ညိုထွန်းလူ - ဝထ္ထုတို ၅ ပုဒ်
“ဝတ်စားထားပုံက ယိုသူမရှက်၊ မြင်သူရှက်ကွ၊ ဂါဝန်လေးက တိုနံ့နံ့နဲ့ ခါးကနေ အောက်ကို တိုင်းလိုက်ရင် တစ်ထွာလောက်ပဲ ရှိ မယ်။ အင်္ကျီကလည်း စွပ်ကျယ်လက်ပြတ်ဝတ်ထားတာ မှတ်တာပဲ။ ကိုယ့်အမျိုးအဆွေ မဟုတ်လို့သာပေါ့ကွာ။ ဒီလောက် ဟီရိဩတ္တပ္ပ တွေကင်းတဲ့ဟာမလေးကို ကုပ်ဆွဲပြီး ခေါင်းနှစ်ချက်လောက် ထုလိုက် ချင်သဟ”
“အား...”
ဤကဲ့သို့ ရှေ့ဆင့်နောက်ဆင့် မတူညီသော စကားသံနှစ်ခုတွင် အနှိပ်သည် ကိုဟန်၏စကားပြောသံနောက်မှ ထက်ကြပ်မကွာ လိုက် ပါလာသည့် “အား” ဟူသော အသံသည်ကား အနှိပ်ခံရသူ ကျွန်တော့် ဆီမှ ပေါ်ထွက်လာခြင်းဖြစ်ပေသည်။ ကိုဟန်သည် လမ်းမှာတွေ့ခဲ့ရသော ကောင်မလေးတစ်ယောက် အမြင်မတော် ဝတ်စားဆင်ယင်ထား ပုံကို ကျွန်တော့်အား နှိပ်ရင်း စကားဖောက်သည်ချသည်။ သို့သော် ခိုးလိုးခုလုဖြစ်နေသော ခံစားမှုများသည် ပြောနေရင်း တန်းလန်းဒေါသအဖြစ်သို့ ကူးပြောင်းသွားဟန်တူသည်။ သူ့လက်အချိန်အဆ လိုသည်ထက်ပိုသွား၍ ကျွန်တော့်ခြေသလုံးမှာ စူးခနဲ စူးခနဲနာလှ၏။ သည်ကနေ့လို အင်္ဂါနေ့တွင် အနှိပ်ခံမိတာမှားလေပြီ။ ခန္ဓာကိုယ် အညောင်းအညာဖြေဖို့အတွက် အားကိုးရသော ကျွန်တော်တို့လက်စွဲ ကိုဟန်၊ သူသည် ရက်တစ်ပတ်တွင် တနင်္လာနေ့နှင့် သောကြာနေ့မှာ နှိပ်ခြင်းမှအနားယူပြီး သူကြိုက်သော ကောင်မလေးဆီသို့ သွားတတ်လေ့ရှိသည်။
တနင်္လာနေ့ပြီး အင်္ဂါနေ့၊ တစ်ဖန် သောကြာနေ့အပြီး စနေနေ့တွင် အနှိပ်ဂျူတီကို ပြန်ဝင်လာသောအခါ သူ့လက်အချိန်အဆ အလျော့အတင်း၊ အပြင်းအပျော့သည် သူ့ကောင်မလေးနှင့် အဆင်ပြေ ခြင်း၊ အဆင်မပြေခြင်းမှာ မူတည်သည်။ အဆင်ပြေလျှင်တော့ အနှိပ်ခံ ရတာ အိုကေ၏။ အဲသည်လိုမဟုတ်ဘဲ အဆင်မပြေဖြစ်လာပါက အနှိပ်ခံရသူခမျာ အီစလံဝေရလေ၏။ ထို့ကြောင့် ကျွန်တော်တို့သည် အနှိပ်ခံမည်ဆိုပါက ဦးစွာပြက္ခဒိန်ကို ကြည့်ရှုရသည်။ မွေးနေ့ သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်ဆိုတာမျိုးလိုနှင့် ကျွန်တော်တို့သည်လည်း အင်္ဂါနှင့်စနေနေ့မျိုး၌ တတ်နိုင်သ၍ အနှိပ် မခံဖို့ ရှောင်ကြရှားကြသည်။ ယခုတော့ သတိမမူမိ၍ နေ့ရွေးမှား လေပြီ။ ကောင်မလေးနှင့် အဆင်မပြေမှုမှ ပေါက်ဖွားလာသော သူ့ဒေါသကို ကျွန်တော်ထံသို့ စုပြုံပုံအောလိုက်ပြီလော။ ခံရချက်ကား မသက်သာလှ။
“ဖြည်းဖြည်းနှိပ်ပါ ကိုဟန်ရ၊ မခံနိုင်တော့ဘူး။ နာတယ်ဗျာ” အိပ်ရာပေါ်မှ မသက်မသာ ပက်လက်လှန်ရင်း သူ့အား တောင်းပန် သမှုပြုရသည်။ သူစိတ်ကြည်လင်နေလျှင်တော့ အရေးမကြီး။
“အောင်မာ အနှိပ်ခန်းတို့၊ ဘာတို့သွားရင် မင်းက ဒီလိုအသံမျိုး ထွက်မှာလားကွ။ ပေါင်ကို လက်ဖဝါးနဲ့ ဆုပ်ကိုင်ပွတ်လိုက်လုပ်ပြီးမင်းခန္ဓာကိုယ်ကို သူ့ကိုယ်လုံးနဲ့ဖိတဲ့အခါဖိ၊ ခွာတဲ့အခါခွာ၊ ဟောသလို
ဟောသလို.. ဒါမျိုးများ နာနာယားယား... တယ်လည်းကြိုက်၊ ပိုက်ဆံ သုံးထောင်ဆိုလည်း ဖတ်ခနဲ။ တစ်သောင်းဆိုလည်း... ရော့အင့်ယူတော် မူသဒ္ဓါကြည်ဖြူကြတာ မဟုတ်လားကွ”
ကိုဟန်က ပြောပြောဆိုဆိုဖြင့် ဆန့်ကျင်ဘက်လိင်တို့၏ အနှိပ် နည်းစနစ်ဖြင့် တစ်ကိုယ်လုံး ယားကျိယားကျိနှင့် တဟဲဟဲဖြစ်သွားရလေ၏။ ကိုဟန်မျက်နှာတွင်လည်း အပြုံးရိပ်တွေဝေလျက်။ သည် တစ်ခါတော့ အရင်တုန်းကနဲ့ မတူတော့ပြီ။ သူ့မျက်နှာသည် ဘယ်ဟာ ကို အလိုမကျဖြစ်လာသည်မသိ။ လငပုပ်ဖမ်းသလို မှုန်ကုပ်နေသည် ကော။
“မင်းက ဒါလောက်လေးနှိပ်တာ နာသလားကွ.. ငေါက်ဆတ် ဆတ်အသံကြောင့် တွန့်ခနဲဖြစ်သွားသည်။
“အသက်ကြီးပြီဗျ။ မာဆယ်တွေက အရင်ကလောက် ခံနိုင်ရည် မရှိတော့ဘူး”
ပြေရာပြေကြောင်း ပြောလိုက်မှပို၍ဆိုးသွားသည်။ ကျွန်တော့် စကားသည် သူစိတ်တိုအောင် ဆွပေးလိုက်သည့်အလား။ ကျွန်တော့် ထက် အသက် (၇) နှစ်ကြီးတာကို မေ့နေသည်။ အသက်ကြီးသည့် အကြောင်းကိုပြောလျှင် သဘောတွေ့တော်မမူ။
“အသက်ငါးဆယ်လေးကျော်တာနဲ့ မင်းကိုယ်မင်း အသက်ကြီး တယ်လို့ ထင်နေသလားကွ၊ ဒီမယ် မောင်ဟန်ကို ကြည့်စမ်း... အရင် တုန်းက ဒီခန္ဓာကိုယ် ဒီရုပ်နဲ့ မောင်ဟန်ပဲ၊ အခုလည်း ဒီခန္ဓာကိုယ် ဒီရုပ်နဲ့ မောင်ဟန်ကွ၊ ဘာများကွာလို့တုန်း”လေသံ ရှူးရှူးရှဲရှဲနှင့် နှာမှုတ်နေသော သူ့ကိုကြည့်ရင်း ကိုယ် ကျိုးတော့နည်းပဟဟု တွေးလိုက်မိပေ၏။
ကျွန်တော်က အနှိပ်ခံရတာ ဝါသနာပါသည်။ ငယ်စဉ်က အဘွား ကိုနှိပ်ပေးသော ဒေါ်လဲ့ကြီးသည် ကျွန်တော်ကိုလည်း ကုပ်ကြောလေး ဆွဲပေးသည်။ ပေါင်နှင့်ခြေသလုံးကိုလည်း ဆုပ်နယ်ပေးတတ်သည်။ ဤသို့ဖြင့် အဘွားအနှိပ်ခံတာကို ကြားကဝင်၍ အဆစ်တောင်းမိသော ကျွန်တော့်ခမျာ အနှိပ်ခံခြင်းကို စွဲသွားသည်။ အသက်ကြီးလာတော့ အလှုပ်အရှားနည်းပြီး သွေးလေးတတ်သည်။ သွားရလာရ နေရထိုင်ရတာ အဆင်မပြေ၊ ထို့ကြောင့် ကိုဟန့်ကို အားကိုးသမှုပြုရသည်။ သို့သော် အနှိပ်ခံရချင်တိုင်း အချိန်မရွေးခေါ်၍ ရတာမဟုတ်။ တစ်ခါ နှိပ် တစ်ထောင်ကျပ်၊ တစ်နာရီခွဲကြာနှိပ်ပေး၍ ကျေနပ်စရာကောင်းသော်လည်း တစ်နေ့ သုံးယောက်ထက်ပိုပြီး လက်သင့်မခံသောကြောင့် မီးရထားလက်မှတ်များ ဝယ်ယူသလို သူ့ထံ သုံးရက်ကြို၍ ဘွတ်ကင် လုပ်ထားရသည်။
အနှိပ်သည်ကောင်းတို့မည်သည် နင်းနှိပ်ပြီးပါက အပူလည် ပြီး ခန္ဓာကိုယ်ကို မနာကျင်စေဘဲ ပေါ့ပေါ့ပါးပါးဖြစ်အောင် စွမ်းဆောင် ပေးနိုင်ရသည်။ ကိုဟန်ကား အနှိပ်သည်ကောင်းတစ်ဦး၊ သူ့လက်နှင့် ထိလိုက်လျှင် တင်းသမျှအကြောအခြင်တွေ အားလုံးပြေလျော့သွား သည်။ သဘောမနောလည်း ကောင်းသည်။ ခက်တာက သူ့စိတ် သဘောဖြူချင်တဲ့အခါ ဖြူ၊ မည်းချင်တဲ့အခါ မည်း၊ သူ့စိတ်ကြည်လင်သောအချိန်၌ အနှိပ်ခံသူဆီသို့ရောက်နေသော သူ့လက်ချောင်းများ သည် စန္ဒရားခလုတ်များ နှိပ်နေဘိသကဲ့သို့ ရွရွလေး ဖွဖွလေး လှုပ်ရှား ကာ အပူတွေ တရှိန်းရှိန်းထွက်စေသည်။ အဲ စိတ်တိုနေလျှင်တော့ အနှိပ်ခံရသော အရသာသည် စောစောကပြောသော အခြေအနေနှင့် ပြောင်းပြန်ဖြစ်သွားသည်။ သိမ်းငှက်ခြေထောက်တွေနှင့် ကုတ်ဆွဲခံရ ဘိသကဲ့သို့ရှိသမျှ အကြောတွေပြတ်ထွက်သွားမှာကို စိုးရိမ်မိသည်။
တစ်ချက်အနှိပ်ခံလိုက်ရတိုင်း အားခနဲအားခနဲ အော်နေရ၍ လူစင်စစ် မှ ကျီးကန်းဖြစ်သွားရသည်။ ထိုအခါ သူ့စိတ် အလိုမကျ ဒေါပွသွား ပြီး သည်နှယ် အော်ရကောင်းလားဟု မာန်မဲခြင်းပြုလေ၏။ ကျွန်တော့် မှာ နာရတာကတစ်မျိုး၊ အငေါက်ခံရခြင်းက တစ်ဖုံ၊ ထိုနှစ်ခုတွဲ၍ ဂဟေဆက်ကာ ဒုက္ခရောက်ရပါ၏။ သိပ်နာလွန်းပါက... အလာလာ စုတ်သပ်၍ ညည်းညူရ၏။ သည်တော့လည်း သူ့ရဲ့ လက်အနှိပ် မသိမသာလေး လျော့ကျသွားတာကို သတိပြုမိသည်။ သူ့စိတ်ထဲမှ နည်းနည်းလေး ပြေလျော့သွားပြီထင့်။ ကိုဟန်သည် လေသံပျော့ပျော့လေးနှင့် အချော့ကြိုက်သူ၊ ယင်းသမို့ကြောင့် အနှိပ်ကြမ်းသည့်အခါ မျိုးတွင် “အား” အော်ချင်သောအသံကို ဘရိတ်အုတ်၍ အလယ်လယ် အလာလာ သံစဉ်တို့ကို ပြောင်းပေးလိုက်ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ပြေဖို့အရေးကြီးသည်။ ဤကဲ့သို့ မဟုတ်ပါက သူပြန်သွားသည့် အချိန်၌ အပူမလည်ဘဲ ကျန်ရစ်လျှင် အခက်။
တစ်ရပ်ကွက်တည်း အတူနေ အတူကြီးပြင်းလာကြသည်မို့ သူ့ အကြောင်းမသိဘဲ နေပါရိုးလား။ အသားညိုသည်။ အရပ်အနည်းငယ် မြင့်၍ တုတ်ခိုင်သော ခန္ဓာကိုယ်ရှိသည်။ သို့ပေမဲ့ ဟိတ်ဟန်ကောင်းသော ခန္ဓာကိုယ်အချိုးအစားသည် လက်ပြင်ကုန်းနေ၍ မလှမပဖြစ် သွားရသည်။ ထိုခန္ဓာကိုယ်ပေါ်မှာ တည်ရှိနေသော ဦးခေါင်းပုံသဏ္ဌာန် ကလည်း ရှာမှရှားသည်။ လုံးလုံးရှည်ရှည် သံပြည်တောင်းတစ်ခုမှောက်ထားသလိုပါပဲ။ နှာတံပြားသည်။ ပါးစပ်ပြဲသည်။ သည်အထဲ မျက်နှာအနည်းငယ် ခွက်နေ၍ နဖူးသည် ရှေ့သို့ အနည်းငယ် မောက် ထွက်နေပြန်သည်။ ဘဝကံအကျိုးပေး၍ ပုဗ္ဗေစရုပ်ရည်မလှရှာသည့် ကိုဟန်၊ သို့သော် စိတ်ကြမ်းလူကြမ်းမဟုတ်။ ရိုးသားဖြူစင်၍ စိတ်ထား ကောင်းသည်။ အလှအပ အနုအရွလေးတွေကိုလည်း