Skip to product information
1 of 2

Other Websites

ဇေရတု (မြန်မာပြန်) - လီကွမ်ယုအတွေး လီကွမ်ယုအမြင်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

မူလထုတ်ဝေသူ၏အမှာစာ

ဗြိတိသျှ ကိုလိုနီလက်အောက်ခံအဖြစ်မှ လွတ်လပ်သော ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအဖြစ်၊ ထိုမှတစ်ဖန် စီးပွားရေး၊ သံတမန်ရေးရာတို့၌ သြဇာအရှိန် အဝါကြီးမားသော ယနေ့ခေတ်မြို့ပြနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ စင်ကာပူနိုင်ငံ၏ အကူးအပြောင်းကာလများတွင် လီကွမ်ယုက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဤကဲ့သို့ အံ့အားသင့်စရာကောင်းသော၊ ကြမ်းတမ်းခက်ခဲ

သော ခရီးရှည်တစ်လျှောက်၌ လီကွမ်ယုသည် သြဇာတိက္ကမနှင့်ပြည့်စုံသော၊ တစ်ခါတစ်ရံ၌ အငြင်းပွားဖွယ်ရာဖြစ်စေသော ခေါင်းဆောင်တစ်ဦးအဖြစ် သက်သေပြခဲ့သည်။ လီကွမ်ယုသည် ခိုင်မာသော ခံယူချက်ရှိသည့် နိုင်ငံရေး သမားတစ်ဦးဖြစ်သည်။ သူ၏ မိန့်ခွန်းများ၊ ဆိုစကားများမှာ ပြတ်သား၏။ စိတ်ဝင်စားဖွယ်ကောင်း၏။ အလွန်မှတ်သားဖွယ်လည်းကောင်း၏။ ဤ စာအုပ်၌ စုစည်းဖော်ပြထားသော အကိုးအကား အတိုကလေးများက စင်ကာပူ နိုင်ငံ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံးမှ ကျယ်ပြန့် များပြားလှသောအကြောင်းအရာစုံတို့အပေါ် သူ့အမြင်နှင့် သူ့အတွေးတို့ကို စိတ်ဝင်စား ဖွယ်ရာ ထုတ်နုတ်ဖော်ပြပေးနိုင်သည်။

လီကွမ်ယုသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တို့ လက်အောက် သို့ စင်ကာပူ ကျရောက်ပြီး ဆင်းရဲဒုက္ခတို့ ကြုံတွေ့နေရချိန်၊ မလေးရှားမှသီးခြားနိုင်ငံတစ်နိုင်ငံအဖြစ် ခွဲမထွက်မီ ဗြိတိသျှတို့ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားနေချိန်၌ နိုင်ငံရေးကို စလုပ်ခဲ့သည်။ လူမျိုးရေး အားပြိုင်မှုများ တင်းမာနေချိန်၊ အရှေ့တောင်အာရှ၌ ကွန်မြူနစ်ဝါဒ ခြေကုပ် ယူချိန်၊ ဖွံ့ဖြိုးမှုအလွန်နိမ့်ကျနေသော ကျွန်းနိုင်ငံလေးအတွက် စီးပွားရေး စိန်ခေါ်မှု အများအပြားနှင့် ကြုံတွေ့နေရချိန်လည်းဖြစ်သည်။ ဤကာလများ အတွင်း အရေးအခင်းများအပေါ် လီကွမ်ယု၏အမြင်မှာ ယနေ့ထိတိုင် သစ်လွင် လတ်ဆတ်နေဆဲဖြစ်သည်။

ဗြိတိန်နှင့် စင်ကာပူတို့၏ ချည်နှောင်မှုမှာ ဆက်လက်ခိုင်မာနေခဲ့ သည်။ ထိုအချိန်၌ ဥရောပနိုင်ငံ အများအပြားက လူမှုဖူလုံရေး စောင့်ရှောက် မှုပေးသော နိုင်ငံများအဖြစ် ဖွံ့ဖြိုးလာသည်ကို လီကွမ်ယုက အသေအချာ

စောင့်ကြည့်ခဲ့သည်။ သူက ဤစီးပွားရေးဖော်ဆောင်မှုပုံစံကို မဆိုင်းမတွပင် ငြင်းပယ်ခဲ့ပြီး စွန့်ဦးစီးပွားရေး စွမ်းဆောင်မှု၊ အလုပ်သမားအရေးနှင့် စီးပွား ရေးဖွံ့ဖြိုးမှုအကြောင်းတို့ကိုသာ အထူးတိုက်တွန်းပြောကြားခဲ့သည်။

စင်ကာပူ ပို၍ ဖွံ့ဖြိုးကြွယ်ဝလာပြီး ကမ္ဘာတစ်ဝန်းမှ လူအများနှင့် ကူးလူးဆက်ဆံမှု များပြားလာသည်နှင့်အမျှ သူယုံကြည်ရာ အာရှသားတို့၏ တန်ဖိုးစံနှုန်းများကို လီကွမ်ယုက ပြောဆိုလေ့ရှိရာ ၎င်းက လူမှုရေး၊ စီးပွားရေး နှစ်ရပ်စလုံးတွင် စင်ကာပူအတွက် အရေးပါသော အကျိုးသက်ရောက်မှုကို ပေးပါသည်။ တိုင်းပြည်၏ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်မှု အပေါ် အမြဲသတိမူလျက် ဘာသာစကားအမျိုးမျိုး ပြောဆိုခြင်း၏ ကောင်းကျိုး ဆိုးပြစ်များကိုလည်း ထောက်ပြလေ့ရှိသည်။

လီကွမ်ယု၏ လက်တွေ့ဆန်မှုနှင့် ပြင်ပသက်ရောက်မှုများ၏ သြဇာ လွှမ်းမိုးမှုကို မခံယူလိုသည့် စိတ်ထားက သူ၏ခေါင်းဆောင်မှု ပုံစံကို သရုပ်ဖော်နေပါသည်။ “ကျွန်တော်ဟာ သီအိုရီတစ်ခုခုရဲ့ အကျဉ်းသား ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ကျွန်တော့်ကို လမ်းညွှန်ပေးခဲ့တာ ဆင်ခြင်ခြင်းနဲ့ လက်တွေ့ဆန်ခြင်းပဲ။ သီအိုရီတိုင်း၊ အစီအစဉ်တိုင်းကို စမ်းသပ်ချက်တစ်မျိုး တည်း အသုံးချခဲ့ရင် အောင်မြင်ပါ့မလား။”

၁၉၉၀ ခုနှစ်တွင် လီကွမ်ယုသည် ဝန်ကြီးချုပ်အဖြစ်မှ အနားယူ လိုက်သော်လည်း သူ၏ထင်မြင်ယူဆချက်များကို စင်ကာပူနှင့် အာဆီယံ ဒေသတွင်းမှာသာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ အထူးတလည် စောင့်ကြည့် နားထောင်ရမြဲဖြစ်သည်။ သဘာဝပတ်ဝန်းကျင် အကျင့်ပျက် ခြစားမှု၊ ဒီမိုကရေစီအရေး (သို့မဟုတ်) ကမ္ဘာ့ အနာဂတ်အရေးစသည့် မည်သည့် အကြောင်းအရာကိုမဆို သူပြောကြားလာပါက လျစ်လျူရှု၍ မထားနိုင်ကြပေ။

ဤစာအုပ်အတွင်း၌တွေ့ရသော ကိုးကားဖော်ပြချက်များမှာ လီကွမ်ယု ၏ အများပြည်သူဆိုင်ရာ မိန့်ခွန်းများ၊ ထုတ်ပြန်ကြေညာချက်များမှ ရွေးနုတ်

ဖော်ပြထားခြင်းဖြစ်ပြီး ၎င်းတို့ကို စင်ကာပူ အမျိုးသား မော်ကွန်းတိုက်နှင့် စင်ကာပူ ပါလီမန်မှတ်တမ်းရုံးတို့မှ ရှာဖွေရွေးချယ်ထားခြင်း ဖြစ်ပါသည်။

____________________________________________________________________

အကျိုးတူ ပူးပေါင်းဆောင်ရွက်မူ့ဆိုတာကို ပြေ,ပြနေကြတဲ့ ကျွန်တော်တို့ လူတွေက စင်္ကာပူဟာမလေးရှားကျွန်းဆွယ်ရဲ့ ဆိုင် ပြတင်းပေါက်ဆိုတာကို နားမလည်ကြဘူး။ ဒီနေရာဟာ လူတွေလာပြီး ရောင်းဝယ်ဖောက်ကားကြတဲ့ နေရာလေးတစ်ခုဖြစ်တယ်။ ဗြိတိသျှတွေ၊ မျိုးချစ်စိတ်ပြင်းသူတွေ၊ ကွန်မြူနစ်တွေ သူတို့ရဲ့ နည်းဗျူဟာတွေကို ပထမဆုံး ကွင်းဆင်းစမ်းသပ်ရာ စမ်းသပ်ခန်းလေးတစ်ခုလည်းဖြစ်တယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တစ်ခုခု မှားသွားရင် အတိုင်းအတာ ပမာဏနည်းနည်းအပေါ်မှာပဲ မှားယွင်း မှာဖြစ်တဲ့အတွက်ကြောင့်ပဲ။

                                                                                                                                (၁၉၅၆)

 

နိုင်ငံတစ်နိုင်ငံရယ်လို့ ဖြစ်ဖို့ဆိုရင် အဓိကကျတဲ့ အကြောင်း နှစ်ရပ်ရှိရမယ်။ ပထမဆုံး အဲဒီနိုင်ငံမှာ နေထိုင်မယ့်သူတွေမှာ တူညီတဲ့ လူမှုအတွေ့အကြုံ၊ ထပ်တူကျတဲ့ ရည်မှန်းချက်တွေရှိရမယ်။ ဒုတိယက အများဆန္ဒကို အပြည့်အဝအသုံးချခွင့်ရှိရမယ်။ တစ်ဦး ပေါ်တစ်ဦး ဦးစားပေးဆက်ဆံရမယ်။

(၁၉၆၀)

စင်္ကာပူက စိုက်ပျိုးမြေပြဿနာကို  ကျွန်တော်ဖြေရှင်းနိူင်တယ်လို့ မပြောလိုပါဘူး။ ဒါဟာ

အခြေခံအားဖြင့် ဖြေရှင်းလို့မရတဲ့ ပြဿနာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မလေးရှားမှာလို စက်မှုအခြေပြုပြီး နောက်လာမယ့် ဆယ်စုနှစ်တစ်စုမှာ ကျွန်တော် တို့ ကောင်းကောင်းဆောင်ရွက် အောင်မြင်နိုင်မယ်ဆိုရင် စားကျက် မြေတို့၊ စိုက်ပျိုးမြေတို့ဆိုတဲ့ စကားအသုံးအနှုန်းတွေကို ကျယ် ကျယ်ပြန့်ပြန့် နားလည် ကြတဲ့နေရာရှိမှာ မဟုတ်တော့ပါဘူး။ စင်ကာပူဟာ စက်မှုမြို့တော်တစ်ခုပါ။ မြေတန်ဖိုးကို ဖွံ့ဖြိုးလာတဲ့ စက်မှုဇုန်တစ်ခုအပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်ပါတယ်။ ။

(၁၉၆၄)

ကုလားထိုင်မှာ ထိုင်ရတာက ခနော်နီခနော်နဲ့ ခွေးခြေတစ်လုံး ပေါ်မှာ ထိုင်ရတာထက် ပိုအဆင်ပြေပါတယ်။ အခု ကျွန်တော် တို့က ခနော်နီခနော်နဲ့ ခွေးခြေပေါ်မှာ ရောက်နေတာပါ။ ၂၁၄ စတုရန်းမိုင်ဆိုတာ ကျွန်တော်တို့မှာရှိသမျှ အကုန်ပါပဲ။ ဒါကို ခိုင်မာတောင့်တင်းတဲ့ ခွေးခြေတစ်လုံးဖြစ်အောင် ကျွန်တော်တို့ ပျော်ပျော်ကြီးလုပ်မှာပါ။ စင်ကာပူနဲ့ စင်ကာပူကလူတွေကို ခင်ဗျားတို့ မြင်ဖူးကြရဲ့ မဟုတ်လား။ ဒါ စတီးလ်ခွေးခြေခုံပါဗျ။

(၁၉၆၅)

ကမ္ဘာရဲ့ တခြားနေရာအစိတ်အပိုင်းတွေမှာ လူတွေက သူတို့ ဝက်တွေ ဝက်နာကျတော့ သတင်းမပေါက်ကြားအောင် ဖုံးဖိထား ကြတယ်။ သူတို့ဆီမှာ အဲဒီရောဂါ မရှိသယောင် ဟန်ဆောင်ကြ တယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ ဝက်တွေအားလုံး ရောဂါကူး ကုန် ပြီး အခြေအနေက နာတာရှည်စွဲကပ်မှု ဖြစ်လာတယ်။ ကျွန်တော်တို့လည်း အဲဒီလို လုပ်လို့ရတယ်။ ဒါပေမဲ့ နာတာရှည် ရောဂါစွဲကပ်နေတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အနာရောဂါစွဲကပ်လာတဲ့အခါ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီး မူလအခြေအနေ ပြန်ရောက်လာအောင် ကြေညာ စရာရှိတာကို ကြေညာတယ်။ လူတိုင်းကို နှိုးဆော်သတိပေးတယ်။ ဒါဟာ ဒီလူ့အသိုင်းအဝိုင်းမှာ လိုအပ်နေတဲ့အရာပဲ။ သဘာဝက ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံမှာ ထည့်သွင်းတည်ဆောက် ပေးလိုက်တဲ့ ဖင့်နွဲ့လေးကန်မှုကို တွန်းလှန်ထိုးဖောက်နေရမယ်။ လက်တွေ့ဘဝကို သိမြင်နားလည်မှုရှိရမယ်။ တစ်ချိန်လုံး ဒီအတိုင်း ဖြစ်နေရမယ်။

(၁၉၆၇)

ကျွန်တော်တို့ဟာ စင်ကာပူကို လူဦးရေ ၁၅ဝ သာသာပဲရှိတဲ့ တံငါရွာကလေးတစ်ရွာကနေ အီကွေတာရဲ့မြောက်ဘက် နှစ်ဒီဂရီ အကွာက အကြီးဆုံးမြို့တော်ကြီးဖြစ်လာအောင် လက်ဖဝါး ခြေဖဝါး ကစပြီး ဖန်တီးခဲ့ရတယ်။ အီကွေတာနဲ့ အနီးအနားမှာ ဒီလိုဂုဏ်ယူ ဝင့်ကြွားရလောက်တဲ့ နောက်ထပ် မြို့ပြယဉ်ကျေးမှုတစ်ခုပဲ ပေါ် ပေါက်ခဲ့တယ်။ အဲဒါကတော့ ယုကတန် ပင်နီဆူးလားက မာယာ ယဉ်ကျေးမှုပဲ။ လေးကန် ထိုင်းမှိုင်းစေတဲ့ အီကွေတာရာသီဥတုရဲ့ ပြဿနာတွေကို လူသားတွေ ကျော်လွှားသွားနိုင်တဲ့ ပြင်နေရာ မရှိပါဘူး။ အီကွေတာ တစ်လျှောက်၊ ဒါမှမဟုတ် အီကွေတာကနေ မြောက်ဘက် နှစ်ဒီဂရီအကွာက သင်လျှောက်ကြည့်ရင် အဲဒီနေရာ တွေမှာနေထိုင်ကြတဲ့သူတွေဟာ ထမင်းစားပြီးတဲ့နောက် နေ့လယ် နှစ်နာရီခွဲပြီးတာနဲ့ တစ်ရေးပြန်အိပ်ကြတော့တာပါ။ စင်ကာပူက လူတွေပဲ အဲဒီလိုမဟုတ်တာပါ။ အဲဒီအတွက် အကြောင်းပြချက်

ကောင်းကောင်း ရှိပါတယ်။ ပထမအချက်က ကိုယ်တွင်း လှုံ့ဆော်မှု အားကောင်းခြင်းနဲ့ ဒုတိယအချက်က ရည်ရွယ်ချက်ကောင်းခြင်းပါပဲ။(၁၉၆၇)

 

ဒီနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးလို့ သေတဲ့လူမရှိဘူး။ ဘယ်သူ့ ကိုမှ လမ်းပေါ်မှာ တောင်းစားခွင့်မပြုဘူး။ တောင်းစားနေတဲ့ လူတစ်ယောက်ယောက်ကိုတွေ့ရင် သူ့အတွက် နေစရာပေးပြီး စားစရာကျွေးတယ်။ လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ကျွန်တော် တို့ရဲ့ ရှင်းလင်းသန့်စင်စေရေး ဖော်ဆောင်မှုနဲ့အတူ ဒီမြို့တော် ကြီးရဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ သစ်ပင်၊ ပန်းပင်တွေနဲ့ ဝေဆာပြီး အာရှမှာ အသန့်ရှင်းဆုံး၊ အလှပဆုံး မြို့ကြီးတစ်မြို့ ဖြစ်လာအောင် ကျွန်တော်တို့ လုပ်ဆောင်ကြမယ်။(၁၉၆၇)

အာရှ (သို့မဟုတ်) အာဖရိကမှာရှိတဲ့ နိုင်ငံအနည်းငယ်ဟာ ဥရောပကိုလိုနီ အုပ်ချုပ်ရေးကနေ လွှဲပြောင်းတာဝန်ယူပြီး သူတို့ အရည်အချင်းနဲ့ သူတို့ တိုးတက်လာအောင် ဆောင်ရွက်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း ဒီလိုလုပ်နိုင်ခဲ့တာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ပြဿနာတွေကိုရင်ဆိုင်ဖို့ အားနဲ့မာန်နဲ့ ကိုင်တွယ် ဖြေရှင်းဖို့ ဘယ်တော့မှ နောက်မတွန့်တဲ့အတွက် ဖြစ်တယ်။(၁၉၆၈)

 

ဂျပန်နဲ့ ဥရောပကြားမှာ စင်ကာပူကို ရေမှာပဲဖြစ်ဖြစ်၊ ကုန်းမှာပဲ ဖြစ်ဖြစ် သင်္ဘောတွေ ပြင်ဆင်ဒေါက်တင်ဖို့ အကောင်းဆုံးနေရာ ဖြစ်လာအောင် ကျွန်တော်တို့ လုပ်ရမယ်။ သင်္ဘောပြင်ဆင် တည်ဆောက်တဲ့ အထင်ကရနေရာကြီးအဖြစ် ကျွန်တော်တို့ လုပ်ဆောင် နိုင်ပြီဆိုရင် အဲဒီပုံစံအတိုင်း အကြာကြီး ရပ်တည်နေနိုင်လိမ့်မယ်။ လေဆိပ်ပဲဖြစ်ဖြစ်၊ သင်္ဘောဆိပ်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်္ဘော ကျင်းပဲဖြစ်ဖြစ် တစ်ကြိမ် ထိပ်ဆုံးကို ရောက်ပြီးသွားရင် တခြား နေရာတွေအတွက် ကျွန်တော်တို့ကို ဖြုတ်ထုတ်ပစ်ဖို့ တော်တော် ခက်ပါလိမ့်မယ်။ အကောင်းဆုံး အဆောင်အယောင်တွေ၊ အထူး ကျွမ်းကျင်မှု အရည်အချင်းတွေ၊ ရေရှည် အားပေးရပ်တည်နေတဲ့ ဖောက်သည်တွေနဲ့ ခိုင်မာပြီးသားနေရာ တစ်နေရာကို ကျန်သူတွေက ပြိုင်ဆိုင်ရမှာဖြစ်လို့ပါ။(၁၉၇၁)

ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကိုယ့်အကျိုးပဲကိုယ်ကြည့်တဲ့ ဘဏ် လုပ်ငန်းရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေက မလိုအပ်တဲ့စွန့်စားမှုတွေ ကို ဘယ်တော့မှမလုပ်ဘူး။ သူတို့က ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် နိုင်ငံရေး တည်ငြိမ်မှုရှိပြီး စက်မှုလုပ်ငန်းပိုင်းမှာ စိတ်ချနိုင်တဲ့နေရာတွေကို ကမ္ဘာပတ်ပြီးရှာတယ်။ အဲဒီလိုနေရာမျိုးကို စင်ကာပူမှာ သူတို့ရှာ တွေ့တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ၊ စက်ယန္တရားတွေ၊ နည်းပညာနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုတွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာကြတယ်။(၁၉၇၂)

မြေတန်ဖိုးကြီးတဲ့အတွက်ကြောင့် မြို့လယ်ကောင်ကနေ၊ လူဦး ရေ တဖြည်းဖြည်း လျော့နည်းပြန့်ကျဲ သွားအောင်လုပ်ဖို့ ကျွန်တော် တို့ ရည်ရွယ်မထားဘူး။ အဲဒီလိုဆိုရင် ဒီလိုမြို့ကြီးက အလဟဿဖြစ် သွားမှာပေါ့။ မနက်အရုဏ်တက်ချိန်ကနေ ညသန်းခေါင်ကျော်တဲ့ အချိန်အထိ ဘဝအတွက် ရုန်းကန်ကြိုးစားနေတဲ့ လူတွေနဲ့ လှုပ်ရှား သက်ဝင်နေတဲ့ မြို့ကြီးတစ်မြို့အဖြစ် အချိန်တော်တော်ကြာအောင် ကျွန်တော်တို့သိထားခဲ့တဲ့ စင်ကာပူရဲ့ တစ်မူထူးခြားတဲ့ ဂုဏ်အင်္ဂါရပ် ကို ဆက်လက်ထိန်းသိမ်းထားရမယ်။(၁၉၇၆)

ကျွန်တော်တို့ဟာ ဗြိတိန်မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဗြိတိန် မဖြစ်နိုင်ဘူး။ ဒါကို မြဲမြဲမှတ်ထားကြပါ။(၁၉၇၆)

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဘာကြောင့် စင်ကာပူမှာ လာပြီး - မီးဖွားချင်တယ်လို့ထင်သလဲ။ သူတို့ မွေးတဲ့ကလေးက စင်ကာပူ နိုင်ငံသား ဖြစ်လာမယ်လေ။ မဟုတ်ဘူးလား၊ ပြီးရင် အလုပ်အတွက်၊

ကျောင်းအတွက် ဆေးဝါး စောင့်ရှောက်မှုခံယူဖို့အတွက် ဘာတစ်ခုမှ မပူရတော့ဘူး။ ဒါဟာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့ အစည်းကို ချီးမွမ်းခြေကျောက်တဲ့သဘော အသေအချာပါပဲ။(၁၉၇၆)

အမြင့်ဆုံးအောင်ပန်းကို ဆွတ်လှမ်းနိုင်ဖို့ တစ်ဦးချင်း တစ် ယောက်ချင်းစီက အသင်းအတွက်၊ နိုင်ငံအတွက် မိမိမှာရှိတဲ့ အကောင်းဆုံးတွေကို ပေးဆပ်ပြီး အသင်းအဖွဲ့စိတ်၊ ရဲဘော်ရဲဘက် စိတ်တွေရှိလာအောင် ကျွန်တော်တို့ မွေးမြူတည်ဆောက်လို့ရပါ တယ်။ အသင်းအဖွဲ့ဘက်၊ နိုင်ငံဘက်ကလည်း တစ်ဦးတစ်ယောက် ချင်းစီကို သာတူညီမျှစွာ စောင့်ရှောက်ပေးရပါတယ်။ အုပ်ချုပ်မှု ဆိုင်ရာ အနုပညာဆိုတာ အသင်းအဖွဲ့ စိတ်ဓာတ်တည်ဆောက်ခြင်း အနုပညာပဲဖြစ်တယ်။(၁၉၈၀)

ပြိုင်ဆိုင်မှု အလွန်များတဲ့ ကမ္ဘာကြီးထဲမှာ စင်ကာပူ ဘယ်လို ရပ်တည်နိုင်သလဲဆိုတာကို “ထူးချွန်မှု” ဆိုတဲ့ စကားလုံးနဲ့ အတိုဆုံး အရှင်းဆုံး ဖော်ပြနိုင်တယ်။

(၁၉၈၇)

အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ဆိုရင် ထူးချွန်သူ တွေကို မြေတောင်မြှောက်ပေးတဲ့အလုပ်နဲ့ ပျမ်းမျှအရည်အချင်း သာရှိသူတွေကို အားပေးတဲ့ အလုပ်နှစ်ခုကြားမှာ ဟန်ချက်ညီ

အောင် ထားရမယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းက လူတွေကြား မှာကိုပဲ ပူးပေါင်းဆောင်ရွက်မှုရော၊ ပြိုင်ဆိုင်မှုပါရှိရမယ်။ စင်ကာပူရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြိုင်ဆိုင်မှုတွေက အားလုံးအတွက် ဘဝနေမှု အဆင့်အတန်းကို မြင့်မားတိုးတက်စေခဲ့တယ်။

အတိတ်ကာလဟာ ဆင်းရဲဒုက္ခတွေ၊ ရှင်သန်ရပ်တည်ရေး အတွက် စိန်ခေါ်မှုတွေ အမြောက်အမြားနဲ့ ပြည့်နှက်နေခဲ့တယ်။ အန္တရာယ်ကို ရှောင်လွှဲလို့မရနိုင်ပေမဲ့ ရပ်တည်မှုကို လုံခြုံစိတ်ချရ

အောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ အိမ်၊ကျောင်း၊ဆေးရုံ၊ ကျန်းမာရေး၊ ဝန်ဆောင်မှုစတဲ့ ကျွန်တော်တို့ရဲ့ အခြေခံ လိုအပ်ချက် တွေကိုလည်း ဖြည့်ဆည်းပေးခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေဟာ တစ်ခုမှ စံပြုပုံစံမဟုတ်ဘူး။ ကိစ္စတစ်ခုစီကို ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ နောက်လာမယ့်မျိုးဆက်က ပိုပြီးတိုးတက်လာအောင် လုပ်ဆောင်ဖို့လိုတယ်။

(၁၉၈၉)

အမေရိကားမှာဆိုရင် နယူးယောက်က ဘဏ်လုပ်ငန်း၊ လုံခြုံ ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေနဲ့ စတော့ဈေးကွက် စာရင်း မဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်စာတမ်း၊ အရောင်းအဝယ်လုပ်ငန်းတွေ မှာ အချက်အချာဖြစ်ပြီး ချီကာဂိုကတော့ စတော့ရှယ်ယာ ရောင်းဝယ် မှုမှာ အဓိကဖြစ်ပါတယ်။ ဥရောပမှာဆိုရင် လန်ဒန်က ငွေကြေးအရ ဩဇာပိုကြီးပေမယ့် ဇူးရစ်ချ်ကတော့ ငွေကြေးများ အပ်နှံသိမ်းဆည်း အတွက် ဥရောပရဲ့ ထိပ်တန်းခိုလှုံရာနေရာ တစ်နေရာဖြစ်ပါတယ်။  အရှေ့အာရှရဲ့ ချီကာဂိုနဲ့ ဇူးရစ်ချ်ဖြစ်ဖို့ စင်ကာပူမှာ အရည်အချင်းတွေရှိပါတယ်။ ကျွန်တော်တို့ဟာ ခိုလှုံရာနေရာတစ်ခုအဖြစ် မှတ်တမ်း ဝင်ပြီးသားပါ။

(၁၉၉၄)

 

လူတွေက စင်ကာပူရဲ့ အားနည်းချက်တွေကို သတိမပြုမိကြဘူး။ သူတို့မြင်သမျှ၊ ဖတ်ရသမျှက နံပါတ် (၁)၊ ဒါမှမဟုတ် နံပါတ် (၂) ပြိုင်ဆိုင်မှုပြင်းတဲ့နိုင်ငံ၊ နံပါတ် (၁) ပင်လယ်ဆိပ်ကမ်း၊ နံပါတ် (၁) လေဆိပ်၊ နံပါတ် (၁) လေကြောင်းလိုင်း စတာတွေ ပဲဖြစ်ပါတယ်။ တစ်ခါတလေကျတော့ ကျွန်တော်တို့က လူတွေကိုအရမ်းတွန်းအားပေးတယ်၊ ဖိစီးမှုတွေဖြစ်စေတယ်လို့ စောဒက တက်ကြပြန်ပါတယ်။ နံပါတ် (၂)၊ နံပါတ် (၃)၊ နံပါတ် (၄) နဲ့ မကျေနပ်နိုင်ဘူးလားလို့ မေးကြပါတယ်။ ဒါပေမဲ့ အဲဒါက အရေး ကြီးပါတယ်။ ကျွန်တော်တို့ဟာ ပြိုင်ဆိုင်မှုမှာ ထိပ်တန်းက ပြေး မနေဘူးဆိုရင် ပင်လယ်ဆိပ်ကမ်းကြီးတစ်ခု၊ လေဆိပ်ကြီးတစ်ခု၊ လေကြောင်းလိုင်းတစ်ခု ရှိလာစရာအကြောင်းမရှိပါဘူး။ စင်ကာပူ ရယ်လို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ပေါ်ပေါက်လာ စရာ အကြောင်းကို မရှိပါဘူး။ ရှင်းရှင်းလေးပါပဲ။

(၁၉၉၆)

ကျွန်တော်တို့ဟာ ဒေသတွင်းမှာ သယံဇာတအနည်းပါးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါကြောင့် အခက်အခဲ၊ ပြဿနာတွေကို ဝေးဝေးကရှောင်ချင်တယ်ဆိုရင် ရိုးသားကြိုးစားပြီး အရည်အချင်းရှိ အောင် လုပ်ရုံကလွဲလို့ တခြားမရှိဘူး။

(၁၉၉၈)

ကမ္ဘာကြီးနဲ့ အလိုက်သင့် အလျားသင့်ရှိအောင်ကြိုးစားရင်း ၊ စင်ကာပူဟာ ဖွံ့ဖြိုးစည်ပင်လာခဲ့တယ်။ ကျန်ခဲ့တဲ့ရာစုနှစ်မှာ ကျွန်တော်တို့ဟာ ဟင်းခတ်အမွှေးအကြိုင်တွေကို ကုန်သွယ်ရောင်းချ ခဲ့တယ်။ အခု ရာစုနှစ်မှာ ရော်ဘာနဲ့ သံဖြူကို ကုန်သွယ်ရောင်းချ တယ်။ ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ရိုးရိုးကုန်ထုတ် လုပ်မှုကိုပြောင်းခဲ့တယ်။ ယခုအချိန်မှာတော့ ဆေးဝါးထုတ်လုပ် ဖြန့်ချိမှုနဲ့ အာရှငွေကြေးစနစ်တို့က တွင်ကျယ်ဖြစ်ထွန်းနေပါပြီ။ ကမ္ဘာ့စီးပွားရေး ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့တွေလည်း ပြောင်းလဲလာခဲ့ပါပြီ။

(၁၉၉၉)

ကျွန်တော်တို့ရဲ့ ဗျူဟာတစ်ခုက စင်ကာပူကို အရှေ့တောင် အာရှရဲ့ အိုအေစစ်တစ်ခုဖြစ်လာအောင် လုပ်ဖို့ပဲ။ ကျွန်တော်တို့မှာ ကမ္ဘာ့အဆင့်မီ နားနေတည်းခိုစရာနေရာတွေ ရှိထားရင် စီးပွားရေး သမားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေက ဒေသတွင်းမှာ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ခရီးသွားလာမှုတွေအတွက် ကျွန်တော်တို့ကို ခြေကုပ် ယူလာမှာ အသေအချာပါပဲ။

(၂၀၀၀)

ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ထဲက လူအများစုက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို (စင်ကာပူမှာ လောင်းကစားဝိုင်းများ ခွင့်ပြုရေး) ချကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကမ္ဘာနဲ့အဝှမ်း တစ်နှစ်လောက် လူသိရှင်ကြားဖြစ်အောင် လုပ်ထားပြီးမှ “ဟင့်အင်း”လို့ ငြင်းဆိုလိုက်မယ်ဆိုရင် စင်ကာပူဟာ အချက်ပြမှားတာပဲ။ ကျွန်တော်တို့ဟာ စင်ကာပူကို ပျော်စရာနေရာတစ်ခုအနေနဲ့ မဟုတ်ဘဲ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ၊ လေအေးပေးစက်ရှိတဲ့နေရာတွေမှာဆေးလိပ်မသောက်ရ၊ ပီကေမဝါးရဆိုတဲ့ ထိန်းချုပ်မှုတွေနဲ့ အရင် ပုံစံအဟောင်း စင်ကာပူအတိုင်း ဆက်ထားချင်နေတယ်လို့ အများက အထင်မှားသွားနိုင်ပါတယ်။

(၂၀၀၅)

စင်ကာပူနိုင်ငံက အခုဆိုရင် နာမည်ကျော် အမှတ်တံဆိပ်ဖြစ် နေပါပြီ။ စင်ကာပူနိုင်ငံသားတွေဟာ နည်းစနစ်ကျကျ လုပ်တတ် ကိုင်တတ်ပြီး အရည်အချင်းရှိတယ်။ ရိုးသားကြိုးစားတယ်လို့ နာမည် ထွက်တာကြောင့် ပင်လယ်ကွေ့ရဲ့ လောင်စာဆီထွက်တဲ့ နိုင်ငံတွေမှာ စင်ကာပူနိုင်ငံသားဆိုရင် လိုလိုလားလား ရှိလှပါတယ်။ သူတို့က စင်ကာပူရဲ့စနစ်ကို သဘောကျပြီး အဲဒီစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ကိုလည်း အသုံးချကြည့်ချင်ကြပါတယ်။

(၂၀၀၆)

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)