Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဇော်ခိုင်ဦး - ဖွင်ထားသောစာအုပ်

Regular price 56 MMK
Regular price Sale price 56 MMK
Sale Sold out

နွေဦးပေါက် တောင်သမန်

(၁)

မိမိသည် တောင်သမန် နံနက်ခင်းကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူး သည်။ နှင်းများ ပိတ်ဖုံးနေသော နံနက်ခင်း...။ နှင်းမိုး နှစ်ထွေရောကျနေသော နံနက်ခင်း...။ အရှေ့တစ်ခွင်မှ နေအလင်းရောင် ဖြာကျလာစ နံနက်ခင်း...။ အခုလည်း ဟိုတုန်းကလို အတိုင်းပါပဲ၊ သွားရိုးသွားစဉ် စစ်ကိုင်း-မန္တလေးလမ်းမကြီးမှ တောင်သမန်သွားရာ လမ်းသေးလေးထဲသို့ ဖဲ့ဆင်းလိုက်ရသည်။ မဟာဂန္ဓာရုံဘက် ကွေ့ချိုးလိုက်တော့ ရင်ထဲမှာ လှပ်ခနဲ။ မတွေ့ရတာ ကြာပြီ ဖြစ်သောသူတစ်ယောက်ကို တွေ့ရတော့မှာ လိုလို။ လမ်းနှစ်မြွှာ Junction တွင် ခရေပင်များရှိရာ လမ်းမြှားလေး ဘက်သို့ နွဲ့ လိုက်ရသည်။ အသားဝင်းထရံ ရှေ့ မြေကွက်လပ် (လမ်းလေး ခြားသည်) တွင် ကားနှစ်စီးကို ရှေ့ဆင့်နောက်ဆင့် ထိုးရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်ကြသည်။ ကိုဝင်းငြိမ်းက ပတ်ဝန်းကျင်ကို ဖျတ်ခနဲ ဝေ့ကြည့်လိုက်ပြီး “တောင်လေးလုံးကျောင်း” ထဲသို့ တရွေ့ရွေ့ ....။ မိမိတို့ က စကားတပြောပြောဖြင့် မလှမ်းမကမ်းမှ ကပ်လိုက်သွားကြသည်။ နှစ်စဉ်

နိုဝင်ဘာ (၂၉) ရက်ဆိုလျှင် စာချစ်သူများ ဆုံစည်းခဲ့ကြသည့် နေရာလေး။ သူဌေးဘုရားရင်ပြင်၊ စက္ကူပန်းရုံ၊ သစ်သားကွပ်ပျစ်၊ ဖျာတစ်ချပ်၊ ရေနွေး တစ်အိုး။ အမေလူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဆရာဒဂုန်တာရာ၊တော်ဘုရားကလေး အောင်ဇေ၊ လူထုစိန်ဝင်း၊ ဆရာတော် ကိုပညာ (အမရပူရ)။ အာရုံတွေထဲမှာ ဖျတ်ခနဲ... ဖျတ်ခနဲ...။ အဝေးမှ အသံတွေ ကြားလာရသည်။ စုစုရုံးရုံး စုစုစည်းစည်းရှိကြသော အသံများ ...။ ကင်မရာ မှ ဖလက်ရှ်များကလည်း လက်ခနဲ...လက်ခနဲ။ တိုးဝှေ့ပြီး “စာ”အရ သိနေရပေမယ့် “လူ”ချင်း မဆုံဖူးကြသူများရဲ့ နွေးထွေးသောလက်များ...။ ခရေပွင့်လေးတွေကတော့ တစ်ဖြုတ်ဖြုတ် ကြွေကျနေခဲ့သည်။

 

(၂)

“လူ့ ဘဝဟာ ခရီးရှည်ကြီးတစ်ခုလို့ ဆိုရင်

ခု ကျွန်တော်တို့ ရဲ့ ခရီးဟာလည်း

ဘဝတိုတိုကလေးတစ်ခု မဟုတ်လား...

လူ့ဘဝဆိုတာ

အဲဒီဘဝခရီးတိုတိုလေးတွေ ဖွဲ့စည်းထားတာပါ”

                                              (မြသန်းတင့်)

 

စက္ကူပန်းရုံအောက်မှအဖြတ်တွင် ကျောင်းဝင်းထဲ၌ လူရိပ်လူခြေ မမြင်ရ၍ အသံပြုလိုက်မိသည်။ ဘုရားရင်ပြင်ဘက်မှ ဆရာတော် လှမ်း ထွက်လာသည်။ တရွေ့ရွေ့ ပါပဲ။ ဆရာတော့်ခြေလှမ်းတွေ နှေးသွားခဲ့ပြီ။ ဘယ်သူတွေများလဲဟူသော သိလိုစိတ်ဖြင့် လှေကားထစ်ဖြူလေးတွေမှ တစ်ဆင့် ဆင်းလာခဲ့သည်။ မိမိက လှမ်းဖေးမ,လိုက်တော့ “ရပါတယ်ကွ မတွဲပါနဲ့ ရပါတယ်ကွ”ဆိုပြီး ရှေ့တိုး ဆင်းလာသည်။ ကိုဝင်းငြိမ်းက အသံပြုလိုက်မှ “ဪ... အေး ...ဝင်းငြိမ်း” ဆိုပြီး ဆရာတော့်မျက်နှာ တွင် ဝမ်းသာရိပ်တို့ စွန်းထင်းသွားသည်။ မိမိတို့ က မျက်နှာချင်းဆိုင်သစ်သားကွပ်ပျစ်ပေါ် ထိုင်ရနိုးနိုး။ ဆရာတော်က ထိုင်ကြ... ထိုင်ကြဆိုမှ အသင့်ရောက်နေသော ဖျာလိပ်လေးဖြေပြီး ထိုင်မိလိုက်သည်။ ဒီသစ်သား ကွပ်ပျစ်လေးပါပဲ။ စတီးတုတ်ကောက်လေးကို သူ့နံဘေးမှာ ခပ်ရို့ရို့ထောင်ပြီး ဟက်ဟက်ပက်ပက် ရယ်ချင်ရယ်နေတတ်သော ဒေါက်တာ သန်းထွန်း အမြဲထိုင်နေကျနေရာလေး။ ကိုခင်မောင်အေးကတော့ ကျောင်း ဝင်းထဲ လျှောက်ကြည့်နေသည်။ ချောအိမာန် (မန္တလေး) နှင့် ညလင်းဖြူ တို့ကတော့ ကွပ်ပျစ်လေးပေါ်မှာ ခဏ။ ကိုလင်းနိုင်ဦးကတော့ မှတ်တမ်း ဓာတ်ပုံ တဖျတ်ဖျတ်...။ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) က တည်ငြိမ်သော မျက်နှာထားနှင့် သစ်သားတန်းလျားလေးပေါ် ထိုင်လိုက်သည်။ ရာသီပေါင်း များစွာ ထမ်းပိုးထားခဲ့ရသော စက္ကူပန်းရုံကြီးအောက်မှ ပင့်ထားရသည့် အသားချောင်းများပင် ကျိုးခဲ့လေပြီ။ ကိုဝင်းငြိမ်းက လေသံခပ်ဖွဖွဖြင့် ဆရာတော်နှင့် စကားစမြည်ပြောသည်။

“မန္တလေး လာသာလာရပေမယ့် တွေ့ရမယ့်သူတွေ မရှိကြ

တော့ဘူးဘုရား ... လူထုဒေါ်အမာ, ဒေါ်မေရှင်တို့ လည်း မရှိ ကြတော့...”

ဆရာတော်က ကိုဝင်းငြိမ်းစကားအဆုံးပင် မစောင့်ပဲ ကဗျာ ကယာ ဝင်ပြောသည်။

“ငါတော့ ကျန်ပါရစေဦးကွာ...”

မိမိတို့ တစ်ဖွဲ့လုံး ဆရာတော့်စကားကြောင့် သဘောကျပြီး ရယ်လိုက်ကြရသေးသည်။ မိမိက ဆရာတော်ရေးခဲ့သော “စစ်အတွင်း ဂန္ဓာရုံ” အကြောင်း စကားစလိုက်တော့ ဆရာတော်က တွေသွားပြီး -

“အေး..ဆက်ရေးမလို့ .. ဆက်ရေးမလို့နဲ့ ..”

ကိုဝင်းငြိမ်းဘက် ဖျတ်ခနဲ လှည့်သွားပြန်သည်။ တစ်ချိန်က မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသကပင် ဆရာတော် ကိုပညာ (အမရပူရ) အား

“ဟေ... ပညာဇောတ... ။ မင့်ကျောင်းကို စာရေးဆရာတွေ လာကြတယ်...

မင်းက စာရေးဆရာဆိုတော့ လာကြပေမှာပေါ့” ဟု မိန့်ခဲ့ဖူးကြောင်း ပြန်သတိရလိုက်မိသေးသည်။ ကျောင်းရှေ့ ကတ္တရာ လမ်းလေးပေါ်မှ ဆိုင်ကယ်တချို့ ဖြတ်သွားသံ ကြားလိုက်ရသည်။ လူထု ဒေါ်အမာရဲ့ ။

“ကိုပညာက မဟာဂန္ဓာရုံတိုက်ထွက်... အဲဒီကနေပြီး မဟာဂန္ဓာရုံနဲ့ မလှမ်းမကမ်းမှာ ခေါ်ကြား အော်ကြားတဲ့ အင်းစောင်းက တောင်လေးလုံး

ကျောင်းကလေးမှာပဲ သီတင်းသုံးတယ် ပြီးတော့ စာရေးဖို့ ဝါသနာပါတယ်...

။ စုဆောင်းသင့်တာ စုဆောင်းတယ်...။ မှတ်သားသင့်တာကို မှတ်သားတယ်... ကျွန်မတို့မှာက စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးတဲ့ ဆရာတော် ရွှေကိုင်းသား ပျံလွန်တော်မူပြီးတဲ့နောက် ဆရာတော်လို အားကိုးသမှုပြုစရာ “ကိုပညာ” ရှိပေလို့ပေါ့...

မဟုတ်ရင် အစားထိုးစရာ မရှိဘူး” ဆိုသည့် အားကိုသမှုပြုသံလေးက ဝေ့ဝေ့ဝဲဝဲ ရောက်လာသည်။

 

 

(၃)

ကိုဝင်းငြိမ်းနှင့် ဆရာတော်တို့ အေးအေးလူလူ စကားကောင်း နေခိုက် မိမိတို့ တစ်တွေ တောင်လေးလုံးကျောင်း အနောက်ဘက်ဆီ ခပ်သုတ်သုတ် ထွက်ခဲ့ကြသည်။ ဘုန်းကြီးကျောင်းတချို့ ဖြတ်ခဲ့ရပြီး သက်ရင့်မန်ကျည်းပင်ကြီးအလွန်တွင် အရိုးအိုးစေတီကို လှမ်းတွေ့လိုက် ရသည်။ ထိုစေတီလေးဘေးမှာမှ ဒေါက်တာသန်းထွန်း လဲလျောင်းရာအရပ်သို့ ရောက်ကြရသည်။ ကြယ်တစ်ပွင့်၊ သုတေသနနယ်ပယ်မှ အင်မတန်အားကိုးရသော ကြယ်တစ်ပွင့် ..။

ဆရာ့ကို တောင်သမန်အင်းစောင်းမှာ ထားခဲ့ရသော ထို တစ်ညနေ မြင်ကွင်းတို့ ကို ပြက်ပြက်ထင်ထင် မြင်ယောင်လာမိသည်။

အောက်ဘက်မှာက မယ်ဇယ်ပင်တန်းကြီး။ ဟိုတုန်းက (၁၀၃)ပင် ရှိခဲ့ သည်ဆိုသော မယ်ဇယ်တန်း။ နောင်... ရေဒဏ်၊ လေဒဏ်နှင့် အလစ်မှာ ခုတ်လှဲ၍ ထင်းပြုလုပ်ကြသော မသမာသူတို့ ကြောင့် (၉၅)ပင်သာ ရှိတော့သည်။ ဆရာကြီးဒေါက်တာသန်းထွန်းအား အောက်မေ့တသ စိတ်ဖြင့် ညွတ်တွားစွာ ကန်တော့လိုက်ကြသည်။

ထို့ နောက် တောင်လေးလုံးဘက် ပြန်လျှောက်ဖြစ်ခဲ့သည်။ ကျောင်းရှေ့တည့်တည့်မှ ဘုရားရင်ပြင်ဘက် ခဏလှည့်လိုက်ပြီး ဦးဆုံး တွေ့လိုက်ရသည်က လမ်းမျက်နှာပြု မယ်ဇယ်ပင်နှင့် ထိုင်ခုံလေး။ “ညိုမြ” အမှတ်တရ။ ကုန်းဘောင် ရှာပုံတော် ပြုစုပေးခဲ့သော ညိုမြ။ “ငရဲခွေးကြီး လွတ်နေပြီ” တို့ခဲ့သော ညိုမြ။ ဆက်လျှောက်ဖြစ်ခဲ့ရာ တောင်မင်းကြီး ဘုရား အနောက်ဘက်အထွက်နားမှာက “မြသန်းတင့်” အမှတ်တရ...။ နံဘေးမှာ “တက္ကသိုလ် မောင်စောလွင်” အမှတ်တရ... မယ်ဇယ်ပင်လေး။

“နောင် နှစ်ပေါင်း ၁ဝဝ၊ ၂ဝဝ ရှိတဲ့အခါမှာတော့ အပင်ကြီးက အကြီးကြီး... အပင်ရင်းက ထိုင်ခုံလေးနဲ့ ကျောက်ပြားလေး စာလေးနဲ့ မို့ ထိုင်မိသူတွေက 'ဪ... ဒီလိုလူတစ်ယောက်ကို အမှတ်တရ စိုက်ထားတဲ့

မယ်ဇယ်ပင်ကြီးကိုး.. လို့ သိကြမှာပေါ့” ဟု ဆိုခဲ့သည် လူထုဒေါ်အမာ့အသံဝေ့ဝေ့က မယ်ဇယ်ပင်ကိုင်းတွေပေါ်မှာ လား၊ အရွက်အခက်တွေပေါ်မှာလား...။

ထို့ နောက် “စာဝင်္ကပါ” ဆရာကြီး ငွေဥဒေါင်းသို့ အမှတ်တရ

ကဗျာလေးက

“ခေတ်သမိုင်း အလွှာစုံ “

စာကြေးမုံ” ထင်ဟပ်

ဘဝဇာတ် အသွယ်သွယ် “

စာပန်းချီ ရေးခြယ်ရင်း

 ဘုံလယ်ခွင် ခရီးအနှံ

“စာဝင်္ကပါ” ခြေဆန့် သူ...”

 ဟု ရေးထိုးထားလိုက်ခြင်းက မယ်ဇယ်အရိပ်မှာ နားခိုသူများအတွက် ရေရွတ်ကြည့်ကြဖို့ ရေးစပ်ထားခဲ့ခြင်းများလား။ “မွှေး” ဖန်တီးခဲ့သူ “ဒေါ်ခင်နှင်းယု အထိမ်းအမှတ်သစ်ပင်” နှင့် “မဟာဆွေ” အမှတ်တရ အုတ်ခုံလေးတို့ ကလည်း ယှဉ်လျက်...။

ဖန်တီးခဲ့သူတို့ ၏ သမိုင်းတစ်စွန်းတစ်စ လှစ်ဟပြနေသည်ဟု အောက်မေ့လိုက်ရသည်။ ကိုဝင်းငြိမ်း၊ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) နှင့် ကိုလင်းနိုင်ဦးတို့ ကျောင်းဝင်းထဲမှ ထွက်လာကြသည်ကို လှမ်းမြင်လိုက်ရ သဖြင့် မယ်ဇယ်ပင်လေး နားများမှ ခွာခဲ့ရသည်။ နွေဦးပေါက်တောင်သမန် တောင်လေးလုံးမှ ထွက်ခဲ့ကြတော့ မွန်းတည့်လုနီးပြီ။

(၄)

တောင်သမန် နံနက်ခင်းကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးပါသည်။

အလင်းတန်းဂျာနယ် (၅၄၂)၊ ဖေဖော်ဝါရီ ၂၀၀၉