Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ညီပုလေး - လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out
အကြိမ်ကြိမ်ဖြစ်ဆွဲမိတဲ့ ကောက်ကြောင်း
(ဒုတိယအကြိမ်ထုတ်ဝေခြင်းအတွက် စာရေးသူ၏ အမှာစာ)

          ကျွန်တော် ဝတ္ထုတိုတွေ ၁၉၈၅ ခုနှစ်ကစပြီး စံပယ်ဖြူမဂ္ဂဇင်းမှာ ရေးခဲ့တယ်။ ကျွန်တော်ဝတ္ထုကို မိတ်ဆွေကောင်းတချို့ က နံ့သာဖြူ စော်နံတယ်။ ဆေးတံ၊ ဆေးပြင်းလိပ်နံ့ ပြင်းတယ်လို့ ဝေဖန်ကြ တယ်။ ကျွန်တော့်ကို အဲဒီခေတ်က လူတွေရဲ့ ခေတ်ပြိုင်ခံစားမှု တွေပါတဲ့ ဝတ္ထုတွေရေးစေချင်တဲ့ စေတနာနဲ့ သူတို့က ထောက်ပြ ဝေဖန်ကြတာဖြစ်ပါတယ်။

          ဒီလိုထောက်ပြတာကိုကျွန်တော်စွဲမှတ်နေမိတယ်။ ကျွန်တော့် အသက်အရွယ်နဲ့ ကျွန်တော့်ဝတ္ထုတွေက ပိုပြီးအသက်ကြီးနေတာလား။ ဒါဟာ ပြဿနာတစ်ခုလား။ မိတ်ဆွေတွေကလည်း သူတို့ ဖတ်ချင်တာ၊ သူတို့ဖြစ်ချင်တာကို ထောက်ပြ၊ ပြောကြတာလေ။

          ၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အဖမ်းခံရတယ်။ အတိုချုပ်ပြောရရင် စစ်ကြောရေးက မန္တလေးမှာတစ်ည၊ ရန်ကုန် စစ်ကြောရေးမှာ ဘယ်နှစ်ညလို့ မမှတ်မိ။ နောက်တော့ အင်းစိန် တွဲဖက်ထောင်ကိုရောက်၊ ၁၉၉၁ ဧပြီလဆန်းမှာ စီရင်ချက်ချ တယ်။ အင်းစိန်ထောင်မကြီးကိုရောက်တယ်။ ၃ ဆောင်မှာနေရတယ်။ ၃ ဆောင်ရောက်တဲ့ညနေမှာ အရင်ရောက်နှင့်တဲ့ ၅(ည) ပုဒ်မနဲ့ ထောင်ချခံရတဲ့ ကျောင်းသားလူငယ်တွေက ဆီးကြိုနေရာ ချထား၊ စောင့်ရှောက်ကြတယ်။

          ကျွန်တော့်ကို ဆီးကြို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကျောင်းသားလူငယ်တွေအပြင် ဦးလေး ဦးအုန်းမြင့် (သခင် အုန်းမြင့်၊ ကျော်လင်းစာပေ) လည်း ပါတယ်။ ဦးလေးအုန်းမြင့်နဲ့ ကျွန်တော့် အဖေတို့အမေတို့က ညီအစ်ကိုမောင်နှမတွေလို ခင်ကြ တာဟုတ်လား။

          အစ်ကိုလှ၊ မမ မာလို့ ကျွန်တော့်မိဘတွေကို သူခေါ်လေ့ ရှိတယ်။ ဒီတော့ သူရဲ့ ထမင်းဝိုင်းမှာပဲ ရင်အုပ်မကွာ စောင့်ရှောက် ထားတယ်။ အင်းစိန်ထောင်မှာ အကျဉ်းသားတွေက သောင်းနဲ့ ချီရှိတယ်။ ဒီအတွက် ရေမလုံလောက်၊ ရေရှားပါတယ်။ တမင် ရေရှားအောင်၊ အကျဉ်းသားတွေ စိတ်မချမ်းသာအောင် စနစ်တကျ ရှားထားတာလည်း ဖြစ်နိုင်တယ်။

          ဦးလေးဦးအုန်းမြင့်က ကျွန်တော်တို့တစ်တွေကို စုပေါင်းစား သောက်တဲ့ အလေ့အကျင့် ကျင့်ပေးတယ်။ ပုံစံဟင်းထည့်တဲ့ခွက်၊ ပုံစံပန်းကန်ပြားကို တစ်နေ့ နှစ်ယောက်ကျ၊ တစ်ဝိုင်းလုံးစာ မနက်၊ ညနေ ဆေးရတယ်။ “လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ” စာအုပ် ဖြစ်လာစေမယ့် ဇာတ်လိုက် ဇွန်မိုးနဲ့ ကျွန်တော်နဲ့ ဦးလေးတို့ ထမင်းဝိုင်း၊ (အင်းစိန်ထောင် ၃ ဆောင်) မိတ်ဆွေဖြစ်ကြတယ်။ ဇွန်မိုးနဲ့ ဒီပြင်လူငယ်တွေ တခြားကိစ္စတွေမှာ အဆင်ပြေကြ ပေမယ့် ပန်းကန်အတူတွဲဆေးရာမှာတော့ သူနဲ့တွဲချင်သူရှား တယ်။ သူဆေးတာ မပြောင်ဘူး၊ ကပျစ်ကညစ်နိုင်တယ်လို့ ထင်ကြ လို့ပဲ။ ထောင်မှာ ဆပ်ပြာ၊ ရေရှားတယ်။ ဒီတော့ ဇွန်မိုးမှာ လည်း သိပ်တော့ အပြစ်မဆိုသာဘူး။ ဒါပေမဲ့ ထောင်က အင်းစိန်ထောင်၊ ရောဂါဘယထူပြောတယ်။ ပန်းကန်ခွက်ယောက် မသန့် ရှင်းလို့ နောက်ဆက်တွဲပြဿနာတွေ ရှိနိုင်တယ်။

လက်တွဲချင်သူနည်းတဲ့ ဇွန်မိုးနဲ့ ကျွန်တော်နဲ့ လက်တွဲပေးသူကတော့ ဦးလေး ဦးအုန်းမြင့်ပါပဲ။ ဇွန်မိုးနဲ့ ကျွန်တော် လက်တွဲပြီး တစ်ဝိုင်းတည်း စားသူတွေရဲ့ ဝေယျာဝစ္စတွေ ဆောင်ရွက်တဲ့အခါ ရောက်နှင့်သူတွေ အံ့သြသွားစေတယ်။ ဇွန်မိုး သူ့စရိုက်ကိုပြင် တယ်။ သူ့ကို ကျွန်တော်က ကိုယ့်ညီလို့ အောက်မေ့သလို သူကလည်း ကျွန်တော့်ကို အစ်ကိုရင်းတစ်ယောက်လို ခင်တယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် ရင်းနှီးလာကြတယ်။ ပိုပြီးရင်းနှီးလာတဲ့ အခါ သူ့အကြောင်းတွေပြောပြရင်း ကျွန်တော် သူ့အကြောင်းကို ဝတ္ထုတစ်ပုဒ်လို ခံစားမိတယ်။ ဘယ်လောက်အထိ ရင်းနှီးသလဲ ဆိုတော့ သူ့အပြင်မှာကျန်ခဲ့တဲ့ ရည်းစား “တာတီပိုး”ရဲ့ ဓာတ်ပုံ ကို ထုတ်ပြတဲ့အထိ ရင်းနှီးတယ်။ ထောင်ထဲကို သူ့ရည်းစား ဓာတ်ပုံ ဘယ်လမ်းကြောင်းကနေ ဘယ်လိုသွင်းတယ်၊ တာတီပိုး ကို ဘယ်လောက်အထိချစ်သလဲဆိုတာမျိုးတွေ အပါအဝင် သူဖြတ်သန်းတဲ့ လူငယ်ဘဝတွေ တော်တော်စိတ်ဝင်စားစရာ ကောင်းနေတယ်။

          အင်းစိန်ထောင် ၃ ဆောင်မှာ ကျွန်တော်နေရတဲ့အခန်းနဲ့ ဇွန်မိုးနေရတဲ့ အခန်းချင်းမတူကြဘူး။ တာဝန်ကျတဲ့တောင်ယာ တွေကလည်း မတူဘူး။ ထမင်းစားချိန်နဲ့ နားချိန်တို့လောက်မှာ သာ သူနဲ့ကျွန်တော် တွေ့ကြ၊ ဆုံကြရတာ။ ဒီဝတ္ထုကို နေ့လယ် ထမင်းစားပြီး အိပ်ချိန်နားချိန်မှာ အများဆုံး ပြောဖြစ်ကြတယ်။ အလုပ်လုပ်ပြီး ပင်ပန်းလို့ ဒိပြင်ထောင်ကျတွေ အနားယူအိပ်စက် ကြချိန်မို့ ကျွန်တော်တို့အိပ်အဆောင်အပြင် ဘာယာတန်းနဲ့ ဘုရား လေးပရိဝုဏ် စတဲ့နေရာတွေမှာ ပြောကြ၊ နားထောင်ကြရတယ်။ ဒီလိုပြောဆိုရာမှာ ၈၈ အရေးတော်ပုံကာလတုန်းက ဒလ ရဲစခန်း ဝင်စီးတဲ့အမှုနဲ့ ထောင်ကျတဲ့ “ယဉ်ထွေး”ဆိုတဲ့ လူငယ်လည်း အနားမှာရှိတယ်။ သူလည်း ဇွန်မိုးပြောတဲ့ ဇာတ်လမ်းကို စိတ်ဝင် စားတယ်။ သူကလည်း ဂစ်တာတီးတတ်သူကိုး။ ကျွန်တော်က လေတောင်ဖြောင့်အောင် ချွန်တတ်သူမဟုတ်ဘူး။

          ကျွန်တော်တို့သုံးယောက်ရဲ့ စကားဝိုင်း (ဇွန်မိုးအကြောင်း)ကို ကျွန်တော်တို့ထက်ပိုပြီး စိတ်ဝင်စားသူတွေရှိတယ်။ အဲဒါ ကတော့ ထောင်အာဏာပိုင်တွေပဲ။ ၃ ဆောင်အုပ်ချုပ်တဲ့ ထောင် မှူးတွေပဲ။ အကျဉ်းသားသုံးယောက် နေ့လယ် အိပ်နားချိန်မှာ မနားဘဲ စကားတွေပြောနေကြတာ ဘာလုပ်တာလဲ။ ထောင်ဆူဖို့ တိုင်ပင်တာလား၊ ထောင်ဥပဒေချိုးဖောက်ကြမှာလား။ ဒီအခါ ဘာယာတွေ၊ တန်းစီးတွေကို မသိမသာရော သိသိသာသာပါလာ ပြီး စုံစမ်းကြတယ်။ နားစွင့်ကြတယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် ကိုက် မသွားကြဘူး။

          ဇွန်မိုးက စကားပြောရာမှာ သီချင်းတွေရော ဘေ့စ်ဂစ်တာ တီးသံ ဒူ ... ဒူ ... ဒု ... ဒူ ... ဒူး... ဒု ... ဒန့် ... ဒန် ဆိုတာမျိုးတွေ သူ့ပါးစပ်က တံတွေးတွေထွက်လောက် အောင် စိတ်ပါလက်ပါ ပြောတတ်လို့ပဲ။

          ကျွန်တော်တို့ထဲမှာ စိတ်ဝင်တစားနားထောင်နေတဲ့ ယဉ်ထွေး ကတော့ ကျွန်တော့်ပေါင်ကို ပုတ်ပုတ်ပြီး ဒီအကြောင်း ရေးဖြစ်အောင်ရေးဖို့ ပြောလေ့၊ တိုက်တွန်းလေ့ရှိတယ်။ ကျွန်တော် ဇွန်မိုး ကို ရေးခွင့်တောင်းတယ်။ ယဉ်ထွေးကို ကတိပေးခဲ့တယ်။

          ထောင်ကလွတ်ရင် ငါတို့တစ်တွေ ပြန်ဆုံကြမယ်။ အဲဒီ ကျရင် ဒီဇာတ်လမ်းကို တစ်ခေါက်ပြန်ပြော၊ လိုက်ရေးမယ်။ မောင်ရင်ကိုယ်တိုင် တည်းဖြတ်ပေး။ မောင်ရင် မေ့ကျန်တာတွေ လည်း ဖြည့်ပြောကြတာပေါ့။ ဒီသဘောတူညီမှုရပြီး မကြာခင်မှာ ကျွန်တော်ဇွန်မိုးတို့ ယဉ်ထွေးတို့နဲ့ လွဲခဲ့ရတယ်။ ကျွန်တော်က သရက်ထောင်ကို အရင်ပြောင်းရတယ်။ ယဉ်ထွေးက တောင်ငူထောင်ကို ပြောင်းရတယ်။ ဇွန်မိုးက သာယာဝတီထောင်ကို ပြောင်းရတယ်လို့ သရက်ထောင်မှာ သတင်းဝင်လာတယ်။

          ဇွန်မိုးက ထောင်သက် ကျွန်တော့်ထက်နည်းလို့ အရင်လွတ် တယ်။ သူလွတ်ပြီး သိပ်မကြာဘူး။ စိတ်မကောင်းစရာသတင်းဆိုး က သရက်ထောင်သံတိုင်ကို ကြားတိုးဝှေ့ပြီး ရောက်ဖြစ်အောင် ရောက်လာတယ်။ ဇွန်မိုး ကွယ်လွန်ရှာသတဲ့။ ကိုယ့်ညီတစ်ယောက်ရဲ့ နာရေးသတင်းဆိုးကြားရသလို ခံစားမိတယ်။ သူကွယ်လွန်ပြီ ဆိုခါမှ ကျွန်တော့်မှာ သူ့အကြောင်း ရေးဖြစ်အောင်ရေးရတော့ မယ်လို့ ပိုပြီးခိုင်မာတဲ့ ဆုံးဖြတ်ချက်ချမိတယ်။

          ကျွန်တော် ၁၉၉၉ ခုနှစ်ကျမှ အိမ်ပြန်ရောက်တယ်။ ထောင်ပြန်လက်ဆောင်အဖြစ် လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံကို စိတ်ကူးထဲမှာ ထည့်လာခဲ့တယ်။ ဒီလိုထည့်နိုင်ဖို့ သရက်ထောင် အဆောင်မှာ အတူနေတဲ့ လူငယ်တွေနဲ့ သံဃာတော်တွေတိုက် မှာ အတူနေသူတွေကို ဒီဝတ္ထု ခဏခဏ ပြန်ပြန်ပြောခဲ့ဖူးတယ်။ ဒီလိုနဲ့ ဇွန်မိုးကောက်ကြောင်းကို ကျွန်တော်ဆွဲခြစ်နိုင်တာပဲဖြစ် တယ်။ အိပ်ဆောင်ထဲမှာ အကျဉ်းသားငါးယောက်ထက် ပိုမစုဝေး ရတဲ့ အခြေအနေမှာကိုပဲ ကျွန်တော်ဟာ လွမ်းဆွတ်သတိရစိတ်နဲ့ကောက်ကြောင်းတွေဖြစ်ခဲ့တယ်။ “လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ” ကို ၂၀၀၂ ခုနှစ် စာအုပ်ဈေး စာအုပ်တိုက် အမှတ် ၅၇၊ ၉ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၂၂၂၁၂၁ က ပထမ အကြိမ် အုပ်ရေ ၅၀၀ ထုတ်ဝေခဲ့တယ်။ ရောင်းဈေး ၅၀၀ ကျပ်နဲ့ပါ။ အခု ဒုတိယအကြိမ် စိတ်ကူးချိုချို က ထုတ်တယ်။

          ဒီစာကြောင်းတွေရေးရင် ဇွန်မိုးကို မျက်လုံးထဲ ပြန်မြင်ယောင် ရင်း ထောင်တွင်းကာလတွေကို ပြန်သတိရမိတယ်။ အတူနေခဲ့ကြရတဲ့ ရဲဘော်တွေ၊ မိတ်ဆွေတွေလည်း ပါတာပေါ့။ အထူးသဖြင့် ဦးလေးအုန်းမြင့် အပါအဝင် စာဖတ်ပရိသတ်၊ ထုတ်ဝေသူတွေနဲ့ အတူနေခဲ့တဲ့ ရဲဘော် မိတ်ဆွေရဲ့ ကျေးဇူးကို အောက်မေ့လျက်။

ညီပုလေး