ်သန်းခဲ့ရသော မြေကွက်လေး တစ်ကွက်။ ကိုလှဝေသည် အပြုံးမဟုတ်သော အပြုံးတစ်ခုကို ရေးရေးရိပ်ရိပ် ပြုံး လိုက်မိသည်။

          ဘာတဲ့...၊ ခရီးလမ်း၌ ဖြတ်သန်းခဲ့ရသော မြေကွက်လေးတစ်ကွက် ..။ကဗျာဆန်လိုက်ပါဘိတော့၊ အင်း ... မှန်လည်းမှန်လိုက်ပါဘိတော့၊ ကဗျာတစ် ပိုဒ်ပင် စပ်လိုက်ဖို့ကောင်းသေးတော့..၊ စင်စစ်သင်္ချိုင်းဟူသည် သတ္တဝါမှန်သမျှ...ခရီးလမ်း၌ ဖြတ်သန်းခဲ့ရသော မြေကွက်လေးတစ်ကွက် ဖြစ်လေသည်။ " ဟံမယ်မင်း...သင်္ချိုင်းဆိုသည်ကို သည်လို လူတွေက ဘာကြောင့် အနက်အဓိပ္ပာယ် မဖွင့် ဆိုကြပါသနည်း။ ။

          ထိုစဉ် ရွာသားလေးဦးက သူတို့လုပ်ငန်း၏ နိဂုံးချုပ်အဖြစ် ကျင်းထဲသို့ မြေများထည့်လေမှ မြေကျသံများကြောင့် ကိုလှဝေသည် အိပ်မက်မှ နိုးလာသကဲ့သို့ခံစားရ၏။

          တကယ်တော့...ယခုရက်များအတွင်း ကိုလှဝေမှာ သူ့ကိုယ်သူ အိပ်မက် မက်နေသကဲ့သို့ ထင်မိသည်။ အိပ်မက်မက်နေသကဲ့သို့ ထင်ရသောကြောင့်လည်း

          သူ့ရင်တွင်းမှာ ခံစားမှုမျိုးစုံတို့ လုယက်ပေါ်ပေါက်နေရာ...ဘာကို ခံစားရမှန်းပင် မသိ၊ ဘာကို ခံစားရမှန်းမသိတော့ သူ့အဖြစ်က ခံစားမှုမဲ့သူတစ်ဦးကဲ့သို့ ဖြစ်နေသည်။

          ကျင်းထဲ မြေကျသံကြားမှ ပီသလှသော ခံစားမှုတစ်ရပ်က သူ့ရင်တွင်းမှာ လှိုက်၍ပေါ်လာသည်။ ဆို့နှင့်မှု။

          ကိုလှဝေက တစ်ပင်တည်း မတ်မတ်ပေါက်နေသော သစ်ပင်၏ အရိပ် အောက်၌ မတုန်မလှုပ်ရပ်နေခြင်း ဖြစ်လေသည်။ သူတို့ လုပ်နေကြသည်ကို ဘာမျှဝင်မပြော ဘာမျှလည်း ဝင်မလုပ်။

          တကယ်တော့ လူသေကို ဘယ်လို မြေမြှုပ်ရသည်ဆိုသော အတတ်၌ သူမကျွမ်းကျင်၊ ကျွမ်းကျင်သူတို့က လုပ်နေလေရာ သူက ဘေးမှ ငြိမ်ဆိတ်စွာပင် ကြည့်နေရသည်။ ။

          သြော်...ယခုတော့ ပြီးပေပြီ။ သည်တော့မှ သူ့ရင်သည် လှိုက်ကာ ဆို့နင့်လာသည်။

          လူတစ်ယောက်တော့ သွားလေပြီ...။ သံသရာခရီးလမ်းမှာ လူတစ် ယောက်တော့ မြေကွက်လေးတစ်ကွက်ကို ဖြတ်သန်း၍ သွားလေပြီ။

          သို့နှင့်သောရင်ဖြင့် ကိုလှဝေက သစ်ပင်ရိပ်မှ ထွက်လိုက်သည်။ ပြည့်လု နီးသော ကွင်းထဲသို့ မြေကြီးခဲသုံးလေးခဲကို ပစ်ထည့်သည်။ ဒါပဲလုပ်ရသည်၊ အခြား ဘာလုပ်ရန် ရှိသေးတော့သနည်း.......။

          လက်မှမြေမှုန်များကို ပွတ်ခါပြီး ကုန်းနေသောခါးကိုဆန့်၍ ကိုလှဝေက အနီးတစ်ဝိုက်ကို ကြည့်သည်။

          မြေပုံလေးတစ်ခု ပေါ်လာသည့်တိုင်အောင် သင်္ချိုင်းမြေသည် သင်္ချိုင်းမြေနှင့် မတူသေး။

          သြော်...အသုဘပို့သည်ကလည်း အသုဘပို့သည်နှင့် မတူ၊ လုံးဝ မတူ။

          ပြေးရေမှ လူလေး...ဆယ်ဦး ဆယ့်ငါးဦးသာ ရှိမည်။ အားလုံးက ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိလှသည်။ ငိုသံယိုသံ တမ်းတပူဆွေးသံတို့လည်း မရှိ။ သည် အသံတွေမရှိတော့ အသုဘက အဟင်း...အသုဘနှင့် မတူလှ...။

          ဪ...ငိုကြွေးမည့်သူပင် မကျန်လေသော သွားလေသူတစ်ဦး။ ကိုလှဝေသည် မသိမသာ အံကြိတ်မိသည်။

          မှန်သည်။ ငိုကြွေးမည့်သူ တစ်ယောက်မှမရှိ။ သို့ရာတွင် မျက်ရည်ဝိုင်းသူ တစ်ဦးတော့ရှိသည်။ သည်တစ်ဦးက မိမိ...။

          ကိုလှဝေသည် မျက်ရည်ဝိုင်းသော မျက်လုံးများဖြင့် ဘေးဘီကို ကြည့်မိပြန်သည်။

          လူအချို့က ပြန်ကုန်ကြပြီ။ စောစောက ယောက်ျားလေးဦးအနက် တစ်ဦး က ဝါးလုံးတိုတစ်ချောင်းကို မြေပုံခေါင်းရင်း၌ ထိုးစိုက်နေ၏။

          မြေပုံနှင့် သုံးလေးလံကွာ၌ ဆူးခြုံတစ်ခု ရှိသည်။ ဆူးခြုံ၊ ရိပ်ကိုခိုလျက်  မိန်းမကြီးနှစ်ဦးက ဆောင့်ကြောင့်ထိုင်နေသည်။ သူတို့အနီးတွင် ကလေးနှစ်ဦး။

          ယောက်ျားလေးက သုံးနှစ်သားခန့်၊ မိန်းမလေးက ငါးနှစ်သမီးခန့်' ရှိ မည်။

          ယောက်ျားလေးသည် ပြုးဝိုင်းသော မျက်လုံးကြီးများဖြင့် မြေပုံဆီ ကြည့်နေသည်။ သူ့မျက်လုံးများ၌ မျက်ရည်မရှိ မျက်နှာလေးကလည်း မညှိုးနွမ်း။ သူ့အသွင်မှာ ဘာကိုမျှ နားလည်ပုံမပေါ်။ လူကြီးတွေ လုပ်ကိုင်နေကြခြင်းကို အံ့ဩစိတ်ဝင်စားဟန်ဖြင့်သာ မတုန်မလှုပ် စိုက်ကြည့်နေသည်။

          မိန်းကလေးလည်း မငို၊ သို့ရာတွင် သူကလေး၏မျက်နှာလေးမှာ ညှိုးငယ် နေသည်။ ညှိုးငယ်သည်ဆိုသည်ထက် ကြောက်ရွံ့တုန်လှုပ်နေသည်ဆိုလျှင် ပိုမှန်မည် ထင်သည်။ ။

          ယခုမှ လှ၀ေသည် သတိကောင်းစွာဝင်လာသည်။ စောစောက ငိုင်နေ မိသော မိမိကိုယ်ကိုလည်း မိမိ ပြန်အပြစ်တင်မိသည်။

          ကိုလှဝေသည် ညင်သာစွာခြေလှမ်းလျက် ကလေးနှစ်ဦးအနီးတွင် မားမား ရပ်လိုက်၏။ ကိုလှဝေ၏မျက်လုံးများက ကလေးမလေး၏ မျက်လုံးများနှင့်အလျင်ဆုံမိသည်။ သည်မျက်လုံးလေးများက စကားပြောသည်။ စိုးရိမ်မှု၊ ကြောက် လန့်မှု၊ အားငယ်မှု၊ အားလုံးကို ဖော်ပြနေသည်။

          ကိုလှဝေကို ကြည့်ရင်းက ကလေးမသည် သူ့မောင်လေး၏ လက် မောင်းလေးတစ်ဘက်ကို ဘာကြောင့်မသိ လှမ်းဆုပ်ကိုင်ထားလိုက်သည်။

          ယောက်ျားလေးက ကိုလှဝေကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။ ရှူးဖိနပ် အနက်၊ တက်ထရွန်ဘောင်းဘီ မီးခိုးရောင်၊ စိမ်းပြာနုရောင် တက်ထရက်စ် ရှပ် အင်္ကျီနှင့် ရပ်နေသော ကိုလှဝေကို သူက ထူးဆန်းသော သတ္တဝါတစ်ကောင်လို ကြည့်နေသည့်ဟန် မျက်မှောင်လေး မတွန့်တန့်ဖြင့် ကြည့်နေ၏။

          ကိုလှဝေက မျက်နှာကို အချိုသာဆုံးပြီးကာ ယောက်ျားလေးထံ သူ လက်ကို ကမ်းပေးလိုက်သည်။ 

          ကလေးက သူ့လက်ကိုလှမ်းမဆွဲ၊ လှမ်းမဆွဲသည့်အပြင် ကိုယ်ကို ချာကနဲလှည့်ကာ သူ့အစ်မလက်မှပါ ရုန်းထွက်၍ ခြေလမ်းလေးအတိုင်း ရွာဘက်ဆီ ထွက်ပြေးသည်။ မိန်းကလေးကလည်း ကိုလှ၀ေကို တစ်ချက်မော့ကြည့်ပြီး သူ့မောင် နောက် ပြေးလိုက်သွား၏။

          မိန်းမကြီးတစ်ဦးက ဘာမျှမဘဲ ကလေးနှစ်ဦးနှောက် ထလိုက်သွားသည်။

          ကျန်တစ်ဦးက နေရာမှထလိုက်ပြီး ကိုလှဝေကို မှတ်ချက်ပေး၏။ "စိမ်းနေသေးလို့ပါ၊ တော်တော်ကြာ သွေးက ပြောလာပါလိမ့်မယ်”

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)