Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဇော်ဂျီ - ဗေဒါလမ်းကဗျာစု

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

မယ့်လမ်းပါတဲ့

 ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့။

 စံပယ်ကို ယိုးမယ်ဖွဲ့ ၊ ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့။

ပျိုမယ်ကို ယိုးမယ်ဖွဲ့ ၊ ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့။

စေတီငယ် ယိုးမယ်ဖွဲ့ ၊ ကမ်းကပ်ချင်ခဲ့။

လင်းယဉ်နွဲ့ တချီချီ။

ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ။

ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီ ပြာလဲ့။

စုန်ချည် ဆန်ချည်နဲ့ ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)

 

 

ဘယ်ရွာ ဆိပ်ကမ်း

ချောင်းပြင်မှာ စီတန်းလို့

ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ။

ကမ်းကွေ့မှာ ခွေ၊ ကမ်းပြေတော့ စင်း။

သည်ချောင်းရေ လေမခတ်တယ်

စီးတတ်လေခြင်း။

 

ကျူရိုးရှင် ပီပီမှုတ်လို့

ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာ ထိုင်။

ဘုတ်မက တိုင်၊ ကျူကိုင်က အေး။

ရေစီးနဲ့ လာ၊ ရေသာမှာပြန်လို့ မြန်းတဲ့

မဗေဒါ စုန်ဆန်ပန်းကို၊ လွမ်းတယ်တဲ့လေး။

 

စုန်ပါတဲ့ ဆန်ပါ။

ကျူရိုးရှင် ပီပီကလေးနဲ့ ၊ တေးချိုလို့သာ။

ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း။

အပွင့်အပြာရောင်နဲ့ ဘယ်သောင်မှာ နေချိုအေးလျှင်။

မှေးအိပ်မယ်မှန်း။ ။

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)

 

မှန်းဖို့ လိုပဲ

မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့

ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။

ဒီတက်လျှင်ပျော်

ဗေဒါမော် ရေကျော်ဆိုက်အောင်

ဆန်လိုက်သည်ပဲ။

 

 မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့

ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။

ဒီကျလျှင် ရွှင်

ဗေဒါခင် ပင်လယ်ဆိုက်အောင် စုန်လိုက်သည်ပဲ။ ။

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)

 

တက်ချိန်နှင့် ကျချိန်

ဗျိုင်းညီနောင်၊ အတောင်က ဖြူဖွေး။

ကမ်းစပ်ကိုကြဉ်

ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့

ချောင်းအောက်ခွင် ပင်လယ်ဝမှာ၊ ဒီကြွပြီလေး။

 

ကဏန်းမ ရွှံ့စိုစို၊ တစ်ကိုယ်လုံး နီတွေး။

တွင်းဝ လတာပြင်က

ခရာပင် တွယ်ကာတက်လေပေါ့

တောင်ဘက်တွင် ပင်လယ်စွန်းမှာ

ဒီတွန်းပြီလေး။ ။

 

ပုစဉ်းကောင်၊ အတောင်က ငွေမှေး။

ကမ်းစပ် ကျူ တစ်ရုံက သူမလုံ သူခုန်ထွက်လေပေါ့၊ ဒီတက်ပြီလေး။

ဒီတက်ချိန်တန်၊ ဆန်လာပေါ့ ဗေဒါပန်း။

ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း။

 

ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။

ကမ်းစပ်မှာငိုင်

သူ့လည်တိုင် စေ့တစောင်းနဲ့

ရေတံငါ အစာချောင်းပြန်ပေါ့

ဒီညောင်းပြီလေး။

ကဏန်းမ ရွှံ့စိုစို၊ တစ်ကိုယ်လုံး နီတွေး။

လက်မ တထောင်ထောင်နဲ့

တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့

ဒီဆင်းပြီလေး။

 

ပုစဉ်းကောင်၊ အတောင်ကငွေယူး။

ကျူရုံမှာ သူလှုံခပြန်ပေါ့၊ ဒီကျပြီလေး။

ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း။

ကျူရိုးရှင် ကျူပင်ရွက်နဲ့

ခွန်းဆက်လို့လွမ်း။

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)

 

ရဲခဲ့သည်ပါ့

မြစ်တန်းမှာတဲ့ လေကြမ်းဆင်။

ထန်လိုက်လေ လေမုန်တိုင်း

လှိုင်းကဘောင်ဘင်။

တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင်ဖြစ်နဲ။

ရေလှိုင်း ဗရပွေနဲ့

မုန်တိုင်းလေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

 

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်။

လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။

မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင်ဖြစ်နဲ။

ရေလှိုင်း ဗရပွေနဲ့ မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

 

စိုးမရွံ့ တွန့်မတုန်။

မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှမပြုံ။

ဆန်လိုက်ပြန်၊ စုန်လိုက်ပြန်ရ။

ခေါက်ပေါင်း မရေနိုင်လို့

ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့ ။ ။

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)

 

 

တေးစုံနဲ့ပဲ

တီတာတာ

ကညာ မေဘုတ်က၊ ရွှေနှုတ်ချိုသွေး။

ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့ တေး။

 

ပဒေသာ

ထေရ်ဝါရည်စူးလို့၊ လှေဦးမှာ လေး။

ကျူရိုးရှင် ပီပီနှော၊ စည်ဗြောသံတေး။

 

သောင်အခြေ

ခေါင်ရေ လေမြူးတော့၊ ရေရူးတွေ ဖွေး။

ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံ တေး။

 

အကောင်သေ

တောင်လေ ရေတက်တော့၊ ရေယက်နဲ့ ထွေး။

ကျူရိုးရှင် ပီပီညှင်း၊ ငိုချင်းသံ တေး။

 

တက်မကူ

ရွက်ဖြူ ပူဖောင်းနဲ့ ၊ လှေလောင်းကိုယ်လေး။

ကျူရိုးရှင် ပီပီပျိုး၊ ဘွဲ့ကြိုးသံတေး။

 

 ပြူတပြု

မြေငူ ဓနိကျွန်း၊ သောင်ထွန်းပြီလေး။

ကျူရိုးရှင် ပီပီနော့၊ သားချော့သံတေး။

တေးမျိုးရယ်စုံ၊ ကုန်နိုင်ပါလေပဲ။

မဗေဒါ စုန်ဆန်မြဲ၊ တေးစုံနဲ့ပဲ။

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)