Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဇော်ဇော်အောင် - မကြည်ပြာနှင့်ယုဇနမခင်ပျို

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

နေယျဒေါသ

အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင်။

ကောင်းကင်စွန်းမှ လဝန်းမြင့်တက်လာရာ လ၏ခြေသံကို မကြားရပါ။

ဤလောကတွင် အကျယ်လောင်ဆုံးအသံသည် တိတ်ဆိတ်မှု ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ပြောကြားသည်ကို ကျွန်ုပ် မယုံကြည်ပါ။ အရာရာသည် ဝိုးဝါးရီဝေနေ၏။ လျှို့ဝှက်သိုသိပ်တတ်သော၊ တောက်ပြောင်သော်လည်း ရှင်သန်မှု နည်းပါးသော သူ့မျက်လုံးများထဲမှာ အပြာရောင်ရနံ့များ ရှိ၏။ ပန်းနုရောင်အသွေး လည်ဆံမွေးတခါခါနှင့် ပြေးလာသော မြင်းတစ်ကောင် ရုတ်ခြည်းရပ်တန့်လိုက်သည်နှင့်။ မာလကာပင်ပေါ်မှ ဖွဲဖွဲဖြုတ်ဖြုတ်ကြွေကျနေသော ခရမ်းရောင် ပန်းပွင့်များသည်..... ကျွန်ုပ်ကို ဖုံးလွှမ်းအုပ်၍ သွားတော့သည်။ ရေကန်ဘက်ဆီမှ ဥသြငှက်တစ်ကောင်သည် ။ သံပြောင်း နိမ့်မြင့်မရှိသော တေးသီချင်းအတုတစ်ပုဒ်ကို မုန်းစရာကောင်းလောက်အောင် ရှည်လျားစွာသီဆိုနေ၏။

 

စိန်ပန်းပင်များသည် အပွင့်တို့ဖြင့် မီးလောင်နေ၏။

ပိုးသားနု ကတ္တီပါစသည် လိုချင်မက်မော အတောမသတ်နိုင် သူအတွက် ကြမ်းရှ၍နေပေလိမ့်မည်။ သင်တို့ ဘာကိုလိုချင်ကြသနည်း။

ကျွန်ုပ်ကိုမေးသည်လား။ ။

ကျွန်ုပ်သည် ဘာကိုမျှ မလိုချင်မှုကို လိုချင်သည်ဟု ဖြေပါလျှင် ထိုအဖြေသည် နေရောင်ထဲမှာ ဇာပဝါအုပ်ထားသောကျောက်တုံးနက်တစ်လုံး ဖြစ်၏။ ပြတင်းပေါက်ကို ဖွင့်လိုက်ပါ...။

အပြင်ဘက်မှာ ဘာတွေရှိနေသည်ကို သိချင်သည်လား။ သင်တို့၏ အလုပ်မဟုတ်ပါ။ ကျွန်ုပ်အလုပ်လည်း မဟုတ်ပါ။ ဘာတွေရှိနေလိမ့်မည် နည်းဟု မစဉ်းစားရန် အကြံပေးလိုပါသည်။ ဥယျာဉ်တစ်ခု နှင်းဆီပန်း အပြည့် ရှိချင်ရှိနေမည်။ ကိုကာကိုလာသံဗူးများ အပြည့်ထည့်ထားသော ရေခဲသေတ္တာတစ်လုံး ရှိချင်ရှိနေမည်။ ဒုံးပျံအစင်းတစ်သောင်း တစ်ပြိုင်နက် ထွက်သွားစေနိုင်သော ခလုတ်အနီဝိုင်းဝိုင်း တစ်ခု ရှိချင်ရှိနေမည်။ ပညာ များဖြင့် လေးလံထိုင်းမှိုင်းနေသော ပါမောက္ခအိုကြီးတစ်ယောက် ရှိချင် ရှိနေမည်။ ဝင်းဝါသွယ်မွတ်သော ခြေသလုံးကလေးများ တက်သွားသည့် လှေကားတစ်စင်းရှိချင်ရှိနေမည်။ စက်ပျက်နေသော အိုင်ဘီအမ်ကွန်ပျူတာ တစ်ခုကိုလည်း တွေ့ချင်တွေ့ရမည်။ ပိုးကိုက်ထားသော သစ်တော့သီး တစ်လုံးနှင့် သီချင်းဆိုနေသော လူတစ်ယောက် ရှိချင်လည်း ရှိနေမည်။ ဖန်တီးရှင်၏လက်ချောင်းများ သို့မဟုတ် ပျက်ပြယ်သွားသော လက်ထပ် စာချုပ်တစ်ခုလည်း ရှိချင်ရှိနေမည်။ ခွဲစိတ်သော လေဆာရောင်ခြည် တစ်လက်နှင့် ရွှေရောင်မျှော်လင့်ချက်ကိုလည်း တွေ့ကောင်းတွေ့ရမည်။ ပန်းချီကားတစ်ချပ်နှင့် စကားလုံးမဲ့ ကဗျာတစ်ပုဒ်လည်း ရှိနေနိုင်သည်။ လူတို့၏ ကျောရိုးအပုံတစ်ပုံလည်း ရှိနေနိုင်သည်။ ပင့်ကူများနှင့်အပြည့် ရွှေသားရဲတိုက်ကြီးလည်း ရှိချင်ရှိနေမည်။ ရွှေချည်ထိုး ပိုးသားဝတ်စုံ အောက်က ဆိုင်ယာနိုက်ဆေးပြားတစ်ပြားလည်း ရှိနိုင်သည်။ ငြိမ်းအေးခြင်းနှင့် ပျော်ရွှင်ခြင်းလည်း ရှိနိုင်သည်။ ဘာမှမရှိချင်လည်း ရှိနိုင်သည်။ အရေးအကြီးဆုံးမှာ ပြတင်းပေါက်ကို ဖွင့်ဖို့သာဖြစ်၏။ တစ်ခါတစ်ရံ ရဲရင့်ဖို့ အတော်လိုအပ်ပါသည်။

x

x

x

ကျွန်ုပ် သူ့ကို နှင်းဆီပန်းတစ်ခင်း လက်ဆောင်ပေးမည်ဟု ဘယ် တုန်းကမှ ကတိမပြုခဲ့ပါ။ ကျွန်ုပ်တွင် စီးကရက်တိုတစ်သောင်းနှင့် ဦးခေါင်းထဲမှာ အံမဝင် ခွင်မကျသော ဦးနှောက်တစ်ခြမ်းသာ ရှိပါသည်။ ထို့ပြင် ကျွန်ုပ်သည် ပေးခြင်းအလုပ်နှင့် ယူခြင်းအလုပ်နှစ်ခုကို မဆောင် ရွက်ခဲ့သည်မှာ အတော်ကြာပြီဖြစ်ကြောင်းကိုလည်း သိစေအပ်ပါသည်။ ဝင်းထရံများ သံချေးတက်လျက် မိုးကုပ်စက်ဝိုင်းစွန်းအထိ ပြေးသွားနေကြ ၏။ တိုက်ခန်းတစ်နေရာမှာ အဝါရောင်ဆေးများ ကွက်နေ၏။ အပွင့်

ဟောင်းထဲက ရနံ့သည် သစ်နေ၏။ ကျွန်ုပ်ကို မည်သူလာ၍ ဤနေရာ တွင် ပစ်ချထားခဲ့ပါသနည်း။ တောင်ကုန်းများ စိမ်းလန်းနေသည်လား။ နေရာဆိုသည်မှာ ဘာလဲ။ သိသည်ဟု ထင်နေသူသည် စားပွဲထိပ်တွင် ထိုင်၏။ တောက်ပသော ရောင်ခြည်သည် ချိုအီသော စားကောင်းသောက် ဖွယ်များကို ပုပ်သိုးသွားစေပါသည်။ တင့်တယ်ပြေပြစ်သော ထိုမိန်းမတွင် ကျွန်ုပ်ပေးထားသော နာမည်တစ်သောင်းရှိခြင်းသည် ရေကန်ထဲတွင် နေ၏။ မနက်ဖြန် အဝတ်အစားအသစ်တစ်စုံဝယ်လျှင် သူ့ကိုခေါ်လိုက်မည် ဟု ...ကေ... အား ပြောလိုက်သော်လည်း ကျွန်ုပ်မရှိတော့ပါ။ ချောနွဲ့ သော တယောသံနှင့်အတူ ကျွန်ုပ်၏မရှိခြင်းအဖြစ်သည် တစ်ပါတည်းပျောက် ကွယ်သွား၏။ အခြား ဘယ်သူ့ထံမှာမှမရှိသော သူ့အပြုံးသည် ကျွန်ုပ် ဘဝအား မူးယစ်ဝေသီစွာ ပျက်ပြားသွားစေသည်ဟု ဆိုပါလျှင် ခရမ်းရောင် သစ်ခွပန်းများ ပွင့်လာကြပါလိမ့်မည်။ ကွန့်မြူးပျံတက်လာသော ရောင် ခြည်တန်းသည် ကျွန်ုပ်ဘဝကို ထိန်လင်းစူးရှစွာ အမှောင်ကျသွားစေပါ၏။ အေးစက်သောလေပွေထဲတွင် လူများနှင့် စက္ကူစုတ်များ လွင့်ပျံနေကြသည် မှာ ကြာလှပါပြီ။ လှပသော ကျွန်ုပ်၏ထိုမိန်းမဟူသော စကားရပ်ကို အမှတ်ပေးစည်းမျဉ်းအရ မည်မျှပင် အထားအသိုပြင်ဆင်ကြစေကာမူကျွန်ုပ်ရင်တွင်းမှ တိုးလျှိုပေါက် မှုန်ဝါးနေသော အရာကို ပြင်၍ရကြလိမ့် မည် မဟုတ်ပါ။ ကျွန်ုပ်သည် ဉာဏ်ထိုင်းသူများကို အလွန်မုန်းတီး၏။ ကျွန်ုပ် သွားတော့မည်။

x

x

x

ရှေ့ကသွားနှင့်သူတွေ များလှပြီ။ သူတို့ဘယ်မှာနည်း။ သူတို့ အကြောင်း တွေးမိသော အတွေးသည်ပင်လျှင် ဝေးလံလွန်းလှ၏။ တစ်ဒင်္ဂ သာယာမှုနှင့် လဲလှယ်ရန် တစ်စုံတစ်ခုကို ရှာဖွေရင်း ချောက်ကမ်းပါးစွန်း သို့ ကျွန်ုပ်ရောက်လာခဲ့သည်။ ချောက်၏ ဟိုဘက်တွင် လောကအဆုံးရှိ သည်ကို ကျွန်ုပ်မသိခဲ့ပါ။ ထိုနေရာတွင် ဘာမှမရှိသောအရာ ရှိနေ၏။

ဘော်ဒီလဲကို ကျွန်ုပ်သတိရသည်။ တောက်ပသောဝတ်ရုံများ ဝတ်ဆင် ထားသူတို့သည် ထိုနေရာကို မြင်တွေ့ မသွားရဘဲ ပျောက်ကွယ်သွားကြ ၏။ သူတို့ဝတ်ရုံများမှ အရောင်ကျန်ရစ်သည်။ လှည့်စားထင်မိမှားစေခြင်း ကို မာယာဟုခေါ်သည်။ အကြီးကျယ်ဆုံးသော မာယာတစ်မျိုးသည် အရောင်တောက်ပသော ဝတ်ရုံ၏အရောင်ဖြစ်၏။ ကျွန်ုပ်အဝတ်များ မဖွပ်

လျှော်ရသေးပါ။ ကျွန်ုပ်၏ ကိုယ်သည် ဟန်ဆောင်မှုတို့ဖြင့် နံစော်နေ ပါသည်။ ကျွန်ုပ်ပခုံးထက်မှာ ထမ်း၍လာခဲ့သောအိတ်သည် ဒုက္ခတို့ဖြင့် ပြည့်ဖောင်းလေးလံနေ၏။ အိတ်ထဲမှ ဒုက္ခများကို ချရောင်းရန် ဈေးလယ်

ကောင်မှာ နေရာတစ်နေရာ ရှာပါသည်။ နေရာဆိုသည်မှာ ဘာကိုခေါ် သနည်းဟု ကျွန်ုပ် ကွဲကွဲပြားပြားမသိသောကြောင့် ချခင်း၍ မရောင်းဖြစ် ပါ။ ကျွန်ုပ် လေးလံပင်ပန်းလှပါပြီ။ ဈေးထဲမှာလည်း လူရှုပ်လှသည်။ ကျွန်ုပ် အဝေးသို့ သွားပါမည်။ သူလိုက်လာမည် ထင်သည်လား။

x

x

x

သူ့တွင် ဈေးဝယ်ရန်ရှိသည်။ ချက်ပြုတ်ရန်ရှိသည်။ စာပြရန်ရှိ သည်။ အပ်ချုပ်ဆိုင်သို့ သွားရန် ရှိသည်။ ကျောင်းကြိုရန်ရှိသည်။ လူမမာ မေးသွားရန် ရှိသည်။ အစည်းအဝေးတက်ရန် ရှိသည်။ ကြမ်းပြင်ကို လှည်းကျင်းရန်ရှိသည်။ စာဖတ်ရန်လည်း ရှိသည်။ ဘဝ၏အရေးကိစ္စများကို အချိန်ဇယားချ၍ စည်းစနစ်ကျစွာ ဆောင်ရွက်တတ်သော ထိုမိန်းမ လိုက်လာလိမ့်မည်မဟုတ်ပါ။ နေပါစေလေ။ ကျွန်ုပ်တို့သည် မတူညီသော လမ်းများကို သွားနေကြကြောင်း အဖန်တလဲလဲဆင်ခြင်ဖို့ လိုအပ်ပါသည်။ ပင်ပန်းနွမ်းနယ်အိပ်ချင်မှု ဖိစီးလေးလံလှသောကြောင့် ကျွန်ုပ်၏ကိုယ်ကို ပစ်လှဲချ၍ အိပ်စက်ရန် နေရာတစ်ခု ရှာရပါဦးမည်။ ထိုနေရာကို ရှာမတွေ့ မချင်း သူလိုက်လာသည် မလာသည်ကိုအပထား၊ ကျွန်ုပ် ဆက်၍သွားချင် သည် မသွားချင်သည်အပထား၊ ကျွန်ုပ် ဆက်၍သွားနေရပါဦးမည်။ ဘဝ ၏အချည်းနှီးဖြစ်မှုကို ပြန်လှန်တွေးတော စဉ်းစားနေခြင်းကြောင့် အကြောင်းထူးလာမည် မထင်ပါ။ ထိုအကြောင်းထူးကို တစ်ဆင့်စကား ဖြန့်ဖြူးဝေငှခြင်းအားဖြင့် ကုသိုလ်ရမည်ထင်သည်လား။ ကျောက်သလင်း အဖြူ ခေါင်းတစ်လုံး ထုလုပ်၍ ပုပ်အဲ့နံစော်နေသော အလောင်းကောင်ကို ထည့်ရဦးမည်။ နံ့သာရည်အပြည့်ဖျန်း၊ နံ့သာပန်းများ ဝေနေအောင် ဖုံး အုပ်၊ “တိုက်တန်”သုံးဆင့်ကွဲ ဒုံးယာဉ်ဖြင့် အာကာသအတွင်းသို့ ပစ်လွှတ် တင်ပါမည်။ တစ်ခုသေချာစေချင်သည်မှာ...။

x x x

ထိုကျောက်သားခေါင်းထဲတွင် ဝန်တိုစဉ်းလဲမှုများ၊ ဉာဏ်ပညာ နုန့်နဲမှုများ၊ ကိုယ်ကျိုးသက်သက်ဖက်မှုများ၊ လိမ်လည်ကောက်ကျစ်မှု များ၊ မနာလိုစိတ် ပြင်းပြမှုများ၊ ကွဲအက်နေသော အစာအိမ်များ၊ ချွဲကျိနံ

ဟောင်နေသော ပါးစပ်များ၊ မွေးညင်းပေါက်နေသော လက်ဖဝါးများ အသေအချာ ပါဝင်သွားပါစေ။ အနုပညာ၏ အဆုံးစွန်သော၊ အမြင့်မား ဆုံးသော ကိစ္စသည် လူသား၏ ကြီးကျယ်မြင့်မြတ်မှုကို ပြသရန်ဖြစ်သည် ဟု ကျွန်ုပ် အယူရှိသည်။ အပြင်ဘက်မှာ နုပျိုသော ကံ့ကော်ပန်းရနံ့များ ကြိုင်လှိုင်နေသည်။ နှင်းဆီဥယျာဉ်တွင်းမှာ လိပ်ပြာအကောင်တစ်သောင်း ပျံဝဲနေ၏။ ပြတင်းပေါက်ကို ခုန်ကျော်၍ ထွက်ခဲ့ပါ။ လတ်ဆတ်နုပျိုခြင်း နှင့် ရှင်သန်တိုးတက်ခြင်းတို့က အသင့်ကြိုဆိုနေကြပါသည်။ အပြင်ဘက် မှာ နေရောင်ခြည်သည် ရွှေရွှေနု၏။ ကျယ်လောင်အေးမြသော ပန်းရနံ့များ သည် ရင်ကိုအေးမြသွားစေမည်မှာ အမှန်ပင်။ ငြိမ့်နဲ့ သော တယောသံများကို ကြားကြရလိမ့်မည်။ ငယ်ရွယ်သော ဦးနှောက်များသည် ရေပြာအိုင် တွင်းမှ ရွှေငါးကလေးများပမာ စုန်ဆန်ကူးခတ်နေကြ၏။ ဤနေရာတွင် စက်ရုပ်များ မရှိ။ ကျီးကန်းများနှင့် ပုတ်သင်များ မရှိ။ တောက်တဲ့နှင့် တစ်တီတူးများ မရှိ။ ဖျံများ မရှိ။ မျောက်လွှဲကျော်များ မရှိ။ မြွေပွေးနှင့် ကျားသစ်များ မရှိ။ ဤနေရာတွင် ခရမ်းရောင်သစ်ခွပန်းများ ရှိ၏။ ကျိုး

ကြောင်းမျှသော ဆင်ခြင်တုံတရားရှိ၏။ ရဲရင့်သော အမှန်တရားရှိ၏။ စွန့်လွှတ်အနစ်နာခံမှုများ ရှိ၏ ။ စိတ်ဝမ်းညီခြင်း၊ ပျော်ရွှင်ခြင်းများရှိ၏။ ငြိမ်သက်ခြင်း ရှိ၏။ လေပြည်ညင်း ရှိ၏။ စမ်းရေအိုင် ရှိ၏။ စွန့်စား မကြောက်ရွံ့၊ နောက်မတွန့်ဘဲ ပြေးထွက်ခဲ့ပါ။ တန်ဖိုးရှိသော လူသား တစ်ယောက်ဖြစ်ခြင်းက ကြိုဆိုနေပါလိမ့်မည်။ ကျွန်ုပ်သည် မိုက်မဲသူ ဖြစ်၏။

x

x

x

ကျွန်ုပ် ဘာမျှမလိုချင်ပါ။ ကျွန်ုပ် အချစ်ကိုမလိုချင်ပါ။ အဘယ် ကြောင့်ဆိုသော် ကျွန်ုပ်တွင် အချစ်ရှိပြီးဖြစ်၏။ မည်သူမျှ တားဆီးမရ သော၊ မည်သူမျှ ကန့်ကွက်၍မရသော၊ မည်သူမျှ လုယူလွှင့်ပစ်၍မရသော၊ မည်သူမျှ အရေးဆို၍မရသောအချစ် ကျွန်ုပ်တွင်ရှိ၏။ ထိုအချစ်သည် မတ်လ ဆယ့်ကိုးရက်နေ့ဖြစ်၏။ အဝါရောင်တိုက်တစ်လုံးဖြစ်၏။ ပန်းနု

ပျော့နှုတ်ခမ်းပါးများဖြစ်၏။ အညိုရောင်ကိုင်းနှင့် မျက်မှန်တစ်လက်ဖြစ် ၏။ ကြေးသော့ခလောက်တစ်လုံးနှင့် ရေညှိတက်နေသော လှေကားတစ် စင်းဖြစ်၏။ ကျွန်ုပ်သည် တံခါးပေါက်ကို ဟင်းလင်းဖွင့်ထားခြင်းဖြင့် ပိတ်၍ထားသည်။ သူ့သဘောအတိုင်း လာလိုမှလာပါစေ။ ဟင်းလင်းဖြစ် စေခြင်းသည် ဝင်လာသူအတွက်ဖြစ်၏။ အချစ်ဆိုသည်မှာ အဘယ်နေရာ တွင် ရှိသနည်း။ တတိယတန်းစား အချစ်ကဗျာများနှင့် အချစ်ဝတ္ထုများ သည် အချစ်ကို အသည်းနှလုံးထဲမှာရှိသည်ဟု ဆိုကြ၏။ အချစ်ဆိုသော အရာသည် နေရာအားလုံးတွင်ရှိ၏။ အချစ်ဆိုသောအရာသည် မည်သည့် နေရာတွင်မှ မရှိ။ အချစ်သည် ချောင်းဆိုးပျောက်ဆေးပုလင်းအတွင်းမှာ ရှိ၏။ ခရမ်းနုရောင် အင်္ကျီပေါ်တွင်ရှိ၏။ သကြားလုံးများ ထည့်ထားသောမှန်ဗီရိုအတွင်းမှာရှိ၏။ ပိတောက်ပင်အောက်တွင်ရှိ၏။ ဝါးလုံးတစ်ရာဖြင့်

ဆောက်ထားသော အိမ်အတွင်းမှာရှိ၏။ ယုဇနပန်းပွင့် အတွင်းမှာရှိ၏။ နှုတ်ခမ်းဆိုးဆေးများပေကျံနေသော လက်ဖက်ရည် ပန်းကန်လုံးပေါ်မှာရှိ၏။ အညိုရောင် သားရေစလင်းဗက်အတွင်းမှာ ရှိ ၏။ အချစ်သည် ဘယ်နေရာမှာမှမရှိ။ အချစ်သည် နေရာအားလုံးတွင် ရှိ၏။ ကျွန်ုပ်သည် အချစ်ဖြစ်၏။ ကျွန်ုပ်သည် နေရာတစ်ခုမဟုတ်။ ကျွန်ုပ် သည် နေရာတစ်ခုဖြစ်၏ ။ ကမ္ဘာလောကသည် ထိတ်လန့်ဖွယ် တောက်ပသော အလင်းရောင်အောက်တွင် မှောင်မည်းနေသည်။ လေပြည်၏ငိုသံ ကို ကြားရ၏။

x

x

x

နဝမမြောက် တိမ်တိုက်တစ်ခုအတွင်းမှာ ကျွန်ုပ်နေသည်။ ထိုနေရာ တွင် ခင်မောင်ရင်၏ ပန်းချီကားများ၊ အောင်စိုး၏ ပန်းချီကားများ၊ ခရမ်း ရောင်သစ်ခွပန်းများနှင့် သောက်ရေအိုးစင်တစ်ခုရှိ၏။ ဘော်ဒီလဲနှင့် ဗေဒါ လမ်းကို ကျွန်ုပ်၏ခေါင်းအုံးဘေးတွင် ထားသည်။ ယူလီစီးကို ကြမ်းပြင် တွင် ဖွင့်လျက်သားချထား၏။ “ကေ”ကိုမူ ကျွန်ုပ်ဖတ်ပြီး၍ စားပွဲပေါ်တွင် တင်ထားသည်။ ကျွန်ုပ် ဘာမျှမစားရသေးပါ။ အချို့လူများ အာလူးစား ၏။ အချို့လူများ ပေါင်မုန့်စား၏။ အချို့လူများ ကိတ်မုန့်စား၏။ အချို့ သည် ကျော်ကြားမှုနှင့် လုပ်ပိုင်ခွင့်များကို စားကြ၏။ ကျွန်ုပ် ဘာမျှမစား ရသေးကြောင်း မေ့လျော့နေသည်။ ကျွန်ုပ်၏ကြောင်သည် အဝတ်ပုံပေါ် တွင် အိပ်နေ၏။ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက်ရပ်နေ၏။ သူ့လည်ပင်း မှာ စကားလုံး အဆန်းထွင်သောစက်ကို ကြိုးနှင့်သိုင်း၍ လွယ်ထားသည်။ သူရှင်ပြုစဉ်က ဆောင်းခဲ့သော ရွှေထီးသည် ပိုးဖောက် အရောင်ပြယ်နေပြီ။ ရယ်ဖွယ်ကောင်း၏။ ကျွန်ုပ်နှစ်သက်သော ကဗျာဆရာနှစ်ဦးမှာ ကြည်အေး နှင့် ညွန့်ကြူးဖြစ်၏။ သူတို့သည် ကျွန်ုပ်အကြိုက် စစ်ဆေးသော အရည် အချင်းစစ်စာမေးပွဲ အောင်မြင်ကြသည်ဟု ဆိုပါလျှင် သူတို့ မခံချင်ဖြစ်

ကောင်းဖြစ်မည်။ ကိစ္စမရှိပါ။ ကျွန်ုပ်အကြိုက်ကို ကျွန်ုပ်ပြောခြင်းဖြစ်၏။ ကဗျာကို ခံစားမှုနှင့်ရေးသည်လား၊ ယုံကြည်ချက်နှင့် ရေးသည်လား၊စကားလုံးများနှင့်ရေးသည်လား၊ ယောင်တိယောင်ဝါးဖြစ်နေသူများနှင့် ကျွန်ုပ်စကားမပြောလို။ အနုပညာကိစ္စတွင် ခံစားခြင်းနှင့် နားလည်ခြင်း မကွဲပြားလျှင် ကျွန်ုပ်အား စကားလာ၍ပြောသည့်တိုင် ကျွန်ုပ် ပြန်ပြောမည် မဟုတ်ပါ။ ဗင်ဂိုး၏အဝါရောင်ကုလားထိုင်ပေါ်မှ ဆေးတံသည် ဘာကို နားလည်စေပါသနည်း။ ဒါလီ၏ပျော့တွဲအိကျနေသော နာရီများသည် ဘာ အဓိပ္ပာယ်ကို ဆောင်ပါသနည်း။ မန့်၏ အော်ဟစ်ခြင်းသည် ဘာကိုဆိုလို ပါသနည်း။ ယက်စပါဂျွန်၏ အရူးအိမ်သည် ဘာကိုပြောပြနေပါသနည်း။ သိချင်သူများ နားလည်အောင်ကြိုးစားသည်ကို ကျွန်ုပ်ကန့်ကွက်ရန်မရှိသော်လည်း ကျွန်ုပ်သည် သိချင်သူမဟုတ်ပါ။ ခံစားချင်သူသာဖြစ်၍ ကျွန်ုပ်ဘာသာနေပါရစေ။ နဲဖရိတ်ရိ၏ လည်ပင်းသည် ရှည်လျားလွန်း သည်။ ဗီးနပ်စ်သည် ခါးတုတ်၍ ဝမ်းပြင်သား မောက်လွန်းသည်။ မိုနာ လီဇာ၏အပြုံးသည် စိတ်မပါသည့်အပြင် သူ့ရင်သည် ပြားချပ်လွန်း၏။ အထင်ဆိုသည်မှာ လက်ယက်တွင်းထဲမှ အလကားရသောရေဖြစ်သည်။ မျောက်အကောင်နှစ်ဆယ်သည် ရှင်ဥတ္တမကျော်၏ တောလားကြီးကို သံပြိုင်ရွတ်ဆိုနေကြ၏။ ကျွန်ုပ် ခွေးတစ်ကောင် မွေးရဦးမည်။

X XX

အရာရာသည် လှုပ်ရှားပြောင်းလဲနေသော်လည်း ကဗျာသည် သံသရာတည်းဟူသော နံ့သာဖြူပန်းပြောက် သစ်တောထဲတွင် ထာဝစဉ် ရှိ၏။ သံဂဟေဆော်သော ဂေါက်တံမှ အပြာရောင်မီးပန်းပွားများ လွင့်စဉ် ဖြာထွက်သွားပုံနှင့်တူသော