ဆူးငှက် - ပုံဆောင်မဲ့ ပုန်းညှက်ညနေ
ပုံဆောင်မဲ့ စကားပွင့်
အောင်ပင်လယ် ရိုးပြတ်တောဆီက တိုက် ခတ်လာသော တောင်လေရူးက အပူကို ဖယ်ရှားဖို့ ကြိုးစားသေးသည်။ သို့သော် သူ့ကိုယ်သူပင် အပူလှိုင်းစီးကာ အပူလေရိုင်း ဖြစ်နေတာ သူမသိ။ မနက်မိုးမလင်းမီ ကတည်းက “ကျလိ ကျလိ” အသံပေးကာ အပျော်လွန်ခဲ့သော ငှက်ကလေးများပင် အခုတော့ သစ်ရိပ်ကြို သစ်ရိပ်ကြား၌တောင်ပံကြား ခေါင်းဝှက်ကာ ငြိမ်ငြိမ် သက်သက် ကုတ်နေကြ၏။
ဒါပေမဲ့ ကြာကြာအငြိမ်မနေ နိုင် •••၊ သွေးလေအေးလာပြန်တော့ ကျိုးကျိုး ကျစ်ကျစ်အသံပြု့ကာ တစ်ကောင်နှင့် တစ်ကောင်တွန်းထိုးသည် တစ်ကောင်
ပေါ်တစ်ကောက်တက် အကျောမခံအမြင့်ရာ၏။တွန်းထိုးလုပျံရင်း အတောင်အလှုပ်အခတ်၊ နှုတ်သီး အထိုး အဆိတ်မှာ.. အရွက် တွေကြွေ၊ အပွင့်တွေကြေရသည်။ အဆိုးဆုံးက နုသစ်စပုရစ်ဖူးနှင့် ပွင့်ငုံသစ်တို့ ငှက်နှစ်ကောင်” အထိုးအဆိတ်မှာ တစ်ဖူးချင်း တစ်ငုံချင်း ကြွေကြရခြင်းဖြစ်၏။
ထိုအခါ ပွင့်ငုံသစ် “စံကားဖူး” တွေ တစ်စစီကြွေကာ မြေသက်နှင်းကြရတော့သည်။
အစကတော့ တစ်ဖတ်ချင်းကြွေသည်။
တစ်ဖတ်. . နှစ်ဖတ်... သုံးလေးဖတ်...
ထိုသည်ကြွေကျ ပန်းပွင့်ဖတ်တွေပြီးတော့ ... တစ်ဖူး တစ်ငုံချင်း ကြွေပြန်လေ၏။
တစ်ငုံ၊ နှစ်ငုံ၊ သုံးလေး ... ငို....။ ။
ဖူးငုံတို့သည် အကောင်အထည်မပျက် ဖူးငုံသက်သက် ဘဝဖြင့် ကြွေကျလာသောအခါ ထိုအရာသည် “စံကားပွင့်လွှာ လောင်းအလျာ” ဟု သိလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်ချည်းပင် ခေါင်းပေါ်ဆီမိုးနေသော ပင်စည်မြင့်ဆီ မော့ကြည့်ဖြစ်တော့သည်။
စံကားပင်အို၏ ငယ်မူပြန် စိမ်းနုရွက်သစ် ကျိုးကြားမှ ရွှန်းတည့်နေခြည် ရေတံခွန်က ဝေါခနဲ ဖြာဆင်းထိုးကျလာ၏။ နေခြည်ရေတံခွန်နောက်ခံတွင် စံကားပွင့် ငုံဖူး စီရရီက နေခြည် ရေသောက် ဆင်းကြသည်ကို ရုတ်ချည်း မြင်လိုက်ရလေသော အခါ. . .။
“အံသုမာလီ မရွေ့ချီလျက် မတီရန်ညွတ်မြိုင်စံလွတ်ဝယ်
ညှာညွတ်ကယ်ဖူးဝေ
စံကားရွှေနှင့် ညောင်ရေခါမူ. . .” တဲ့။
သည်တုန်းက ဗောဓိကုန်းဘုရားပရိဝုဏ်အတွင်း စံကား ပင်တွေမှာ စံကားပွင့်တွေ ဖွေးဖွေးလှုပ်လှုပ် ပွင့်နေသည်။ သည် စံကားက ပုပ္ပားတောင်တော်မှာလို... လှိုင်လှိုင်ကြူ... စံကားဝါ မဟုတ်။ ပွင့်ဖတ်ဖြူဖြူတွေအရင်းမှာ အဝါဖျော့ဖျော့ လေးသာ စွန်းသည့် တရုတ်စံကားတွေဖြစ်၏။
တရုတ်စံကားက အညာမှာတော့.. ဘုရားကျောင်းကန် အရိပ်၏ အမှတ်သင်္ကေတပဲဖြစ်သည်။ တောင်ခြေစိမ့်စမ်းမှာချောင် တွေ သိန်းသန်းပေါသည့် စစ်ကိုင်းတောင်တော်ရိုးတွင် မြင်မြင် လေရာ တရုတ်စံကားပင်တန်း. . . ။ တရုတ်စံကားပွင့်လမ်း ... ချည်း။
သည်ပင်တန်း သည်ပွင့်လမ်းတွေမှာ တရုတ်စံကားတွေ ဝေ. . .၊ ကြွေ...။ ဟော... အခုလည်းမဟာဗောဓိဘုရားဝင်း တွင်းက တရုတ်စံကားပင်တန်းမှာ စံကားပွင့်တို့ ဖွေးဖွေးလှုပ်ပွင့်နေ ကြပြီ။ သည်စံကားပွင့်တွေကတော့ ဟိုတောင်ပေါ်ရိုးက စံကားပွင့် တွေလို ငြိမ်သက်အေးချမ်း ကမ္မဋ္ဌာန်းရှုနိုင်ကြမှာမဟုတ်...။ တေးသွားစည်းချက် အဆူအညံကြားတွင် ယိမ်းထိုးကခုန်နေကြ ရသည်။
သည်ကနေ့က .. ကဆုန်လပြည့်နေ့ဖြစ်သည်။မန္တလေး မြို့ တောင်ပြင် မဟာနွယ်စဉ်ရပ် ဗောဓိကုန်းဘုရားဝင်းအတွင်းက “မဟာဗောဓိ” ပင်မှာ ညောင်ရေသွန်းပွဲတော် ခြိမ့်ခြိမ့်သဲမျှ ကျင်းပ နေ၏။
မန္တလေးမြို့တည်အပြီး နောက်တစ်နှစ်အကြာသက္ကရာဇ် ၁၂၂၂ ခုနှစ် နတ်တော်လတွင်သီဟိုဠ်ကျွန်းကပင့်ဆောင်ရောက်ရှိလာသော ဗောဓိပင်ကို အခါတော်နှင့် မြေ မိုး ရေ မျိုးစုံတို့ဖြင့် ပတ္တမြား ၅ ရစ်စီ အပေါက်တစ်ထောင်ရှိသော ရွှေဖျဉ်းအိုးကြီးခံ၍ စိုက်ပျိုးပြုစုတော်မူပြီးလျှင် မဟာရံမီးတားနှင့်တကွ အုတ်ဇရပ် တော်ကြီးရှစ်ခု ရံကာ မင်းတုန်းမင်းတရားကြီး ဆောက်လုပ်လှူဒါန်း တော်မူခဲ့သည်။
ယခုအခါ လုံးပတ် ၁၀ ပေ နီးပါးရှိကာ အမြင့်ပေ ၅ဝ ကျော်နေပြီဖြစ်သည့် ဗောဓိပင်ကြီးမှာ သီဟိုဠ်ကျွန်းမှ ရဟန်းတော် များ ပင့်ဆောင်ကာ မန္တလေးရတနာပုံနေပြည်တော်သို့ရောက်ရှိစဉ် အခါ ၁၂၂၁ ခုနှစ် နယုန်လဆန်း (၁၁)ရက်နေ့ကအမြင့်သံတောင် (၁) တောင် (၁၉ လက်မ) ခန့်မျှသာ ရှိခဲ့သည်။
နှစ် (၁၅၀) သက်တမ်းပြည့်လုနီးပါးအချိန်အထိ ရှင်သန် ကြီးထွား ခက်လက်ဝေဆာမြဲဖြစ်သော မဟာဗောဓိပင်ကြီး၌နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ညောင်ရေသွန်းပွဲတော်ကို မပျက် မကွက် ကျင်းပခဲ့ကြသည်။ မန္တလေးမြို့၏ နာမည်ကျော်တီးဝိုင်းကြီး များက နေ့ရောညပါ ဖျော်ဖြေကြသည်။ ဘုရားဝင်းအတွင်းလည်း ဈေးသည်တွေ စားသောက်ဆိုင်တွေနှင့် ဆူညံနေသည်။
* * *
ကဆုန်နေမို့ ခြစ်ခြစ်တောက်ပူ၏။ သက်တော်ရှည် ညောင်ပင်ကြီးအရိပ်မှာတော့ ကျယ်ပြန့်အေးမြလှသည်။ညောင်ရေ သွန်းလောင်းကြသူတွေ ကျိတ်ကျိတ်တိုးမို့... သစ်ရိပ် ရေရိပ်က အပူမှန်သမျှ ကွာကျသွားစေသည်။ ညောင်ရိပ်က တစ်ဖဝါးမျှ မခွာချင်အောင် စိတ်လက်အေးချမ်းလှ၏။ ထိုအခါ ညောင်ခြေရင်း အုတ်ပလ္လင်ဘေး ခြေချစရာမရှိ တိုးဝှေ့ကြရတော့သည်။
ညောင်ပင်နှင့် မလှမ်းမကမ်းတွင် သံရေကန်ကြီး ချထား ကာ ရေစုပ်စက်တွေ တဒုန်းဒုန်းမောင်းနှင်ပြီး ရေအပြည့်အလျှံ ဖြည့်၍ ကုသိုလ်ပြုနေကြသူတွေဆီမှ ညောင်ရေအိုးတွေမှာလည်း လက်မလည်တော့. . ။ တစ်ဦးနှင့်တစ်ဦး အလုအယက် စောင့်ယူ ကြရသည်။ လက်ထဲ ရေအိုးလေးတွေရလာတော့ သံကန်ကြီးထဲ နှစ်၍ရေခပ်ကာ ညောင်ပင် အုတ်ပလ္လင်ဆီ တိုးဝှေ့ပြီး ရေသွန်း လောင်းကြရ၏။
ကြာရှည်စွာ စောင့်မနေရပါဘဲ ရုတ်ချည်း ရှေ့ရောက် လာသူတစ်ဦးက ထိုးပေးလိုက်သော အေးစိမ့်စိမ့် ရေအိုးကလေး လက်ထဲရောက်လာချိန်တွင် ဖျတ်ခနဲမြင်လိုက်ရသည်က သူမ၏ မျက်ဝန်းများပဲ ဖြစ်ပါသည်။ ထိုမျက်ဝန်းများမှာကား ... အကြာ ကြီးစောင့်နေရပါလျက် သူ့ဆီ အလှည့်ကျမလာဘဲမဆိုင်သူတစ်ဦး လက်ထဲ ညောင်ရေအိုးလေး ရောက်သွားလို့ မကျေမနပ် ဒေါသ မျက်ဝန်းမဟုတ် ...။ သည်တစ်ခါ ရေအိုးလေး အလှည့်ကျ ရသွားသူဆိုလျှင်ဖြင့် နောက်တစ်လှည့် သူ့ဆီရေအိုးလေးရောက်ဖို့ သေချာလေပြီဆိုတာ စိတ်ဒုံးဒုံးချ ကျေနပ်သွားသည့် အကြည့် ဖြစ်သည်။ ပိုင်စိုးပိုင်နင်းနိုင်လှသော အကြည့်ကို သူ့မျက်ဝန်းမှာ လှစ်ခနဲ မြင်လိုက်ရချိန်ခဏအတွင်းမှာပင် လက်ထဲ ရောက်လာသော ရေအိုးကလေးကို သံရေကန်ကြီးထဲ အမြန်နှစ်ကာ သူ့ လက်ထဲ လှမ်းထည့်ပေးလိုက်သော မိမိ၏ဆုံးဖြတ်ချက် မြန်ဆန် မှုမှာ အခုပြန်စဉ်းစားမိသောအခါ ဘာမှမဆန်း... ။ မှန်နေ၏။
ဤသို့ဖြင့် ရေအိုးလေးကိုင်ကာ မဟာဗောဓိပင် အုတ် ပလ္လင်ခြေဆီ လူတွေကို တိုးဝှေ့ဝင်သွားပြီး ကြာသပတေးနံ ဆင်းတုတော်ရှေ့မှ ဆင်းတုတော်အား ရေသပ္ပာယ်လိုက်...။ ဗောဓိပင် အား ရေသွန်းလောင်းလိုက်နှင့် စိမ်ပြေနပြေ ရေသပ္ပာယ် သွန်း လောင်းနိုင်ရန် ရေအိုးကလေးနှင့် ခေါက်တုံ့ခေါက်ပြန် သူ့ဆီသို့ ရေခပ်သယ်ဆောင်ပေးသူ ဖြစ်မှန်းမသိ ဖြစ်နေရပါတော့သည်။ ဤကဲ့သို့ မမောမပန်း အကျိုးဆောင်ပေးလိုက်ရသော ဆုလာဘ် အဖြစ်...
“ ဘာ... နေ့နံလဲဟင်....” ဟု အမေးမှာ
“တနင်္လာလေ။ အရှေ့ဘက်တည့်တည့်မှာ”ဟု အဖြေ၌ ရေအိုးကလေးကိုင်ကာ ဗောဓိညောင်ပင်၏ အရှေ့ခြေတော်ရင်းဆီ လူကြားတိုးဝှေ့ပြန်၍ တနင်္လာနံ စကျင်ကျောက်ဆင်းတုဖြူဖြူလေး အား ရေသပ္ပာယ်တော့ သူက အနားမှာရပ်ပြီး ညောင်ရေအိုးလေး ကိုင်ပေးထားသည်။ ဗောဓိပင်အား ရေသွန်းလောင်းဖို့အတွက် လည်း လူကြား၌ ခက်ခက်ခဲခဲ ပြန်လည်တိုးဝှေ့ပြီး အိုးကလေးနှင့် ရေခပ်ပေးပြန်ပါသေး၏။
လူတွေက စည် သထက် စည်လာသည်။ သူက ရေ တစ်ခေါက် ပြန်ခပ်ပေးကာ အနားမှာ ညောင်ပင်ကို နှစ်ယောက် အတူ ရေသွန်းလောင်းပြီးနောက် ပြန်ထွက်မရအောင်ပင် လူတွေ ကျပ်ညပ်လာသည်။ ညောင်ပင် ပလ္လင်ပတ်ပတ်လည်မှ ဝိုင်းဝန်း ပက်ဖျန်း သွန်းလောင်းကြသော ရေတွေက သင်္ကြန်ကျနေသည့် အလား အားလုံးကိုယ်ပေါ် ရွှဲရွှဲစိုနေတော့၏။